ကြည်လင်သော အသံ(ခ)
Vol. 91 Ch. 1409
ချက်ချင်းဆိုသလို လှိုင်းက ကီလိုမီတာငါးဆယ်ထိ ရောက်ရှိသွားသည်။
ကီလိုမီတာငါးဆယ်အတွင်းမှာရှိသော မရေမတွက်နိုင်သော အသံများက ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံအတွင်းမှာ ထွက်ပေါ်လာကြသည်။
ရေစီးဆင်းနေသော အသံ၊ သားရဲများ ဟိန်းဟောက်နေသောအသံ၊ ငါးများ အမြှီးယမ်းနေသော အသံနှင့် ပင်လယ်ကြမ်းပြင်ပေါ်မှ သဲမှုန်များ ရွေ့လျားနေသော အသံ အစရှိသည်တို့ ဖြစ်ကြသည်။ အမှန်မှာ တားမြစ်ပင်လယ်၏ အသက်ရှူသံကိုပင် သူကြားနေရဟန် ရ၏။
ယင်းက ထူးခြားဆန်းကြယ်သည်။
အရာအားလုံးသည် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံထဲမှာ ထွက်ပေါ်လာသည်။ အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ထိုအသံအားလုံးကို အသုံးပြုနိုင်သည်ဟု ခံစားရမိသည်။
နောက်အခိုက်အတန့်မှာ ကီလိုမီတာငါးဆယ်အတွင်းမှ ဧရိယာသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အသံအားလုံးသည် ရွှီချင်း၏ အတွေးတစ်ချက်နှင့်အတူ ဖယ်ရှားခံလိုက်ရပြီး ကီလိုမီတာငါးဆယ်၏ အပြင်ဘက်သို့ ပို့လွှတ်ခံလိုက်ရသည်။
ထိုအသံများ၏ အကူအညီကြောင့် လှိုင်းက ဆက်လက် ပျံ့ပွားသွားသည်။
ကီလိုမီတာ(၂၅၀)… ကီလိုမီတာ(၅၀၀)…
ယင်းက သံသရာစက်ဝန်းပမာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။
ရွှီချင်းသည် အရုပ်အသစ်ရသွားသော ကလေးတစ်ယောက်နှင့် ဆင်တူသည်။ သူက ထိုအရုပ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဆော့ကစားပြီး သူ၏ အကန့်အသတ်ကို စမ်းသပ်ကြည့်သည်။
ထိုသို့ဖြင့် အချိန်ကုန်ဆုံးသွားသည်။
အချိန်ကာလတစ်ခုကြာပြီးနောက် ရွှီချင်းထုတ်လွှတ်လိုက်သော လှိုင်းများသည် ထပ်ခါတလဲလဲ တွန်းအားပေးမှုအောက်မှာ အဆုံးမဲ့သော အတိုင်းအတာထိ ပျံ့လွင့်သွားကြသည်။
ယင်းက ရွှီချင်း၏ ဝိညာဉ်၏ အာရုံခံနိုင်သော အတိုင်းအတာထက် အများကြီး ကျော်လွန်သွားသည်။
ထိုအတောအတွင်းတွင် မရေမတွက်နိုင်သော ပင်လယ်သားရဲများ၊ ပင်လယ်ကြမ်းပြင်အောက်မှာ ပုန်းအောင်းနေကြသော နတ်ဘုရားသက်ရှိများနှင့် ပင်လယ်ရေမျက်နှာပြင်ပေါ်မှ လှေများနှင့် သင်္ဘောများသည်ပင် ရွှီချင်း၏ စိတ်ထဲမှာ ပုံရိပ်ပြန်လာကြသည်။
ရွှီချင်းက သူတို့ကို လုံးဝအာရုံမစိုက်ပေ။
သူက အသံကို ဆက်လက် ဖြန့်ကြက်လိုက်သည်။
ယင်းက ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံထဲမှာ မြင်ကွင်းတစ်ခု မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။
ရွှီချင်းရှိနေသော နေရာနှင့် အလွန်ဝေးကွာပြီး အလောင်းကောင်တားမြစ်နယ်မြေနှင့် နီးကပ်သော ပင်လယ်ကြမ်းပြင်အောက်မှ ဧရိယာတစ်ခုတွင် လွင်ပြင်ဟု ထင်မှတ်ရသော ကုန်းမြေတစ်ခုရှိသည်။
ဧရာမစည်းချအစီအရင်တစ်ခုကို ထိုရေအောက်ကုန်းမြေပေါ်မှာ ခင်းကျင်းထားသည်။
စည်းချအစီအရင်၏ အလယ်ဗဟိုတွင် ပုံရိပ်နှစ်ခုက တင်ပျဉ်ခွေထိုင်နေကြသည်။
ထိုပုံရိပ်နှစ်ခုသည် ငွေရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြသည်။ သူတို့၏ အရေပြားသည် ရေဘဝဲ၏ အပေါ်ယံအရေပြားနှင့် ဆင်တူသည်။
