ပြန်နိုးထလာပြီးနောက်(ဃ)
Vol. 91 Ch. 1399
မည်သည့်အတားအဆီးမှမရှိသလို မည်သည့်အရေးကိစ္စမှ မဖြစ်ပေါ်ခဲ့ပေ။ လူသားမျိုးနွယ်သည် သွေးမထွက်ဘဲ ပြန်လည်နယ်ချဲ့နိုင်ခဲ့သည်။
ယခု လူသားမျိုးနွယ်သည် သန့်စင်ရေလှိုင်းဒေသကြီးနှင့် ဝိညာဉ်နက်ဒေသကြီးအပါအဝင် စုစုပေါင်း ဒေသကြီးဆယ်ခုကို ပိုင်ဆိုင်သွားသည်။
မည်သည့်အချိန်အခါမှာမဆို ကိုယ်တိုင်အင်အားကြီးမားခြင်းသည် ခြိမ်းခြောက်မှုတစ်မျိုး ဖြစ်သည်။
ထိုမျှသာ မဟုတ်ပေ။ လူသားမျိုးနွယ်သည် မီးလျှံလဖြင့် မဟာမိတ်ဖွဲ့လိုက်ပြီး ဝမ်ကူးကုန်းမြေ၏ အရှေ့ပိုင်းဒေသတွင် အရှင်သခင်တစ်ပါးဖြစ်လာသည်။ မျိုးနွယ်စုနှစ်ခုသည် အတူပူးပေါင်းပြီးနောက် မကောင်းကြံစိတ်ရှိသော အစွမ်းထက်မျိုးနွယ်စုကြီးများကို ဆန့်ကျင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာ တခြားဒေသကြီးများထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြန့်ကျဲနေကြသော လူသားများသည် ဘုရင်ကျန်းယန်နှင့် တခြားလူများ၏ ဦးဆောင်မှုအောက်မှာ လူသားမျိုးနွယ်၏ ပိုင်နက်များအတွင်းသို့ ပြန်ရောက်လာကြသည်။
တခြားဒေသကြီးများမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင်းရဲဒုက္ခခံစားခဲ့ကြရသော လူသားများသည် ဧကရီ နတ်ဘုရားဖြစ်လာပြီးနောက် အိမ်ပြန်ချင်သည့် သူတို့၏ ဆန္ဒက ပြည့်မြောက်သွားကြသည်။
ရွှီချင်းသည် လွန်ခဲ့သော ငါးလတုန်းက ပြန်နိုးလာပြီးနောက် သူကြိုပြင်ဆင်ထားခဲ့သော ဓားကိုင်လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သည်။
သူက ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲပစ်ခင် ကျင်းကန်းဂိုဏ်းဘိုးဘေးမှလွဲ၍ ခရမ်းသလင်းကျောက်အပါအဝင် တခြားပစ္စည်းအားလုံးကို ထိုလျှို့ဝှက်နယ်မြေထဲမှာ ထည့်သွင်းထားခဲ့သည်။
ထိုလေဟာနယ်အတတ်ပညာကို အတိတ်တွင် ဖုန်းဟိုင်ဒေသငယ်မှာ နာမကျန်းတစ္ဆေဟူသော လျှို့ဝှက်အမည်နှင့် ကျင့်ကြံသူတစ်ယောက်က ရွှီချင်းကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ ယင်းက ဓားကိုင်များအတွက် တမူထူးခြားသော ဖုံးကွယ်ခြင်းအတတ်ပညာတစ်ခု ဖြစ်သည်။
ထိုအတတ်ပညာက လျှို့ဝှက်သော့များကို အသုံးပြုရသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် လျှို့ဝှက်သော့နှစ်ချောင်းရှိသည်။
