အချစ်မီးပွား(က)
Vol. 91 Ch. 1400
ကမ္ဘာတုန်လှုပ်စေမည်ဟု ပြောခြင်းသည် သာဓကပေးခြင်း ဖြစ်သည်။
ထိုသာဓကတွင် ကမ္ဘာဟူသော အဓိပ္ပာယ်သည် လူအမျိုးမျိုးပေါ်မူတည်၍ မတူညီကြချေ။
ဥပမာ ဧကရီအတွက် သူ၏ နှလုံးသားထဲမှ ကမ္ဘာသည် လူသားမျိုးနွယ်ဖြစ်သည်။ သူက လူသားမျိုးနွယ်၏ အကျိုးအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ လူသားမျိုးနွယ်က နိမ့်ကျနေသည့် ဤမျက်မှောက်ခေတ်မှာ သူက သူ့ကမ္ဘာအတွက် ရှေးရိုးအစဉ်အလာကိုပင် ဆန့်ကျင်နိုင်သည်။
ရွှီချင်း၏ နှလုံးသားထဲမှ ကမ္ဘာသည်တော့ သူနှင့်ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေများ ဖြစ်ကြသည်။
ခေါင်းဆောင်လဲ့၊ ဆရာသခင်ပိုင်၊ သတ္တမသခင်ကြီး၊ အားညို၊ နတ်မိမယ်ကျစ်ရွှမ်း၊ လင်းအာ… အစရှိသော လူများဖြစ်ကြသည်။ ထိုလူများနှင့် စပ်လျဉ်း၍ သူ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသော တခြားပြင်ပအရာများလည်း ရှိကြသည်။ ဥပမာ ဖုန်းဟိုင်ဒေသငယ်၊ ချီယွဲ့ထုံဂိုဏ်းနှင့် သန့်စင်ရေလှိုင်းဒေသကြီး ဖြစ်ကြသည်။
၎င်းတို့က သူ၏ ကမ္ဘာထဲမှ အရောင်များဖြစ်ကြပြီး သူ၏ လူသားသဘာဝ၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။
၎င်းတို့က ကျောက်ဆူးကြိုးတစ်ခုပမာ သူ၏ နတ်ဘုရားသဘာဝကို ထိန်းချုပ်ထားပြီး သူ့ကို အသိစိတ်မပျောက်သွားစေရန် ကာကွယ်ပေးထားသည်။
အထူးသဖြင့် ဤတစ်ကြိမ် သူအသက်ပြန်ရှင်လာပြီးနောက် ဖြစ်သည်။ ဤခန္ဓာကိုယ်ကို ဖန်တီးရန် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများကို အသုံးပြုထားသောကြောင့် ထုံးစံအားဖြင့် သူ၏ နှလုံးသားထဲမှာ နတ်ဘုရားသဘာဝက အလွန်လွှမ်းမိုးထားသည်။ ထို့ကြောင့် လူသားသဘာဝ၏ အရောင်က သူ့အတွက် ပိုပြီးအရေးကြီးလာသည်။
သို့သော်လည်း ဟွမ်ယန်အတွက်တော့ သူ၏ နှလုံးသားထဲမှ ကမ္ဘာသည်…
ယင်းက အတိတ်မှာ ကောင်းကင်ပေါ်တွင် မောက်မာထောင်လွှားစွာ သူပျံသန်းနေခဲ့စဉ် မရည်ရွယ်ဘဲ ကြည့်ခဲ့မိသော ပုံရိပ်တစ်ခုဖြစ်သည်။
တားမြစ်ပင်လယ်ထဲမှာ ကြီးမားသော ဓားတစ်လက်ကို လွှဲယမ်းနေသော ထိုပုံရိပ်က သူ၏ ကမ္ဘာဖြစ်လာပြီး သူ့အတွက် အရာရာဖြစ်လာသည်။
ထိုလူအတွက် သူက ကိုယ်ပွားတစ်ခုကိုပင် ဖန်တီးခဲ့ပြီး သူ၏ အဆင့်အတန်းကို လျစ်လျူရှုကာ သူ့အား ကပ်တွယ်လာသူအားလုံးကို နှင်ထုတ်ခဲ့သည်။
ထိုဖြစ်စဉ်က ရှုပ်ထွေးသော်လည်း သူက ဇွဲကောင်းခဲ့သည်။
သူ၏ မောက်မာထောင်လွှားမှုသည် ထိုလူအတွက် နှိမ့်ချမှုဖြစ်လာသည်။ သူ၏ ခွန်အားက ထိုလူကြောင့် အားနားချက်ဖြစ်လာသည်။
ဤဘဝတွင် သူက တခြားလူများကဲ့သို့ နတ်ဘုရားမျက်နှာပျက်ကြီးထံ ယဇ်ပူဇော်မှုများ မပြုလုပ်ခဲ့ပေ။ ထို့အတူ သူက တခြားလူများ၏ သေခြင်းရှင်ခြင်းကိုလည်း ဂရုမစိုက်ပေ။ နန်းဟွမ်ကုန်းမြေ၏ အရှင်သခင်အနေဖြင့် သူက အမြဲတမ်း ခေါင်းမော့ထားခဲ့သည်။
