ကြယ်တာရာ အင်မော်တယ် ဧကရာဇ်
Vol. 118 Ch. 1758
“မဖြစ်နိုင်ဘူး”
ပုံပြောအဘိုးအိုက တုန်လှုပ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြည့်လျှမ်းသွား၏။
“ထောင်ဝူ သားရဲဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သားရဲတစ်ထောင် ကပ်ဘေးမှာ သေဆုံးသွားခဲ့ပြီလေ.. သူက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ”
ဆူဇီမိုသည် ပဟေဠိနန်းတော်မှာတုန်းက သူဖတ်ခဲ့ရသည့် သားရဲတစ်ထောင် ကပ်ဘေးအကြောင်းကို ပြန်လည်အမှတ်ရလာ၏။
တကယ်ပင် သားရဲတစ်ထောင် ကပ်ဘေးမှာ သားရဲဧကရာဇ်တစ်ပါး သေဆုံးခဲ့လေသည်။ အဲဒါက ထောင်ဝူဖြစ်၏။
“ဟားဟားဟားဟား”
ထောင်ဝူ သားရဲဧကရာဇ်က နဂါးအသားကို ကိုက်ဝါးပြီး သူ၏ ခေါင်းကို မော့ကာ ရယ်မောလိုက်၏။ သွေးများက အဘက်ဘက်သို့ ဖိတ်စင်ပြန့်ကြဲသွားလေသည်။
သူသည် သူ၏ သွေးနီရောင်မျက်လုံးများနှင့် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး အော်ပြောလိုက်၏။
“မင်းတို့တွေက နောက်ဆုံး ဒီကို ရောက်လာကြပြီပဲ.. ငါက ဒီလိုအချိန်ကို စောင့်နေတာ အရမ်းကို ကြာသွားခဲ့ပြီ”
“ဒီသားရဲက အရမ်းကို သန်မာတယ်.. နောက်ဆုတ်ကြ”
တည်တံ့သော အမူအရာနှင့်အတူ ဆူဇီမိုက ပုံပြောအဘိုးအိုနှင့် အခြားဧကရာဇ်များထံ အသံတစ်ခုကို ပို့လွှတ်လိုက်၏။
အခြားသော ဧကရာဇ်များကို မပြောနှင့်.. သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုပင်လျှင် ဤထောင်ဝူ သားရဲဧကရာဇ်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေလိမ့်မည်။
အခြားသော ဧကရာဇ်များက ရှေ့သို့ တက်လှမ်းမည်ဆိုလျှင် သေရရုံသာ ရှိပေလိမ့်မည်။
ပုံပြောအဘိုးအိုနှင့် အခြားသူများ၏ အမူအရာက ပျက်ယွင်းသွားကြ၏။
ဤထောင်ဝူ သားရဲဧကရာဇ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုက သူတို့ မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့လေပြီ။
ထူးဆန်းသော စွမ်းအင် အတက်အကျတစ်ခုက လေဟာနယ်ထဲမှာ ပေါ်ထွက်လာ၏။
ပုံရိပ်ယောင်ကဲ့သို့ ပုံရိပ်တစ်ခုသည် ထောင်ဝူ သားရဲဧကရာဇ်ထံသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ချဉ်းကပ်လာနေ၏။
အဲဒါက ညဝိညာဉ်ဖြစ်၏။
မျိုးနွယ်စုတစ်သောင်းတိုက်ပွဲအပြီး၌ ညဝိညာဉ်သည် အန္တိမ နတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်လာနိုင်ခဲ့လေပြီ။
သူသည် ငရဲစုန်းဧကရာဇ်နှင့် အခြားသူများနှင့် ပြန်လည်ရင်ဆိုင်ရမည်ဆိုလျှင်တောင် ဆူဇီမိုသည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ပစ်နိုင်သည်ဟု ပကတိ ယုံကြည်မှု ရှိလေသည်။
သို့သော်လည်း ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ရင်ထဲမှာ နင့်သွား၏။
သူ သတိမပေးနိုင်ခင်မှာပင် ညဝိညာဉ်က ပေါ်ထွက်၍ တိုက်ခိုက်လာခဲ့ပြီဖြစ်၏။ သူက ကြောက်မက်ဖွယ်ရာ ဧရာမ လက်သည်းများနှင့် ထောင်ဝူ၏ လည်ပင်းကို ဖမ်းဆွဲလိုက်၏။