သူတို့ဆီမှာ ဆံပင်မရှိပေ။ မျက်နှာသည်တော့ လူသားမျက်နှာနှင့် ဆင်တူသည်။ ထို့ပြင် သူတို့က တင်ပျဉ်ခွေထိုင်နေသည့်တိုင် ပေတစ်ရာခန့် ရှည်လျားနေကြဆဲပင်။
သူတို့ထံမှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းစွမ်းအင်သည် မဟာလောကနှစ်ခု အထွတ်အထိပ် ဝိညာဉ်စုစည်းခြင်းအဆင့် ဖြစ်သည်။
သူတို့၏ ထူးခြားသော အဝတ်အစားနှင့် စည်းချအစီအရင်၏ တည်ဆောက်ပုံအရ သူတို့နှစ်ယောက်က သူတော်စင်ကုန်းမြေမှဖြစ်ကြောင်း ထင်ရှားပေသည်။
မှန်ပေသည်။ သူတို့က ဖုန်းလင်းတောင်နှင့် တစ်သုတ်တည်း ဆင်းသက်လာခဲ့ကြသူများ ဖြစ်သည်။
အတိတ်တွင် သူတော်စင်ကုန်းမြေမှ အဖွဲ့ငယ်များသည် ဝမ်ကူးကုန်းမြေ၏ မတူညီသော ဧရိယာများဆီသို့ ဆင်းသက်သွားခဲ့ကြသည်။
ထိုနှစ်ယောက်သည် တားမြစ်ပင်လယ်ပေါ်သို့ ဆင်းသက်ခဲ့ကြသည်။
ထို့ပြင် ဤအတောအတွင်း သူတို့က သတင်းအချက်အလက်များနှင့် တားမြစ်ပင်လယ်ထဲမှ အရင်းအမြစ်များကို လုံလုံလောက်လောက် စုဆောင်းခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က အပြင်လောကဆီသို့ အချက်ပေးရန် လမ်းညွှန်စည်းချအစီအရင်တစ်ခုကို ခင်းကျင်းနေကြခြင်း ဖြစ်သည်။
သူတို့က ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်ပြီး စည်းချအစီအရင်၏ အစွမ်းကို တိုးမြှင့်ပေးလိုက်သည်။
သူတို့၏ ကံက မဆိုးဘူးဟု ဆိုနိုင်သည်။ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အချိန်မှစ၍ ယခုအချိန်ထိ သူတို့၏ လုပ်ဆောင်မှုများက အဆင်ပြေချောမွေ့ခဲ့သည်။
သူတို့က မည်သည့်အခက်အခဲ မည်သည့်အတားအဆီးနှင့်မှ မတွေ့ရလုနီးပါးပင်။ သူတို့က ရံဖန်ရံခါ အစွမ်းထက် နတ်ဘုရားသက်ရှိတချို့ဖြင့် တွေ့ကြုံခဲ့သော်လည်း သူတို့၏ စူးစမ်းစစ်ဆေးမှုကြောင့် ကြိုတင်ရှောင်ရှားနိုင်ခဲ့သည်။
ယခု အရာအားလုံးက အဆုံးသတ်တော့မည်ကို မြင်သောအခါ သူတို့နှစ်ယောက်က အနည်းငယ် စိတ်အေးသွားကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အက်ကွဲသံသည် သူတို့ထဲမှ တစ်ယောက်ထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ယင်းက သူ့အရှေ့တွင် ချထားသော ကျောက်စိမ်းပြားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုကျောက်စိမ်းပြားသည် မည်းနက်ပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးသော မှော်သင်္ကေတများ ရှိသည်။ ယင်းကို တမူထူးခြားသော ကျောက်စိမ်းနက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤအတောအတွင်းမှာ ယင်းက ရံဖန်ရံခါ လင်းလက်သွားပြီး အန္တရာယ်များကို ကြိုတင်သတိပေးခဲ့သည်။
ဤအခိုက်အတန့်မှာ ထိုကျောက်စိမ်းပြားက လင်းလက်သွားခြင်းမရှိဘဲ သူ့ဘာသာ အက်ကွဲသွားဟန် ရသည်။
ချက်ချင်းဆိုသလို သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်သည် ချက်ချင်း မျက်လုံးဖွင့်လိုက်ကြသည်။ အံ့ဩသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကျောက်စိမ်းပြားထံမှ အက်ကွဲသံသည် မပျောက်ကွယ်သွားပေ။ ယင်းအစား အသံက မုန်တိုင်းတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး သူတို့ဆီသို့ ရိုက်ခတ်လာသည်။
