← Chapters

ကြယ်တာရာ ဖလှယ်ခြင်း

Vol. 118 Ch. 1765

ကြယ်တာရာ ဖလှယ်ခြင်း

Vol. 118 Ch. 1765

ကိုယ်တော်တာမင်း၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး သူက ကြယ်တာရာအင်မော်တယ်ဧကရာဇ် ရှိရာသို့ ပြေးဝင်သွား၏။

သူ၏ တိုက်ခိုက်ရည်ခွန်အားအရ.. သူသည် သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားတစ်ယောက်ကို တားဆီးနိုင်ဖို့က သူ၏ အကန့်အသတ် ဖြစ်နေခဲ့လေပြီ။

သူ ကျင့်ကြံခဲ့သည့် အချိန်က အရမ်းကို တိုတောင်းလွန်း၏။

သူသည် အမှန်တကယ် ပြန်လည်မွေးဖွားလာချိန်မှ စ၍ နှစ်တစ်ထောင်ကျော်သာလျှင် ကျင့်ကြံရသေးလေသည်။

သူတို့နှစ်ယောက်စလုံးသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြ၏။ သူက ဘယ်လောက်ပင် ပါရမီအရည်အချင်းရှိသည်ဖြစ်စေ.. နှစ်တစ်သောင်းကြာ စုဆောင်းလာခဲ့သော ကျင့်ကြံမှုကို လိုက်မီဖို့ ခက်ခဲပေလိမ့်မည်။

ကြယ်တာရာကပ်ဘေးသည် လွန်ခဲ့သည့် နှစ်နှစ်သောင်းက ဖြစ်ပွားခဲ့၏။

သွေးမိစ္ဆာဧကရာဇ်၏ ကိုယ်ပွားနှစ်ယောက်ထဲမှာ ကြယ်တာရာအင်မော်တယ်ဧကရာဇ်က ကျင့်ကြံချိန် ပိုမိုတိုတောင်းလေသည်။

ထို့ကြောင့်ပင်လျှင် ကိုယ်တော်တာမင်းက ကြယ်တာရာအင်မော်တယ်ဧကရာဇ်ကို ပစ်မှတ်ထား ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သွေးမိစ္ဆာဧကရာဇ်ထံသို့ လျှောက်လှမ်းသွားလေသည်။ သူ၏ ခြေလှမ်းက နှေးကွေးသည်ဟု ထင်ရသော်လည်း သူက တစ်ခဏချင်းမှာပင် ရောက်ရှိလာခဲ့၏။

သွေးမိစ္ဆာဧကရာဇ်က အေးစက်စက် အမူအရာတစ်ခုရှိပြီး သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန် စိုက်ကြည့်နေ၏။

သူတို့နှစ်ယောက်စလုံးက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သိပ်သည်းပြင်းထန်သော စွမ်းအားနှင့်အတူ ဧရာမ မီးဖိုတစ်လုံးက လောင်ကျွမ်းလာသည့်အလား သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။

သွေးမိစ္ဆာဧကရာဇ်၏ သွေးချီက ဖြန့်ကြက်လာပြီး သူက သွေးများဖြင့် စိုရွှဲလာ၏။ သူကလည်း လက်သီးဖြင့် ပြန်လည်ပစ်ထိုးလိုက်လေသည်။

ထိုထိုးချက်သည် သိုင်းတာအိုပင်မခန္ဓာကို ဆွဲယူနှစ်မြုပ်မည့် သွေးပင်လယ်တစ်စင်းကို ဖြစ်ပေါ်လာစေသည်ဟု ထင်ရ၏။

ဘုန်း..

လက်သီးနှစ်လုံးက ကျယ်လောင်သော မြည်သံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

ကောင်းကင်နှင့်မြေကြီးက တရုန်းရုန်းထကြွသွားလေသည်။

ထို့နောက် ချက်ချင်းပင် တိုက်ပွဲနယ်​မြေတစ်ခုလုံးက ခဏမျှ တုံ့ဆိုင်းသွားပြီး အချိန်ကပါ ရပ်တန့်သွားသည်ဟု ထင်ရ၏။

အဲဒါသည် သူတို့၏ ခွန်အားချင်း ထိတွေ့ရိုက်ခတ်မှုတစ်ခုသာလျှင် မဟုတ်ဘဲ မီးနှင့်ရေကြား တိုက်ပွဲတစ်ပွဲလည်း ဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်သည် ကြောက်စရာကောင်းသော ချစ်ချစ်တောက် အပူစွမ်းအားနှင့်အတူ မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။