သူ၏ ထက်ရှသော အမြီးက အနက်ရောင် အလင်းတစ်ချက်နှင့်အတူ လေထုကို ဆုတ်ဖြဲပြီး ထောင်ဝူ သားရဲဧကရာဇ်၏ ဦးခေါင်းဆီသို့ ချက်ချင်းပင် ဝင်ရောက်လာလေသည်။
ထောင်ဝူ သားရဲဧကရာဇ်၏ မျက်လုံးထဲတွင် သရော်တော်တော် အကြည့်တစ်ခုက ပေါ်ထွက်လာ၏။
သူက နောက်ပြန်လှည့်ကြည့်ခြင်း မရှိဘဲ သူ၏ လက်ကို ဆန့်ထုတ်ကာ ညဝိညာဉ်၏ သတ်ဖြတ်ကွက်က ဆင်းသက်မလာခင်မှာပင် သူက ထိုသူ၏ ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်၏။
အဲဒါက အရမ်းကို မြန်ဆန်လွန်း၏။
ထောင်ဝူ သားရဲဧကရာဇ်၏ အလျင်အဟုန်က ညဝိညာဉ်ထက်ပင် ပို၍မြန်ဆန်နေ၏။
သူ၏ တိုက်ခိုက်မှုက နောက်ကျမှ ထွက်ပေါ်လာသော်လည်း ပို၍မြန်မြန် ရောက်ရှိသွားလေသည်။
သူ၏ အလျင်အဟုန်ကသာ ကြောက်စရာကောင်းသည် မဟုတ်ဘဲ ထောင်ဝူ သားရဲဧကရာဇ်၏ လက်ဖဝါးထဲမှာ ညဝိညာဉ်သည် ရုန်းထွက်နိုင်ခြင်း မရှိဘဲ မာန်ဖီဟိန်းဟောက်နေရ၏။
ထောင်ဝူ သားရဲဧကရာဇ်သည် သူ့လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်သောအခါ ညဝိညာဉ်၏ ခန္ဓာကိုယ်ထဲမှာ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာ၏။
ညဝိညာဉ်သည် သူ၏ အရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရ၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အကြည့်က တည်ကြည်လေးနက်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ အဲဒီမှာ အချိန်စီးဆင်းမှုတစ်ခု ပါဝင်နေသည့်အလား သူ၏ လက်ချောင်းထိပ်ဖျားမှာ မီးခိုးရောင် မြူခိုးတစ်လွှာက ရစ်သိုင်းလာခဲ့၏။
တဒင်္ဂအခိုက်အတန့်..
အချိန်၏ စွမ်းအားက တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို လျစ်လျူရှုနိုင်၏။
ထောင်ဝူ သားရဲဧကရာဇ်က ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ.. သူသည် အချိန်၏ တိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော်လည်း ထိုအန္တိမ နတ်ဘုရားစွမ်းအား ဖြစ်ပေါ်လာသည့် ခဏမှာပင် နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် မူးဝေထုံထိုင်းမှုတစ်ခုကို ခံစားလိုက်ရ၏။ သူ၏ မျိုးဆက်သွေးက ကသောင်းကနင်း ထိုးတက်လာပြီး သူက ယိမ်းထိုးသွားလေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ လက်ချောင်းထိပ်ပေါ်ရှိ မီးခိုးရောင် မြူခိုးက တိတ်တဆိတ် ပျက်ပြယ်သွားလေသည်။
သူက ကျရှုံးသွားလေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ငေးငိုင်သွားရ၏။
ဘာဖြစ်သွားသည်ကို သူက လုံးဝ မသိရှိပေ။
ထိုမူးဝေထုံထိုင်းမှုသည် ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာခဲ့ပြီး အဲဒါက လုံးဝကို ယုတ္တိမရှိပေ။
“ကမြောက်ကခြောက် ဂမ္ဘီရဟို့တစ်ကောင်က ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့”
ထောင်ဝူ သားရဲဧကရာဇ်က လှောင်ရယ်လိုက်ပြီး သူ့လက်ဖဝါးထဲသို့ ခွန်အားကို ပို့လွှတ်လိုက်၏။
ဖောင်း..
