အချစ်မီးပွား(ခ)
Vol. 91 Ch. 1401
ကံကောင်းစွာဖြင့် အပြောင်းအလဲများက ထိုအရာများသာ မဟုတ်ပေ။ ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်မရှိတော့ပေ။
အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်စွမ်းအင်က အရည်အသွေးနိမ့်ကျပြီး အလွန်အားနည်းသောကြောင့် ဖြစ်သည်။ နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများဖြင့် ဖန်တီးထားသော ဤခန္ဓာကိုယ်က အဆင့်နိမ့်သော ဝိညာဉ်စွမ်းအင်ကို တည်ရှိခွင့်မပြုချေ။
ထို့ကြောင့် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားအရင်းအမြစ်၏ စစ်မှန်သော စွမ်းအားဖြင့်သာ ပြည့်နှက်နေသည်။
ယင်းက သူ၏ ဗလာနတ္ထိကုန်းမြေကို ရွှေရောင်သို့ ပြောင်းလဲသွားစေရုံသာမက သူ၏ အသိစိတ်ပင်လယ်ကိုလည်း ရွှေရောင်နတ်ဘုရားပင်လယ်အဖြစ် ပြောင်းလဲသွားစေသည်။
ယင်းက သူ၏ အလားအလာကို အဆုံးစွန်ထိ တိုးမြှင့်ပေးလိုက်သည်။
ခုခံမှုစွမ်းအားသည်တော့ ပိုပြီးကြောက်စရာကောင်းသည်။
သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အပြည့်အဝ မပေါင်းစည်းသေးဘဲ ရုပ်ခန္ဓာကိုယ်က အလွန်သန်မာနေသောကြောင့် ယင်းက ရွှီချင်း၏ ဝိညာဉ်ကို ဖိနှိပ်ထားသည်။ သို့ဖြစ်၍ သတ္တမသခင်ကြီးက တံခါးပိတ်မကျင့်ကြံခင် ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်ပေါ်မှာ အုပ်ချုပ်သူချိပ်တံဆိပ်နှင့် ခြေလှမ်းဝက်အင်မော်တယ်ချိပ်တံဆိပ်ကို ချန်ထားခဲ့သည်။
ရွှီချင်းက ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ကို ကျင့်ကြံပြီး သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ပေါင်းစည်းနိုင်သည့်အခါကျလျှင် ထိုချိပ်တံဆိပ်နှစ်ခုက တစ်ခုပြီးတစ်ခု ပြေလျော့သွားလိမ့်မည်။
အကယ်၍ သူက ထိုချိပ်တံဆိပ်နှစ်ခုလုံးကို အောင်မြင်စွာ ဖြေလျော့နိုင်သွားမည်ဆိုလျှင် သူ၏ ရုပ်ခန္ဓာကိုယ်က အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သွားလိမ့်မည်။
အင်မော်တယ်ကျင့်ကြံခြင်းအရ ယင်းက နွေဦးအင်မော်တယ်နှင့် အဆင့်တူညီသည်။
သတ္တမသခင်ကြီးသည် တံခါးပိတ်မကျင့်ကြံခင် ရွှီချင်းကို ထိုအကြောင်း သေချာရှင်းပြခဲ့သည်။ နတ်ဘုရားမျက်နှာပျက်ကြီးသည် ဉာဏ်အလင်းပွင့်နတ်ဘုရားအဆင့်သို့ ချိုးဖြတ်ရန် ကျရှုံးသွားခဲ့သော်လည်း ၎င်းကိုယ်၌က နတ်ဘုရင်အဆင့်၏ အထွတ်အထိပ်မှာ ရှိသည်။
ထို့ကြောင့် ၎င်း၏ လက်မောင်းထဲမှာ နတ်ဘုရင်အဆင့်၏ စွမ်းအားရှိသည်။
၎င်း၏ လက်ချောင်းများထဲမှာ နတ်ဘုရားအရှင်သခင်၏ စွမ်းအားရှိသည်။
ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းခဲ့သော နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများသည်တော့ အလွန်သေးနုတ်သော ပမာဏတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ထိုအသွေးအသားများထဲမှာ အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားက ကိန်းအောင်းနေဆဲပင်။ ယင်းက နွေဦးအင်မော်တယ်နှင့် နှိုင်းယှဉ်နိုင်သည်။
ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်ပေါ်မှ ချိပ်တံဆိပ်နှစ်ခုသည်တော့ သူ၏ ဝိညာဉ်က နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားကြောင့် ဖိနှိပ်မခံရရန် သေချာစေသည်။ ထိုချိပ်တံဆိပ်နှစ်ခုက အကောင်းတိုင်း ရှိနေသေးသော်လည်း ရွှီချင်း၏ ရုပ်ခွန်အားက အံ့ဩဖွယ်ကောင်းစွာ အလွန်သန်မာနေဆဲပင်။
အုပ်ချုပ်သူအဆင့်အောက်မှ မည်သူမှ သူ၏ ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မပြုလုပ်နိုင်ပေ။
ယင်းကို ရွှီချင်းက ဤလများတွင် နတ်ဘုရားသက်ရှိများဖြင့် ဆက်တိုက် တိုက်ခိုက်ပြီးနောက် အတည်ပြုနိုင်ခဲ့သည်။
သူ့ရုပ်ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းသည် ကြောက်မခန်းလိလိ အံ့ဩစရာကောင်းသည်။
ဥပမာ စောစောတုန်းက မြစ်စောင့်နတ်နဂါးက ၎င်း၏ အမြှီးရှည်ဖြင့် လွှဲရိုက်ခဲ့သော်လည်း ရွှီချင်းက မည်သည့်ဒဏ်ရာမှ မရသွားခဲ့ချေ။ ယင်းအစား မြစ်စောင့်နတ်နဂါး၏ အမြှီးသည်သာ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိသွားခဲ့သည်။ ၎င်း၏ အမြှီးပေါ်မှ ဆူးချွန်များသည်ပင် ကျိုးပဲ့သွားခဲ့ကြသည်။
သူ၏ ကျင့်ကြံခြင်းအခြေခံသည်တော့ ရုပ်ခန္ဓာကိုယ်၏ အသွင်ပြောင်းလဲမှုမှလွဲ၍ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိပေ။
မည်သို့ဖြစ်ပါစေ သူ့ရုပ်ခန္ဓာကိုယ်က အလွန်သန်မာပြီး သူ၏ စွမ်းရည်အမျိုးမျိုးကို အစွမ်းမြှင့်တင်ပေးနိုင်သောကြောင့် သူ၏ တိုက်ပွဲစွမ်းအားက ယခင်ကထက် အဆပေါင်းများစွာ မြင့်တတ်သွားသည်။
ဤလများတွင် ဆက်တိုက် တိုက်ခိုက်ပြီးနောက် ရွှီချင်းသည် သူ၏ တိုက်ပွဲစွမ်းအားကို အကြမ်းဖျဉ်း သုံးသပ်နိုင်ခဲ့သည်။
သူက မဟာလောကလေးခု ဝိညာဉ်စုစည်းခြင်းအဆင့်ကို သတ်ပစ်နိုင်သည်။
မဟာလောကငါးခုနှင့်အထက် ဝိညာဉ်စုစည်းခြင်းအဆင့်ကိုတော့ ရွှီချင်းက သူ၏ လက်ရှိကျင့်ကြံခြင်းအခြေခံဖြင့် အနိုင်မယူနိုင်ပေ။
သို့သော်လည်း တစ်ဖက်လူသည် သူ့ကို အနာတရဖြစ်အောင် မလုပ်နိုင်ပေ။
သို့ဖြစ်၍ ရွှီချင်းအတွက် ယခုအချိန်မှာ အရေးကြီးဆုံးသည် နတ်ဘုရားအခွင့်အာဏာများကို သန့်စင်ပြီး သူ၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ရန် ဖြစ်သည်။
တစ်ချိန်တည်းမှာ သူက ချိပ်တံဆိပ်နှစ်ခုကို မြန်နိုင်သမျှမြန်မြန် ဖြေလျော့နိုင်ရန် ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်ကို ကျင့်ကြံရလိမ့်မည်။
“ အဲ့ဒီအတွက် တိုက်ပွဲတွေ၊ ဆင်ခြင်နားလည်မှုတွေနဲ့ သေခြင်းရှင်ခြင်းအတွေ့အကြုံတွေကို ငါလိုအပ်တယ် ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ထိုသို့ဖြင့် ရွှီချင်းနှင့် ဟွမ်ယန်သည် တားမြစ်ပင်လယ်ပေါ်မှာ မြန်ဆန်စွာ ပျံသန်းနေကြရင်း ရှစ်မိနစ်ကြာပြီးနောက် ပင်လယ်လိပ်ကျွန်းစုဆီသို့ ရောက်ရှိသွားကြသည်။
