ကပ်ဘေးများ၏ လျှို့ဝှက်ချက်
Vol. 118 Ch. 1760
သွေးမိစ္ဆာဧကရာဇ်၏ အစွမ်းအစနှင့် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ သဘောသဘာဝအရ သူ့အနေဖြင့် ထိုဧကရာဇ်များကို ထိန်းချုပ်နိုင်သည်မှာ ယုတ္တိတန်လေသည်။
သူ့နောက်ကနေလိုက်ပါလားသော ဧကရာဇ်အချို့သည် တစ်ခါတုန်းက ဘဝသက်တမ်းကုန်ခန်းလုနီးနီး မျိုးနွယ်စုခေါင်းဆောင်များဖြစ်ခဲ့ကြ၏။ သူတို့သာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်းမရှိလျှင် သူတို့၏ ဘဝသက်တမ်းကုန်ဆုံး၍ သေဆုံးရပေလိမ့်မည်။
ထိုကဲ့သို့သောအချိန်မှာ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်သည် သူတို့အတွက် နောက်ဆုံး ထွက်ပေါက်ဖြစ်လာခဲ့၏။
အဲ့ဒါသည် သူတို့၏ ဘဝသက်တမ်းကို တိုးမြှင့်ပေးပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များကို ချိုးဖျက်တက်လှမ်းစေနိုင်မည့် ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်၏။ ဤကဲ့သို့ မက်လုံးတစ်ခုမှာ ဘယ်သူက စိတ်မယိမ်းယိုင်ဘဲနေပါ့မလဲ။
ကိုယ်တော်တာမင်းကဲ့သို့ သန်မာသော ပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် နှစ်လေးသောင်းကြာ ပိတ်လှောင်ခံထားခဲ့ရပြီးနောက် ရှေးဟောင်းခေါင်းတလားထဲကနေ ရုန်းထွက်ဖို့အတွက် ထိုမိစ္ဆာနည်းစနစ်ကို ကျင့်ကြံဖို့ရွေးချယ်ခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုမှာ မေးခွန်းများစွာကျန်ရှိနေဆဲ ဖြစ်၏။
သွေးမိစ္ဆာဧကရာဇ်၏ ပါရမီအရည်အချင်းနှင့် နည်းလမ်းများအရ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် ထျန်ဟွမ်ကုန်းမြေတိုက်းအထွတ်အထိပ်ကို အချိန်အတန်ကြာကတည်းက ရောက်ရှိနေခဲ့သင့်၏။ သူက ဘာလို့ ဤကဲ့သို့ နှစ်ပေါင်းများစွာစောင့်ဆိုင်းပြီး ကပ်ဘေးများကို တိတ်တဆိတ်ဖန်တီးနေခဲ့ရမှာလဲ။
သွေးမိစ္ဆာဧကရာဇ်၏ တကယ့်ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
သွေးမိစ္ဆာဧကရာဇ်သည် အရင်တုန်းက ဘာလို့သူ့ကို ကယ်တင်ခဲ့ရတာလဲ။
ထျန်ဝူသားရဲဧကရာဇ်သည် ဆူဇီမိုနှင့် ဘာမှပတ်သက်ခြင်းမရှိပေ။ ဒါဆို... နှစ်တစ်ထောင်သွေးပင်လယ်မှာတုန်းက ထိုသူက ဘာလို့ သူ့ကို ကူညီပေးခဲ့ရတာလဲ”
ကိုယ်တော်တာမင်းက လျှို့ဝှက်ချက်ဘယ်လောက်များများကို သိရှိထားမလဲ။
သူကရော ဤအရေးကိစ္စမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေလဲ။
ဆူဇီမို၏ စိတ်ထဲသို့ မရေမတွက်နိုင်သော မေးခွန်းများက ဝင်ရောက်လှည့်ပတ်လာခဲ့၏။
“သွေးနွယ်ပင်မျိုးနွယ်ကို ဖျက်ဆီးခဲ့တာက မင်းပဲမလား”
ဆူဇီမိုက မေးလိုက်၏။
“အမှန်ပဲ”
သွေးမိစ္ဆာဧကရာဇ်က ခေါင်းညိတ်ပြလိုက်၏။
“ဘာလို့လဲ”
ဆူဇီမိုက ထပ်၍ မေးလိုက်၏။
သွေးနွယ်ပင်မျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်သည် သွေးမိစ္ဆာဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေ၏။ သူက သွေးနွယ်ပင်မျိုးနွယ်အပေါ် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသည့် လုပ်ရပ်တစ်ခုကို ဘာ့ကြောင့် လုပ်နိုင်ရတာလဲ။