လတ်ဆတ်သော သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်သွား၏။
ဧကရာဇ်များ၏ ရှေ့မှောက်မှာ တဗူး ဂမ္ဘီရဟို့သည် ထောင်ဝူ သားရဲဧကရာဇ်၏ လက်ဖဝါးထဲမှာ အပိုင်းပိုင်း ခြေမွှဖျက်ဆီးခံလိုက်ရပြီး လက်ချောင်းများကြားကနေ သွေးများက ဖြည်းဖြည်းချင်း စီးကျလာ၏။
ညဝိညာဉ်က အခြေအနေ မကောင်းတော့ဘူးဆိုတာကို နားလည်သိရှိလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန် သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်ပြေးလာခဲ့၏။
“မသွားကြနဲ့”
ဆူဇီမိုက တည်တံ့သော လေသံဖြင့် အသံတစ်ခုကို စိတ်ဝိညာဉ်အသိစိတ်ဖြင့် အလောတကြီး ပို့လွှတ်လိုက်၏။
ထောင်ဝူ သားရဲဧကရာဇ်သည် ဂမ္ဘီရဟို့၏ သွေးဖြင့် စွန်းထင်းနေသော သူ၏ လက်ကို သူ၏ နှုတ်ခမ်းဝသို့ တေ့ကာ သူ၏ ဧရာမ လျှာကို ဆန့်ထုတ်ပြီး ၎င်းအပေါ်ရှိ သွေးစနှင့် အသားစများကို လျက်လိုက်လေသည်။ သူက ကြောက်မက်ဖွယ်ရာကောင်းသော အမူအရာနှင့်အတူ ပြုံးဖြီးနေ၏။
ဧကရာဇ်များသည် ခေါင်းနပန်းကြီး၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာကာ သူတို့၏ အသက်ရှူသံကပင် မြန်ဆန်လာခဲ့၏။
“ဟီးဟီး… မင်းတို့တွေက ထွက်ပြေးချင်ကြသေးတယ်ပေါ့”
ထောင်ဝူ သားရဲဧကရာဇ်က ရယ်မောလိုက်၏။
“ဘယ်လောက်တောင် နုံအလိုက်သလဲ”
ဘုန်း.. ဘုန်း..
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. ဧကရာဇ်များ၏ နောက်ဘက်ကနေ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ဧကရာဇ်များက လှည့်ကြည့်လိုက်ကြ၏။
ကောင်းကင်စင်ရော်ဂိုဏ်း၏ တောင်တန်းနောက်ဘက် သုဿာန်တစ်ခုထဲကနေ မီးခိုးရောင် ခေါင်းတလားတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်ကာ ကောင်းကင်ထက်မှာ လွင့်မျောနေ၏။
ကျွိ..