ဤအခိုက်အတန့်မှာ ဟွမ်ယန်သည် ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး စီနီယာအမ အဆင်ပြေကြောင်း အတည်ပြုလိုက်သည်။ သို့ဖြစ်၍ သူက မီးတောက်ဖီးနစ်မှ ဖက်တီးလေးအဖြစ်သို့ အသွင်ပြန်ပြောင်းလိုက်သည်။
သူက ရွှီချင်းကို ပြောသည်။
“ ပြောရမယ်ဆိုရင် ဒီပြိုင်ပွဲရဲ့ တည်နေရာက အလင်းရောင်ဂိုဏ်းနဲ့ ဆက်စပ်နေတယ် ”
“ အဲ့ဒါက တားမြစ်ပင်လယ်ထဲမှာ ပုန်းအောင်းနေတဲ့ အလင်းရောင်ဂိုဏ်းရဲ့ ဌာနခွဲတစ်ခုပဲ… ချီယွဲ့ထုံဂိုဏ်းက အဲ့ဒါကို ရှာတွေ့သွားတော့ အလင်းရောင်ဂိုဏ်းခွဲကို အမြစ်ဖြတ်သုတ်သင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနေရာမှာ ပြိုင်ပွဲကျင်းပခဲ့တယ် ”
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက မပြောင်းလဲသွားချေ။ သူက ခါတိုင်းကဲ့သို့ တည်ငြိမ်နေသည်။ ဝိညာဉ်ဖောက်ခွဲပြီး ပြန်အသက်ရှင်လာပြီးနောက် အလင်းရောင်ဂိုဏ်းနှင့် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားအပေါ် သူ၏ စိတ်ခံစားချက်များကို ကောင်းမွန်စွာ ဖုံးကွယ်နိုင်သွားသည်။
သူ၏ အမူအရာတင်သာ မဟုတ်ပေ။ သူ၏ နှလုံးသားထဲမှာလည်း ထို့အတူပင်။
ယင်းက နက်ရှိုင်းသော ပင်လယ်ကြီးပမာ မည်သည့်လှိုင်းလုံးမှ မရှိပေ။
သို့သော်လည်း ငြိမ်သက်နေသော ပင်လယ်ကြီးက ပေါက်ကွဲသွားမည်ဆိုလျှင် သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားလိမ့်မည်။
ရွှီချင်းသည် ငယ်စဉ်ကလေးဘဝကတည်းက မည်သည့်အရာဖြင့် တွေ့ကြုံရပါစေ အမြဲတမ်း တည်ငြိမ်နိုင်ခဲ့သော်လည်း ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည် ချွင်းချက်ဖြစ်ခဲ့သည်။
သို့သော်လည်း ယခုတော့ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားသည်ပင် သူ၏ တည်ငြိမ်မှုကို ဆုံးရှုံးစေရန် မစွမ်းဆောင်နိုင်တော့ပေ။
ရွှီချင်း၏ စိတ်အခြေအနေသည် ကန်ရေပြင်ပမာ လုံးဝတည်ငြိမ်နေသည်။
သူက မီးတောက်ဖီးနစ်မှ အသွင်ပြောင်းလဲလိုက်သော ဟွမ်ယန်ကို ကြည့်လိုက်သည်။ ဟွမ်ယန်က ရည်ရွယ်ချက်ရှိစွာ အသွင်ပြောင်းလဲခဲ့ကြောင်း သူပြောနိုင်သည်။
ဟွမ်ယန်က ချောင်းဟန့်လိုက်ပြီး ရှင်းပြသည်။
“ စီနီယာအမက ငါ့ရဲ့ ငှက်ပုံသဏ္ဍာန်ကို သဘောမကျဘူး… သူက ငါ့ရဲ့ အခုလို ချောမောခန့်ညားတဲ့ ဝဝကစ်ကစ်ပုံစံကို သဘောကျတာလို့ အမြဲပြောတယ် ”
ဟွမ်ယန်သည် စကားပြောပြီးနောက် သူ၏ ဝမ်းဗိုက်ကို ပုတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အသားများက အကြိမ်ရေအနည်းငယ် တုန်ခါသွားကြသည်။
ရွှီချင်းက ပြုံးလိုက်ပြီး အကြည့်ပြန်ရုပ်လိုက်ကာ အဝေးသို့ ကြည့်လိုက်သည်။
အဆုံးမဲ့စွာ ကျယ်ပြောလှသော ပင်လယ်သည် အကွာအဝေးတစ်ခုထက် မပိုချေ။ ရွှီချင်းနှင့် ဟွမ်ယန်အတွက်တော့ သူတို့က အရာအားလုံးကို အဝေးမှ လှမ်းမြင်နိုင်ကြသည်။
