← Chapters

ထောင်ဝူ သားရဲဧကရာဇ်

Vol. 118 Ch. 1757

ထောင်ဝူ သားရဲဧကရာဇ်

Vol. 118 Ch. 1757

“သားရဲတစ်ထောင်တောင်ကြားကို သွားပြီး နှစ်တစ်ထောင်သွေးပင်လယ်ကို သွားကြည့်ရအောင်”

ဆူဇီမို၏ မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ခု ပေါ်ထွက်လာပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

သွေးနွယ်ပင်မျိုးနွယ်ကို ဖျက်ဆီးခဲ့သည်က မည်သူပင်ဖြစ်စေ.. သူသည် နှစ်တစ်ထောင်သွေးပင်လယ်သို့ သွားရောက်ပြီး သွေးမျက်နှာ၏ အန္တရာယ်ကို ဖြေရှင်းရပေမည်။

“ကောင်းပြီလေ”

ပုံပြောအဘိုးအိုနှင့် အခြားသော ဧကရာဇ်များကလည်း တွေဝေတုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်ကြ၏။

လက်ရှိ ဧကရာဇ်များအားလုံးသည် လေဟာနယ်ကို အလွယ်တကူ ဆုတ်ဖြဲပြီး နဂါးအရိုးတောင်ကြားကနေ ထွက်ခွာကာ သားရဲတစ်ထောင်တောင်ကြား၏ အထက်သို့ ရောက်ရှိလာကြ၏။

ဤတစ်ခေါက်မှာတော့ ဆူဇီမိုနှင့် အခြားသူများက သူတို့၏ လမ်းကြောင်းကို ဖုံးကွယ်ထားခြင်း မရှိပေ။

မျိုးနွယ်စုတစ်သောင်း၏ တိုက်ပွဲအပြီး၌ ယခု ဧကရာဇ်များစွာက တစ်ချိန်တည်းမှာ ပေါ်ထွက်လာသောအခါ အဲဒါသည် သက်ရှိများစွာ၏ စိတ်အာရုံကို ဆွဲဆောင်မိသွားပြီး ကြီးကြီးမားမား ကိစ္စတစ်ခု ဖြစ်လာတော့မလားဟု သူတို့က သိချင်နေကြ၏။

ဤတစ်ခေါက်မှာတော့ ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာတို့က တစ်ချိန်တည်းမှာ လှုပ်ရှားလာကြ၏။

သိုင်းတာအိုပင်မခန္ဓာက ခွန်လွင်အပျက်အစီးဒေသမှာ ဆက်လက်ကျင့်ကြံ၍ နတ်ဘုရားစွမ်းအားများကို အရည်ဖျော်နေဆဲဖြစ်ပြီး သူက ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုနှင့် အခြားသူများက နှစ်တစ်ထောင်သွေးပင်လယ်၏ အထက်သို့ ရောက်ရှိလာပြီး ငုံ့ကြည့်လိုက်ကြ၏။

ဆူဇီမို၊ မျောက်နှင့် အခြားသူများသည် သွေးပင်လယ်ကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့စဉ်က သူတို့သည် အလွန်တရာ တုန်လှုပ်ခဲ့ရ၏။ ယခုအခါမှာတော့ သူသည် ဧကရာဇ်အဆင့်ထိ ကျင့်ကြံလာနိုင်ခဲ့ပြီဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်၏ အထွတ်အထိပ်မှာ ရပ်တည်နိုင်နေလေပြီ။ သူ၏ မျက်လုံးထဲမှာ သွေးပင်လယ်က သွေးနီရောင် ရေကန်တစ်ခုသာ ဖြစ်လာခဲ့၏။

“ထူးဆန်းတယ်”

ကိုယ်တော်ခုံးယွင်က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီသွေးပင်လယ်ကနေ ထူးဆန်းတဲ့ စွမ်းအားတစ်ခုက ဖြာထွက်နေတယ်.. ငါ့ရဲ့ စိတ်ဝိညာဉ်အသိစိတ်တောင်မှ အဲဒါကို မထောက်လှမ်းနိုင်ဘူး”

ပုံပြောအဘိုးအိုနှင့် အခြားသူများက လွဲလျှင် ကျန်ဧကရာဇ်များသည် သွေးမျက်နှာအကြောင်းကို မသိရှိကြပေ။

