ဒြပ်စင်နိုးထဆေး
Vol. 9 Ch. 115
"ပြိုင်လုမယ့်သူမရှိတော့လည်း ပျင်းစရာကောင်းသားကွာ"
ဖုန့်ချန်းထိုသို့ထုတ်ပြောလိုက်ချင်ပေမယ့် မပြောဖြစ်ခဲ့ပါ။
သူရတနာပစ္စည်းတော်တော်များများကို ဝယ်လို့ရခဲ့ပေသည့် ကောင်းကင်မီးတောက်ငှက်မွှေးလောက်တော့ ကြီးကြီးမားမားအရေးပါတာမျိုးမရှိ။
ကျင့်ကြံသူတစ်ဦး၏စွမ်းအားကို တစ်ဆင့် သို့မဟုတ် နှစ်ဆင့်မျှတိုးမြှင့်ပေးနိုင်မည့် အထောက်အကူပစ္စည်းများသာဖြစ်သည်။
လေလံပွဲအဆုံးသတ်ခါနီးအချိန်သို့ရောက်ရှိသွားသည်နှင့် ခန်းမတွင်းရှိလေထုလည်း ငြိမ်သက်လို့သွား၏။ မြေကမ္ဘာအဆင့်ကျင့်စဥ်များချပြပြီးသောအချိန်တွင် ကျန်ပစ္စည်းများ သိပ်ပြီးအာရုံစိုက်မခံလိုက်ရပါ။
ကြေညာသူက နောက်တစ်ပွဲအတွက် ရှေ့သို့တစ်ဖန်ထွက်ပေါ်လာသည်။ ကျောက်စိမ်းစီခြယ်ထားသော သေတ္တာငယ်လေးတစ်လုံးကို ကိုင်ဆောင်လာပြီး ထိုသေတ္တာလေး၏အဖုံးပေါ်တွင်လည်း ရှေးဟောင်းစာလုံးများ ရေးသားထွင်းထုထားသေးသည်။ ထိုသေတ္တာလေးကို ဖြည်းညင်းစွာဖွင့်လိုက်သော် ရွှေရောင်လင်းဖျဖျလေးက ပတ်ဝန်းကျင်သို့ ဝဲဖြာထွက်ပေါ်လာတော့သည်။ ဖျော့တော့သော်လည်း အားပြင်းသည့် ဆေးဖက်ဝင်ရနံ့တစ်မျိုးက ခန်းမတစ်ခုလုံးသို့လွှမ်းခြုံသွားလေရာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအတော်များများမှာ ငြိမ်ငြိမ်ပင်မထိုင်နိုင်တော့သည်အထိ စိတ်လှုပ်ရှားလာရ၏။
"ဒီနေ့အတွက် နောက်ဆုံးလေလံပစ္စည်းကတော့ ဒြပ်စင်နိုးထဆေးပဲဖြစ်ပါတယ် ရှားပါးလှတဲ့ အဆင့်၅ဆေးလုံးဖြစ်ပြီး ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတို့ကို နောက်တစ်ဆင့်ချိုးဖျက်နိုင်စေဖို့ ကူညီပေးတဲ့ဆေးတစ်မျိုးဖြစ်ပါတယ် ဓာတ်ကြီးသုံးပါးနတ်အဆင့်ကို တက်ရောက်နိုင်ဖို့ ၅၀ရာခိုင်နှုန်းထိ သေချာစေပါတယ်ခင်ဗျာ အဖွင့်ဈေးကတော့ ရွေဒင်္ဂါးသုံးသိန်းဖြစ်ပါတယ်"
လူအုပ်ထဲတွင် တီးတိုးဆွေးနွေးသံများ ပျံ့နှံ့သွားတော့သည်။ အထူးသဖြင့် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများရှိသည့် မိသားစုများအတွက်ပင်။ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူများ ပိုင်ဆိုင်ထားပြီးဖြစ်သော မိသားစုများ ဂိုဏ်းများကတော့ သိပ်ထူးထူးခြားခြား စိတ်လှုပ်ရှားမသွားပါ။
မည်သို့ပင်ဖြစ်စေ ထိုဆေးလုံးမှာ ခန့်မှန်းမရလောက်အောင်အဖိုးတန်ပြီး အများလိုချင်ကြသောပစ္စည်းအမျိုးအစားဖြစ်လေသည်။ ကျင့်ကြံရေးနယ်ပယ်တွင် ဓာတ်ကြီးသုံးပါးနတ်အဆင့်မှာ ချိုးဖျက်ရန်ခက်ခဲသော အဆင့်ထူးတစ်ခုဖြစ်တာကြောင့် ချီအရည်ဖွဲ့ခြင်းအဆင့်ကနေ ချိုးဖျက်နိုင်အံ့ဆဲဆဲအခြေအနေမှာ တစ်နေသောကျင့်ကြံသူများအဖို့ မက်လောက်စရာအခွင့်အရေးတစ်ရပ်ပင်။