သော့တစ်ချောင်းသည် ဓားကိုင်တစ်ဦးချင်းစီအတွက် ရည်ရွယ်ထားသောအရာဖြစ်ပြီး တခြားသော့တစ်ချောင်းသည်တော့ ဓားကိုင်ရုံးတော်သခင်ဆီမှာသာ ရှိသည်။ တခြားလူများသည် ယင်းကို မဖွင့်နိုင်ပေ။ လျှို့ဝှက်သော့ရှိသူများသာ ဖွင့်နိုင်ကြသည်။
သူ့ကိုယ်ပိုင်လျှို့ဝှက်နယ်မြေကို ဖွင့်နိုင်သော သော့သည် ရွှီချင်းဆီမှာသာ ရှိသည်။
ထို့ကြောင့် ရွှီချင်းသည် ပြန်နိုးလာပြီးနောက် အရာအားလုံးကို ပြန်ယူဆောင်ခဲ့သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးကိုတော့ အမွေအနှစ်သွားယူမည့် နတ်မိမယ်ကျစ်ရွှမ်းကို လမ်းခရီးမှာ ကာကွယ်စောင့်ရှောက်ပေးရန် သူထည့်ပေးလိုက်သည်။
သတ္တမသခင်ကြီးသည် ဟွမ်ယန်ပြောခဲ့သည့်အတိုင်း တံခါးပိတ်ကျင့်ကြံခြင်းဝင်သွားခဲ့သည်။
သို့သော်လည်း သူက တံခါးပိတ်မကျင့်ကြံခင် ရွှီချင်းနှင့် စကားအကြာကြီး ပြောခဲ့သည်။
သူက ရွှီချင်းကို ဤခန္ဓာကိုယ်အကြောင်း အများကြီး ပြောခဲ့သည်။
ရွှီချင်း၏ လက်ရှိခန္ဓာကိုယ်သည် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားနှင့် အင်မော်တယ်ပြဒါးကို ပေါင်းစပ်ပြီးနောက် ဖန်တီးထားသော အရာဖြစ်သည်။ ထို့ပြင် ၎င်းကို ဖန်တီးရန် နွေဦးအင်မော်တယ်အတတ်ကို အသုံးပြုထားလေရာ ၎င်းက ကောင်းကင်ဘုံဆန့်ကျင်သော ရုပ်ခန္ဓာကိုယ်ဖြစ်သည်။ ထိုရုပ်ခန္ဓာကိုယ်မှာ အဆုံးမဲ့သော အလားအလာများ ရှိသည်။
၎င်းက မည်မျှထိ သန်မာလာပြီး မည်သည့်စွမ်းရည်များကို ထုတ်လွှတ်နိုင်မလဲမှာ သေချာမသိရပေ။ ယင်းက အနာဂတ်မှာ ရွှီချင်း၏ ကိုယ့်ကိုယ်ကိုယ် ထုဆစ်ပေးမှုပေါ်မှာ မူတည်လိမ့်မည်။
ထိုသို့လုပ်ဆောင်ရန် ရွှီချင်းက အဆက်မပြတ် တိုက်ခိုက်ပြီး ဆင်ခြင်နားလည်ရမည့်အပြင် သေခြင်းရှင်ခြင်းအခြေအနေများကိုလည်း အကြိမ်ကြိမ် ကျော်ဖြတ်ရလိမ့်မည်။
တစ်ချိန်တည်းမှာ ဤရုပ်ခန္ဓာကိုယ်က အလွန်အဆင့်မြင့်ပြီး အံ့ဖွယ်ကောင်းသောကြောင့် ရွှီချင်း၏ ဝိညာဉ်က ရုပ်ခန္ဓာကိုယ်ဖြင့် အပြည့်အဝ ပေါင်းစပ်ရန် အလွန်ခက်ခဲနေသည်။ ယင်းက အချိန်တိုလေးအတွင်း ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။
ထို့ကြောင့် သတ္တမသခင်ကြီးက ချိပ်တံဆိပ်နှစ်ခုနှင့် ကျင့်ကြံခြင်းအတတ်ပညာတစ်ခုကို ရွှီချင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုကျင့်ကြံခြင်းအတတ်ပညာကို ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ဟု ခေါ်သည်။
တစ်စုံတစ်ယောက်က ထိုကျင့်ကြံခြင်းအတတ်ပညာကို ကျင့်ကြံသည့်အခါ ရွှမ်သူရိန်အင်မော်တယ်အလင်းစီးကြောင်းများကို ဖွဲ့စည်းနိုင်လိမ့်မည်။ ထိုအလင်းရောင်သည် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းရာတွင် အလွန်အထောက်အကူပေးသည်။
