← Chapters

ဖုန့်ချန်း၏ အပျော်ရှော်ပင်ထွက်ခြင်း

Vol. 9 Ch. 114

ဖုန့်ချန်း၏ အပျော်ရှော်ပင်ထွက်ခြင်း

Vol. 9 Ch. 114

ဖုန့်ချန်းမှာ သူစာရင်းအပ်ထားသည့်ထဲက နောက်ဆုံးသောပစ္စည်း တစ်သန်းခွဲဖြင့်ရောင်းထွက်သွားသည်ကို တွေ့လိုက်ရသည်။

ဒီလေလံပွဲတစ်ခုတည်းဖြင့်ပင် သူ့အတွက် စုစုပေါင်း၆သန်းလောက်ရနေပြီဖြစ်၏။

(လတ်တလောတော့ ပိုက်ဆံကိစ္စစိတ်ပူစရာမလိုတော့ဘူးထင်ပါ့)

ဖုန့်ချန်းတွေးနေမိသည်။

ငွေပမာဏဒီလောက်အများကြီးနှင့်ဆိုလျှင် ဖုန့်မိသားစု၏စီးပွားရေးအခြေအနေကို အကြီးအကျယ်ပြောင်းလဲတိုးချဲ့လိုက်လို့ ရနိုင်ပေသည်။

ဖုန့်အိမ်တော်သို့ရောက်လျှင် အကျိုးအမြတ်များသည့် ရင်းနှီးမြှုပ်နှံမှုများကို ဘယ်လိုစီစဥ်သင့်ကြောင်း သူအခုကတည်းက စတင်တွက်ချက်နေပေပြီ။

လေလံပွဲကိုဆက်လက်ကျင်းပနေပြီး ခန်းမတွင်းရှိလေထုမှာ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေသည်။ အများစုကတော့ နောက်လာမည့်ပစ္စည်းဟာလည်း မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုပင်ဖြစ်နိုင်ကြောင်း ကြိုခန့်မှန်းထားကြသည်။ ကြေညာသူသည် သေးငယ်လှပပြီး အနုစိတ်ခြယ်မှုန်းထားသော အလင်းခပ်ဖျော့ဖျော့ဖြာထွက်နေသည့် သေတ္တာလေးတစ်လုံးကို သယ်ဆောင်ထွက်ပေါ်လာသည်။

"နောက်ပစ္စည်းတစ်ခုကတော့ ဝိဉာဥ်အားဖြည့်ဆေးရည်ပဲဖြစ်ပါတယ် ဒီရောစပ်မှုဟာ ဝိဉာဥ်စွမ်းအင်ကိုတိုးမြှင့်ပေးနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း တစ်ဖန်ပြန်လည်လန်းဆန်းကျန်းမာစေပါတယ် စိတ်ဝိဉာဥ်ကိုလည်း အင်အားပြည့်ဝစေပါတယ် အဖွင့်ဈေးကတော့ ရွှေဒင်္ဂါးတစ်သိန်းဖြစ်ပါတယ်ခင်ဗျာ"

နောက်တစ်ခုက မြေကမ္ဘာအဆင့်ကျင့်စဥ်မဟုတ်သဖြင့် လူအများစိတ်ပျက်သွားကြသော်လည်း နားလည်ပေးနိုင်ပါသည်လေ။

မြေကမ္ဘာအဆင့်ကျင့်စဥ် သုံးခုတောင်ရောင်းချပြီးမှတော့ နောက်တစ်ခုထပ်ရောင်းမယ်ဆိုရင် အတော်လေးများသွားပြီလေ။

အများစုမှာ လေလံပွဲတွင် စိတ်ဝင်စားမှုများလျော့ကျသွားရသည်။ အထူးသဖြင့် မြေကမ္ဘာအဆင့်ကျင့်စဥ်နောက်တစ်ခုကို လည်တစ်ဆန့်ဆန့်မျှော်လင့်နေသော ထျန်းလုံယုပါပေ။

တစ်ဖက်တွင်မူ ကြေညာလိုက်သောပစ္စည်းအကြောင်း ကြားလိုက်ရသည်နှင့် ဖုန့်ယွင်၏မျက်လုံးအစုံ တောက်ပသွားရသည်။ ဒီပစ္စည်းကို လေလံတင်မည်ဖြစ်ကြောင်း သူအစောကတည်းကကြားသိခဲ့ရပြီး လိုလည်းလိုချင်ခဲ့ပေသည်။ ဆရာသခင်မင်ဟောင်အတွက် ဖြစ်ပါ၏။