“ဘာလို့လဲဆိုတော့... သူတို့က သေသင့်သေထိုက်လို့ပဲ”
သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးများက အဆုံးမဲ့မုန်းတီးမှုဖြင့် ပြည့်နှက်လာခဲ့၏။
သူက တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား သုန်မှုန်လာသောအမူအရာနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သွေးနွယ်ပင်တွေအားလုံးက သေသင့်တယ်”
“နောက်ပြီး.... မင်းတို့တွေရောပဲ”
သွေးမိစ္ဆာဧကရာဇ်၏ အကြည့်က ပုံပြောအဖိုးအိုနှင့် အခြားဧကရာဇ်များ၏ ဘက်သို့ ရွေ့လျားသွားပြီး အေးစက်စွာပြောလိုက်၏။
“အရင်တုန်းက... မင်းတို့ အင်မော်တယ်... ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက သူတွေအကုန်လုံးက ငါ့ကိုအမဲလိုက်ခဲ့ကြတယ်... မင်းတို့တွေထဲ ဘယ်သူကမှ ငါ့ကိုကူညီမပေးချင်ခဲ့ကြဘူး”
“ဒီနေ့... ငါက မင်းတို့တွေကို ပြန်ပေးဆပ်ခိုင်းတော့မယ်... ငါက မင်းတို့တွေကို ငါ့ရဲ့ရှေ့မှာ ဒူးထောက်အညံ့ခံခိုင်းမယ်... ငါက မင်းတို့တွေအားလုံးကို ငါ့ရဲ့သွေးကျွန်အဖြစ် ပြောင်းလဲပစ်မယ်”
“ထျန်ဟွမ်ကုန်းမြေတိုက်က ငါ့လက်အောက်ကို ရောက်ရှိလာပြီး... ငါက ထာဝရမိစ္ဆာဧကရာဇ်ဖြစ်ချင်တယ်... ငါက ငါ့ကိုယ်ပိုင်မျိုးနွယ်တစ်ခုကိုဖန်တီးချင်တယ်... ငါက ထျန်ဟွမ်ကုန်းမြေတိုက်ကို ငါ့ရဲ့သွေးမျိုးနွယ်ရဲ့ ခြေချစရာနေရာ ဖြစ်လာစေချင်တယ်”
သူ၏ စကားလုံးများက ပြိုင်ဘက်ကင်းစိတ်စွမ်းအားတစ်ခုနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။
မျိုးနွယ်စုတစ်သောင်းက တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဧကရာဇ်များကလည်း ကြက်သေသေ၍ ကြောက်မက်ဖွယ်ရာကောင်းသော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။
ဆူဇီမိုကလည်း တုန်လှုပ်သွားရ၏။
သွေးမိစ္ဆာဧကရာဇ်သည် ဤကဲ့သို့သော ရည်မှန်းချက်များ ရှိနေလိမ့်မည်ဟု သူပင်လျှင် ထင်မှတ်မထားပေ။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးချင်ရုံသာမက သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သက်ရှိများအားလုံးကို သူ၏ သွေးကျွန်အဖြစ် သွတ်သွင်းပြီး သူ၏ အမိန့်ကို နာခံစေချင်လေသည်။
လူသားမျိုးနွယ်၊ သားရဲမျိုးနွယ်နှင့် ကမ္ဘာဦးမျိုးနွယ်များပင်လျှင် သွေးမျိုးနွယ်ဟူသော ခေါင်းစဥ်တစ်ခုတည်းအောက်သို့ ကျဆင်းသွားရပေမည်။
လက်ရှိဧကရာဇ်သုံးပါးဖြစ်သော ထောင်ဝူသားရဲဧကရာဇ် ၊ ကြယ်တာရာအင်မော်တယ်ဧကရာဇ်နှင့် သွေးမိစ္ဆာဧကရာဇ်တို့၏ နည်းလမ်းများသည် အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းလေသည်။
သူတို့သည် လှုပ်ရှားကွက်တစ်ကွက်တည်းနှင့်အတူ လက်ရှိဧကရာဇ်များကို သတ်ဖြတ်နိုင်လေသည်။
ဧကရာဇ်များက ငေးငိုင်သွားကြ၏။
