ကောင်းကင်ဘုံမိစ္ဆာ ဖြိုခွဲခြင်း
Vol. 118 Ch. 1769
ဘုန်း… ဘုန်း.. ဘုန်း..
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲမှာ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်သည် အချုပ်အနှောင်တချို့ကနေ ရုန်းထွက်လာသည့်အလားပင်။
လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင် ရောင်လျှံစက်ဝန်းသုံးခုက သိုင်းတာအိုပင်မခန္ဓာ၏ နောက်မှာ များပြားလှစွာသော တာအိုနှင့် ဓမ္မပညာရပ်များနှင့်အတူ ပေါ်ထွက်လာခဲ့၏။
ကံကြမ္မာစက်ကွင်းသုံးခုက ပေါ်ထွက်လာလေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားက အလျင်အမြန် မြင့်တက်လာ၏။
ခရမ်းရောင် ရောင်လျှံစက်ဝန်းသုံးခု၏ လွှမ်းခြုံမှုအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် လောကကို အထင်အမြင်သေး၍ ပြိုင်ဘက်ကင်းနေသော အစစ်အမှန် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာ၏။
“အဲဒါ ဘာလဲ”
သွေးမိစ္ဆာဧကရာဇ်က အိုးတိုးအမ်းတမ်း အမူအရာနှင့်အတူ တီးတိုးမေးမြန်းလိုက်၏။
ဤတစ်ခေါက်မှာတော့ စောစောက အသံက ထွက်ပေါ်မလာပေ။
အကြောင်းမှာ ထိုအသံပိုင်ရှင်ပင်လျှင် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ လှည့်ပတ်နေသည့် ခရမ်းရောင် ရောင်လျှံစက်ဝန်းသုံးခုက ဘာကို ကိုယ်စားပြုသည်ကို နားမလည်သောကြောင့် ဖြစ်၏။
ကံကြမ္မာစက်ကွင်းသုံးခုက ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးပေါ်ရှိ သွေးနီရောင် ချည်မျှင်များက ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
“တိုက်”
သိုင်းတာအိုပင်မခန္ဓာက မာန်သွင်းဟိန်းဟောက်လိုက်ပြီး ကံကြမ္မာစက်ကွင်းသုံးခုကို ယူဆောင်လာခဲ့၏။ သူ၏ ခြေနှစ်ဖက်က လှုပ်ရှားသွားပြီး တာအိုနည်းစနစ်များက ယှက်ဖြာကာ လိပ်မြွေတစ်ကောင်၏ ပုံရိပ်ကို ဖြစ်ပေါ်လာစေ၏။
သိပ်သည်းပြင်းထန်သော အော်ရာနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် လိပ်မြွေပေါ်သို့ တက်လှမ်းကာ သွေးမိစ္ဆာဧကရာဇ် ရှေ့သို့ ဆင်းသက်လာပြီး ရှေ့သို့ ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်က အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်၏။
သွေးမိစ္ဆာဧကရာဇ်ကလည်း သူ၏ လက်ကို မြှောက်ပြီး သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။ သွေးမျက်နှာဖုံးက တရုန်းရုန်း ထကြွနေသော မိစ္ဆာချီကို သူ၏ လက်နှစ်ဖက်ဆီသို့ ပို့လွှတ်ပေးကာ သိုင်းတာအိုပင်မခန္ဓာနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်စေလိုက်၏။
ဘုန်း…
အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
သူတို့နှစ်ယောက်စလုံးက နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ရ၏။
သူတို့နှစ်ယောက်စလုံးသည် လေဟာနယ်စီးကြောင်းထဲသို့ ရောက်ရှိသွားပြီဖြစ်ပြီး သူတို့၏ ပတ်ဝန်းကျင်က မှောင်မိုက်ကာ အဆုံးမဲ့နေလေသည်။
သို့သော်လည်း ထိုထိုးချက်ကနေ ထွက်ပေါ်လာသည့် စွမ်းအားက ထျန်ဟွမ်ကုန်းမြေတိုက်ကို တုန်ခါသွားစေဆဲဖြစ်၏။
“အား..”