“ဒါက အရင်တုန်းက သားရဲတစ်ထောင် ကပ်ဘေးရဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့နေရာပဲ”

ဧကရာဇ်တစ်ပါးက နှစ်တစ်ထောင်သွေးပင်လယ်၏ ဘေးပတ်လည်ရှိ အရိုးများကို ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

ဆူဇီမိုက သူ၏ ခြေဖဝါးအောက်ရှိ အရိုးများနှင့် နှစ်တစ်ထောင်သွေးပင်လယ်ကို ကြည့်လိုက်လေသည်။ ရုတ်တရက် သူ၏မျက်လုံးကို မှေးကျဉ်းပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

အပေါ်ကနေ ကြည့်ရင်း သူ့ခြေဖဝါးအောက်ရှိ နှစ်တစ်ထောင်သွေးပင်လယ်သည် သွေးနီရောင် မျက်လုံးတစ်လုံးနှင့် တူနေသည်ကို သူက ရုတ်တရက် နားလည်သိရှိလိုက်၏။

သူ့ကို ဝန်းရံထားသည့် အဖြူရောင် အရိုးများက မျက်လုံးတစ်လုံး၏ အဖြူရောင် မျက်ဆံများကဲ့သို့ ဖြစ်လေသည်။

အဖြူရောင် အရိုးများနှင့် သွေးပင်လယ်သည် ထူးဆန်းသော သွေးရောင်မျက်လုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။

ထိုမျက်လုံးက လေထဲရှိ ဧကရာဇ်များကို စိုက်ကြည့်နေသည်ဟု ထင်ရ၏။

ထိုမျက်လုံးထဲကနေ ထူးဆန်းသော အလင်းရောင်တစ်ချက်က ဖျပ်ခနဲလက်သွားသည်။

တစ်ချိန်တည်းမှာပင် နှစ်တစ်ထောင်သွေးပင်လယ်မှာ ဝဲဂယက်များ ပေါ်ထွက်လာလေသည်။

“ထူးဆန်းတယ်.. ငါက စောင့်ကြည့်ခံနေရတယ်လို့ ဘာကြောင့် ခံစားနေရတာပါလိမ့်”

ဧကရာဇ်တစ်ပါးက မအီမသာ ခံစားချက်ဖြင့် တီးတိုးရေရွတ်လိုက်၏။

“ဒီနေရာက တကယ့်ကို မကောင်းဆိုးဝါးဆန်နေတာပဲ”

နောက်ထပ် ဧကရာဇ်တစ်ပါးကလည်း ထပ်ပြောလိုက်၏။

“အား..”

ရုတ်တရက်ဆိုသလို..

ဧကရာဇ်တစ်ပါးက တုန်လှုပ်ချောက်ချားသွားသော အမူအရာနှင့်အတူ အံ့အားတသင့် ရေရွတ်လိုက်၏။ သူသည် နှစ်တစ်ထောင်သွေးပင်လယ်ကို လက်ညိုးထိုးပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေသည်။

“အဲ.. အဲဒါက အခုတင် မျက်တောင်ခတ်လိုက်သလိုပဲ”

“မျက်တောင်ခတ်လိုက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ.. ဟိုဟိုဒီဒီ လျှောက်ပြောမနေဘဲ သေချာရှင်းပြလေ”

လုံရန်က မျက်မှောင်ကြုတ်လိုက်၏။

“ဟုတ်တယ်.. အဲဒါအမှန်ပဲ”

ထိုဧကရာဇ်က အလွန်တုန်လှုပ်နေပုံရပြီး ခဏကြာသည်အထိ ရှင်းမပြနိုင်ပေ။

သုန်မှုန်နေသော အမူအရာနှင့်အတူ ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီနှစ်တစ်ထောင်သွေးပင်လယ်က သတ္တဝါတစ်ကောင်ရဲ့ မျက်လုံးဖြစ်ရမယ်.. စောစောက အဲဒါက မျက်တောင်ခတ်လိုက်တယ်”

“ဘာဖြစ်တယ်”

ပုံပြောအဘိုးအို၊ လုံရန်နှင့် အခြားဧကရာဇ်များက တုန်လှုပ်သွားကြ၏။

“ဂါး..”