ယခုအချိန်မှာ သူတို့အတွက် ရွေးချယ်စရာနှစ်ခုသာလျှင် ရှိတော့လေသည်။ သူတို့က သေလျှင်သေ မဟုတ်လျှင် သွေးမိစ္ဆာဧကရာဇ်၏ သွေးကျွန်များ ဖြစ်လာဖို့ပင်။
ပုံပြောအဖိုးအိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ စိတ်ကို တည်ငြိမ်စေဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
သူက ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်တို့ကိုကြည့်ပြီး ပြောလိုက်၏။
“သွေးမိစ္ဆာ... မင်းက ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးချင်တယ်ဆိုရင်လည်း ရတယ်လေ... ဒါပေမဲ့ မင်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ မျိုးနွယ်စုတစ်သောင်းကို သွေးမျိုးနွယ်အဖြစ် သွတ်သွင်းချင်တယ်ဆိုရင်... သူတို့နှစ်ယောက်ကတော့ သဘောတူမှာမဟုတ်ဘူး... ဟုတ်တယ်မလား”
ထောင်ဝူသားရဲဧကရာဇ်က သားရဲတစ်ကောင်ဖြစ်ပြီး ကြယ်တာရာအင်မော်တယ်ဧကရာဇ်က လူသားတစ်ယောက်ဖြစ်၏။
ပုံပြောအဖိုးအို၏ ထင်မြင်ချက်အရ သူတို့သည် သွေးမိစ္ဆာဧကရာဇ်နှင့် ပူးပေါင်းထားမည်ဆိုလျှင်တောင် သားရဲမျိုးနွယ်နှင့် လူသားမျိုးနွယ်ကပါ သွေးမျိုးနွယ်အဖြစ် သွတ်သွင်းခံရမည်ကို သူတို့က ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
သူသည် သူတို့သုံးယောက်ကြား သဘောထားကွဲလွဲအောင် လှုံ့ဆော်နိုင်မည်ဆိုလျှင် အဲ့ဒါက ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာနိုင်၏။
“သူတို့က သေချာပေါက်... သဘောတူကြမှာပါ”
သွေးမိစ္ဆာဧကရာဇ်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်၏။
“ဘာလို့လည်းဆိုတော့.. သူတို့က ငါကျင့်ကြံထားတဲ့ ကိုယ်ပွားတွေမလို့ပဲ”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သွေးမိစ္ဆာဧကရာဇ် ၊ ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာဧကရာဇ်တို့၏ မျက်နှာများက ကြောက်စရာကောင်းသော သွေးမျက်နှာများအဖြစ် ပြောင်းလဲသွားကြ၏။
သွေးမျက်နှာသုံးခုက သူတို့၏ ပါးစပ်များကို ဖွင့်ဟပြီး ရူးသွပ်စွာ ရယ်မောလိုက်ကြ၏။
“ဟားဟားဟားဟား”
ရယ်မောသံများက နားကလောစရာနှင့် တုန်လှုပ်ချောက်ချားစရာကောင်းနေ၏။
ဧကရာဇ်များသည် ထပ်တူထပ်မျှတူညီနေသော သွေးမျက်နှာသုံးခုကိုကြည့်ကာ နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလာကြရ၏။
ဧကရာဇ်အချို့က ဆူဇီမိုကို အလိုလိုလှည့်ကြည့်လိုက်ကြ၏။
လက်ရှိ သိုင်းဧကရာဇ်သည် အစစ်အမှန်ခန္ဓာ နှစ်ခုဖြစ်သော တဗူးနဂါးဖီးနစ်နှင့် ဖန်တီးခြင်းကြာပဒုမ္မာကို စုဖွဲ့ထားသည်ကို လူတိုင်းက သိရှိထားကြ၏။ ထိုအစစ်အမှန်ခန္ဓာနှစ်ခုက တစ်သီးတစ်ခြားစီ ရပ်တည်ပြီး ပြိုင်ဘက်ကင်းကြလေသည်။
သို့သော်လည်း သူတို့ရှေ့မှ သွေးမိစ္ဆာဧကရာဇ်သည် ပို၍ပင် ကြောက်စရာကောင်းနေလိမ့်မည်ဟု သူတို့က ထင်မှတ်မထားပေ။