ကျောက်သား ခေါင်းတလားထဲကနေ စူးစူးရှရှ မြည်သံတစ်သံ ထွက်ပေါ်လာ၏။
“တိုက်ပွဲဝင်အလောင်းလား”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
ထို့နောက် ချက်ချင်း.. ဧကရာဇ်များ၏ ရှေ့မှောက်မှာ ကျောက်သား ခေါင်းတလားအဖုံးက နည်းနည်းချင်းစီ လျှောထွက်၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
ခေါင်းတလားထဲကနေ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာခဲ့၏။
အဲဒါက အလောင်းတစ်လောင်း မဟုတ်ဘဲ သက်ရှိလူတစ်ယောက် ဖြစ်၏။
သူသည် ရှေးဟောင်း ခေါင်းတလားထဲမှာ ရှိနေခဲ့သည်ဆိုလျှင်တောင် သူ့ထံမှ မည်သည့် သေခြင်းအော်ရာမှ မရှိဘဲ သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝနေ၏။
မရေမတွက်နိုင်သော ကြယ်များကို ခတ်နှိပ်ထားသည့် ရွှေညိုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ပေါ်ထွက်လာ၏။ သူ၏ အနက်ရောင် ဆံပင်များက တဖျပ်ဖျပ်လွင့်နေပြီး သူ၏ မျက်လုံးများက ကြယ်အလင်းရောင်ဖြင့် နက်ရှိုင်းစွာ တောက်ပနေ၏။ သူက တစ်မူထူးခြားသော ရုပ်ရည်သွင်ပြင် ရှိပြီး ကြော့ရှင်းတင့်တယ်လေသည်။
“မျိုးနွယ်စုခေါင်းဆောင် ကြယ်တာရာ”
ထိုလူကို တွေ့မြင်သောအခါ.. လက်ရှိ ဧကရာဇ်များစွာက မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားကြ၏။
ဆူဇီမိုကလည်း မျက်မှောင်ကြုတ်လိုက်၏။
ကြယ်တာရာ ကပ်ဘေး၏ မူလအရင်းအမြစ်သည် မျိုးနွယ်စုခေါင်းဆောင် ကြယ်တာရာနှင့် ဆက်စပ်နေလေသည်။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင် ကြယ်တာရာသည် ကြယ်တာရာ ကပ်ဘေးမှာ သေဆုံးသွားခဲ့ပြီဖြစ်၏။
သေဆုံးခဲ့ပြီးသား ဤလူသည် ယခု ဧကရာဇ်များ၏ ရှေ့မှောက်မှာ အရှင်လတ်လတ် မတ်တတ်ရပ်နေ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဤလူသည် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်၏ အဆင့်ကို ကျော်လွန်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသွားခဲ့လေပြီ။ ယခုအချိန်မှာ သူ့ထံမှ ထွက်ပေါ်နေသည့် အော်ရာက ထောင်ဝူ သားရဲဧကရာဇ်နှင့် ယှဉ်နိုင်လေသည်။
သူက မျိုးနွယ်စုခေါင်းဆောင် ကြယ်တာရာ မဟုတ်တော့ပေ။ သူက ကြယ်တာရာ အင်မော်တယ် ဧကရာဇ် ဖြစ်လာခဲ့လေပြီ။
ဖိအားဒဏ်ကို ခံနိုင်ရည်မရှိသော ဧကရာဇ်တစ်ပါးသည် လေဟာနယ်ကို ဆုတ်ဖြဲ၍ ဤနေရာကနေ ထွက်ပြေးချင်လေသည်။
ထိုသူ၏ ရှေ့ရှိ လေဟာနယ်က အက်ကွဲသွားစဉ်မှာပင် ကြယ်တာရာ အင်မော်တယ် ဧကရာဇ်က ပြုံး၍ ထိုဧကရာဇ် ရှိရာဘက်သို့ ပစ်ရိုက်ချလိုက်၏။
ဘန်း..