အဆင့်ခြောက်သားရဲအမြုတေများနှင့် မြေကမ္ဘာအဆင့်ကျင့်စဥ်များသာမပါဝင်လျှင် ဒီပစ္စည်းမှာ အဓိကရောင်းကုန်တွေထဲကတစ်ခုဖြစ်ပေမည်။

သို့သော် မတိုင်မီက မြေကမ္ဘာအဆင့်ကျင့်စဥ်များကြောင့် အလန့်တကြားဖြစ်သလောက်နီးနီး အံ့သြခဲ့ရသည့် လူအုပ်ကြီးမှာ ဒီပစ္စည်းကို သိပ်စိတ်ဝင်စားဟန်မရှိကြတော့ပါပေ။

စွမ်းအားကြီးမိသားစုများနှင့် ဂိုဏ်းဂဏများရောက်ရှိနေခြင်းကြောင့် အစကတော့ ဒီပစ္စည်းကို သူမရနိုင်လောက်ဟုထင်ခဲ့ပေသည့် အခုချိန်မှာတော့ သူတို့အားလုံးလည်း အာရုံရှိကြပုံမပေါ်တော့။

"အစ်ကိုကြီး ကျွန်တော်အဲ့ဆေးရည်လိုချင်တယ်" ဖုန့်ယွင်က သူ့အစ်ကိုဘက်သို့ယိမ်းလျက် အလောတကြီးတောင်းဆိုလာသည်။ ဖုန့်ချန်း ဖုန့်ယွင်ကိုတစ်ချက်အကဲခတ်လိုက်ပြီးနောက် ထိုဆေးရည်ကိုဘာကြောင့်လိုချင်မှန်းသိသွားရသည်။

‌ဆေးရည်ဝယ်ရခြင်းအကြောင်းရင်းမှာ သူ့လက်စွပ်တွင်းကထိုဝိဉာဥ်အတွက်ဖြစ်မည်မှန်း သိသာပါ၏။ ဖုန့်ယွင်ထံတွင် ဝိဉာဥ်တစ်ခုကပ်နေ,နေမှန်း ဖုန့်ချန်းသတိမထားမိခဲ့ဘူးဆိုလျှင်တောင် ထိုကောင်လေးအခုလိုအလောတကြီးဖြစ်နေပုံအရ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုအတွက်လိုအပ်နေခြင်းမှန်း ခန့်မှန်းလို့ရပါသည်။

ဖုန့်ယွင်မှာ အမှန်တကယ်လိုချင်နေသည့်အရာရှိလာလျှင်တောင် သူ့တည်ငြိမ်မှုကိုတော့ မပျက်ပြားအောင်ထိန်းသိမ်းနိုင်သူပင်။ သို့သော် သူ့အတွက်နက်နက်နဲနဲအရေးပါနေသူတစ်ဦးအတွက် ဆိုလျှင်မူ ဤသို့ကွဲပြားသွားတတ်၏။

ယခုကဲ့သို့ မတည်မငြိမ်နှင့် အလျင်လိုနေသည့်အမူအရာ ပေါ်လာတတ်သည်သာ။

"ဟားဟား ဝယ်ပေးမှာပေါ့ကွာ ခုကတည်းကမင်းအပိုင်ဖြစ်နေပါပြီ"

ဖုန့်ချန်းက ယုံကြည်မှုအပြည့်ဖြင့်ပြန်ပြောလိုက်သည်။ သူ့မှာကျန်သော ရွှေဒင်္ဂါး၄သန်းခွဲကို မည်သူကအနိုင်ယူနိုင်ပါမည်နည်း?

