← Chapters

ကောင်းကင်ပြောင်းလဲခြင်း(က)

Vol. 91 Ch. 1404

ကောင်းကင်ပြောင်းလဲခြင်း(က)

Vol. 91 Ch. 1404

တားမြစ်ပင်လယ်သည် အဆုံးမဲ့ပြီး ပင်လယ်အနက်ပိုင်းသည်လည်း ထို့အတူပင်။

ဝမ်ကူးကုန်းမြေပေါ်သို့ နတ်ဘုရားမျက်နှာပျက်ကြီး မဆင်းသက်လာခင် ဤလောကထဲမှ မည်သည့်ပညာရှင်ကျင့်ကြံသူမှ ပင်လယ်အနက်ပိုင်းကို သေချာနားလည်သည်ဟု မပြောနိုင်ကြချေ။

အများဆုံး သူတို့က အပေါ်ယံမျှသာ နားလည်ထားကြသည်။

အကြောင်းအရင်းတစ်ခုမှာ ပင်လယ်အနက်ပိုင်းက အလွန်ကျယ်ပြောသော ဧရိယာကို ဖုံးလွှမ်းထားသောကြောင့် ဖြစ်သည်။ တခြားအကြောင်းအရင်းမှာ တစ်စုံတစ်ယောက်က ပင်လယ်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားလေ ပိုမိုများပြားသော အလွှာများကို မြင်တွေ့ရလာလေ ဖြစ်သည်။ တစ်ခါတစ်ရံ ပင်လယ်ကြမ်းပြင်အောက်တွင် နောက်ထပ် ကောင်းကင်တစ်ခု သို့မဟုတ် တခြားပင်လယ်တစ်ခုပင် ရှိသည်။

မည်သို့ဖြစ်ပါစေ ဤပင်လယ်သည် အလွန်နက်နဲသိမ်မွေ့သည်။ ပင်လယ်အနက်ပိုင်းထဲတွင် မရေမတွက်နိုင်သော ထူးခြားဆန်းကြယ်မှုများရှိသည်။ တချို့ဧရိယာများသည် အတိတ်တုန်းက ဟွမ်ကောင်းကင်ဘုံနတ်ဘုရားမျိုးနွယ်ထက်ပင် ပိုပြီးရှေးကျသည်။

မဟာဧကရာဇ်များသည်ပင် တားမြစ်ပင်လယ်ထဲမှာ မစူးစမ်းဝံ့ကြချေ။

နွေဦးအင်မော်တယ်များသော်လည်းကောင်း ရှေးဘုရင်များသော်လည်းကောင်း ၎င်းတို့က တားမြစ်ပင်လယ်၏ ကြမ်းပြင်ကို ထိန်းချုပ်ရန် ဆန္ဒရှိခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ ထိုဆန္ဒက မပြည့်မြောက်ခဲ့ကြပေ။

ကံကောင်းစွာပင် ပင်လယ်ကြမ်းပြင်က လျှို့ဝှက်ဆန်းကြယ်ပြီး နေရာတိုင်းမှာ ရှေးခေတ်အပျက်အစီးများဖြင့် ပြည့်နှက်နေသော်လည်း ယင်းက အပြင်လောကနှင့် သီးခြားကွဲထွက်နေသည့်အလား ဝမ်ကူးကုန်းမြေကို အန္တရာယ်မပေးချေ။ ထို့ကြောင့် ဝမ်ကူးကုန်းမြေမှ လူများသည် ပင်လယ်ကြမ်းပြင်၏ ထူးခြားဆန်းကြယ်မှုများကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။

နတ်ဘုရားမျက်နှာပျက်ကြီးရောက်ရှိလာသည့်အချိန်မှာ အဆုံးမဲ့သော ပင်လယ်သည် တားမြစ်ပင်လယ်ဖြစ်လာသည်။ ဒြပ်နှောများ၏ သိပ်သည်းမှုအောက်မှာ မူလကတည်းက ထူးခြားဆန်းကြယ်သော ပင်လယ်အနက်ပိုင်းသည် ပိုပြီးကြောက်စရာကောင်းလာသည်။