သွေးမိစ္ဆာဧကရာဇ်က ညည်းတွားအော်ဟစ်လိုက်၏။
ရုတ်တရက် သွေးမျက်နှာဖုံးက သိုင်းတာအိုပင်မခန္ဓာကို ဝိုင်းပတ်ပြီး ရူးသွပ်စွာ ကိုက်ခဲမည့် သွေးမျက်နှာပေါင်းများစွာကို ထုတ်ဖော်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်ရှိ ကံကြမ္မာစက်ကွင်းများက ဖြည်းဖြည်းချင်း လည်ပတ်လာ၏။
သွေးမျက်နှာများက ရှေ့သို့ ပြေးဝင်လာသည့် ခဏမှာပင်.. သူတို့က စက်ကွင်းသုံးခု၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ကံကြမ္မာစက်ကွင်းသုံးခုက လောကရှိ ဓမ္မရတနာများ အားလုံးကိုပင် ခြေမွှဖျက်ဆီးပစ်နိုင်လေသည်။
ဘုန်း.. ဘုန်း.. ဘုန်း..
သူတို့နှစ်ယောက်သည် နောက်တစ်ဖန် ရှေ့သို့ ပြေးတက်လာပြီး ထပ်တလဲလဲ တိုက်ခိုက်ဖလှယ်လိုက်ကြ၏။ သူတို့၏ သွေးချီများက ပစ်ဆောင့်ပြီး သူတို့၏ လက်သီးများက ရိုက်ခတ်ကာ တိုက်ခိုက်မှုများက တရိပ်ရိပ်ဖြင့် အဆက်မပြတ် ထွက်ပေါ်လာနေ၏။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သူတို့နှစ်ယောက်စလုံးသည် မည်သည့် ထိန်ချန်မှုမှ မရှိဘဲ သူတို့၏ အစွမ်းကုန်ကို ထုတ်သုံးလာကြပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် အထက်စီးရရှိနေသော်လည်း သွေးမိစ္ဆာဧကရာဇ်က သွေးမျက်နှာဖုံး၏ အကူအညီကို ရယူထားကာ သိုင်းတာအိုပင်မခန္ဓာနေဖြင့် သူ့ကို ဖိနှိမ်နိုင်မည့် အခွင့်အရေးများစွာ မရရှိသေးပေ။
သွေးမိစ္ဆာဧကရာဇ်သည်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုများအောက်ကနေ ရုန်းမထွက်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အထက်စီး ရရှိနေပြီး မွန်းကျပ်ဖွယ်ရာ တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်၏။ မုန်တိုင်းတစ်ခုကဲ့သို့ သူသည် သူ၏ အန္တိမ ခွန်အားနှင့် သိပ်သည်းပြင်းထန်သော သက်လုံအားနှင့်အတူ အရာရာတိုင်းကို ဖိနှိမ်နေ၏။
“မင်းမှာ အကြံတစ်ခုခု မရှိတော့ဘူးလား”
သွေးမိစ္ဆာဧကရာဇ်က စိတ်ထဲကနေ အော်ငေါက်လိုက်လေသည်။
“မင်းက မင်းရဲ့ နောက်ခံနဲ့ ပတ်သက်ပြီး အမြဲတမ်း တဖွဖွ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား.. မင်းက အောက်ဘုံက ဒီလူတစ်ယောက်ကိုတောင် မနိုင်ဘူးလား”
“ငါ့ရဲ့ ခွန်အားကို အပြည့်အဝ အခုချိန်ထိ ပြန်မရသေးဘူး”
သွေးမိစ္ဆာဧကရာဇ်၏ စိတ်ထဲမှာ စောစောက အသံက ထွက်ပေါ်လာ၏။