ထိုလူ၏ အရှေ့မှာသာ သူက ခေါင်းငုံ့ရန် ဆန္ဒရှိသည်။
အဘယ့်ကြောင့်ဆိုသော် ဤလောက၏ တစ်ယောက်တည်းသော မီးတောက်ဖီးနစ်အနေနှင့် ပထမဆုံးအကြိမ် သူက ချစ်ကျွမ်းဝင်သွားသောကြောင့် ဖြစ်သည်။
ယင်းက ဤဘဝမှာ သူ့အတွက် ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။
ထို့ကြောင့် ဟွမ်ယန်၏ စကားဆုံးသွားသည့်အခါ ရွှီချင်းက အကြောင်းအရင်းကို ခန့်မှန်းနိုင်သွားသည်။
ဒုတိယစီနီယာအမက ဒေါသထွက်နေသည်။
“ မဖြစ်ဘူး… အခုချက်ချင်း ငါတို့ထွက်ခွာရမယ် ”
ဟွမ်ယန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးတောက်ဖီးနစ်အဖြစ် အသွင်ပြောင်းလိုက်သည်။
တားမြစ်ပင်လယ်သည် မည်းမှောင်သွားသည်။
ကောင်းကင်ပေါ်တွင် ဧရာမပုံရိပ်က ကောင်းကင်နှင့် နေလုံးကို ဖုံးအုပ်သွားသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက အထွတ်အထိပ်သို့ ချက်ချင်း ရောက်ရှိသွားသည်။
၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်နှင့်မြေပြင်က အရောင်ပြောင်းလဲသွားသည်။ ၎င်းက အတောင်ပံတစ်ချက်ခတ်လိုက်သည့်အခါတိုင်း လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားသည်။
ဤအခိုက်အတန့်မှာ နန်းဟွမ်အရှင်သခင်၏ ဂုဏ်အရှိန်အဝါက တားမြစ်ပင်လယ်ထဲမှာ ပြည့်နှက်သွားသည်။
ဟွမ်ယန်နှင့် ဒုတိယစီနီယာအမကြားမှ အချစ်ဇာတ်လမ်းကို ရွှီချင်းက အများဆုံး မြင်တွေ့ခဲ့သောလူ ဖြစ်သည်။ ထို့ကြောင့် သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး မီးတောက်ဖီးနစ်၏ အနောက်မှ လိုက်သွားသည်။
သူတို့၏ အနောက်တွင် အဆုံးမဲ့သော လျှပ်စီးတန်းများက ထွက်ပေါ်လာကြသည်။ နောက်အခိုက်အတန့်မှာ သူတို့က မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားကြသည်။
သူတို့၏ ဦးတည်ရာသည် ဤနေရာနှင့် အနည်းငယ် ဝေးကွာသော ကျွန်းတစ်ကျွန်းဖြစ်သည်။
“ ငါတို့ချီယွဲ့ထုံဂိုဏ်းက ဆယ့်စုနှစ်တစ်ခုကြာသွားတိုင်း ပြိုင်ပွဲတစ်ခုကို ကျင်းပပေးတယ်… အရင်တစ်ခေါက်က ရေသူကျွန်းပေါ်မှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ငါတို့တွေ ဝင်ပြိုင်ခဲ့ကြတယ်… အခုတစ်ခေါက် ပြိုင်ပွဲကိုတော့ စီနီယာအမက ဦးဆောင်ကျင်းပပေးတယ် ”
“ ပြိုင်ပွဲကျင်းပမယ့်နေရာက ပင်လယ်လိပ်မျိုးနွယ်ရဲ့ ပိုင်နက်အတွင်းမှာပဲ ”
“ စောစောက စီနီယာအမက ငါ့ဆီ အသံလှမ်းပို့ခဲ့တယ်… ပင်လယ်လိပ်မျိုးနွယ်က သူတို့ရဲ့ နတ်ဘုရားကို ဆင့်ခေါ်လိုက်တယ်တဲ့… အဲ့ဒီကောင်က နတ်ဘုရားသက်ရှိပဲ ”
ဟွမ်ယန်သည် မြန်ဆန်စွာ ပျံသန်းနေရင်း ရွှီချင်းကို ပြောသည်။