အထူးသဖြင့် အပြင်ပိုင်းပင်လယ် ဖြစ်သည်။ ထိုနေရာတွင် အမည်မသိ နတ်ဘုရားများက သေချာပေါက် တည်ရှိနေကြသည်။

ထို့ကြောင့် ရွှီချင်းက သူရှာဖွေနေသော ကြေးရထားလုံးနှင့် ဘီလူးက အပြင်ပိုင်းပင်လယ်ထဲမှာ ရှိနေရန် ပိုပြီးဖြစ်နိုင်ခြေများကြောင်း စဉ်းစားမိခြင်း ဖြစ်သည်။

ယခု သူရောက်ရှိနေသော လျှိုမြောင်သည်တော့ အပြင်ပိုင်းပင်လယ်နှင့် အတော်လေး ဝေးကွာနေဆဲပင်။ ပင်လယ်အနက်ပိုင်းတစ်ခုလုံးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယင်းက အလွန်သေးနုတ်သည်။ ဤသည်မှာ သဲသောင်ပြင်ပေါ်မှ သဲတစ်မှုန်အလားပင်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ လမ်းညွှန်မှုကြောင့်မဟုတ်လျှင် ရွှီချင်းက ဤနေရာကို ရှာတွေ့လိမ့်မည် မဟုတ်သလို လျှိုမြောင်ထဲမှာ ပုန်းကွယ်နေသော စေတီအပျက်၏ တည်ရှိမှုကိုလည်း အာရုံခံနိုင်လိမ့်မည် မဟုတ်ပေ။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်နှင့် သူ့ကြားမှ ဆက်သွယ်မှုမှတဆင့် အန္တရာယ်တစ်စုံတစ်ရာရှိမရှိ သူစစ်ဆေးနိုင်သည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

ဘေးပတ်ဝန်းကျင်သည် မည်းမှောင်နေသော်လည်း တိတ်ဆိတ်မနေပေ။ ပင်လယ်အနက်ပိုင်းထဲမှ အမည်မသိသက်ရှိများက ကျယ်လောင်စွာ ဟိန်းဟောက်နေကြသည်။

တစ်ခဏကြာပြီးနောက် မည်သည့်အန္တရာယ်မှမရှိကြောင်း အတည်ပြုပြီးနောက် ရွှီချင်းက လျှိုမြောင်ထဲသို့ ဆင်းသက်သွားသည်။

မကြာမီ သူက လျှိုမြောင်၏ အနက်ပိုင်းထဲသို့ ရောက်ရှိသွားသည်။

အပြင်လောကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤနေရာသည် ပိုပြီးမည်းမှောင်သည်။ ဤသည်မှာ သက်ရှိအားလုံးကို ဝါးမျိုနိုင်သော အသူရာချောက်နက်၏ ပါးစပ်ပေါက်အလားပင်။

ကံကောင်းစွာဖြင့် ကောင်းကင်ဘုံသူတော်စင်နွယ်က သူ့ကို လမ်းပြပေးသည်။ ထို့ကြောင့် သူက အရှိန်မလျော့ခဲ့ပေ။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ကောင်းကင်ဘုံသူတော်စင်နွယ်ပင် တူးထားခဲ့သော တွင်းပေါက်ကို သူမြင်တွေ့သွားသည်။

တွင်းပေါက်သည် ဖြည်းညင်းစွာ ပြန်ပိတ်နေသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေဘဲ တွင်းပေါက်ထဲသို့ ချက်ချင်း ဝင်သွားသည်။ သူက ကောင်းကင်ဘုံသူတော်စင်နွယ်ပင် ချန်ထားခဲ့သော ခြေရာလက်ရာများနောက်သို့ လိုက်၍ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ တည်နေရာဆီသို့ ရောက်ရှိသွားသည်။

