← Chapters

တတိယအကြိမ် ရှုံးနိမ့်ခြင်း

Vol. 9 Ch. 113

တတိယအကြိမ် ရှုံးနိမ့်ခြင်း

Vol. 9 Ch. 113

ယွမ်ဟောင်မှာ ကြားလိုက်ရသည်ကိုပင် မယုံနိုင်ဖြစ်သွား၇၏။ "တစ်သန်း ဟုတ်လား" သူက ဇဝေဇဝါဖြင့်ထပ်မေးလာသည်။ အတွေးများမှာ ဟိုဟိုသည်သည်လျှောက်ပြေးလျက်။ တစ်သန်းဆိုလောက်ပြီလားတဲ့။ သူ့အတွက်တော့ ကျင့်စဥ်ကိုအရယူဖို့ လိုသည်ထက်ပင်ပိုနေသောပမာဏဖြစ်သည်။ ဖုန့်ချန်းသာသူ့ကိုယုံကြည်လျှင် ပြီးတော့ ပိုက်ဆံလည်းလည်းလုံလုံလောက်လောက်ပါလျှင် အများဆုံးမှ ငါးသိန်းလောက်ချေးပေးလာလိမ့်မည်ဟု တွက်ထားခဲ့တာဖြစ်သည်။

ဒါပေမယ့် တစ်သန်းတဲ့လား?

လေလံပွဲကခုထိပြီးသေးတာလည်းမဟုတ်။ နောက်လာမည့်ရတနာတွေကိုကြည့်ဖို့ သူလည်းပိုက်ဆံချန်ထားရဦးမှာ မဟုတ်ဘူးလား?

"မလောက်ဘူးလား လိုရမည်ရ တစ်သန်းခွဲလောက်ယူသွားပေါ့ အဲ့ဆို"

ပြိုင်ဘက်ထျန်းလုံမိသားစု၏အင်အားကိုတွက်ကြည့်ပြီး သူတို့ကိုယှဥ်ပြိုင်ရန်မှာ တစ်သန်းဖြင့်မလုံလောက်နိုင်ဟု ဖုန့်ချန်းတွေးလိုက်မိသည်။

သူ့ဘက်မှ တစ်သန်းခွဲချေးပေးရန်ရည်ရွယ်ထားသော်လည်း ထျန်းလုံချီက အဲ့ထက်ပိုပေးလာရင်လည်း သူ့အတွက်နစ်နာတာမျိုးမရှိနိုင်ပါချေ။

(***ပြင်ဆင်ချက်*** အရှေ့အပိုင်းတွေမှာတည်းက မူရင်းမှာကိုက နာမည်မှားရေးခဲ့လို့ အခုအမှန်ပြန်ပြင်ပေးထားပါတယ်။ လေလံဆွဲနေတာ ထျန်းလုံယုမဟုတ်ပါဘူး။ ထျန်းလုံမိသားစုခေါင်းဆောင်ဖြစ်တဲ့ ထျန်းလုံချီပါ။ ခုကစပြီး အမှန်ပြင်ထားတဲ့အတိုင်းသုံးသွားပါ့မယ်)

နောက်ဆုံးမှာတော့ သူ့အိတ်ထဲခုန်ဆင်းလာမယ့်ပိုက်ဆံတွေပဲမဟုတ်လား?

"တစ်သန်းခွဲဟုတ်လား"

ယွမ်ဟောင်မှာ အူကြောင်ကြောင်ဖြင့်ပြန်မေးလာပြန်သည်။

(ဖုန့်မိသားစုခေါင်းဆောင်မှာ ပိုက်ဆံတွေဘယ်လောက်တောင်ရှိနေတာတုန်းဟ)

ယွမ်ဟောင်အတွေးများသွားရသည်။ လေလံပွဲကို သူ့မြို့မှာကျင်းပလျှင်ပင် ထိုတစ်သန်းခွဲကို အချိန်တိုအတွင်းရဖို့ သူအတော်လေးခြစ်ခြစ်ကုပ်ကုပ်လိုက်စုဆောင်းရဦးပေမည်။ ဖုန့်ချန်းလို အိတ်ထဲထည့်ပြီးနေရာတကာသယ်သွားဖို့ကား လုံးဝမဖြစ်နိုင်ပါ။

ဖုန့်ချန်းစနောက်နေခြင်းများလားဟု သူတွေးနေချိန်မှာပင် ပိုက်ဆံထည့်ထားသောသိုလှောင်လက်စွပ်ကို ဖုန့်ချန်းကသူ့ထံကမ်းပေးလာလေသည်။