ထို့ပြင် သတ္တမသခင်ကြီး၏ အဆိုအရ ထိုကျင့်ကြံခြင်းအတတ်ပညာသည် ရွှမ်ကမ္ဘာမြေမှ ဟွမ်ကောင်းကင်ဘုံဆီသို့ ရောက်လာကြသော နွေဦးအင်မော်တယ်ကိုးပါးထဲမှ အင်မော်တယ်တစ်ပါး၏ ကျင့်ကြံခြင်းအတတ်ပညာဖြစ်သည်။ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်နှင့် တိုက်ပွဲတွင် ထိုနွေဦးအင်မော်တယ်က သေဆုံးသွားခဲ့သည်။
သူက မသေဆုံးခင်မှာ ဤကျင့်ကြံခြင်းအတတ်ပညာကို အမွေအနှစ်အဖြစ် ချန်ထားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်သွားမည်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းကို ပိုင်ဆိုင်နိုင်လိမ့်မည်။
သို့ဖြစ်၍ ရွှီချင်းသည် တားမြစ်ပင်လယ်ဆီသို့ ရည်ရွယ်ချက်နှစ်ခုဖြင့် ထွက်လာခဲ့သည်။
ပထမရည်ရွယ်ချက်သည် နတ်ဘုရားသက်ရှိများကို အမဲလိုက်ပြီး သူ့ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းကို သုံးသပ်ရန် ဖြစ်သည်။ သူက နတ်ဘုရားအခွင့်အာဏာများဖြင့် ပေါင်းစပ်ထားသော ဤခန္ဓာကိုယ်၏ တိုက်ပွဲစွမ်းအားကို မြန်ဆန်စွာ ကျင့်သားရချင်သည်။ ထိုအတွက် သူက ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ကို မြန်နိုင်သမျှမြန်မြန် တတ်ကျွမ်းရန် လိုအပ်သည်။
သို့မှသာလျှင် သူက ဤရုပ်ခန္ဓာကိုယ်၏ စွမ်းအားကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်လိမ့်မည်။
ဒုတိယရည်ရွယ်ချက်သည် အတိတ်မှာ ရွှေကျီးကန်းအသတ်ဓာတ်သန့်စင်ခြင်းအတတ်ကို သူရရှိခဲ့သော ကြေးရထားလုံးနှင့် ဘီလူးကို ရှာဖွေရန် ဖြစ်သည်။
ကြေးရထားလုံးနှင့် ဘီလူးကို သူရှာဖွေရသည့် အကြောင်းအရင်းမှာ ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ကို ကျင့်ကြံရာတွင် ထင်သလောက် အဆင်မချောမွေ့သောကြောင့် ဖြစ်သည်။
ရွှီချင်းက ထိုပြဿနာအတွက် အဖြေရှာသည့်အခါ ရွှေကျီးကန်းကို တွေးမိသွားသည်။
အဘယ့်ကြောင့်ဆိုသော် ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်သည် မဟာနေသူရိန်ထံမှ အလင်းကို လုယက်ပြီး ယင်းကို ကိုယ်ပိုင်အင်မော်တယ်အလင်းအဖြစ် ပြောင်းလဲကာ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ရွှမ်နေလုံးအဖြစ် သန့်စင်ရသော ကျင့်ကြံခြင်းအတတ်ပညာ ဖြစ်သည်။ ယင်းက ကိုယ့်ကိုယ်ကိုယ် ဆေးမီးဖိုအဖြစ် သဘောထားပြီး လောကကို လောင်ကျွမ်းပစ်နိုင်စွမ်းရှိသည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ယင်းက ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်နှင့် ဆင်တူသည်။