အကယ်၍ တစ်စုံတစ်ယောက်က ပင်လယ်ကြမ်းပြင်ကို ထွင်းဖောက်မြင်နိုင်မည်ဆိုလျှင် လျှိုမြောင်၏ အောက်ခြေမှာ အရွယ်အစားအလွန်ကြီးမားသော ပူဖောင်းတစ်လုံးရှိနေကြောင်း မြင်နိုင်လိမ့်မည်။

ထိုပူဖောင်းသည် ပေတစ်သိန်းပတ်ဝန်းကျင်ကို စက်ဝိုင်းသဖွယ် ဖုံးလွှမ်းထားသည်။

အထဲတွင် ပင်လယ်ရေမရှိသလို နုန်းမြေလည်း မရှိပေ။ ခြောက်သွေ့နေသော နွယ်ပင်ဖြင့် ရစ်ပတ်ခံထားရသော စေတီအပျက်သာလျှင် ရှိသည်။

ရွှီချင်းနှင့် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် လက်ရှိအချိန်မှာ ပူဖောင်း၏ အပြင်ဘက်မှ နုန်းမြေပေါ်တွင် ယာယီတူးဖော်ထားသော လှိုင်ဂူတစ်ခုထဲမှာ ရှိနေကြသည်။

ရွှီချင်းသည် ပူဖောင်းနှင့် စေတီကို စိုက်ကြည့်လိုက်သည်။ ယင်းတို့ထံမှ မည်သည့်ဖိအားကိုမှ သူမခံစားမိချေ။ ဤသည်မှာ အရာအားလုံးက ပုံမှန်ဖြစ်သည့်အလားပင်။

သို့သော်လည်း ထူးဆန်းသည်မှာ ပူဖောင်းနှင့် စေတီကို ရှင်းလင်းစွာ သူမြင်နေရသော်လည်း သူ၏ နတ်ဘုရားစိတ်အာရုံထဲတွင် ယင်းတို့က ဤနေရာမှာ မတည်ရှိကြပေ။

“ မြင်ပဲမြင်နိုင်တယ်… အာရုံခံလို့မရဘူးလား ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ဤနေရာမှ ထူးဆန်းမှုကို အာရုံခံမိပြီးနောက် သူ၏ ဘေးမှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို ကြည့်လိုက်သည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ စိတ်ခံစားချက်များသည် အပြင်းအထန် လှုပ်ခတ်နေသည်။ ဤသည်မှာ ၎င်းက အထဲသို့ ဝင်ရောက်ချင်သော်လည်း မဝင်ရောက်ဝံ့သည့်အလားပင်။ တစ်ချိန်တည်းမှာ နှစ်သက်သော စိတ်ခံစားမှုက ပျံ့နှံ့ထွက်လာသည်။ ဤသည်မှာ ၎င်းက ဆွေမျိုးရင်းချာတစ်ယောက်ကို မြင်လိုက်ရသည့်အလားပင်။

အဆုံးမှာတော့ ၎င်းက ဆုံးဖြတ်ချက်ချလိုက်ဟန် ရသည်။ ၎င်းက ရွှီချင်းဆီသို့ အရင်ချဉ်းကပ်သွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို ညင်သာစွာ အကြိမ်ရေအနည်းငယ် ပွတ်သပ်လိုက်သည်။ ထို့နောက် ၎င်းက ဆုံးဖြတ်ချက်ပြတ်သားစွာ ရုတ်တရက် ပြေးထွက်သွားပြီး ၎င်းအရှေ့မှ ပူဖောင်းဆီသို့ ဦးတည်သွားသည်။

ရွှီချင်းက ၎င်းကို မတားဆီးပေ။

နောက်အခိုက်အတန့်မှာ ပူဖောင်းက မတည်မငြိမ်ဖြစ်လာသည်။ နွယ်ပင်က ပူဖောင်းထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း စေတီအပျက်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

ရွှီချင်း၏ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ဆယ်ပေခန့် ထူထဲသော်လည်း ၎င်းက ပူဖောင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အလွန်သေးနုတ်သည်။