ရုတ်တရက်ဆိုသလို..

အလွန်တရာ ကျယ်လောင်သော ဟိန်းဟောက်သံက နှစ်တစ်ထောင်သွေးပင်လယ်၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။ စွမ်းအားကြီးမားသော မိစ္ဆာနတ်ဆိုးတစ်ကောင်က နိုးထလာသည့်အလားပင်။

ထိုဟိန်းဟောက်သံသည် ထျန်ဟွမ်ကုန်းမြေတိုက်တစ်ဝှမ်းကို ဖြန့်ကြက်သွားလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်၏ မည်သည့်နေရာကမဆို.. သို့မဟုတ် မည်သည့်သက်ရှိမဆို.. သူတို့သည် ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရပြီး ထိုဟိန်းဟောက်သံမှာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါဝင်နေ၏။

သားရဲတစ်ထောင်တောင်ကြားမှ သက်ရှိများက တဆတ်ဆတ် တုန်ယင်၍ လှုပ်ရှားရဲခြင်း မရှိကြတော့ပေ။

မဟာသားရဲနှင့် သားရဲအိုကြီး အချို့ပင်လျှင် ချမ်းသာရာ မရပေ။

နှစ်တစ်ထောင်သွေးပင်လယ်၏ အထက်မှာ အားနည်းသော ဧကရာဇ်အချို့သည် သူတို့၏ နားများက တဝီဝီမြည်လာသည်ဟု ခံစားရပြီး သူတို့၏ မျိုးဆက်သွေးက ထိုဟိန်းဟောက်သံအောက်မှာ အထိန်းအကွပ်မဲ့စွာ လွင့်မျောလာ၏။

ထိုဧကရာဇ်များက ဖြူဖပ်ဖြူလျော်ဖြစ်၍ ကြောင်တိကြောင်တောင် ဖြစ်နေကြ၏။

ဖျောက်.. ဖျောက်.. ဖျောက်..

ထို့နောက် ချက်ချင်းပင်.. ဧကရာဇ်များ၏ ခြေဖဝါးအောက်ရှိ မြေပြင်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး အဲဒါက နှစ်တစ်ထောင်သွေးပင်လယ်ကို ဗဟိုပြု၍ အဘက်ဘက်သို့ ဆန့်တန်းသွားလေသည်။

အလွန်တရာ သန်မာသော သားရဲချီနှင့် သွေးရနံ့က အက်ကွဲကြောင်းထဲက​နေ လှိုင်ထွက်လာ၏။

ဤတစ်ခေါက်မှာတော့ ဧကရာဇ်များ အားလုံးက အဲဒါကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။

နှစ်တစ်ထောင်သွေးပင်လယ်သည် သက်ရှိများသာ ပိုင်ဆိုင်နိုင်သည့် အကြည့်တစ်ခုကို တကယ်ပင် ထုတ်ဖော်လိုက်၏။

လှောင်ပြောင်သရော်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် မထီမဲ့မြင်ပြုခြင်း..

လူတိုင်း၏ ခြေဖဝါးအောက်ရှိ မြေပြင်က ဖြည်းဖြည်းချင်း မို့မောက်လာပြီး အန္တိမ မိစ္ဆာတစ်ကောင်က ရုန်းထွက်လာသည့်အလား.. တောင်တစ်လုံး အရွယ်အစားလောက်ကို မို့မောက်တက်လာခဲ့လေသည်။

ဘုန်း.. ဘုန်း…

အဲဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာပြီး မြေပြင်က လှုပ်ခါသွား၏။

ဧရာမ ပုံရိပ်တစ်ခုက မြေကြီးထဲကနေ ထိုးထွက်ပြီး လျင်မြန်စွာ မြင့်တက်လာ၏။ သူ၏ ခန္ဓာကိုယ်ကို သားရဲချီများက ရစ်ခွေနေပြီး သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။

ပေတစ်ရာ..

ပေတစ်ထောင်..

ပေတစ်သောင်း..

