ဖျက်ဆီးခြေမှုန်းခံရခြင်း
Vol. 118 Ch. 1756
ပြီးခဲ့သည့်ရက်အနည်းငယ်တွင် ဆူဇီမိုက ကျင့်ကြံခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာ၏ ဘေးပတ်လည်မှ ပြုမူလှုပ်ရှားမှုများကိုသာ အာရုံစိုက်နေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာက သူ၏ တတိယမြောက် ကံကြမ္မာစက်ကွင်းကို စုဖွဲ့ပြီးနောက် သူက စိတ်အေးသွားရလေသည်။
သူ၏ တတိယမြောက်ကံကြမ္မာစက်ကွင်းကို စုဖွဲ့ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ ထိန်းချုပ်နိုင်နိုင်သောစွမ်းအားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာတို့ထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အထိပ်ကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း သူ၏ ခွန်အားသည် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုထက် များစွာသာလွန်သွားခဲ့လေပြီ။
တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ သီးခြားအထိုင်ချကျင့်ကြံရာကနေ ထွက်ခွာလာခဲ့သည်မှာ နောက်ထပ်တစ်လကြာသွားခဲ့ပြီဖြစ်၏။
နဂါးအရိုးတောင်ကြားမှာ အားဖြည့်နေကြသော ဧကရာဇ်များကလည်း သူတို့၏ ဒဏ်ရာများကနေ သက်သာပျောက်ကင်းလာကြပြီဖြစ်၏။
ထိုတိုက်ပွဲအပြီး၌ ဧကရာဇ်များစွာသည် အသိအမြင်တချို့ရရှိလာပြီး နောက်ထပ် အန္တိမနတ်ဘုရားစွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် နားလည်ဆင်ခြင်လာနိုင်ကြ၏။
ပြီးခဲ့သည့် နှစ်လအတွင်း မျိုးနွယ်စုခေါင်းဆောင်များစွာကလည်း အန္တိမနတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ကာ တစ်ယောက်ပြီးတစ်ယောက် ဧကရာဇ်များဖြစ်လာကြ၏။
ဤအချိန်အတောအတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ရှိ မျိုးနွယ်စုတစ်သောင်းက အနားယူ၍ ပြန်လည်အားဖြည့်နေကြ၏။
အဲ့ဒါက တစ်မူထူးခြားစွာ တည်ငြိမ်အေးချမ်းနေပြီး မျိုးနွယ်စုအမျိုးမျိုးမှ ဧကရာဇ်များက နှုတ်ဆက်ထွက်ခွာဖို့ ပြင်ဆင်လာကြ၏။
နဂါးအရိုးတောင်ကြားအပြင်ဘက်တွင် လူသားမျိုးနွယ်မှ ဧကရာဇ်များက ဆူဇီမိုနှင့် အခြားသူများကို လာရောက်နှုတ်ဆက်ကြလေသည်။
“ဂမ္ဘီရဧကရာဇ်... ခင်ဗျားက အထွတ်အထိပ်ကပ်ဘေးကို ဘယ်အချိန်မှာ ဖြတ်ကျော်ဖို့ ပြင်ဆင်ထားလဲ”
ကိုယ်တော်ခုံးယွင်က မေးလိုက်၏။
“ငါက ဘာပဲပြောပြော နန်းတော်အစောင့်အရှောက်ဆိုတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကို နောက်နှစ်နဲနဲလောက်ကြာအောင် စောင့်ရှောက်ရဦးမယ်... နောက်လာမဲ့ နန်းတော်အစောင့်အရှောက်ကို ရွေးချယ်ပြီးမှပဲ ငါက ထွက်သွားနိုင်မယ်”
ပုံပြောအဖိုးအိုက ပြုံးပြလိုက်၏။
“ခုံးယွင်... မင်းက အန္တိမနတ်ဘုရားစွမ်းအား သုံးခုကို နားလည်ဆင်ခြင်နိုင်ပြီဆိုတော့... အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီး အထက်ဘုံကိုတက်လှမ်းဖို့ ပြင်ဆင်နိုင်ပြီပဲ”
“ငါတို့ အဲ့အကြောင်းကို နောက်မှ ပြောကြတာပေါ့”
ကိုယ်တော်ခုံးယွင်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်ပြီး တွေဝေတုံ့ဆိုင်းနေ၏။
“ဘာလို့လဲ”
ပုံပြောအဖိုးအိုက မေးလိုက်၏။
“ဘာများပြဿနာရှိလို့လဲ”
လုံရန်က ပြောလိုက်လေသည်။
“အထွတ်အထိပ်ကပ်ဘေးကနေ ရှင်သန်နိုင်ခွင့်က ပါးပါးပဲရှိတယ်ဆိုပေမဲ့ ဘယ်သူကမှ အဲ့ဒါကို ရှောင်လွှဲလို့မရဘူး... ကျုပ်တို့က နောက်ဆုံးမှာ အဲ့ဒီခြေလှမ်းကို လှမ်းရမှာပဲ”
ကိုယ်တော်ခုံးယွင်က ခါးသီးစွာပြုံး၍ သက်ပြင်းချလိုက်၏။
“ရိုးရိုးသားသားပြောရရင်တော့... ငါနဲနဲ ကြောက်နေတယ်”
“အာ...”