ထိုဧကရာဇ်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားလေသည်။
နောက်ခဏ၌ ထိုဧကရာဇ်၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပြီး သူ၏ အသားများက သူ့ဘေးတွင် ရှိသော လေဟာနယ်အက်ကွဲကြောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်သည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ကျဆင်းသွားကာ သူ့ခန္ဓာကိုယ်၏ ကာကွယ်မှု မရှိသည့်အတွက် ၎င်းသည် လေဟာနယ်စီးကြောင်းများဖြင့် ဆုတ်ဖြဲခံရကာ နေရာမှာပင် သေဆုံးသွား၏။
ဟာ…
ဧကရာဇ်များ၏ အမူအရာက ပြောင်းလဲသွားပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။
စောစောက ထွက်ပြေးခဲ့သော ဧကရာဇ်သည် အန္တိမ နတ်ဘုရားစွမ်းအားတစ်ခုကိုသာ နားလည်ဆင်ခြင်ထားသော်လည်း ကြယ်တာရာ အင်မော်တယ် ဧကရာဇ်သည် ဧကရာဇ်တစ်ပါးကို ဤမျှအထိ အလွယ်တကူ သတ်ဖြတ်နိုင်သည့်အချက်က သူ၏ ခွန်အားသည် သူတို့ တွေးထင်နိုင်စွမ်းထက် များစွာ ကျော်လွန်နေပြီဟု အဓိပ္ပာယ်ရ၏။
ထောင်ဝူ သားရဲဧကရာဇ် ပေါ်ထွက်လာခြင်းကပင် လက်ရှိဧကရာဇ်များအတွက် ရပ်တန့်၍ မရနိုင်သည့် ကပ်ဘေးတစ်ခုကဲ့သို့ ဖြစ်လာခဲ့လေပြီ။
သို့သော် ယခု နောက်ထပ် ကြယ်တာရာ အင်မော်တယ် ဧကရာဇ်ကပါ ပေါ်ထွက်လာ၏။
ဆူဇီမို၏ အမူအရာက သုန်မှုန်လာခဲ့၏။
ကြောက်စရာ အားကောင်းသော ထိုဧကရာဇ်နှစ်ပါးအပြင် နောက်ထပ်တစ်ယောက် ရှိရဦးမည်ကို သူသိထားလေသည်။
ထိုစဉ်မှာပင် အရှေ့ပင်လယ်အရပ်ကနေ ရွှေရောင်အလင်းတန်းတစ်ခုက လေထုကို ဆုတ်ဖြဲ၍ ပြေးလွှားလာ၏။
ဧကရာဇ်များသည် စွမ်းအားကြီးမားသော အမြင်အာရုံရှိပြီး အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်နိုင်၏။
ထိုရွှေရောင်အလင်းသည် ရွှေကျီးကန်းမျိုးနွယ်မှ ဧကရာဇ်တစ်ပါး ဖြစ်၏။
ထိုအခိုက်အတန့်မှာ ရွှေကျီးကန်းဧကရာဇ်သည် ကြောက်လန့်တကြား အမူအရာရှိနေပြီး သူက လွန်မင်းစွာ ထိတ်လန့်ကြောက်ရွံ့နေသည့်အလား ထျန်ဟွမ်ကုန်းမြေတိုက် ရှိရာဘက်သို့ ပြေးလွှားလာနေ၏။
ရွှစ်..
ကြီးမားသော အဖြူရောင် အလင်းတစ်ခုက ရပ်တန့်မရနိုင်သော စွမ်းအားနှင့်အတူ ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့၏။ ၎င်းက လောကကို ဆုတ်ဖြဲပစ်ချင်နေသည့်အလား မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်နေ၏။
“ကောင်းကင်ဘုံခုတ်ချက်”
ပုံပြောအဘိုးအိုက အံ့အားတသင့် ရေရွတ်လိုက်၏။
ကောင်းကင်ဘုံခုတ်ချက်သည် ဆေဘာတာအို၏ အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။ ၎င်းသည် ကြမ်းကြုတ်ခက်ထန်မှု အရှိဆုံးဖြစ်ပြီး နတ်ဘုရားစွမ်းအား တချို့ပင်လျှင် မယှဉ်နိုင်သည့် တစ်စုံတစ်ရာ ဖြစ်လေသည်။