ယွမ်ဟောင် သိုလှောင်လက်စွပ်ထဲကိုတစ်ချက်စစ်ကြည့်လိုက်သော် ဖုန့်ချန်းပြောသလို တစ်သန်းခွဲပါနေသည်အားတွေ့လိုက်ရ၏။

စိတ်လှုပ်ရှားမှုကြောင့် သူရင်တုန်ပန်းတုန်ပင်ဖြစ်သွားရသော်ငြား တည်ငြိမ်သည့်အမူအရာကိုအမြန်ပြန်လည်ထိန်းသိမ်းလိုက်ပြီး လေးနက်ရိုသေစွာ ဦးညွှတ်ပြလိုက်သည်။

"ဖုန့်မိသားစုခေါင်းဆောင် ဒါကရက်ရောတာထက်ကိုပိုပါတယ် ကျုပ်လည်း ပေးထားတဲ့ကတိကိုသေချာတည်ပြီး အရင်းအမြတ် အပြည့်ပြန်ဆပ်ပါ့မယ်"

သိကျွမ်းတာ တစ်ရက်တာပင်မကြာသေးသူ ဖုန့်ချန်းသည် သူ့ကိုဤမျှယုံကြည်ပေးပြီး တစ်သန်းခွဲမျှသောပမာဏကို မတွ့န်မတိုချေးငှားပေးလာမည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။

ဖုန့်ချန်းက အသာပြုံးလျက် ဘာမှမဖြစ်သလို လက်ကိုခါရမ်းပြလိုက်သည်။ "အဲ့လောက်ရိုသေနေဖို့မလိုပါဘူးဗျာ သဘောတူညီချက်အတိုင်း လုပ်ပေးဖို့ပဲလိုပါတယ်"

ယွမ်ဟောင်ခေါင်းညိတ်လိုက်ပြီး သူ့နေရာသို့အမြန်ပြန်လာလိုက်သည်။ ထျန်းလုံချီက တစ်သန်းပစ်ပေးပြီး လေလံဈေးကိုအမြန်မြှင့်ပစ်လိုက်တာကြောင့် စကားစမြည်ပြောနေဖို့အချိန်မရှိတော့ပါပေ။

ယွမ်ဟောင်ကတော့ လေလံပွဲပြီးလျှင် ဖုန့်ချန်းကို တစ်ခါလောက်မှတ်မှတ်ရရ ကျေးဇူးထပ်တင်ဖို့ စဥ်းစားထားပါသည်။

အခုအချိန်မှာတော့ မြေကမ္ဘာအလယ်အလတ်ဆင့်ဓားသိုင်းကျင့်စဥ်ကို အရယူနိုင်ဖို့က ပထမဦးစားပေးပင်။

ယွမ်မိသားစုသီးသန့်ခန်းသို့ ယွမ်ဟောင်ပြန်ရောက်ချိန်တွင် ကြေညာသူမှာ လေလံဈေးတစ်ကြိမ်နှစ်ကြိမ် အော်နေပြီဖြစ်၏။ အသံမှာ ဟောခန်းတစ်လွှားပဲ့တင်ထပ်လျက်။

"တစ်သန်း တစ်သိန်း"

သူချက်ချင်း ဈေးခေါ်လိုက်သည်။

ထျန်းလုံချီသာမက သူ့မိသားစုမှအကြီးအကဲများရော မျိုးဆက်သစ်ကလေးများပါ အံ့သြမှုဖြင့်ကြောင်အသွားတော့သည်။

"အဖေ ပိုက်ဆံဘယ်ကရလာတာလဲ"

ယွမ်ကျိရန်က မတွေးတတ်တော့သလိုမေးလာသည်။

သူတို့ပါသမျှထဲက အတော်များများကို ယွင်ဟိုင်မိသားစုအားချေးငှားလိုက်ပြီဟု သူမသိထားတာပင်။

(ထျန်းလုံမိသားစုနဲ့ယှဥ်ဖို့ ဒီပိုက်ဆံတွေကို ဘယ်ကရလာတာပါလိမ့်နော်)

"ဟားဟား နောက်တော့ဖေဖေပြောပြမှာပေါ့ကွာ အခုတော့လေလံပွဲကိုအာရုံစိုက်လိုက်ဦးမယ်"

ယွမ်ဟောင်က ထိုသို့သာပြန်ဖြေလာသည်။

ယွမ်ကျိရန်နှင့်အခြားမိသားစုဝင်များလည်း မေးခွန်းများကိုမျိုသိပ်ထားပြီး ယွမ်ဟောင်ကိုမနှောင့်ယှက်တော့ဖို့သာဆုံးဖြတ်လိုက်ကြ၏။