ပုံပြောအဖိုးအိုက ငြိမ်သက်သွား၏။
လွန်ခဲ့သည့်နှစ်လက တိုက်ပွဲသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ဧကရာဇ်များ၏ စိတ်နှလုံးအပေါ် ကြီးမားသည့် ရိုက်ချက်တစ်ခု ဖြစ်ခဲ့လေသည်။
ကမ္ဘာဖျက်ထိုစွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ ဧကရာဇ်များပင်လျှင် ပုရွက်ဆိတ်များကဲ့သို့ဖြစ်ပြီး အချိန်မရွေးသေဆုံးသွားနိုင်၏။
ဆူဇီမိုကတော့ တျဲယွဲ့အတွက်ကြောင့် မဟုတ်လျှင်တောင် သူသည် သန်မာသော စိတ်ပိုင်းဖြတ်မှုရှိပြီး သူ၏ စိတ်က ယိမ်းယိုင်လှုပ်ရှားမှု မရှိပေ။ အဲ့ဒါကြောင့် သူသည် အကြောက်အလန့်ကင်းမဲ့၍ ရှေ့သို့သာတက်လှမ်းမည်ဖြစ်၏။
သို့သော်လည်း လူအများစုက ကြောက်ရွံ့မှုနှင့် တွေဝေတုံ့ဆိုင်းမှုကို မလွဲမသေခံစားလာကြရ၏။
ဆူဇီမို၏ အကြည့်က ရွေ့လျားသွား၏။
အခြားသောဧကရာဇ်များကလည်း တိတ်ဆိတ်ငြိမ်သက်နေကြ၏။ အဲ့ဒါက ကိုယ်တော်ခုံးယွင်တစ်ယောက်တည်းမဟုတ်သည်မှာ သိသာလေသည်။
ဧကရာဇ်တစ်ပါးက ရုတ်တရက်ပြောလိုက်၏။
“တကယ်တော့... အထက်ဘုံဆိုတာလည်း... ငါတို့တွေးထင်ထားသလို သာယာလှပတဲ့ လောကတစ်ခု မဟုတ်ပါဘူး”
“အမှန်ပဲ... ငါတို့က ဘာလို့ကျင့်ကြံရတာလဲ... ငါတို့က ဘဝမှာ အသက်ရှည်ရှည်နဲ့ နေနိုင်ဖို့ပဲမလား”
နောက်ထပ်ဧကရာဇ်တစ်ပါးက ထပ်ပြောလိုက်၏။
“ဒါပေမဲ့... အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ကြိုးပမ်းမယ်ဆိုရင် ငါတို့က သေရဖို့ ၉၀ ရာခိုင်နှုန်းရှိတယ်... ငါတို့က အဲ့ကနေရှင်သန်နိုင်ပြီး အထက်ဘုံကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တောင် ငါတို့က အောက်ခြေကနေ ပြန်စရမှာ... အဲ့ဒီမှာ ဘယ်သူမဆို ငါတို့ကို သတ်ဖြတ်နိုင်တယ်”
“အဲ့လိုဆိုမှတော့... ငါကတော့ အောက်ဘုံမှာပဲ ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်တော့မယ်”
ဧကရာဇ်တစ်ပါးက ဧကရာဇ်များစွာ၏ အတွေးကို ဖော်ပြလိုက်၏။
တကယ်တော့... ဤနှစ်များအတွင်း အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့သော ဧကရာဇ်များက မရှိသလောက်ပင်ဖြစ်၏။ တစ်ဘက်မှာတော့ အဲ့ဒါသည် အန္တရာယ်များသောကြောင့်ဖြစ်၏။ အခြားတစ်ဘက်မှာတော့ သူတို့သည် အထက်ဘုံကဲ့သို့ ဘာမှန်းမသိတော့ နေရာတစ်ခုကို စိုးရိမ်ပူပန်နေသောကြောင့်လည်းဖြစ်၏။
ဧကရာဇ်များ၏ စိုးရိမ်ပူပန်မှုက အကြောင်းအရင်းမရှိသည်တော့ မဟုတ်ပေ။
သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်မှာ နေထိုင်မည်ဆိုလျှင် သူတို့၏ ဘဝသက်တမ်းက တဖြည်းဖြည်း ယုတ်လျော့ကုန်ခန်းလာမည်ဖြစ်သော်လည်း သူတို့မှာ အသက်ရှင်ဖို့အတွက် နှစ်ပေါင်းသောင်းချီ ကျန်ရှိနေသေး၏။
သို့သော်လည်း သူတို့က အထက်ဘုံကိုတက်လှမ်းဖို့အတွက် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ရွေးချယ်မည်ဆိုလျှင် သူတို့က သေဆုံးသွားရနိုင်ခြေများလေသည်။
လုံရန်က နှုတ်ခမ်းစူလိုက်၏။
“ဘာများကြောက်နေရမှာလဲ... ကျင့်ကြံရေးလမ်းကြောင်းဆိုတာ အစကတည်းက ချောမွေ့ပြေပြစ်တဲ့လမ်းကြောင်းမှ မဟုတ်တာ.. ခင်ဗျားတို့တွေက ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီဆိုမှတော့ နောက်ပြန်လှည့်မနေကြနဲ့”
လုံရန်သည် အထက်ဘုံနှင့်ပတ်သက်၍ အကြောက်အလန့်မရှိပေ။
အဆူရာယန်ပေးချန်သည်လည်း အထက်ဘုံကို တက်လှမ်းဖို့ သေချာပေါက်ရွေးချယ်မည်ကို ဆူဇီမိုယုံကြည်၏။
အကြောင်းမှာ ယန်ပေးချန်၏ ရင်ထဲတွင် စွဲလမ်းမှုဥပါဒါန်တစ်ခုရှိနေသောကြောင့်ဖြစ်၏။
သူသည် အထက်ဘုံသို့ တက်လှမ်းပြီး ချင်ဖျန်ရန်ကို အသက်သွင်းနိုင်မည့်စွမ်းအားကို ရှာဖွေချင်နေလေသည်။
ဤတိုက်ပွဲသည် အခြားသူများအတွက် အကြောက်တရားကို ဆောင်ကြဥ်းပေးခဲ့၏။
သို့သော်လည်း အဲ့ဒါက အဆူရာယန်ပေးချန်၏ မျှော်လင့်ချက်ကို ပိုမိုခိုင်မာလာစေခဲ့၏။
သူသည် အထက်ဘုံလောက၏ စွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့လေသည်။
သူသည် အထက်ဘုံသို့တက်လှမ်းနိုင်သည်နှင့်အမျှ သူသည် ချင်ဖျန်ရန်ကို အသက်သွင်းနိုင်မည့်နည်းလမ်းတစ်ခုကို သေချာပေါက်ရှာဖွေနိုင်လိမ့်မည်ဟု ယုံကြည်လေသည်။
ခဏမျှငြိမ်သက်ပြီးနောက် ဆူဇီမိုက ကိုယ်တော်ခုံးယွင်နှင့် အခြားသောဧကရာဇ်များကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ခင်ဗျားတို့တွေပြောတဲ့... စကားနဲ့ ခင်ဗျားတို့ရဲ့ အတွေးစိတ်ကူးတွေက မမှားပါဘူး”
“ခင်ဗျားတို့က ထျန်ဟွမ်ကုန်းမြေတိုက်မှာ နေမယ်ဆိုရင် နှစ်ပေါင်းသောင်းချီကြာအောင် ရှင်သန်နိုင်ကောင်းရှင်သန်နိုင်လိမ့်မယ်... ဒါပေမဲ့ ခင်ဗျားတို့တွေက အထက်ဘုံကိုတက်လှမ်းဖို့အတွက် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးပမ်းမယ်ဆိုရင်... ခင်ဗျားတို့တွေက ချက်ချင်းလက်ငင်း သေဆုံးသွားနိုင်ခြေတောင်ရှိတယ်... ဒါပေမဲ့...”