ဤအခိုက်အတန့်မှာ စေတီအပြင်ဘက်တွင် ၎င်းက မြွေငယ်တစ်ကောင်ပမာ အောက်မေ့ရသည်။ အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် ၎င်းက ခြောက်သွေ့နေသော နွယ်ပင်ဆီသို့ ဦးတည်သွားသည်။ နောက်ဆုံးမှာတော့ ရွှီချင်း၏ အကြည့်အောက်မှာ ၎င်းက ခြောက်သွေ့နေသော နွယ်ပင်ဖြင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။

ကောင်းကင်ဘုံသူတော်စင်နွယ်ပင်မှ ထုတ်လွှတ်နေသော စိတ်ခံစားချက်များထဲမှ အမွေအနှစ်စိတ်ဆန္ဒကို ရွှီချင်း အာရုံခံမိသွားသည်။

ထိုစိတ်အာရုံသည် မပျောက်ကွယ်သွားခင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။

ရွှီချင်းက အာရုံစူးစိုက်လိုက်သည်။ တစ်ခဏကြာစောင့်ဆိုင်းပြီးနောက် မည်သည့်အပြောင်းအလဲကိုမှ သူမမြင်တွေ့ခဲ့ပေ။ ထို့ကြောင့် သူက ခြေထောက်မြှောက်လိုက်ပြီး ပူဖောင်းဆီသို့ လျှောက်သွားသည်။ သို့သော်လည်း သူချဉ်းကပ်သွားသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော တွန်းကန်အားက ပူဖောင်းထံမှ ထွက်ပေါ်လာပြီး ရွှီချင်းကို အထဲမဝင်နိုင်ရန် တားဆီးလိုက်သည်။

အနက်ရောင်အလင်းတန်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူ၏ သက်စောင့်စွမ်းအားက ပေါ်လျှိုးလာပြီး သူ၏ ရုပ်ခွန်အားက အပြည့်အဝ ထွက်ပေါ်လာသည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို အားကိုး၍ အရှေ့သို့ ခြေချလိုက်သည်။

ထိုခြေလှမ်းကြောင့် ပူဖောင်းထံမှ အားလှိုင်းအတတ်အကျများက ချက်ချင်း ပြင်းထန်လာပြီး တွန်းကန်အားက ပိုပြီးအားကောင်းလာသည်။ တောင်တန်းများနှင့် မြစ်ချောင်းများကို လှုပ်ခတ်သွားစေနိုင်သော သဏ္ဍာန်မဲ့အားလှိုင်းတစ်ခုက ထွက်ပေါ်လာပြီး ရွှီချင်းကို ရိုက်ခတ်သွားသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် တတိယခြေလှမ်း၊ စတုတ္ထခြေလှမ်း၊ ပဉ္စမခြေလှမ်း…

ပူဖောင်းသည် အက်ကွဲမသွားပေ။ ယင်းအစား ရွှီချင်းက အရှေ့သို့ ရွေ့လျားသွားနေစဉ် ပူဖောင်းက အထဲသို့ ချိုင့်ဝင်သွားသည်။ တစ်ဝက်နီးပါး ချိုင့်ဝင်သွားပြီးနောက် တွန်းကန်အားသည် ကြောက်မခန်းလိလိ အားကောင်းလာသည်။

အထူးသဖြင့် ရွှီချင်းက ဆဌမခြေလှမ်းကို လှမ်းပြီးနောက် တွန်းကန်အားက နောက်တစ်ကြိမ် တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ကြီးမားသော အဖျက်စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေပြီး သူ့ကို အမြန်အနောက်ဆုတ်သွားစေသည်။

သူက ဆက်တိုက် အနောက်ဆုတ်သွားပြီး မူလနေရာဆီသို့ ပြန်ရောက်သွားသည်။ ထို့နောက် သူက ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ ပူဖောင်းကို စူးစိုက်ကြည့်လိုက်သည်။

All Chapters