“နောက်ပြီး အောက်ဘုံမှာ ငါ့ရဲ့ ခွန်အားက အကန့်အသတ်ရှိတယ်.. သူက အဲဒီ အကန့်အသတ်ကို ချိုးဖျက်နိုင်သွားရလောက်အောင် ဘယ်လို ဓမ္မအစီအရင်မျိုးကို ကျင့်ကြံထားသလဲ ငါသိချင်မိတယ်”
“ငါတို့က သူ့ကို မသတ်နိုင်ဘူးဆိုရင်တောင် သူက နောင်တစ်ချိန် အထွတ်အထိပ် ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးပမ်းတာနဲ့ သူက သေချာပေါက် သေရလိမ့်မယ်”
သွေးမိစ္ဆာဧကရာဇ်က အံကို တင်းတင်းကြိတ်လိုက်၏။
“အဲဒါဆို ငါက အထွတ်အထိပ် ကပ်ဘေးကို သူဖြတ်ကျော်တဲ့ အချိန်ထိ စောင့်နေရမှာလား.. ငါက သူ့ကို အခုပဲ ဖိနှိမ်မယ်… မင်းက ငါ့ကို အထွတ်အထိပ် ကပ်ဘေးအကြောင်း လာပြောနေတော့ ဘာများသုံးစားလို့ ရမှာလဲ”
“မင်းကလည်း သုံးစားမရတဲ့ကောင်ပဲ”
စောစောက အသံက ထွက်ပေါ်လာပြီး လှေင်ရယ်ကာ ပြောလိုက်လေသည်။
“ကိုယ်တော်တာမင်းကို အစောကြီးကတည်းက သန့်စင်မွမ်းမံဖို့ လုပ်ပါလို့ မင်းကို ငါပြောခဲ့သားပဲ.. ဒါပေမဲ့ မင်းက ငါ့စကားကို နားမထောင်ဘူးလေ.. သူ့ကို ကျင့်ကြံခွင့်ပေးထားတယ်.. အခု သူက မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်နိုင်သွားပြီဆိုတော့ မင်းရဲ့ မိစ္ဆာနည်းစနစ်မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခု ရှိလာပြီ”
“မင်းရဲ့ မိစ္ဆာနည်းစနစ်က ပြီးပြည့်စုံနေမယ်ဆိုရင် မင်းက အဲဒီလူကို သေချာပေါက် သတ်ဖြတ်နိုင်မှာ”
သွေးမိစ္ဆာဧကရာဇ်ဘက်မှ အန္တရာယ်ကို အာရုံခံမိသွားပြီး ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုများက ပို၍ ကြမ်းကြုတ်ခက်ထန်လာ၏။
ဗုဒ္ဓနဂါးဆင်သည် ချေဖျက်ခံရပြီးနောက် ကိုယ်တော်တာမင်းမှာ မည်သည့်ဝှက်ဖဲမှ ဆက်လက်၍ မကျန်ရှိတော့ပေ။ ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုများအောက်မှာ သူက အရေးနိမ့်စွာဖြင့် နောက်သို့ ဆုတ်ပေးနေရပြီး သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန် ရရှိနေပြီဖြစ်၏။
ကိုယ်တော်တာမင်း၏ ပြန်လည်ကုသနိုင်စွမ်းနှင့်ပင်လျှင် သူသည် အချိန်တိုအတွင်းမှာ သူ၏ ခန္ဓာကိုယ်ကို အလျင်မီအောင် ပြုပြင်ဖာထေးနိုင်ဖို့ ခဲယဉ်းလေသည်။
သိုင်းတာအိုပင်မခန္ဓာက သွေးမိစ္ဆာဧကရာဇ်နှင့် တိုက်ခိုက်နေစဉ် ထောင်ဝူသားရဲဧကရာဇ်က အခွင့်အလမ်းကို ချိန်ဆကာ ကိုယ်တော်တာမင်း ရှိရာသို့ ပြေးဝင်သွားပြီဖြစ်၏။
သူသည် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်နှင့် ပူးပေါင်းပြီး ကိုယ်တော်တာမင်းကို တတ်နိုင်သမျှမြန်မြန် ဖိနှိမ်ဖို့ ပြင်ဆင်လိုက်၏။