ဖုန့်ချန်းသည် နောက်ကိုအသာမှီထိုင်ပြီး လက်ပိုက်လျက် အချိန်ယူစဥ်းစားလို့နေ၏။
လေလံပွဲ၏နောက်ဆုံးသောပစ္စည်းကတော့ သူ့ကိုအထင်ကြီးစေနိုင်လေပြီ။
ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူများစွာရှိသော သူတို့မိသားစုအတွက် အင်မတန်မှအထောက်အကူဖြစ်စေမည့်ပစ္စည်းပါပင်။ အထူးသဖြင့် ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်တွင်ရှိနေပြီး အဆင့်ချိုးဖျက်ဖို့အနီးကပ်ဆုံးဖြစ်နေပါသော ဖုန့်ကျန်းရှန်ရှိနေသည်။
"သုံးသိန်းခွဲ" အေးခဲမြူခိုးဂိုဏ်းမှ ချက်ချင်းဈေးခေါ်လာသည်။
ထျန်းလုံချီကလည်း ချက်ချင်းကပ်လိုက်လာသည်။ "လေးသိန်း"
ခန်းမတစ်ခုလုံး ခေတ္တမျှငြိမ်သက်လို့နေသည်။ ဒြပ်စင်နိုးထဆေးပင်ဖြစ်နေပါစေ၊ လေးသိန်းကတော့ များလွန်းသည်ပင်။
မည်မျှပင်ရှားပါးအဖိုးတန်သည်ဆိုစေကာမူ ထိုဆေးလုံးကို တစ်ယောက်တည်းအတွက် တစ်ကြိမ်သာအသုံးပြုလို့ရနိုင်မည်ဖြစ်ပြီး အဆင့်ချိုးဖျက်ဖို့ရာလည်း ၅၀ရာခိုင်နှုန်းသာသေချာပေသည်။ ရာနှုန်းပြည့်မှ မဟုတ်သည်လေ။
ထျန်းလုံချီကတော့ သားဖြစ်သူမှာ ချီအရည်ဖွဲ့ခြင်းအထွဋ်အထိပ်ဆင့်သို့ ရောက်ပြီးဖြစ်သဖြင့် ထိုမျှသောပမာဏကြီးကြီးကို ရက်ရက်ရောရောပေးကမ်းနိုင်လေသည်။
အချိန်တစ်ခုကြာလျှင် သေချာပေါက်လိုအပ်လာမည့်ပစ္စည်းပင်ဖြစ်သည်။
(အချိန်ကိုက်လိုက်ပုံများ) ထျန်းလုံချီတွေးနေမိသည်။
အစောက အရှုံးသမားခံစားချက်များလည် ပျောက်ကွယ်သွားလေပြီ။ ဒီအချိန်မှတော့ သူ့ကိုတုပြိုင်နိုင်မည့်မိသားစုမရှိလေတော့ ခပ်မြူးမြူးတွေးလိုက်သည်။
ဖုန့်ချန်းတို့သီးသန့်ခန်းတွင်တော့ ဖုန့်ကျန်းရှန်မှာ ထိုဆေးလုံးကို လိုချင်တပ်မက်စွာငေးကြည့်လျက်ရှိသည်။ သူ့ကျင့်ကြံဆင့်မှာ အထွဋ်အထိပ်ဆင့်သို့ ရောက်ပြီးဖြစ်သဖြင့် ထိုဒြပ်စင်နိုးထဆေးလုံးကိုသာရလျှင် နောက်တစ်ဆင့်ကိုသေချာပေါက်ချိုးဖျက်နိုင်လိမ့်မည်ဟု သူအာမပင်ခံလိုက်ချင်သေး၏။
သို့သော် ဈေးခေါ်နေသည့်ပမာဏများကိုကြားတော့ သူဝင်လုနိုင်တော့မည်မထင်ပါ။
ဖုန့်ချန်းကိုအကူအညီတောင်းဖို့ စိတ်ကူးမိသော်လည်း သူ့ကိုယ်ပိုင်ဆန္ဒအတွက်တောင်းဆိုခြင်းမှာ တစ်ကိုယ်ကောင်းဆန်ရာကျပေမည်။ ဖုန့်ချန်းမှာ ပိုက်ဆံမည်မျှပင်ရှိသည်ဆိုဆို သူမတောင်းဆိုသင့်ဟုခံစားရသည်။
သူထိုသို့တောင်းဆိုလိုက်လျှင် သူ့လိုပဲအထွဋ်အထိပ်ဆင့်သို့ရောက်ပြီးဖြစ်သော အခြားမဟာအကြီးအကဲများအတွက် မမျှတသလိုခံစားရနိုင်ပေသည်။
ဖုန့်ချန်းက သူ့သဘောဖြင့် အများထဲမှသူတစ်ယောက်ကိုရွေးပြီး ပေးလိုက်ပြန်လျှင်လည်း မိသားစုခေါင်းဆောင်၏ ဆက်ဆံရေးမျှတမှုရှိမရှိကို မေးခွန်းထုတ်စရာဖြစ်လာနိုင်၏။