သူ့မှာပိုက်ဆံမရှိလို့ ခြစ်ခြုတ်ဝယ်ပေးရမည်ဆိုလျှင်တောင် သူ့ညီလေးကတော့ လိုချင်တာကိုရစေရမည်။

လေလံပွဲစသည်နှင့် ဖုန့်ချန်းကယုံကြည်မှုအပြည့်ဖြင့် ဈေးခေါ်လာသည်။ "နှစ်သိန်း"

လူတွေကြားထဲတွင် တီးတိုးသံများထွက်ပေါ်လာပြန်တော့သည်။

"ဘာလဲဟ သူက"

"ကောင်းကင်မီးတောက်ငှက်မွှေးကိုဝယ်ပြီး ဖုန့်မိသားစုမွဲပြာကျသွားပြီထင်နေတာ"

"အဲ့လောက်ပိုက်ဆံပေါနေလည်း ဘာလို့တစ်ခြားပစ္စည်းတွေကျဝင်မဝယ်လဲ"

...........

အများစုမှာ ဖုန့်ချန်းတစ်ယောက် ပါလာသမျှပိုက်ဆံကို ကောင်းကင်မီးတောက်ငှက်မွှေးအတွက် အကုန်ဖြုန်းပစ်လိုက်ပြီဟု ထင်မှတ်ခဲ့ကြတာဖြစ်သည်။

ဖုန့်ချန်းမှာလည်း ဘာပစ္စည်းမှထပ်ဝင်မဝယ်တော့ဘဲ ဆိတ်ဆိတ်သာထိုင်နေသည့်အတွက် ထိုသို့ကောက်ချက်ချလိုက်ကြတာပင်။

ယခုတော့ သူတို့အထင်မှားနေပြီဖြစ်ကြောင်း ဖုန့်ချန်းကသက်သေပြလာတော့သည်။

တစ်ဖက်တွင်တော့ ဖုန့်ချန်းထံမှ ငွေအလုံးလိုက်အရင်းလိုက်ချေးငှားခဲ့သူ ယွမ်ဟောင်မှာ ဖုန့်ချန်းငွေပေါလှကြောင်းသိထားသဖြင့် ခပ်တည်တည်ပင်။

သို့သော် သူ့ကိုရွေဒင်္ဂါးတစ်သန်းခွဲချေးပြီးနောက် ပိုက်ဆံဤမျှထပ်ကျန်နေသည်အား သူလည်းအံ့သြယူရသည်ပင်။

"အဲ့လူမှာ ပိုက်ဆံတွေဘယ်လောက်တောင်ပါလာတာပါလိမ့်"

ယွမ်ဟောင်ခပ်တိုးတိုးရေရွတ်ရင်း ဖုန့်ချန်းထိုမျှပိုက်ဆံအများကြီးကို ဘယ်ကရလာတာဖြစ်မည်နည်းဟု တွေးမိလာသည်။

သူ့ဘက်က ဖုန့်မိသားစုကို အစကတည်းကအထင်သေးခဲ့ခြင်းမရှိဘဲ အဆင့်အတန်းမြင့်သည့်မိသားစုဟုမှတ်ချက်ချထားခဲ့သော်ငြား ယခုသိလာသမျှအရတော့ သူဒီ့ထက်အထင်ကြီးဖို့လိုခဲ့သည်ပင်။

ဖုန့်မိသားစုမှာ သူခန့်မှန်းထားသည်ထက် ပိုစွမ်းအားကြီးကာ လျှို့ဝှက်နက်နဲသည့် မိသားစုတစ်ခုဖြစ်နေခဲ့သည်။

"ဆန်းကြယ်မီးတောက်ဂိုဏ်းကိုရော မုန်တိုင်းဝိဉာဥ်နန်းတော်ကိုပါ မကြောက်မရွံ့ဖြစ်နေတာ မဆန်းတော့ပါဘူး"

ယွမ်ဟောင်ထိုသို့တွေးမိသည်။

သူရုတ်တရတ် သမီးဖြစ်သူကိုလှည့်ကြည့်လိုက်သည်။ ဒီကောင်မလေးကို ဖုန့်မိသားစုနဲ့နေရာချထားပေးရင်ကောင်းမလား? ဖုန့်ယွင်နဲ့ဆိုရင်တော့ အကောင်းဆုံးပေါ့။

သို့သော် သူခေါင်းကိုသာခါယမ်းမိသည်။

မဖြစ်နိုင်သည့်အတွေးမှန်း သူသိနေပါ၏။

ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် ဖုန့်မိသားစုမှာ ရန်ဘက်အကြီးစားတွေဖြစ်နေရုံသာမက ဖုန့်ယွင်၏တစ်ချိန်ကသတို့သမီးလောင်းမှာလည်း ယွမ်ကျိရန်အထူးလေးစားအထင်ကြီးပုံရသော ဂျူနီယာညီမလေး လင်းမေယုပင်။