ဘေးပတ်ဝန်းကျင်သည် တုန်လှုပ်သွားသည်။ သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်သည် အမူအရာပျက်ယွင်းသွားပြီး ချက်ချင်း အနောက်ဆုတ်သွားကြသည်။ သူတို့က နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သူတို့ထဲမှ တစ်ယောက်သည် ညာလက်ဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး အရှေ့သို့ လက်ညှိုးညွှန်လိုက်သည်။
ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ ပင်လယ်ရေသည် သူ၏ ထိန်းချုပ်မှုအောက်မှာ တစ်ဟုန်ထိုး မြှောက်တတ်သွားပြီး အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။ ပင်လယ်လှိုင်းလုံးများက ပင်လယ်ကြမ်းပြင်အောက်မှ သဲမြေကို ကြမ်းတမ်းစွာ ရိုက်ခတ်သွားပြီး အရပ်ရှစ်မျက်နှာဆီမှ ကျောက်တုံးနက်များကို တုန်လှုပ်သွားစေသည်။
သူက ပုန်းကွယ်နေသော အန္တရာယ်များကို ရှာဖွေနေခြင်း ဖြစ်သည်။
သို့သော်လည်း သူက မည်သည့်အရာမှ ရှာမတွေ့ပေ။
သူတို့နှစ်ယောက်က ပိုပြီးဇဝေဇဝါဖြစ်သွားကြစဉ် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။ အစောနက သူတို့လုပ်ဆောင်ခဲ့သော အသံအားလုံးသည် အပြင်သို့ မပျံ့လွင့်သွားပေ။
ကျောက်စိမ်းအက်ကွဲသံကဲ့သို့ပင် ယင်းတို့က အန္တရာယ်ပေးနိုင်သော ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ယောက်ဆီသို့ ရုတ်တရက် ဦးတည်လာသည်။
ဝုန်းခနဲ မြည်သံသည် ဘေးပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်သွားသည်။
သူတို့နှစ်ယောက်က တုန်လှုပ်ချောက်ချားသွားကြသည်။ သူတို့ထဲမှ တစ်ယောက်က ချက်ချင်း အသံပို့လွှတ်လိုက်သည်။
“ နတ်ဘုရားတစ်ပါးက ငါတို့ကို စောင့်ကြည့်နေတယ် ”
ယင်းက အသံပို့လွှတ်ခြင်းမျှသာ ဖြစ်သော်လည်း ယင်းကို သူ၏ မိတ်ဆွေက ကြားသွားသည်နှင့်ချက်ချင်း အသံပို့လွှတ်မှုက သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ် ထပ်မံ ပြောင်းလဲသွားသည်။ ယင်းက သူတို့၏ အသိစိတ်ကို တုန်လှုပ်သွားစေသည်။ သူတို့က မျက်နှာဖြူဖျော့သွားကြပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများက ပရမ်းပတာ တုန်ခါသွားကြသည်။
အကြောက်တရားက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဒီနေရာက အသံတွေက အခိုးခံလိုက်ရပြီ ”
ထိုနားလည်သဘောပေါက်မှုက သူတို့၏ စိတ်ထဲမှာ တစ်ချိန်တည်း ထွက်ပေါ်လာသည်။
သူတို့က ဆက်ပြီး စကားမပြောဝံ့ကြတော့ဘဲ မြန်ဆန်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ တစ်ဖက်လူ၏ မျက်လုံးထဲမှ တုန်လှုပ်ချောက်ချားမှုကို အသီးသီး သတိပြုမိသောအခါ သူတို့က အပေါ်သို့ မြန်ဆန်စွာ ပျံတတ်သွားကြသည်။
သို့သော်လည်း သူတို့က မြန်ဆန်စွာ ထွက်ပြေးလေ သူတို့ထုတ်လွှတ်သော အသံက ပိုပြီးကျယ်လောင်လေ ဖြစ်သည်။
သို့ဖြစ်၍ ထိုအသံများမှ ထူးဆန်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထပ်မံ ထွက်ပေါ်လာသည်။
ယင်းက ကျယ်လောင်သော မြည်သံကို ဖြစ်ပေါ်လာစေပြီး သူတို့ကို တရစပ် တိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းမှာ ထိုဧရိယာအတွင်းမှ ငါးများ၊ ပင်လယ်သားရဲများ၊ သဲမှုန်များနှင့် ပင်လယ်ရေသည်ပင် မတူညီသော အသံများကို အတိုင်းအတာအမျိုးမျိုး ထုတ်လွှတ်လိုက်ကြသည်။