သူ၏ ပင်မခန္ဓာအပြင် သွေးမိစ္ဆာဧကရာဇ်သည် နောက်ထပ် တစ်သီးတစ်ခြားရပ်တည်နိုင်သော ကိုယ်ပွားနှစ်ခုကိုပါ စုဖွဲ့ထားပြီး သူတို့က ဤမျှအထိ ကြောက်စရာကောင်းသော အတိုင်းအတာအထိ ကြီးပြင်းလာကြပြီဖြစ်၏။
အခြားသော ဧကရာဇ်များ မရှိလျှင်တောင် သူ၏ ထောင်ဝူသားရဲဧကရာဇ်နှင့် ကြယ်တာရာအင်မော်တယ်ဧကရာဇ်ကိုယ်ပွားတို့ကပင် ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးနိုင်ဖို့ လုံလောက်လေသည်။
ကျင့်ကြံခြင်းလောကရှိ ကိုယ်ပွားခြင်းနည်းစနစ်များအားလုံးနီးပါးမှာ အမြုတေစိတ်ဝိညာဥ်များမရှိကြသည့်အတွက် သူတို့က တစ်သီးတစ်ခြားမကျင့်ကြံနိုင်ကြပေ။
ဆူဇီမိုပင်လျှင် သေလောက်အောင်ကြောက်စရာကောင်းသော တိုက်ဆိုင်မှုနှစ်ခုဖြင့် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုကို စုဖွဲ့နိုင်ခဲ့ခြင်းဖြစ်၏။
သူ၏ ကျင့်ကြံမှုလမ်းကြောင်းကို အခြားသူများတုပဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
သို့သော်လည်း သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားခြင်းနည်းစနစ်ကလည်း သေချာပေါက် ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်၏။
အထက်ဘုံမှာ သူ၏ ကိုယ်ပွားခြင်းနည်းစနစ်နှင့် ဆင်တူသော နည်းစနစ်များရှိကြောင်း ညဝိညာဥ်က ဆူဇီမိုကို ပြောခဲ့ဖူးလေသည်။
တကယ်ဆို... သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားခြင်းနည်းစနစ်သည် အထက်ဘုံမှလာခြင်းဖြစ်သည်ဟုပင် ဆူဇီမိုက သံသယဝင်မိ၏။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်တုန်းက ငါ့ရဲ့မိစ္ဆာနည်းစနစ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်”
သွေးမိစ္ဆာဧကရာဇ်၏ အကြည့်က ဆူဇီမိုဘက်သို့ရွေ့လျားသွားပြီး သူက မုန်းတီးစွာဖြင့် ပြောလိုက်၏။
“ကံဆိုးစွာနဲ့ပဲ အဲ့ဒီအချိန်တုန်းက တစ်စုံတစ်ရာဖြစ်ပွားခဲ့တယ်... မဟုတ်ရင် ငါက အဲ့ဒီအချိန်ကတည်းက ပေါ်ထွက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်က ငါ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေတာ ကြာရော့မယ်”
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကလား”
ဧကရာဇ်များက ဆူဇီမိုကို အလိုလိုကြည့်လိုက်ကြ၏။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ထိုအချိန်တုန်းက အထီးကျန်သိုင်းသခင်၏ ကျင့်ကြံမှုအဆင့်သည် လုံလောင်အောင်မြင့်မားခြင်း မရှိနိုင်ပေ။ သူက သွေးမိစ္ဆာဧကရာဇ်ကို ဘယ်လိုဟန့်တားနှောက်ယှက်နိုင်ခဲ့တာလဲ”
“လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကလား”
လုံရန်က အတွေးနက်စွာဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“ငါသိပြီ”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ မျက်လုံးက ဝင်းလက်တောက်ပလာကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းရဲ့ ကိုယ်ပွားနည်းစနစ်က ကိုယ်ပွားနှစ်ခုကိုပဲ စုဖွဲ့ထားတာမဟုတ်ဘူး... အဲ့ဒါသုံးခုဖြစ်ရမယ်”
“အာ...”