ဆူဇီမိုက ခဏမျှရပ်တန့်လိုက်၏။
“အထက်ဘုံကိုတက်လှမ်းမှပဲ အစစ်အမှန်အသက်ရှည်ခြင်းကို ကျုပ်တို့က ရရှိနိုင်လိမ့်မယ်”
“အထက်ဘုံကိုတက်လှမ်းမှပဲ ကျုပ်တို့က ပိုပြီးတော့မြင့်မားတဲ့စွမ်းအားနဲ့ ဘဝသက်တမ်း နှစ်နှစ်သိန်း... နှစ်သုံးသိန်း... ဒါမှမဟုတ် အဲ့ထက်ပိုရှည်ကြာတဲ့ ဘဝသက်တမ်းကို ရရှိလာလိမ့်မယ်”
“အဲ့ဒါက ကျုပ်တို့ရဲ့ အသိပညာတွေကိုချဲ့ထွင်ပြီး ကျုပ်တို့ကို အမြင်ကျယ်အောင်လုပ်ပေးမဲ့ တစ်ခုတည်းသောနေရာပဲ”
ကိုယ်တော်ခုံးယွင်နှင့် အခြားသူများက အလေးအနက်စဥ်းစားတွေးတောသွားကြ၏။
ပုံပြောအဖိုးအိုက သူတို့ကို ထပ်မံ၍ မဖျောင်းဖျတော့ပေ။
ကိုယ်တော်ခုံးယွင်နှင့် အခြားသူများအတွက်တော့ ထျန်ဟွမ်ကုန်းမြေတိုက်မှာနေထိုင်ခြင်းက သူတို့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
အထွတ်အထိပ်ကပ်ဘေးသည် အစကတည်းက အလွန်တရာ အန္တရာယ်များပြီး သေဆုံးသွားနိုင်ခြေများလေသည်။
ကိုယ်တော်ခုံးယွင်၏ စိတ်ထဲသို့ ယခု အကြောက်တရားက ဝင်ရောက်လာပြီဖြစ်သည့်အတွက် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခြင်းမှာ သူ၏ အောင်မြင်နိုင်ခြေက ပို၍ပင်နည်းပါးသွားပြီဖြစ်၏။
ထိုစဥ်မှာပင် အလင်းတန်းတစ်ခုက လေထုကိုထိုးခွဲပြီး တစ်ခဏချင်းမှာပင် ဧကရာဇများစွာ၏ ရှေ့သို့ ရောက်ရှိလာ၏။
ဤလူက သူ၏ ဦးခေါင်းပေါ်မှာ ကွန်ဖြူးရှပ်သရဖူတစ်ခုကို ဆောင်းထားပြီး ပြောင်ရှင်းနေသော မျက်နှာနှင့်အတူ ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ သူက အနည်းငယ်ဝဖိုင့်ပြီး သူ၏ လက်ထဲမှာ ခေါက်ယပ်တောင်တစ်လက်ကို ကိုင်ဆွဲထား၏။ သူက ပဟေဠိနန်းတော်မှ လင်းရွှမ်ကျီဖြစ်ပြီး ဒီဘက်မျိုးဆက်၏ ပုံပြောသူလည်းဖြစ်လေသည်။
“ဘာလို့လဲ... ဘာများဖြစ်နိုင်လို့လဲ “
ပုံပြောအဖိုးအိုက လင်းရွှမ်ကျီ၏ ထူးဆန်းသော အမူအရာကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
လင်းရွှမ်ကျီက သူ့ကိုယ်သူ ဣန္ဒြေဆည်ပြီး ပြောလိုက်၏။
“သွေးနွယ်ပင်မျိုးနွယ်က ဖျက်ဆီးခံလိုက်ရပြီ... ကလန်သားပေါင်းသိန်းချီကလည်း ခြွင်းချက်မရှိ သေဆုံးကုန်ကြပြီ”
“အာ...”