ထိုသို့ဖြင့် သွေးမိစ္ဆာဧကရာဇ်သည် ကိုယ်တော်တာမင်းကို သူ၏ တတိယမြောက် ကိုယ်ပွားအဖြစ် သန့်စင်မွမ်းမံနိုင်မည်ဖြစ်ပြီး သူ၏ မိစ္ဆာနည်းစနစ်ကလည်း ပြီးပြည့်စုံသွားပေလိမ့်မည်။ ထိုအခါ သူက သေချာပေါက် အနိုင်ရရှိလာပေလိမ့်မည်။
ကိုယ်တော်တာမင်း၏ မျက်နှာက ဖြူဖျော့သွားပြီး အဆက်မပြတ် နောက်ဆုတ်ပေးနေရ၏။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ မည်သည့် စိတ်ခံစားချက်မှ မရှိဘဲ သူ၏ အကြည့်က မြင့်မြတ်ထည်ဝါနေဆဲဖြစ်၏။
ကြယ်တာရာ အင်မော်တယ်ဧကရာဇ်က ရှေ့သို့ တက်လှမ်းပြီး သူ၏ ဧရာမ လက်ဖဝါးကို ဆန့်ထုတ်ကာ အလွန်တရာ ကြမ်းကြုတ်ခက်ထန်သော စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။ သူသည် မိုးကောင်းကင်ထက်မှ ကြယ်များကို ခူးဆွတ်ချင်နေသည့်အလားပင်။
အန္တိမ နတ်ဘုရားစွမ်းအား… ကြယ်ခူးဆွတ်လက်…
ဧရာမ လက်က ကိုယ်တော်တာမင်းပေါ်သို့ ဖိခြေကျဆင်းလာခဲ့၏။
“ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်ကျပြီပဲ”
ကိုယ်တော်တာမင်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး မလှမ်းမကမ်းမှာ ရှိသော ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ကြည့်လိုက်လေသည်။ သူက နောက်ဆုတ်ရမည့်အစား ရှေ့သို့ ပြန်လည်ပြေးဝင်လာခဲ့၏။
“မင်း သေချင်နေတာလား”
ကြယ်တာရာ အင်မော်တယ်ဧကရာဇ်က ကျိန်ဆဲလိုက်၏။
တကယ်တော့ သူသည် ကိုယ်တော်တာမင်းကို သတ်ဖြတ်လိမ့်မည် မဟုတ်ပေ။ သူလုပ်စရာ ရှိသည်မှာ ထိုသူ၏ အမြုတေစိတ်ဝိညာဉ်ကို ချုပ်နှောင်ပြီး ထိုသူကို ထိန်းချုပ်နိုင်မည့် သူ၏ လျှို့ဝှက်အတတ်ကို ထုတ်ဖော်ဖို့ ဖြစ်လေသည်။
ကိုယ်တော်တာမင်းက ညင်သာစွာ ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ အဖျက်စွမ်းအား မြင့်မားသော အော်ရာတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအော်ရာက အလွန်တရာ ယုတ်ရင့်ကြမ်းတမ်းပြီး ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကို ဆွဲယူနှစ်မြှုပ်လုနီးပါး ဖြစ်သွားစေ၏။
ထောင်ဝူသားရဲဧကရာဇ်က ရှေ့သို့ ပြေးဝင်လာသည့် ခဏမှာပင် သူက တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိသွား၏။
ဘာပဲပြောပြော.. သူက သားရဲတစ်ကောင်ဖြစ်ပြီး သူ၏ ဗီဇအသိစိတ်က သာမန်လူများနှင့် မတူပေ။ တွေဝေစဉ်းစားနေခြင်း မရှိဘဲ သူက နောက်သို့ ခုန်ဆုတ်လိုက်၏။
“မင်း..”