သေချာပေါက် သူ့အစီအစဥ်ကို ချက်ချင်းငြင်းဆန်ပုန်ကန်မည်မလွဲပေ။ သူ့အနေနှင့်လည်း အဲ့ကောင်မလေးကို တွန်းအားပေးလို့မရ။

လင်းမိသားစုမှာ ငါးကြီးကြီးကိုမှလွှတ်ပေးလိုက်မိပြီး သူကိုယ်တိုင်ကလည်း ထိုငါးကြီးကိုမိအောင်မဖမ်းနိုင်သည့်အခြေအနေတွင်သာ ဟု ယွမ်ဟောင်စိတ်ချဥ်ပေါက်ပေါက်တွေးမိသည်။

စကားနားမထောင်တဲ့သမီးမှ မွေးထားမိတာကိုး။

"နှစ်သိန်း တစ်ကြိမ် နှစ်ကြိမ်"

တုဖက်ယှဥ်ပြိုင်လိုသူ တစ်ဦးမှမရှိသည့်ပုံပင်။

ဖုန့်မိသားစုနှင့် ယှဥ်လုနိုင်သည့် မိသားစုများဂိုဏ်းများမှာလည်း အစောကပစ္စည်းကောင်းတွေကိုလုဝယ်ရင်း ချွတ်ခြုံကျသွားကြလေပြီ။

ထို့အပြင် ဝိဉာဥ်အားဖြည့်ဆေးရည်အတွက်ဖြင့် ရွေဒင်္ဂါးနှစ်သိန်းထက်ပိုဖြုန်းဖို့ဆိုသည်မှာ ရူးမိုက်သောဆုံးဖြတ်ချက်တစ်ခုပင်မဟုတ်သည်လော။

ထိုပစ္စည်းမှာလည်း ကောင်းကင်မီးတောက်ငှက်မွှေးကဲ့သို့ပင်။ တန်ဖိုးရှိသည်မှန်သော်ငြား အဆင့်ခြောက်သားရဲအမြုတေနှင့် မြေကမ္ဘာအဆင့်ကျင့်စဥ်များလောက် အသုံးဝင်ခြင်းမရှိပေ။

တစ်ယောက်ယောက်က ဝယ်လှချင်ပါချည်ရဲ့ဆိုလျှင်တောင် အမြင့်ဆုံးပေးလိုသည့်ဈေးမှာ နှစ်သိန်းသာဖြစ်မည်ပင်။

"‌ရောင်းချလိုက်ပါပြီ နောက်ထပ်ရတနာတစ်ခုပိုင်ဆိုင်ရခြင်းအတွက် ဖုန့်မိသားစုကို ဂုဏ်ပြုပါတယ်ခင်ဗျာ"

ကြေညာသူမှ ဂုဏ်ပြုစကားဆိုလာသည်။

နောက်ပစ္စည်းတစ်ခုကိုလည်း ထုတ်ဖော်ပြသလေပြီ။ လှပတင့်တယ်ပြီး အနုစိတ်စီခြယ်ထားသော ရေဖလားစင်တစ်လုံးပင်။ သန့်စင်၍ သက်ဝင်တက်ကြွစေသော ရေစင်များကို အဆုံးမရှိထုတ်လုပ်ပေးနိုင်သည့်ရတနာဖလားတစ်မျိုးပင်။ ဖုန့်ချန်း ချက်ချင်းလက်မြှောက်လာပြန်သည်။

"ရွေဒင်္ဂါးတစ်သိန်း" သူဈေးခေါ်လိုက်သည်။ လူအုပ်ကြီးတစ်ခုလုံး အာမေဋိတ်သံများစီညံသွားရသည်။ သူတို့အမြင်တွင် ပစ္စည်းမှာ သိပ်ကောင်းကောင်းကန်းကန်းမဟုတ်ပါဘဲ အဖွင့်ဈေးမှာလည်း ရွေဒင်္ဂါးတစ်သောင်းသာ။ ဖုန့်ချန်းခေါ်လိုက်သောဈေးနှုန်းကြောင့် လူအများကြောင်သွားသည်။