ပညာရှင်ကျင့်ကြံသူများ၏ အမြင်တွင် နတ်ဘုရားသက်ရှိများသည် သာမန်သားရဲတစ်ကောင်ထက် မပိုပေ။ လွန်ခဲ့သော လအနည်းငယ်အတွင်းမှာ ရွှီချင်းက ထိုသို့နတ်ဘုရားသက်ရှိများကို ရှစ်ကောင်ထက်မနည်း သတ်ပစ်ခဲ့သည်။
အကယ်၍ ဟွမ်ယန်သာ တိုက်ခိုက်မည်ဆိုလျှင် သူက ထိုနတ်ဘုရားကို လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။
သို့သော်လည်း အကယ်၍ သူက စီနီယာအမကို ဒေါသထွက်စေမည်ဆိုလျှင် ယင်းက ကိစ္စကြီးဖြစ်လာလိမ့်မည်။
သို့ဖြစ်၍ ရွှီချင်း၏ အမူအရာက တည်ကြည်လေးနက်သွားသည်။ သူက ခေါင်းညိတ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်သည်။
“ ဒါဆို မြန်မြန်သွားရအောင် ”
ရွှီချင်း၏ စကားကို ကြားသောအခါ ဟွမ်ယန်က ဝမ်းသာအားရ အော်ပြောလိုက်သည်။
“ ဒါမှ ငါ့ညီအကိုကောင်း ”
ထိုသို့ဖြင့် သူတို့နှစ်ယောက်က မြန်ဆန်စွာ ပျံသန်းလိုက်ကြသည်။
ရွှီချင်းက အလျင်ကုန် ထုတ်သုံးလိုက်သည့်အခါ နတ်ဘုရားအရင်းအမြစ်က သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ယင်းက သူ့ကို ရွှေရောင်နေလုံးတစ်လုံးပမာ ထွန်းလင်းတောက်ပသွားစေသည်။
ထို့ပြင် အင်မော်တယ်ပြဒါးမှ ငွေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ရံဖန်ရံခါ ထွက်ပေါ်လာလေ့ ရှိသည်။ ယင်းက သူ့ကို မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် အောက်မေ့ရစေသည်။
ဤသည်မှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများမှ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများ ဖြစ်ကြသည်။
ဤခန္ဓာကိုယ်တွင် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများနှင့် အင်မော်တယ်ပြဒါးသည် အတူတကွ ပေါင်းစပ်သွားသည်။ နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများက ဤခန္ဓာကိုယ်၏ အဓိကအခြေခံအုတ်မြစ်ဖြစ်ပြီး အင်မော်တယ်ပြဒါးက ထိုအခြေခံအုတ်မြစ်ကို မပြိုကွဲသွားစေရန် ထောက်ပံ့ပေးထားသော အရာဖြစ်သည်။
ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်သည် ဝိညာဉ်နှင့် ခန္ဓာကိုယ်၏ ပေါင်းစည်းမှုကို အရှိန်မြှင့်တင်ပေးပြီး အင်မော်တယ်ပြဒါးကို တဖြည်းဖြည်း သန့်စင်ပေးလိမ့်မည်။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ အင်မော်တယ်ပြဒါးများ လုံးဝမရှိတော့သည့်အခါကျလျှင် သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က အပြည့်အဝ ပေါင်းစည်းသွားလိမ့်မည်။
ဤခန္ဓာကိုယ်က နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများမှ ဖြစ်ပေါ်လာသောကြောင့် ၎င်းက ထုံးစံအားဖြင့် အလွန်ထူးခြားအံ့ဖွယ်ကောင်းသည်။ ၎င်းက ရွှီချင်း၏ ရုပ်ခွန်အားကို တိုးမြှင့်ပေးနိုင်ရုံသာမက ရွှီချင်း၏ တခြားစွမ်းရည်များကိုလည်း အစွမ်းမြှင့်တင်ပေးနိုင်သည်။