ဒီကျင့်စဥ်က သူတို့မိသားစုအတွက် မည်မျှအဓိပ္ပာယ်ရှိမှန်း သူတို့ကိုယ်တိုင်လည်းသိပါ၍ ယွမ်ဟောင်ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကျင့်စဥ်ကိုသာရနိုင်မည်ဆိုလျှင် အများကြီးတွေးပူနေစရာမရှိပါ။

ကြေညာသူ၏အသံမှာ ဆက်လက်ပျံ့လွင့်လျက်ရှိသည်။

"တစ်သန်း နှစ်သိန်း"

"တစ်သန်း သုံးသိန်း"

ထျန်းလုံချီဘက်မှ ဈေးထပ်ခေါ်လာသည်နှင့် ယွမ်ဟောင်သည်လည်းတွန့်ဆုတ်မနေဘဲ တစ်သိန်းထပ်တိုးခေါ်ပစ်သည်။

ယွမ်ဟောင်ဘက်က အပူအပင်မရှိသည့်နှယ် ဈေးကိုဆက်တိုက်ထပ်တိုးနေသဖြင့် ထျန်းလုံချီ၏မျက်လုံးအကြည့်များ မတည်မငြိမ်ဖြစ်လာပြီး ဆောင့်ကြွားကြွားဟန်လည်း လွင့်ပျယ်သွားရတော့သည်။ ခန်းမတစ်ခုလုံးမှာ ပွစိပွစိသံများဆူညံနေပြီး လေလံပွဲကိုသိပ်စိတ်မဝင်စားသူများပင် ဤယှဥ်ပြိုင်ပွဲအပြောင်းအလဲကို စိတ်ဝင်စားလာကြတော့၏။

"တစ်သန်း လေးသိန်း" ထျန်းလုံချီက အံကြိတ်ပြီးထပ်မြှင့်လိုက်သည်။ သူဂနာမငြိမ်ဖြစ်နေသည်မှာ သိသာနေလေပြီ။ တတိယအကြိမ်တော့ အရှုံးမပေးနိုင်။ ကျင့်စဥ်အတွက် အဲ့လောက်ပေးဖို့မလိုဘူးဆိုရင်တောင် သူ့သိက္ခာကိုအဖတ်ဆယ်ဖို့ ကြိုးစားရမည်ပင်။

တစ်ကြိမ်ရှုံးသည်ကို သူလက်ခံနိုင်ပါသေး၏။ နှစ်ကြိမ်မြောက်မှာလည်း အေးခဲမြူခိုးဂိုဏ်းနှင့်ဖြစ်သည့်အတွက် ရှိစေတော့။ သို့သော် သုံးကြိမ်မြောက်အရှုံးတဲ့လား?

သူအလှောင်ပြောင်ခံဘဝကိုရောက်ရတော့မှာလား? အမြဲတိုက်ခိုက်ယှဥ်ပြိုင်နေပေမယ့် ဒုတိယနေရာနှင့်သာထိုက်တန်တဲ့သူလား?

ထို့ကြောင့် ဒီတစ်ကြိမ်တော့ ရှိသမျှပိုက်ဆံ အကုန်ပြောင်သွားပါစေ၊ သူရအောင်လုမည်သာပင်။

"တစ်သန်းခွဲ"

ယွမ်ဟောင်၏အသံမှာ တည်ငြိမ်ပြတ်သားသည်။ လေလံဈေးမှာလည်း အဆက်မပြတ်မြင့်တက်လို့နေသည်။ လူအုပ်ကြီးမှာ မြေကမ္ဘာအလယ်အလတ်ဆင့်ကျင့်စဥ်တစ်ခုအတွက် မလျှော့စတမ်းတိုက်ခိုက်နေကြသော ယောက်ျားသားနှစ်ဦးအား ရင်ခုန်စိတ်လှုပ်ရှားစွာ စုန်ချည်ဆန်ချည်စောင့်ကြည့်လို့နေကြ၏။ တီးတိုးသံများမှာ မပြတ်ထွက်ပေါ်လို့နေပြီး အများစုကတော့ ယွမ်မိသားစုဘယ်‌လောက်‌တောင်ချမ်းသာသည့်အကြောင်း ဆွေးနွေးခန့်မှန်းနေကြတာပင်။

ထျန်းလုံချီ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူလုံးဝမရှုံးချင်တော့ပါ။ သို့သော်လေလံဈေးက တအားမြင့်နေလေပြီ။

"သခင်ကြီး ရပ်လိုက်ပါတော့ ကျွန်တော်တို့အဲ့လောက်အများကြီးမပေးနိုင်ဘူးလေ"