"ဖုန့်မိသားစုက ဒီလောက်အထိဖြုန်းတီးတော့မလို့လား"

"သူတို့ အတော်ငွေပေါနေပုံပဲ"

"ဒါပေမယ့် ဘာလို့ ဘယ်သူမှသိပ်မလိုချင်တဲ့ပစ္စည်းတွေမှ ရွေးဝယ်နေတာတုန်း"

"တစ်သိန်း တစ်ကြိမ် နှစ်ကြိမ်" ကြေညာသူမှာ ခဏနာရပ်နား၍စောင့်ဆိုင်းပေးလိုက်သည်။

"ဖုန့်မိသားစုကို ရောင်းချလိုက်ပါပြီခင်ဗျာ နောက်ပစ္စည်းတစ်ခုကတော့ ကျင့်ကြံသူတို့ရဲ့မီးတောက်စွမ်းရည်ကို အားကောင်းစေနိုင်တဲ့ မီးတောက်ဝိဉာဥ်ကျောက်တုံးပဲဖြစ်ပါတယ်ခင်ဗျာ"

ဖုန့်ချန်းက တွန့်ဆုတ်ပင်မနေ။ "ငါးသောင်း"

"ငါးသောင်း တစ်ကြိမ် နှစ်ကြိမ်... ရောင်းချလိုက်ပါပြီခင်ဗျာ ဖုန့်မိသားစုရဲ့ နောက်ထပ်အောင်နိုင်မှုတစ်ခုပါ"

လေလံပွဲမှာ ဆက်လက်ကျင်းပနေသော်လည်း ဖုန့်ချန်းတစ်ယောက်သာအဆက်မပြတ်ဝယ်ယူနေသည့် တစ်ကိုယ်တော်ပြပွဲအလားပင်။

သူလုံးဝမဝယ်သည့်ပစ္စည်းအမျိုးအစားကတော့ လက်နက်များပင်ဖြစ်သည်။ ဘယ်အဆင့်နေနေ ဝယ်ဖို့စိတ်ကိုမဝင်စားပါ။

တစ်ခြားကျန်တဲ့ရတနာမှန်သမျှကို လက်ဦးအောင်ဝယ်ယူရင်း လေလံပွဲ၏တစ်ဝက်လောက်ကို သူကအပိုင်သိမ်းလိုက်လေသည်။ လူအများမှာတော့ တအံ့တသြဖြစ်ကျန်လျက်။

အံ့အားသင့်နေသူများထဲတွင် ဖုန့်ကျီလန်နှင့် ဖုန့်မျိုးဆက်သစ်လေးများလည်းပါဝင်လေသည်။ သူတို့မိသားစုဤမျှချမ်းသာလှကြောင်း သူတို့ကိုယ်တိုင်ပင်မသိခဲ့ပါ။

ယွင်ဟောင်သည်လည်း ထောင့်တစ်နေရာမှ မယုံကြည်နိုင်စွာစောင့်ကြည့်လို့နေသည်။ ဖုန့်ချန်းပစ္စည်းတွေထပ်ဝယ်လေလေ ထိုဖုန့်မိသားစုမှာ လျှို့ဝှက်နက်နဲပြီး သွားရှုပ်လို့မရသည့်အနေအထားတစ်ခုမှန်း သူပိုသေချာလာလေလေပင်။ "သူ့မှာ ပိုက်ဆံဘယ်လောက်တောင်ရှိနေတာလဲ" ယွမ်ဟောင် ခပ်တိုးတိုးရေရွတ်မိသည်။ ဒီလေလံပွဲမှာ ဖုန့်ချန်းသုံးခဲ့သည်ပိုက်ဆံစုစုပေါင်း နှစ်သန်း‌ကျော်လောက်ရှိမည်ပင်။ သူတင်မက၊ အေးခဲမြူခိုးဂိုဏ်းနှင့် ယွင်ဟိုင်မိသားစုမှာလည်း ဖုန့်မိသားစု၏အဝယ်ကြမ်းပုံကိုကြည့်ပြီး အံ့သြလို့မဆုံးဖြစ်နေရ၏။

သူတို့အားလုံး ဖုန့်မိသားစု၏ကြွယ်ဝမှုကို လျှော့တွက်မိခဲ့သည်ပင်။

All Chapters