ဧကရာဇ်များက ထိတ်လန့်သွားကြ၏။
ကိုယ်ပွားနှစ်ခုကပင် ဤမျှအထိကြောက်စရာကောင်းနေခဲ့ပြီဖြစ်၏။
“ဆက်ပြောပါဦး”
သွေးမိစ္ဆာဧကရာဇ်က ဆူဇီမိုကို ညင်သာစွာပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်သုံးသောင်းက မင်းက သားရဲတစ်ထောင်ကပ်ဘေးကို ဖန်တီးခဲ့တယ်... အဲ့ဒီမှာ သွေးတွေက မြစ်တွေလိုစီးဆင်းပြီး အလောင်းတွေက နေရာတိုင်းမှာ ပုံထပ်နေခဲ့တယ်... မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ထောင်ဝူသားရဲဧကရာဇ်ဆိုတဲ့ ဒီကိုယ်ပွားကို ဖန်တီးဖို့ပဲ”
“လွန်ခဲ့တဲ့နှစ်နှစ်သောင်းက ကြယ်တာရာကပ်ဘေးကလည်း အတူတူပဲ... မင်းက ကြယ်တာရာအင်မော်တယ်ဧကရာဇ် ကိုယ်ပွားကို ဖန်တီးဖို့အတွက် အဲ့ဒါကို လုပ်ခဲ့တာပဲ”
“လွန်ခဲ့တဲ့နှစ်တစ်သောင်းက မဟာချွမ်ကပ်ဘေးကတော့ မင်းရဲ့တတိယမြောက်ကိုယ်ပွားကို ကျင့်ကြံဖို့ပဲ... အဲ့ဒီတတိယမြောက်ကိုယ်ပွားကို နဂါးအရိုးတောင်ကြားအောက်ခြေမှာ မင်းက မြှုပ်နှံထားတယ်”
လုံရန်က တုန်လှုပ်ချောက်ချားသွားပြီး နောက်ဆုံးမှာ နားလည်သဘောပေါက်လာခဲ့၏။
သွေးမိစ္ဆာဧကရာဇ်၏ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်တစ်ခုပေါ်ထွက်လာပြီး သူက ခေါင်းညိတ်ပြလိုက်၏။
“သိပ်တော်တယ်... ဆက်ပြောပါဦး”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
“ကံဆိုးစွာနဲ့ပဲ...မင်းရဲ့ တတိယမြောက်ကိုယ်ပွားကို အောင်အောင်မြင်မြင်ဖန်တီးနိုင်တော့မယ့်ဆဲဆဲမှာပဲ လူတစ်ယောက်က နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကို ရောက်လာခဲ့တယ်”
“အဲ့ဒီလူက ဗုဒ္ဓကျောင်းတော်တွေရဲ့ အန္တိမရတနာတစ်ခုကိုယူဖို့အတွက် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေကို ရောက်လာခဲ့တာပဲ... ဒါပေမဲ့ သူက မင်းကိုယ်ပွားရဲ့တည်ရှိမှုကို တွေ့ရှိသွားတဲ့အတွက် အဲ့ဒါကို လမ်းကြုံတာနဲ့ ဖျက်ဆီးပစ်ခဲ့တယ်”
လူတိုင်းက တွေဝေရှုပ်ထွေးသွားပြီး ဆူဇီမိုက ဘယ်သူ့ကို ရည်ညွှန်းပြောဆိုနေသလဲ နားမလည်နိုင်ကြပေ။ သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားကို ဖျက်ဆီးပြီး သူ့ကိုဒဏ်ရာအပြင်းအထန် ရရှိစေနိုင်သည့်သူက ဘယ်သူဖြစ်မလဲ။
ထိုနေရာအရောက်တွင် သွေးမိစ္ဆာဧကရာဇ်သည် တစ်စုံတစ်ရာကို အမှတ်ရသွားပုံပေါ်ပြီး သူ၏ အမူအရာက ခန့်မှန်းရခက်စွာပြောင်းလဲသွား၏။
သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခုက ထင်ဟပ်လာပြီးနောက် အဲ့ဒါက နက်ရှိုင်းသောအမုန်းတရားအဖြစ် ပြောင်းလဲသွား၏။ သူက ဆူဇီမို၏ စကားနောက်ကနေ အေးစက်စွာပြောလိုက်၏။
“အမှန်ပဲ... သူက မင်းရဲ့မိန်းမပျိုတျဲပဲလေ”