"ယွမ်ဟောင် ဒါကိုရအောင်ယူဖို့စိတ်ပိုင်းဖြတ်ထားပုံပဲ ကျွန်တော်တို့ရပ်လိုက်တာကောင်းမယ်နော်"

"ဒီညအတွက် နောက်ထပ်မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခု ထပ်ရှိချင်ရှိနေဦးမှာပေါ့ ဘယ်ပြောလို့ရမလဲ"

ထျန်းလုံချီတစ်ယောက် ခေါင်းမာမာဖြင့်ဆက်လိုက်‌နေမည့်ပုံပေါ်သောကြောင့် ထျန်းလုံမိသားစုအကြီးအကဲများပါ သူ့ကိုဝိုင်းဝန်ဖျောင်းဖျလာရသည်။

ထျန်းလုံချီအရှုံးမပေးချင်သော်ငြား ပေးလိုက်ရမည်သာ။ သူကမိသားစုခေါင်းဆောင်ဖြစ်နေရင်တောင် အကြီးအကဲများ၏သဘောတူညီချက်မပါဘဲ ငွေပမာဏအဲ့လောက်အများကြီး ထုတ်သုံးလို့မရနိုင်ပေ။

ကြေညာသူမှ တစ်ကြိမ်နှစ်ကြိမ်စတင်ရေတွက်လာသည်နှင့် သူ့ပါးစပ်ထဲမှာ ရှုံးနိမ့်ခြင်း၏အရသာအဖြစ် ခါးသက်လာသလိုခံစားရ၏။

"တစ်သန်းခွဲ တစ်ကြိမ် နှစ်ကြိမ်"

"ရောင်းချလိုက်ပါပြီ အရိပ်ဓားသွားကို ရွှေဒင်္ဂါးတစ်သန်းခွဲနဲ့ အနိုင်ရသွားတဲ့ ယွမ်မိသားစုကို ဂုဏ်ပြုပါတယ်ခင်ဗျာ"

လေလံကိုအဆုံးသတ်သည့်အနေဖြင့် ကြေညာသူက တုံးထုလိုက်တော့သည်။ ယွမ်ဟောင်မှာလည်း အနိုင်ရသွားတာသေချာမှ စိတ်လက်ပေါ့ပါးကြည်သာသွားဟန်ပင်။

အရိပ်ဓားသွားကျင့်စဥ်မှာ သူတို့အပိုင်ဖြစ်သွားပေပြီ။ ထိုကျင့်စဥ်နှင့်သာဆိုလျှင် သူတို့မိသားစုမှာ ပိုမြင့်သည့်အဆင့်တစ်နေရာသို့ တက်လှမ်းနိုင်မည်မလွဲပေ။

ယွမ်ဟောင် ပစ္စည်းကိုလက်ခံရယူနေချိန်တွင် အသိအမှတ်ပြုဟန်ဖြင့် ခေါင်းတညိတ်ညိတ်ဖြစ်နေသော ဖုန့်ချန်းဘက်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ ဒီအောင်မြင်မှုကို ဖုန့်မိသားစု၏အကူအညီမပါဘဲ ရယူရန်မဖြစ်နိုင်ပါပေ။

ထျန်းလုံချီမှာ ဒေါသမီးတောက်လျက် တောင့်တောင့်ကြီးရပ်နေဆဲပင်။

ချင်းယွင်မြို့တော်တစ်ခုလုံးကို အုပ်စိုးချုပ်ကိုင်နိုင်ခဲ့သော တစ်ချိန်ကအင်အားကြီးထျန်းလုံချီသည် အများရှေ့တွင် အရှက်ခွဲခံလိုက်ရလေပြီ။

သူတို့နှင့် အဆင့်အတန်းအတူတူလောက်ရှိမည့် ယွမ်မိသားစုကိုလည်း သူပတ်မရမ်းရဲပါပေ။

ထို့အပြင် ယွမ်ကျိရန်မှာ ဆန်းကြယ်မီးတောက်ဂိုဏ်း၏ တပည့်ကြီးတစ်ဦးဖြစ်သဖြင့် ယွမ်မိသားစုနှင့် ဆန်းကြယ်မီးတောက်ဂိုဏ်းကြားကဆက်ဆံရေးမှာ သူတို့မိသားစုနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကြားက ဆက်ဆံရေးထက် ပိုမိုနက်ရှိုင်းခိုင်မာမည်မလွဲပေ။

ထျန်းလုံချီမှာ သူ့ကိုအနိုင်ယူသွားသောပြိုင်ဘက်ထံသို့ အပြုံးတုတပ်ဆင်၍ နောက်တစ်ကြိမ်သွားရောက် ဂုဏ်ပြုစကားဆိုရပေဦးမည်။

All Chapters