တစ်ခဏချင်းမှာပင် ဧရာမ ပုံရိပ်သည် ပေတစ်သောင်း အမြင့်ကို ကျော်တက်သွားခဲ့ပြီဖြစ်ပြီး မားမားမတ်မတ် ရပ်တည်နေ၏။ သူ၏ ဒူးနှစ်ဖက်က မြေကြီးထဲမှာ နစ်မြုပ်နေပြီး သိပ်သည်းပြင်းထန်သော မီးတောက်များနှင့်အတူ သူ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက လောကတစ်ခွင် ဖြန့်ကြက်ထွက်ပေါ်လာ၏။

များပြားလှစွာသော ကျောက်တုံး၊ ကျောက်ခဲများက အဘက်ဘက်သို့ လွင့်စင်ထွက်လာခဲ့၏။

ထိုပုံရိပ် ပေါ်ထွက်လာခြင်းကနေ စင်ထွက်လာသည့် ဧရာမ ကျောက်တုံးများသည် သိပ်သည်းပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ဧကရာဇ်များစွာက နောက်သို့ဆုတ်၍ လူစုခွဲလိုက်ကြ၏။

ကြောက်စရာကောင်းသော ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ လုံရန်သည် သူ၏ နဂါးပုံစံသို့ ပြောင်းလဲလိုက်၏။

သို့သော်လည်း သူ၏ နဂါးသွင်ပြင်သည် ပေတစ်သောင်းကျော်ကျော်သာ ရှိပြီး ထိုသက်ရှိ၏ လက်မောင်းလုံးလောက်ပင် တုတ်ခိုင်မှု မရှိပေ။

လုံရန်သည် သူ၏ နဂါးသွင်ပြင်သို့ ပြောင်းလဲလိုက်သည့် ခဏမှာပင်.. ကြောက်စရာကောင်းသော ထိုသတ္တဝါက ၎င်း၏ ဧရာမ လက်ဖဝါးကို ဝှေ့ယမ်းပြီး သူ၏ လက်ဖဝါးဖြင့် လုံရန်၏ နဂါးခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်လေသည်။

ကြောက်စရာကောင်းသော သတ္တဝါ၏ လက်သည်းများက တစ်ခုပြီးတစ်ခု ဆန့်တန်းထွက်လာပြီး လုံရန်၏ အကာအကွယ် နဂါးကြေးခွံများကို ချက်ချင်းပင် ထိုးဖောက်ကာ သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲ အပေါက်များကို ပေါ်ထွက်လာစေ၏။

လုံရန်က လှုပ်ရှားရုန်းကန်လိုက်၏။

သို့သော်လည်း ပေတစ်သောင်းကျော် ရှည်လျားသော လုံရန်သည် မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး စွမ်းအားကြီးမားသော ထိုသတ္တဝါ၏ ဖမ်းဆုပ်မှုကနေ ရုန်းထွက်နိုင်ခြင်း မရှိပေ။

“ဂါး..”

လုံရန်က နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်၏။

နဂါးဟိန်းသံက မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်သွားစေ၏။

ထိုအကွာအဝေးမှာ နဂါးဟိန်းသံသည် အလွန်တရာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်၏။

သို့သော်လည်း ကြောက်စရာကောင်းသော ထိုသတ္တဝါက မည်သည့်အသံကိုမှ မကြားရသည့်ပုံပင်။ သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး မာန်ဖီဟိန်းဟောက်ကာ လုံရန်ကို နှစ်ပိုင်းဆွဲဖြဲလိုက်၏။

လုံရန်၏ နဂါးသွေးများက လေထဲမှာ နီစွေးသွားလေသည်။

ထိုမြင်ကွင်းက အလွန်တရာ တုန်လှုပ်စရာကောင်း၏။

နဂါးမျိုးနွယ်၏ မျိုးဆက်သွေးက အလွန်တရာ သန်မာလေသည်။

တစ်စုံတစ်ယောက်သည် နဂါးမျိုးနွယ်၏ ဧကရာဇ်တစ်ပါးကို​ သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် သူတို့သည် နဂါးမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်နိုင်စရာ အကြောင်းမရှိပေ။ ထွက်ပေါ်လာသော ထိုစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။