သွေးမိစ္ဆာဧကရာဇ်၏ ထိုးချက်သည် ဒီရေတစ်ခုကဲ့သို့ တလိပ်လိပ် ထိုးတက်လာပြီး သွေးလှိုင်းလုံးများစွာကို ဖြစ်ပေါ်လာစေ၏။

သူတို့နှစ်ယောက်ကြား ထိတွေ့ရိုတ်ခတ်မှုက ညီတူမျှတူ ဖြစ်လေသည်။

မည်သူကမှ နောက်သို့ လုံးဝ မဆုတ်ကြပေ။

တကယ်တော့ သွေးမိစ္ဆာဧကရာဇ်၏ တိုက်ခိုက်ရည်ခွန်အားက သူ၏ ကိုယ်ပွားနှစ်ယောက်ထက် များစွာသာလွန်ပြီး သာမန်ကျင့်ကြံသူများ၏ နားလည်နိုင်စွမ်းကို လွန်မြောက်သွားခဲ့လေပြီ။

အဲဒါသည် အန္တိမ နတ်ဘုရားစွမ်းအားတချို့ကို နားလည်ဆင်ခြင်ထားသော လူတစ်ယောက် ယှဉ်နိုင်သည့် တစ်စုံတစ်ရာ မဟုတ်ပေ။

မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်၏ တည်ရှိမှုကြောင့် သွေးမိစ္ဆာဧကရာဇ်သည် သူ၏ အသွေးအသားနှင့် အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် အားဖြည့်ဖို့အတွက် မျိုးဆက်သွေးများကို သန့်စင်မွမ်းမံနိုင်လေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် သွေးမိစ္ဆာဧကရာဇ်၏ စွမ်းအားက အကန့်အသတ် မရှိသလောက်နီးပါးပင်။

နှစ်လေးသောင်း​ကြာ ကျင့်ကြံခဲ့ပြီးနောက်.. သွေးမိစ္ဆာဧကရာဇ်က ဘယ်လောက်ထိ သန်မာလာမလဲ စဉ်းစားကြည့်နိုင်၏။

ပုံပြောအဘိုးအိုနှင့် အခြားသော ဧကရာဇ်များက သူတို့၏ အန္တိမ နတ်ဘုရားစွမ်းအားများကို တစ်ချိန်တည်းမှာ ထုတ်ဖော်လာမည်ဆိုလျှင်တောင် သွေးမိစ္ဆာဧကရာဇ်က သာမန်ကာလျှံကာ လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် အဲဒါတွေကို ချေဖျက်နိုင်သည်ဆိုပါက ချဲ့ကားရာကျမည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားကိုလည်း သာမန်အသိစိတ်ဖြင့် အကဲဖြတ်၍ မရပေ။

သိုင်းတာအိုပင်မခန္ဓာသည် သုတ္တန်တစ်ရာကျော်နှင့် ဓမ္မစွမ်းအားများ အားလုံးကို အရည်ဖျော်ပေါင်းစည်းထားခဲ့၏။ သူ၏ ခွန်အားကလည်း အကန့်အသတ် မရှိပေ။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံရေး တာအိုနည်းစနစ် အသစ်တစ်ခုကို လမ်းကြောင်းတစ်ခုဖွင့်လှစ်ခဲ့ပြီး ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာနှင့် သွေးမိစ္ဆာဧကရာဇ်သည် အောက်ဘုံ၏ စွမ်းအားကို အထွတ်အထိပ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူတို့သည် အထက်ဘုံမှ မဟူရာ အင်မော်တယ်များကဲ့သို့ ပညာရှင်များနှင့် အလွန်တရာ နီးစပ်နေပြီဟု ဆိုနိုင်လေသည်။

သူတို့နှစ်ယောက်နှင့် အထက်ဘုံမှ မဟူရာ အင်မော်တယ်များအကြား အကြီးမားဆုံး ကွာဟချက်မှာ သူတို့သည် အထွတ်အထိပ်ကပ်ဘေးကို မဖြတ်ကျော်ရသေးသည့်အတွက် သူတို့၏ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီများ မရှိသေးခြင်းသာ ဖြစ်၏။