ယခု သူဖွဲ့စည်းထားသော ဗလာနတ္ထိကုန်းမြေသည် လုံးဝရွှေရောင်ပြောင်းသွားသည်။
ရွှေရောင်ဗလာနတ္ထိကုန်းမြေပေါ်တွင် နတ်ဘုရားအမှတ်အသားလေးခုက ထွန်းလင်းတောက်ပနေကြသည်။
တစ်ခုသည် သူ့ကိုယ်ပိုင်သက်စောင့်အမှတ်အသားဖြစ်ပြီး တခြားသုံးခုသည် နတ်ဘုရားအခွင့်အာဏာများ ဖြစ်ကြသည်။
သူ့ကိုယ်ပိုင်သက်စောင့်အမှတ်အသားသည် ဂမ္ဘီရမှော်ဝင်တာအို၊ အင်ပါယာတာအိုနှင့် သူ၏ ကျင့်ကြံခြင်းအတတ်ပညာအားလုံးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအမှတ်အသားထဲတွင် ယခင်က ရွှီချင်းကျင့်ကြံခဲ့သော အရာအားလုံးကို ရှာတွေ့နိုင်သည်။ ထိုအမှတ်အသား၏ အခြေခံအုတ်မြစ်သည်တော့ မူကွဲအင်မော်တယ်အတတ်ပညာ ဖြစ်သည်။
သက်စောင့်အမှတ်အသားသည် ဧရာမစက်ဝိုင်းသဏ္ဍာန်ရှိပြီး အကန့်အသတ်မဲ့သော ဗလာနတ္ထိကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ယင်းက ဗလာနတ္ထိကုန်းမြေ၏ နယ်နိမိတ်များကို ကိုယ်စားပြုပြီး မူကွဲအင်မော်တယ်အမှတ်အသားတစ်ခု ဖြစ်လာသည်။
နတ်ဘုရားအခွင့်အာဏာသုံးခုသည်တော့ ခရမ်းလ၊ နတ်ဘုရားကျိန်စာနှင့် ကံကြမ္မာဆိုးကို ကိုယ်စားပြုသည်။
အတိတ်တုန်းက ရွှီချင်းနှင့် နှိုင်းယှဉ်လျှင် ယင်းတို့က သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပေ။ တစ်ခုတည်းသော ခြားနားချက်မှာ ဗလာနတ္ထိကုန်းမြေထဲမှ အရောင်မှေးမှိန်နေသော နတ်ဘုရားအခွင့်အာဏာများ ဖြစ်ကြသည်။
အတိတ်တွင် ယင်းတို့က အရေအတွက်တစ်ရာသာ ရှိကြသည်။
ယခု ယင်းတို့က အရေအတွက်တစ်ထောင်ကျော်သွားသည်။
အတိတ်တွင် ရွှီချင်းတွေးထားခဲ့သည်မှာ အကယ်၍ တစ်နေ့မှာ သူက ထိုနတ်ဘုရားအခွင့်အာဏာ(၁၀၀)ကို ဆင်ခြင်နားလည်သွားပြီး ယင်းတို့ကို ထွန်းလင်းတောက်ပနိုင်စေမည်ဆိုလျှင် သူက ဗလာနတ္ထိအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။
သို့သော်လည်း ယခုတော့…
အကယ်၍ ရွှီချင်း၏ သက်စောင့်အမှတ်အသားက ဗလာနတ္ထိကုန်းမြေ၏ အကန့်အသတ်စည်းကို ရေးဆွဲမည်ဆိုလျှင် နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများမှ ဖြစ်ပေါ်လာသော နတ်ဘုရားအခွင့်အာဏာ(၁၀၀၀)က သူ့ကျင့်ကြံခြင်း၏ အပေါ်ယံအကန့်အသတ်ကို အဆုံးစွန်အထိ တိုးမြှင့်သွားစေလိမ့်မည်။
အကယ်၍ နတ်ဘုရားအခွင့်အာဏာ(၁၀၀၀)လုံး ထွန်းလင်းတောက်ပသွားမည်ဆိုလျှင် သူက ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ရောက်ရှိသွားလိမ့်မည်။ ထိုဝိညာဉ်စုစည်းခြင်းအဆင့်သည် ဤလောကထဲမှာ တစ်ခါမှမထွက်ပေါ်ဖူးသော အရာဖြစ်လိမ့်မည်။
သို့သော်လည်း ထိုသို့ကျင့်ကြံရန် ခက်ခဲမှုသည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲလိမ့်မည်။