ဧကရာဇ်များက ဖြူဖပ်ဖြူလျော် အမူအရာများနှင့်အတူ နေရာမှာပင် ကြောင်အ,မှင်တက်ကုန်ကြ၏။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက တိုက်ခိုက်ချင်သည်ဆိုလျှင်တောင် နောက်ကျသွားခဲ့လေပြီ။

လုံရန်သည် အခြေအနေမကောင်းတော့သည်ကို သိမြင်သွားပြီး သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်နှင့်အတူ ထွက်ပြေးလိုက်၏။

လုံရန်၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလွတ်မြောက်သွားသောအခါ ကြောက်စရာကောင်းသော ထိုသတ္တဝါက လိုက်လံဖမ်းဆီးခြင်း မရှိဘဲ အထင်သေးစွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။ သူက သွေးများ စီးထွက်နေသည့် နဂါးခန္ဓာတစ်ပိုင်းခန္ဓာကို ဖမ်းဆုတ်ကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေသည်။

ဂျွတ်.. ဂျွတ်.. ဂျွတ်..

ထိုသတ္တဝါသည် နဂါးမျိုးနွယ်မှ ဧကရာဇ်တစ်ပါး၏ အသားများကို ကိုက်ဝါးကာ ပလုတ်ပလောင်းဖြင့် ဝါးမျိုနေ၏။

လုံရန်သည် ထွက်ပြေးလွတ်​မြောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အလောတကြီး လှည့်ပတ်လိုက်၏။

ထိုသို့ဆိုလျှင်တောင် စောစောက သူစွန့်လွှတ်ခဲ့ရသော ခန္ဓာကိုယ်သည် ကြောက်စရာကောင်းသော ထိုသတ္တဝါ၏ ဝါးမျိုစားသုံးခြင်း ခံနေရသည်ကို တွေ့မြင်သောအခါ သူက တုန်လှုပ်၍ ဒေါသထွက်သွားရဆဲဖြစ်၏။

“သူက အရမ်းကို သန်မာတာပဲ”

ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။

ထိုသတ္တဝါ၏ ခွန်အားသည် ယခင် ကောင်းကင်ဘုံနတ်ဘုရားဧကရာဇ်၊ ငရဲစုန်းဧကရာဇ်နှင့် အခြားသူများထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ ဖုန်မှုန့်များက တဖြည်းဖြည်း စဲသွားပြီး ဆူဇီမို၏ အကြည့်က ထိုသတ္တဝါပေါ်သို့ ဆင်းသက်သွားလေသည်။

ထိုသတ္တဝါမှာ လူတစ်ယောက်၏ မျက်နှာ၊ ကျားခြေထောက်များနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် အနက်ရောင် အမွေးတိုတိုများ ရှိလေသည်။ သူ့ပါးစပ်၏ တစ်ဖက်တစ်ချက်စီမှာ အပေါ်သို့ ကော့တက်နေသော ထက်ရှသည့် ဝက်စွယ်တစ်စုံ ပါရှိလေသည်။

ထိုသတ္တဝါ၏ အနောက်မှာ ကြီးမား၍ တုတ်ခိုင်သော အမြီးတစ်ခုရှိပြီး အဲဒါက ရှေ့နောက် လွှဲယမ်းနေ၏။ ၎င်း၏ အကြည့်က ကြမ်းကြုတ်ခက်ထန်နေပြီး ဆူဇီမိုနှင့် အခြားသူများကို စိုက်ကြည့်ကာ သွေးရောင်အလင်းက တဖျတ်ဖျတ်လက်နေ၏။

“ထောင်ဝူလား”

ဆူဇီမိုသည် မျက်မှောင် အနည်းငယ်ကြုတ်ပြီး ထိုသတ္တဝါကို ရှေးဟောင်းကျမ်းစာအုပ်ထဲရှိ မှတ်တမ်းများနှင့် နှိုင်းယှဉ်ကြည့်ကာ သူ၏ စိတ်ထဲသို့ ကြမ်းကြုတ်တောကောင်တစ်ကောင်၏ အမည်က ဝင်ရောက်လာ၏။

“ထောင်ဝူသားရဲဧကရာဇ်ပဲ”

ထိုစဉ်မှာပင် ပုံပြောအဘိုးအိုနှင့် အခြားသူများက တုန်လှုပ်သွားသော အမူအရာများနှင့်အတူ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

All Chapters