ထိုထိုးချက်သည် သွေးမိစ္ဆာဧကရာဇ်ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေ၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ၏ စွမ်းအားကို ခုခံနိုင်မည့် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူက တကယ်ကို ထင်မှတ်မထားခဲ့ပေ။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သိုင်းတာအိုပင်မခန္ဓာထံမှ အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်ချင်နေသည့်အလား အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို သူက ခံစားမိနေခြင်းဖြစ်၏။

တကယ်ဆို အဲဒါက သူ့ကိုပင် လောင်ကျွမ်းပြာချပစ်နိုင်လောက်၏။

သွေးမိစ္ဆာဧကရာဇ်သည် ခြိမ်းခြောက်မှုတစ်ရပ်ကို ခံစားလာရ၏။

သို့သော်လည်း သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆန့်ကျင်တိုက်ခိုက်ရသော တိုက်ပွဲမှာ သူ၏ ထောင်ဝူသားရဲဧကရာဇ်ကိုယ်ပွားကို သူနှင့် မပူးပေါင်းစေပေ။

အကြောင်းမှာ သူသည် ထောင်ဝူသားရဲဧကရာဇ်နှင့် ပူးပေါင်းမည်ဆိုလျှင်တောင် သူက သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်နိုင်ချင်မှ ဖိနှိမ်နိုင်မည်ကို သွေးမိစ္ဆာဧကရာဇ်က နားလည်သိရှိထားသောကြောင့် ဖြစ်၏။

သို့သော်လည်း ထောင်ဝူသားရဲဧကရာဇ်သည် ကြယ်တာရာအင်မော်တယ်ဧကရာဇ်နှင့် ပူးပေါင်းမည်ဆိုပါက သူတို့သည် ကိုယ်တော်တာမင်းကို အချိန်တိုအတွင်းမှာ ဖိနှိမ်နိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် သူသည် ကိုယ်တော်တာမင်းကို ချိုးနှိမ်ပြီးနောက်.. သူ၏ တတိယမြောက် ကိုယ်ပွားအဖြစ် သန့်စင်မွမ်းမံနိုင်မည်ဖြစ်၏။

ထိုအချိန်ကျလျှင် သူ၏ မိစ္ဆာနည်းစနစ်က ပြီးပြည့်စုံသွားပြီး သူ၏ ခွန်အားကလည်း ဆပွားများစွာ တိုးလာပေလိမ့်မည်။ ထိုအခါ သူသည် သိုင်းတာအိုပင်မခန္ဓာကို သေချာပေါက် သတ်ဖြတ်လာနိုင်ပေလိမ့်မည်။

သွေးမိစ္ဆာဧကရာဇ်က အတွေးတစ်ချက်နှင့်အတူ စေညွှန်လိုက်၏။

အစက သိုင်းတာအိုပင်မခန္ဓာထံသို့ ပြေးဝင်လာနေသော ထောင်ဝူသားရဲဧကရာဇ်သည် ရုတ်တရက် ကိုယ်တော်တာမင်းဘက်သို့ လှည့်ကာ ပြေးဝင်သွားလေသည်။

“ဟမ်”

သိုင်းတာအိုပင်မခန္ဓာက ထောင်ဝူသားရဲဧကရာဇ်ကို ကျောပေးထားသော်လည်း သူက အဲဒါကို အာရုံခံမိသွားပြီး နောက်သို့ ခုန်ဆုတ်လိုက်၏။ ချက်ချင်းပင် သူက ထိုသူ၏ နောက်သို့ ရောက်ရှိသွားပြီး သူ၏ ဧရာမ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

ထောင်ဝူသားရဲဧကရာဇ်က အန္တရာယ်ကို အာရုံခံမိသွားပြီး သူ၏ ခေါင်းကို လှည့်ကာ အလောတကြီး ရှောင်တိမ်းလိုက်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုက အလွန်တရာ လျင်မြန်စွာ ဆင်းသက်လာခဲ့ပြီး ထောင်ဝူသားရဲဧကရာဇ်၏ ပခုံးကို ပစ်ရိုက်ချလိုက်၏။

ဖောင်း..

သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်ငါးချောင်းစီသို့ ခွန်အားကို ပို့လွှတ်လိုက်သောအခါ သူတို့သည် ဆေဘာများကဲ့သို့ ထက်ရှလာခဲ့၏။ သူတို့က ထောင်ဝူသားရဲဧကရာဇ်၏ အသားကို ထိုးဖောက်ပြီး သွေးများက ဖြာထွက်လာ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ကို မြှောက်ပြီး ထောင်ဝူသားရဲဧကရာဇ်၏ ပခုံးကို ဆုပ်ကိုင်ကာ ထိုသူကို ရှေ့သို့ ပစ်ပေါက်ချလိုက်၏။

ဘုန်း..

ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေသည့် ကျယ်လောင်သော မြည်သံကြီးက ထွက်ပေါ်လာ၏။

ထောင်ဝူသားရဲဧကရာဇ်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ကျွမ်းထိုးမှောက်ခုံပုံစံဖြင့် ပြင်းထန်စွာ ပစ်ကျသွားပြီး ကြီးမားသော တွင်းချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

အဲဒါက အလွန်တရာ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်၏။

သေးငယ်သော ပိုးပျံကောင်တစ်ကောင်က ငွားငွားစွင့်စွင့် မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးကို အမြစ်ကနေ ဆွဲနှုတ်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်သည့်အလားပင်။

အဲဒါသည် ခွန်အားအရာမှ ပကတိဖိနှိမ်ခြင်းဖြစ်၏။

ထောင်ဝူသားရဲဧကရာဇ်သည် သူ၏ အရွတ်များနှင့် အရိုးများက ကွဲထွက်ကုန်ပြီဟု ခံစားလိုက်ရပြီး နာကျင်မှုက မခံမရပ်နိုင်အောင်ပင်။

တစ်ခဏချင်းမှာပင် အစက ပေထောင်ချီမြင့်မားသော သူ၏ ခန္ဓာကိုယ်သည် လူသားတစ်ယောက်၏ ပုံမှန်အရပ်အမြင့်သို့ ပြောင်းလဲသွားလေသည်။

ထောင်ဝူသားရဲဧကရာဇ်က ကြောက်စရာကောင်းသော အော်ရာနှင့် ကြမ်းကြုတ်ခက်ထန်သော ခွန်အားနှင့်အတူ အလွန်ကြီးမားသော်လည်း သူက အရမ်းကို ကိုးရိုးကားယားနိုင်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်း မရှိပေ။

ထောင်ဝူသားရဲဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်ကိုသာ ဆွဲကျုံ့လိုက်ရလေသည်။

ထိုစဉ်မှာပင် သွေးမိစ္ဆာဧကရာဇ်က ရှေ့သို့တစ်ဖန် ပြေးဝင်လာပြီး သူ့လက်ထဲရှိ သေးသွယ်သော ငါးမျှားတံကို သိုင်းတာအိုပင်မခန္ဓာထံသို့ လွှဲယမ်းလိုက်၏။

ရွှစ်..

မနှိုင်းယှဉ်သာအောင် ရင်သပ်ရှုမောဖွယ်ရာကောင်းသော အဖြူရောင် အလင်းတစ်ခုက ညကောင်းကင်ယံမှာ လျှပ်စီးလက်သကဲ့သို့ ဖြာလက်လာခဲ့၏။

ငါးမျှားတံ၏ အပေါ်ယံအလွှာက တိတ်တဆိတ် ကြေမွသွားပြီး အတွင်းမှာ ရှိသော အေးစက်စက် အလင်းတစ်ခုက ထွက်ပေါ်လာ၏။

အဲဒါက ဘယ်လိုလုပ် ငါးမျှားတံတစ်ချောင်း ဟုတ်ပါ့မလဲ။

အဲဒါက ထက်ရှ၍ ပါးလွှာသော ဆေဘာတစ်လက်ဖြစ်၏။

တစ်ချိန်တည်းမှာပင် နောက်ထပ်တိုက်ပွဲနယ်မြေမှာ..

ကိုယ်တော်တာမင်းသည် ကြယ်တာရာအင်မော်တယ်ဧကရာဇ်နှင့် အနီးကပ် ဆက်တိုက်တိုက်ခိုက်နေ၏။ သို့သော်လည်း သူက ထပ်တလဲလဲ နောက်ဆုတ်ပေးနေရပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက တုန်ခါကာ သူ၏ သွေးချီက ကသောင်းကနင်း ဖြစ်လာခဲ့၏။

သူက လုံးဝကို​ အရေးနိမ့်နေ၏။

ကိုယ်တော်တာမင်း၏ ကိုယ်ကာယက အရမ်းကို သန်မာပြီး သူ၏ သွေးချီကလည်း ကြောက်စရာကောင်းလေသည်။ အရင်တုန်းက သူသည် သိုင်းတာအိုပင်မခန္ဓာနှင့်ပင် အနီးကပ် တိုက်ခိုက်နိုင်ခဲ့လေသည်။