ထိုစကားကိုကြားသောအခါ ဧကရာဇ်များ၏ အမူအရာများက ပြောင်းလဲသွားကြ၏။
သွေးနွယ်ပင်မျိုးနွယ်သည် ဤတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့သော်လည်း သူတို့မှာ ဧကရာဇ်အချို့နှင့် မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက်ကျော် ကျန်ရှိနေဆဲဖြစ်၏။
ဆူဇီမိုကလည်း သူတို့ကို ခြေမှုန်းဖျက်ဆီးခဲ့ခြင်း မရှိပေ။
နှစ်လအတွင်းမှာပင် သွေးနွယ်ပင်မျိုးနွယ်ပေါင်း သိန်းချီက သတ်ဖြတ်ခြင်းခံခဲ့ရလေပြီ။
“သွေးနွယ်ပင်က ဧကရာဇ်တွေကရော သေကုန်ကြပြီလား”
ပုံပြောအဖိုးအိုက သုန်မှုန်နေသော အမူအရာနှင့်အတူပြောလိုက်၏။
“သေကုန်ကြပြီ”
လင်းရွှမ်ကျီက တံတွေးကို မျိုချလိုက်၏။
“အဲ့သတင်းကိုကြားတုန်းက ကျုပ်ကလည်း အဲ့ဒါကို မယုံနိုင်ခဲ့ဘူး... အဲ့ဒါကြောင့် ကျုပ်က သွေးနွယ်ပင်မျိုးနွယ်ရဲ့ ဘိုးဘေးကုန်းမြေကို ကိုယ်တိုင်သွားပြီး...”
ထိုနေရာအရောက်တွင် လင်းရွှမ်ကျီသည် ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုကို ပြန်လည်မြင်ယောင်လာသည့်အလား သူ၏ မျက်လုံးများထဲကနေ ကြောက်ရွံ့သည့်ခံစားချက်ကို ထုတ်ဖော်ပြသနေ၏။
“အဲ့ဒီနေရာက ဘာအသက်ဓာတ်မှ မရှိတော့ဘဲ... သွေးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ... မရေမတွက်နိုင်တဲ့ သွေးနွယ်ပင်မျိုးနွယ်ဝင်တွေက ဘယ်ကျင့်ကြံမှုအဆင့်မှာပဲရှိရှိ အကုန်သေကုန်ကြပြီ”
လင်းရွှမ်ကျီကပြောလိုက်၏။
“မင်းက တော်တော်နမော်နမဲ့နိုင်တာပဲ”
ပုံပြောအဖိုးအိုက အနည်းကယ်အပြစ်တင်ဟန်ရှိပြီး အဲ့ဒီနောက်သူက မေးခွန်းထုတ်လိုသော အမူအရာနှင့်အတူ ဆူဇီမိုကို လှည့်ကြည့်လိုက်၏။
“အဲ့ဒါကို ဘယ်သူကများ လုပ်နိုင်မှာလဲ”
“ဒီကိစ္စမှာ ကြောက်စရာကောင်းတာက သွေးနွယ်ပင်မျိုးနွယ်တစ်ခုလုံး ခြေမှုန်းဖျက်ဆီးခံခဲ့ရတဲ့ ဖြစ်စဥ်တစ်ခုလုံးက တိတ်တဆိတ်ဖြစ်သွားခဲ့တာပဲ... ငါတို့လိုဧကရာဇ်တွေတောင်မှ အဲ့ဒါကို လုံးဝသတိမထားမိခဲ့ဘူး”
ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
သူပထမဆုံးမြင်ယောင်မိသည်က ကိုယ်တော်တာမင်းဖြစ်၏။
သို့သော်လည်း ကိုယ်တော်တာမင်းက အဲ့ဒါကို ဘာရည်ရွယ်ချက်နဲ့ လုပ်ရမှာလဲ”
ကိုယ်တော်တာမင်းသည် သူတို့မတွေ့ရသည့် ဤကာလအပိုင်းအခြားမှာ ဤမျှအထိ သန်မာလာအောင် ကျင့်ကြံနိုင်ခဲ့ပြီလား။
ဒါမှမဟုတ် အဲ့ဒါက သွေးမျက်နှာများဖြစ်နေမလား..။
သို့သော်လည်း နောက်တစ်ဖန် ပြန်တွေးပြီးနောက် ဆူဇီမိုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
သွေးမျက်နှာသည် တာအိုအရှင်သွေးမိစ္ဆာနှင့် အရမ်းကို နီးစပ်မှုရှိလေသည်။ သို့သော်လည်း တာအိုအရှင်သွေးမိစ္ဆာမှာ သွေးနွယ်ပင်မျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်ပါရှိပြီး သူက ထိုကဲ့သို့သောအရာကို ပြုလုပ်ဖို့အတွက် မည်သည့်အကြောင်းအရင်းမှ မရှိပေ။
မျိုးနွယ်စုတစ်ခုလုံးကို ချေမှုန်းဖျက်ဆီးရလောက်အောင် ဤမျှအထိ သိပ်သည်းပြင်းထန်သည့် နာကြည်းမုန်းတီးမှုကို ဘယ်သူက ပိုင်ဆိုင်ထားတာလဲ။