သို့ဖြစ်၍ ရွှီချင်းက ကြေးရထားလုံးကို ရှာပြီး ဘီလူးကို ထိန်းချုပ်ချင်သည်။
သူက ရွှေကျီးကန်း၏ လမ်းကြောင်းနောက်ကို လိုက်ချင်ပြီး အတိတ်တုန်းကကဲ့သို့ နေလုံးဖြစ်လာချင်သည်။ အတိတ်တွင် ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်ကို သူရရှိခဲ့စဉ်မှာ ရွှေကျီးကန်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ဝမ်ကူးကုန်းမြေ၏ နေလုံးဖြစ်လာကာ အဆုံးမဲ့သော အလင်းရောင်နှင့် အပူဓာတ်ကို ထုတ်လွှတ်ခဲ့သည်။
သူက ထိုအတွေ့အကြုံကို ပြန်လည်ခံစားချင်ပြီး သူ့ကိုယ်ပိုင်ရွှမ်နေလုံးကို နားလည်ချင်သည်။
ထို့ကြောင့် သူက တားမြစ်ပင်လယ်ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်၍ အရိပ်လေးက အသံများကို မရပ်မနား ထုတ်ဖော်နေခြင်း ဖြစ်သည်။
အတိတ်တွင် အရိပ်လေး၏ အသံက ကြေးရထားလုံးကိုဆွဲသော ဘီလူးကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရွှီချင်း သေချာမှတ်မိသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ လပေါင်းများစွာ ကြာမြင့်သွားခဲ့သည့်တိုင် ဘာမှအကျိုးမထူးခဲ့ပေ။
‘ အဲ့ဒီဘီလူးက တားမြစ်ပင်လယ်ထဲမှာ အိပ်ပျော်နေတာဖြစ်မယ်… ဒါဆိုရင် ဧရိယာအများကြီးကို ငါတို့လိုက်ရှာဖွေရလိမ့်မယ်… ’
ရွှီချင်းက ခေါင်းမော့လိုက်သည်။ သူက အရိပ်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပင်လယ်မြေပုံကို ထုတ်လိုက်ကာ ဤနေရာကို အမှတ်အသားပြုလုပ်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဟွမ်ယန်၏ အသံပို့လွှတ်ကျောက်စိမ်းပြားက ရုတ်တရက် တုန်ယင်လာသည်။ ထို့နောက် သူက အသံပို့လွှတ်ကျောက်စိမ်းပြားကို တစ်ချက်စစ်ဆေးကြည့်လိုက်သည့်အခါ ခန္ဓာကိုယ်တုန်ယင်သွားပြီး ဆွံ့အသွားသည်။ သူ၏ အမူအရာသည်လည်း တစ်ခါမှမဖြစ်စဖူး တည်ကြည်လေးနက်သွားသည်။
“ ရွှီချင်း… ကိစ္စကြီးတစ်ခု ဖြစ်လာတော့မယ် ”
“ ခဏလောက် ငါထွက်သွားရလိမ့်မယ်… အဲ့ဒါက ကမ္ဘာတုန်လှုပ်စေမယ့် ကိစ္စကြီးပဲ ”
ဟွမ်ယန်သည် စိုးရိမ်ကြောင့်ကြလာပြီး အလျင်စလိုပြောသည်။
“ အခုပဲ ငါသွားရလိမ့်မယ်… ငါခြေတစ်လှမ်း နောက်ကျသွားမယ်ဆိုရင် နန်းဟွမ်ကုန်းမြေတစ်ခုလုံး ပရမ်းပတာဖြစ်သွားမယ့် မုန်တိုင်းတစ်ခုဖြစ်ပေါ်လာလိမ့်မယ် ”