ဖုန့်ချန်းကို မည်သူမျှ တိုက်ရိုက်မေးခွန်းထုတ်ဝံ့မည်မဟုတ်မှန်း ဖုန့်ကျန်းရှန်သိသော်လည်း အတွင်းစိတ်ထဲမှတော့ အနည်းနှင့်အများ အခဲမကျေဖြစ်ကြဦးမည်သာ။
"လေးသိန်းခွဲ"
ဖုန့်ကျန်းရှန်တစ်ယောက် စဥ်းစားချင့်ချိန်နေဆဲမှာပင် ဖုန့်ချန်းကလေလံပွဲသို့ ဝင်ရောက်ဆင်နွှဲလေပြီ။
"ဖုန့်ချန်း"
ထျန်းလုံချီတစ်ယောက် သည်းမခံနိုင်စွာ ထအော်လာသည်။
ဖုန့်ချန်းက သူ့ကိုတုပြီးဈေးခေါ်လာလို့စိတ်တိုမိရုံသာမက ရှေ့တင်ဖြစ်ပွားသွားသော သုံးကြိမ်ဆက်တိုက်ရှုံးနိမ့်ခြင်းကြောင့် သူ့ဒေါသတွေက အထိမခံဖြစ်နေသောကြောင့်ပင်။
နောက်အကြောင်းရင်းတစ်ချက်ကတော့ သေချာပေါက်ကို ပြိုင်ဘက်က ဖုန့်ချန်းဖြစ်နေလို့ပါပဲ။ အေးခဲမြူခိုးဂိုဏ်း၊ ယွင်ဟိုင်မိသားစုနှင့် ယွမ်မိသားစုတို့တုန်းကလိုမျိုး သူအပေါ်ယံစကားမချိုနိုင်တော့ပါပေ။
ထိုသို့ အားနည်းချိနဲ့နေသော မိသားစုငယ်လေးတစ်ခုကတောင် သူ့လိုထျန်းလုံသခင်ကို တုပစိန်ခေါ်ရဲနေပြီလား?
ဖုန့်ချန်းခေါ်လိုက်သောဈေးမှာ ဒြပ်စင်နိုးကြွဆေးတစ်လုံးအတွက် လွန်စွာမှမြင့်မားနေပြီဖြစ်သဖြင့် ထျန်းလုံမိသားစုလည်း ဈေးထပ်မတိုးခင် နှစ်ခါပြန်စဥ်းစားရမည့်အခြေအနေဖြစ်၏။
သို့သော် ထျန်းလုံချီ၏လက်ရှိအခြေအနေအရ လက်လျှော့လိုစိတ်လုံးဝမရှိပါ။
သူနှစ်ခါပြန်မစဥ်းစားတော့ဘဲ ဈေးချက်ချင်းထပ်တိုးလာသည်။
"လေးသိန်းခုနှစ်သောင်း"
ဖုန့်ချန်းကလည်း ဤသို့ရေလျှံနေသောကာလမျိုးမှာ မိသားစုအတွက်အကျိုးရှိမည့်ပစ္စည်းကို ငွေပိုပေးရဖို့မမှုပါချေ။
"လေးသိန်းရှစ်သောင်း"
ယုံကြည်မှုပြည့်ဝသော အသံငြိမ်ငြိမ်ဖြင့်ပင် ဖုန့်ချန်းဈေးထပ်တင်လာသည်။ သူ့မိသားစုမှာလည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦး ရှိသင့်သည်ဟုသူတွေးမိသည်။ ဒီလိုမှ သူတို့မိသားစုကို ဘေးလူတွေတော်ရုံလာမစမ်းရဲတော့မှာ မဟုတ်လား?
ဒြပ်စင်နိုးထဆေးလုံးကို အခြားလေလံပွဲတွေမှာဆိုလျှင် သုံးသိန်းခွဲလောက်ဖြင့်ရနိုင်ပေမယ့် ဘယ်အချိန်မှာမှ ထပ်တွေ့ရမလဲ သိပ်မသေချာလှပေ။
ထို့အပြင် သူတို့မိသားစုမှာ ချီအရည်ဖွဲ့ခြင်းအဆင့်အကြီးအကဲ၇ယောက်တောင် ရှိနေသည်ဖြစ်၍ သူ့ဘက်က ရနိုင်သလောက် များများဝယ်ထားရမည်ပင်။
နောက်လေလံပွဲတစ်ခုမှာ ဒီဆေးလုံးကိုထပ်တွေ့ရလျှင်လည်း သူသေချာပေါက် ဈေးအမြင့်ဆုံးပေး၍ အရဝယ်ဦးမည်ဖြစ်၏။
ဒီလောက်ဝယ်တာတောင်မှ မလုံလောက်သေးရင်တော့ စနစ်ဈေးဆိုင်ကိုသာ အသုံးပြုရတော့မည်။
သို့သော် သူကတော့ စနစ်ရမှတ်များထက် ရွေဒင်္ဂါးများကိုသာ ပိုအသုံးပြုချင်ပါသည်။