တချို့အသံများကို ကြားနိုင်ပြီး တချို့အသံများကို မကြားနိုင်ပေ။ သို့သော်လည်း ယင်းက ထိုအသံများက အမှန်တကယ် မတည်ရှိခြင်းဟု မဆိုလိုပေ။
ဤအခိုက်အတန့်မှာ တားမြစ်ပင်လယ်က ကမ္ဘာတုန်ဟီးစေနိုင်သော အသံကို ထုတ်လွှတ်နေသည့် သံစုံတီးဝိုင်းတစ်ခုပမာ ဖြစ်လာသည်။
သတ်ဖြတ်ခြင်းစွမ်းအားက ဆက်လက် မြင့်တတ်လာသည်နှင့်အမျှ ကြီးမားသော အဖျက်စွမ်းအားက သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်ဆီသို့ အရပ်မျက်နှာအဘက်ဘက်ဆီမှ ချဉ်းကပ်လာကြသည်။
ဝုန်းခနဲ မြည်သံသည် ပိုပြီးကျယ်လောင်လာသည်။
သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်သည် နှလုံးတုန်သွားကြသည်။ သူတို့က သွေးတစ်ပွက် အန်လိုက်ပြီး သူတို့၏ ကိုယ်ပိုင်မဟာလောကများကို ထုတ်လွှတ်လိုက်ကြသည်။
ပုံရိပ်ယောင်နှင့် အစစ်အမှန် မဟာလောကများသည် ထူးဆန်းသော တိုက်ခိုက်မှုများကို ခုခံတားဆီးလိုက်ကြသည်။
သူတို့က ဓမ္မရတနာများကိုပင် ထုတ်ယူလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ အသံအားလုံးကို ဖျောက်ဖျက်ရန် ကြိုးစားလိုက်ကြသည်။ နောက်ဆုံးမှာတော့ အဆုံးမဲ့သော အန္တရာယ်နှင့် ထပ်ခါတလဲလဲ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံပြီး ဆိုးဝါးစွာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီးနောက် သူတို့က တားမြစ်ပင်လယ်ထဲမှ ထွက်ခွာနိုင်သွားကြသည်။
သို့သော်လည်း သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းမချနိုင်ခင်မှာ…
ပိုပြီးအားကောင်းပြီး ပိုပြီးကျယ်လောင်သော အသံများက အပြင်လောကပေါ်သို့ ဆင်းသက်လာကြသည်။
ယင်းက ကောင်းကင်ပေါ်တွင် ပျံဝဲနေကြသော ပင်လယ်ငှက်များ၏ အော်သံများ ဖြစ်သည်။
အသံလှိုင်းများသည် ပင်လယ်ပြင်တစ်လျှောက် ပျံ့လွင့်သွားကြသည်။
လေတိုက်သံသည် နေရာတိုင်းမှ ထွက်ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်မှ အသံအားလုံးသည် ဤအခိုက်အတန့်မှာ တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ယင်းတို့က အဆုံးမဲ့သော ကျယ်ပြောမှုနှင့်အတူ အရာအားလုံးကို ရိုက်ခတ်သွားသည်။
ယင်းတို့က လျှပ်စီးတန်းသဖွယ် ပင်လယ်ထဲမှ ထွက်ပေါ်လာကြသော သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်ပေါ်သို့ တိုက်ရိုက် လွှမ်းခြုံသွားသည်။
အဝေးမှကြည့်လျှင် ထိုအသံများက ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များကို ထုတ်လွှတ်နေသည့် ဧရာမပူဖောင်းတစ်လုံးသို့ ပြောင်းလဲသွားဟန် ရသည်။
အသံတစ်သံသည် လောကထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ပင်လယ်ကြမ်းပြင်အောက်မှာ မင်းတို့ ဘာလုပ်နေတာလဲ ”
ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြော့ရှင်းတင့်တယ်သော ခရမ်းရောင်ပုံရိပ်တစ်ခုက နတ်ဘုရားတစ်ပါးသဖွယ် ထွက်လျှောက်လာသည်။
သူက ကြောက်မက်ဖွယ်ကောင်းသော အသံပူဖောင်း၏ အပြင်ဘက်မှာ ထွက်ပေါ်လာပြီး တုန်လှုပ်ချောက်ချားနေကြသော ကျင့်ကြံသူနှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