သူတို့၏ စိတ်အာရုံထဲတွင် ကြယ်ပုံသဏ္ဍာန်ရှိသော ပင်လယ်လိပ်ကျွန်းစုပေါ်မှာ ဝါးပုလွေသံသည် အစဉ်မပြတ် ပျံ့လွင့်နေသည်။
ကျွန်းစုပေါ်တွင် မရေမတွက်နိုင်သော ချီယွဲ့ထုံဂိုဏ်းသားများက ပြိုင်ပွဲလုပ်ဆောင်နေကြသည်။
ဂိုဏ်းသားတချို့သည် သတ်ဖြတ်ရန် ရွေးချယ်ကြပြီး ဂိုဏ်းသားတချို့သည် ရတနာများ ရှာဖွေနေကြသည်။ သူတို့၏ မတူညီသော အကျင့်စရိုက်များပေါ်မူတည်၍ သူတို့၏ ရွေးချယ်မှုများသည် ကွဲပြားခြားနားကြသည်။
သို့သော်လည်း အလုံးစုံခြုံငုံကြည့်လျှင် သူတို့အားလုံးဆီမှာ သတ္တမတောင်ထွတ်၏ ပုံစံမျိုး ရှိကြသည်။ ဂိုဏ်းသားအများစုသည် သူတို့၏ ကံကြမ္မာကောင်းကို ဖုံးကွယ်ထားကြသည်။
ယင်းက အတိတ်မှာ ရေသူကျွန်းပေါ်တွင် ရွှီချင်းလုပ်ဆောင်ခဲ့သည့်အတိုင်း ဖြစ်သည်။
သူတို့ကို ကြည့်နေရင်း အတိတ်က မှတ်ဉာဏ်များက ရွှီချင်း၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။
ပုလွေသံက ပင်လယ်လိပ်ကျွန်းစုပေါ်မှာ ဆက်လက် ပျံ့လွင့်နေစဉ် အဝေးမှ တားမြစ်ပင်လယ်ထဲတွင် ရေလှိုင်းလုံးများက ဆူနာမီလှိုင်းလုံးများသဖွယ် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားကြပြီး ပင်လယ်လိပ်ကျွန်းစုဆီသို့ ချဉ်းကပ်လာနေကြသည်။
လှိုင်းလုံးများကြားတွင် အလွန်ကြီးမားသော ဧရာမသတ္တဝါတစ်ကောင်ရှိဟန် ရသည်။
အနီးကပ်သေချာကြည့်မည်ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ၎င်းထံမှ ထွက်ပေါ်နေပြီး ပင်လယ်လိပ်ကျွန်းစုတစ်ခုလုံးကို လွှမ်းခြုံထားကြောင်း မြင်နိုင်လိမ့်မည်။ ယင်းက ကောင်းကင်ကို ပရမ်းပတာ လှုပ်ခတ်သွားစေပြီး ကောင်းကင်ပေါ်မှာ ဝဲကတော့တစ်ခု ထွက်ပေါ်လာစေသည်။ ဝဲကတော့က ဝုန်းခနဲ မြည်သွားပြီး တုန်လှုပ်သွားသည့်အခါ ကျွန်းပေါ်မှ ချီယွဲ့ထုံဂိုဏ်းသားများထံသို့ ခြိမ်းခြောက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
လှိုင်းလုံးများ၏ အရှေ့တွင် သတ္တမသခင်ကြီး၏ မဟာအတောင်ပံနှင့် ခြားနားသော ဧရာမတည်ရှိမှုတစ်ခုက ရပ်နေသည်။
၎င်းက ထိတ်လန့်ဖွယ်ကောင်းသော ဧရာမဓားတစ်လက်ဖြစ်သည်။
၎င်းက ဒုတိယစီနီယာအမ၏ ထူးခြားသော နှစ်သက်မှုနှင့် လိုက်ဖက်သည်။
ဒုတိယစီနီယာအမသည် မဟာအတောင်ပံ၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူက စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားလေရာ ရဲစွမ်းသတ္တိနှင့်ပြည်စုံသော သူရဲကောင်းတစ်ယောက်ပမာ အောက်မေ့ရသည်။ သူက လှိုင်းလုံးများထဲမှ တည်ရှိမှုကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး ပြောသည်။
“ ထွက်သွားစမ်း ”
ဒုတိယစီနီယာအမက စကားပြောလိုက်သည်နှင့်ချက်ချင်း အနီရောင်မီးဘောလုံးတစ်ထောင်က သူ့အရှေ့မှ ဧရာမလှိုင်းလုံးများကြားထဲမှာ ထွက်ပေါ်လာကြသည်။ ဝေဝါးနေသော ပင်လယ်ရေထဲတွင် ၎င်းတို့က မျက်လုံးများနှင့် ဆင်တူကြသည်။