ရုတ်တရက် ကြယ်တာရာ အင်မော်တယ်ဧကရာဇ်သည် တစ်စုံတစ်ရာကို နားလည်သိရှိသွားသည့်အလား သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားလေသည်။ သူ၏ မျက်လုံးနှစ်ဖက်က နက်ရှိုင်းသော အကြောက်တရားဖြင့် ပြည့်နှက်လာပြီး သူ၏ အသံက တုန်ယင်နေ၏။
“ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်း”
ကိုယ်တော်တာမင်းက အော်ဟစ်လိုက်လေသည်။
ဘုန်း…
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်က ကြယ်တာရာ အင်မော်တယ်ဧကရာဇ်၏ ရှေ့မှာ အစိတ်စိတ်အမြွှာမြွှာပေါက်ကွဲထွက်သွားပြီး အလွန်တရာ ကြောက်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေကာ ထိုသူကို ချက်ချင်းပင် လွှမ်းခြုံသွားစေ၏။
ထိုအခိုက်အတန့်မှာ လောကက ရပ်တန့်သွားသည်ဟု ထင်ရ၏။
ကျယ်လောင်သော ထိုမြည်သံနှင့်အတူ တွဲဖက်၍ ဧကရာဇ်များ၏ တိုက်ပွဲနယ်မြေကပင်လျှင် ပြင်းထန်စွာ လှုပ်ခတ်သွားလေသည်။
ဧကရာဇ်များက အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
ဧကရာဇ်များ၏ ရှေ့မှောက်မှာ ကြယ်တာရာ အင်မော်တယ်ဧကရာဇ်သည် အလောင်းတစ်လောင်း သို့မဟုတ် အမြုတေစိတ်ဝိညာဉ်တစ်ခုပင် မကျန်ရှိဘဲ အဖျက်စွမ်းအား မြင့်မားသော မုန်တိုင်း၏ တစ်စစီ ဆုတ်ဖြဲခြင်းကို ခံလိုက်ရ၏။
“ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းလား”
ပုံပြောအဘိုးအိုက တုန်လှုပ်သွား၏။
ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းသည် ဒဏ္ဍာရီလာ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ထိုအန္တိမ နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည့်လူက ချက်ချင်းပင် သေဆုံးရမည်ဟု ဆိုလေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ဖောက်ခွဲဖျက်ဆီးလိုက်သည့် ခဏမှာပင်.. ၎င်းသည် အလွန်တရာ စွမ်းအားကြီးမားသော မုန်တိုင်းတစ်ခုကို ထုတ်ဖော်ပြီး သူ၏ ဘေးပတ်လည်မှာ ရှိသော အရာရာတိုင်းကို ဖျက်ဆီးဝါးမျိုပစ်မည် ဖြစ်လေသည်။
ကိုယ်တော်တာမင်းသည် ထိုအန္တိမ နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်ထားလိမ့်မည်ဟု မည်သူကမှ တွေးမိမထားပေ။
အဲဒါထက် ကိုယ်တော်တာမင်းသည် ကောင်းကင်ဘုံမိစ္ဆာဖြိုခွဲခြင်းကို တွေဝေတုံ့ဆိုင်းခြင်းမရှိ ထုတ်ဖော်ပြီး ကြယ်တာရာ အင်မော်တယ်ဧကရာဇ်ကိုပါ အပါဆွဲခေါ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
“မဟုတ်သေးဘူးလေကွာ”
သွေးမိစ္ဆာဧကရာဇ်က ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဖြစ်ပျက်နေသည့်အရာကို အာရုံခံမိသွားသောအခါ ဒေါသတကြီး အော်ဟစ်လိုက်၏။
ကြယ်တာရာ အင်မော်တယ်ဧကရာဇ် သေဆုံးသွားခြင်းသည် သူ၏ ကိုယ်ပွားတစ်ယောက်က အပြီးတိုင် ပျောက်ကွယ်သွားပြီဟု အဓိပ္ပာယ်ရလေသည်။
အဲဒါထက် သူ၏ မိစ္ဆာနည်းစနစ်မှာ ပို၍ပင် ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်ပေါ်လာပြီဟု ဆိုလိုလေသည်။
တကယ်တော့ သွေးမိစ္ဆာဧကရာဇ် လုံးဝ လက်မခံနိုင်သည့်အရာမှာ ကိုယ်တော်တာမင်း၏ သေဆုံးမှု ဖြစ်လေသည်။
အကြောင်းမှာ ကိုယ်တော်တာမင်း၏ သေဆုံးခြင်းသည် ဤတိုက်ပွဲမှာ သူက အပြီးတိုင် ရှုံးနိမ့်သွားပြီဟု အဓိပ္ပာယ်ရလေသည်။
သူမှာ ဒီရေအလှည့်အပြောင်းကို ဖန်တီးဖို့ အခွင့်အရေးတစ်ခု ဆက်လက်၍ မရှိတော့ပေ။
ကိုယ်တော်တာမင်းက သူ၏ အမြဲတမ်း အားနည်းချက်တစ်ခု ဖြစ်နေခဲ့လေသည်။