ထိုမေးခွန်းကို အဖြေပေးရန် မလိုပေ။
အဘယ့်ကြောင့်ဆိုသော် ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ယင်းက အသံပူဖောင်းထဲသို့ ပေါင်းစပ်သွားပြီး ဝုန်းခနဲ မြည်ဟိန်းသွားစေသည်။
ထိုအသံက သူတော်စင်ကုန်းမြေမှ ကျင့်ကြံသူနှစ်ယောက်၏ နားထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့က ရွှီချင်းပြောသည့် စကားကို မကြားနိုင်ကြတော့ပေ။ သူတို့ကြားနေရသည်မှာ ဝေဝါးသော တီးတိုးရေရွတ်သံ ဖြစ်သည်။
ထိုတီးတိုးရေရွတ်သံက ပိုပြီးအားကောင်းလာသည်။ ထိုအသံက ထပ်ခါတလဲလဲ ပဲ့တင်ထပ်လာသည့်အခါ ရှေးဟောင်းစွမ်းအားက အရူးအမူး ထွက်ပေါ်လာပြီး သူတို့၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားကာ သူတို့၏ နားလည်မှုကို အစားထိုးလိုက်သည်။ ယင်းက သူတို့၏ အသံနိယာမကို လုယက်လိုက်သည်။
ထိုအခါ သူတို့၏ ခန္ဓာကိုယ်ထဲမှဖြစ်စေ ဝိညာဉ်ထဲမှဖြစ်စေ အသံအားလုံးက ဖယ်ရှားခံလိုက်ရသည်။
အဖြေသည် သူတို့ထံမှ သဘာဝအလျောက် ထွက်ပေါ်လာသည်။
ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ပင်လယ်ကြမ်းပြင်အောက်သို့ ဝင်ရောက်သွားသည်။
ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်တော့ အသံပူဖောင်းသည် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ ပူဖောင်းထဲမှ ကျင့်ကြံသူနှစ်ယောက်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ဖျက်ဆီးခံလိုက်ရသည်။
အသံပူဖောင်းသည်လည်း လွင့်ပြယ်သွားသည်။ ပူဖောင်းထဲမှ အသံများသည် သေဆုံးသွားသော ကျင့်ကြံသူနှစ်ယောက်၏ အကြွင်းအကျန် စိတ်ဆန္ဒကို သယ်ဆောင်လျက် လောကထဲမှာ ပျံ့လွင့်သွားသည်။
ကြည်လင်သော အသံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
ရေအောက်ကုန်းမြေပေါ်တွင် ရွှီချင်းသည် စည်းချအစီအရင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက စည်းချအစီအရင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းဆိုသလို ဤနေရာသည် ပရမ်းပတာ လှုပ်ခတ်သွားပြီး စည်းချအစီအရင်သည် ပျက်စီးသွားသည်။
ရွှီချင်းက ခေါင်းယမ်းလိုက်သည်။
“ စည်းချအစီအရင်ကို ငါဖျက်ဆီးလိုက်ပေမဲ့ အချက်ပြမှုက စောစောကတည်းက ပို့လွှတ်ခံထားရပြီးပြီ ”
ရွှီချင်းသည် တစ်ခဏကြာစဉ်းစားပြီးနောက် အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ သူက ဖုန်းဟိုင်ဒေသငယ်၊ ဟွမ်ယန်နှင့် တခြားလူများထံသို့ ဤအကြောင်းကို အသံပို့လွှတ်၍ ပြောပြလိုက်ပြီး သူတို့ကို ကြိုတင်ပြင်ဆင်ထားစေသည်။
ထို့နောက် ရွှီချင်းသည် နေရာမှ ပျောက်ကွယ်သွားပြီး တားမြစ်ပင်လယ်ထဲတွင် အသံနတ်ဘုရားအခွင့်အာဏာကို ဆက်လက် ဆင်ခြင်သုံးသပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူက ကြေးရထားလုံးကို လိုက်လံရှာဖွေနေသည်။
ခုနစ်ရက်ကြာပြီးနောက်…
ကြယ်ခုနစ်လုံးသည် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြပြီး ထွန်းလင်းတောက်ပသော အလင်းရောင်နှင့်အတူ ဝမ်ကူးကုန်းမြေပေါ်သို့ ဆင်းသက်လာကြသည်။
ထိုထဲမှ ကြယ်တစ်လုံးသည် ယင်ဟွမ်ပြည်နယ်နှင့် နန်းဟွမ်ကုန်းမြေကြားမှ တားမြစ်ပင်လယ်ပေါ်သို့ ကျဆင်းသွားသည်။