သို့သော် ယခုအခါ သူသည် ကြယ်တာရာအင်မော်တယ်ဧကရာဇ်၏ အပြတ်အသတ် ဖိနှိမ်ခြင်းကို ခံနေရ၏။

ကြယ်တာရာအင်မော်တယ်ဧကရာဇ်သည် နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီး အနည်းဆုံး သူက ကိုယ်တော်တာမင်းထက် အသက် နှစ်နှစ်သောင်း ပိုကြီးလေသည်။

(လွန်ခဲ့သည့်နှစ်လေးသောင်းက ကိုယ်တော်တာမင်း၏ ခန္ဓာကိုယ်နှင့် ကျင့်ကြံမှုများက ပျက်ဆီးသွားခဲ့ပြီးပြီဖြစ်၏။)

အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်များမှာ ကြယ်တာရာအင်မော်တယ်ဧကရာဇ်သည် လုံးဝ အရေးနိမ့်ခြင်း မရှိပေ။

ဤအတိုင်းသာ ဆက်သွားလျှင် ကိုယ်တော်တာမင်းသည် ကြယ်တာရာအင်မော်တယ်ဧကရာဇ်၏ လက်ချက်ဖြင့် သေသည့်တိုင်အောင် ထုရိုက်ခံရပေလိမ့်မည်။

ကိုယ်တော်တာမင်းသည် အဆက်မပြတ် နောက်ဆုတ်ပြီး သူ၏ လက်ညိုးကို ရုတ်တရက် ကိုက်ကာ သူ၏ သွေးကို ဖိတ်စင်ထွက်လာစေ၏။

သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာကာ အေးစက်နေသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ သွေးစွန်းနေသော လက်ညိုးကို ဝှေ့ယမ်းပြီး သူ၏ ရှေ့တွင် သွေးနီရောင် စာလုံးတစ်လုံးကို အလျင်အမြန် ရေးဆွဲလိုက်လေသည်။

‘သတ်…’

အဲဒါသည် ထာဝရလူသားဧကရာဇ်၏ အန္တိမ နတ်ဘုရားစွမ်းအား၊ သတ်ဖြတ်ခြင်း စကားလုံးပညာရပ်ဖြစ်၏။

ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းအားတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာ၏။

သတ်ဆိုသော စကားလုံးက ချက်ချင်းပင် ဖြစ်ပေါ်လာပြီး အလွန်တရာ ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ၎င်းက ကြယ်တာရာအင်မော်တယ်ဧကရာဇ် ရှိရာသို့ ပြေးဝင်သွားပြီး ထိုသူကို သတ်ဖြတ်ချင်လေသည်။

“ဟီးဟီး”

ကြယ်တာရာအင်မော်တယ်ဧကရာဇ်က လှောင်ရယ်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဝင်ရောက်လာသော သတ်ဖြတ်ခြင်း စကားလုံးကို လက်ညိုးထိုးကာ အော်ငေါက်လိုက်၏။

“ကြယ်တာရာ ဖလှယ်ခြင်း”

အဲဒါသည် အန္တိမ နတ်ဘုရားစွမ်းအား၊ ကြယ်တာရာ ဖလှယ်ခြင်းဖြစ်၏။

ထိုနတ်ဘုရားစွမ်းအား ထွက်ပေါ်လာပြီးနောက်.. ထူးဆန်းသော နတ်ဘုရားစွမ်းအားတစ်ခုက သတ်ဖြတ်ခြင်း စကားလုံးပညာရပ်ကို လွှမ်းခြုံသွား၏။

ရုတ်တရက်.. ကြယ်တာရာအင်မော်တယ်ဧကရာဇ်သည် အခြားသော တိုက်ပွဲနယ်မြေမှာ ရှိသည့် သိုင်းတာအိုပင်မခန္ဓာကို လှည့်ကာ လက်ညိုးထိုးလိုက်လေသည်။

သတ်ဖြတ်ခြင်း စကားလုံးပညာရပ်သည် ဦးတည်ဘက် ပြောင်းလဲသွားပြီး သိုင်းတာအိုပင်မခန္ဓာ ရှိရာသို့ ပစ်ဝင်သွားလေသည်။

All Chapters