← Chapters

အလယ်ပိုင်းဒေသကြီး

Vol. 9 Ch. 117

အလယ်ပိုင်းဒေသကြီး

Vol. 9 Ch. 117

လေလံပွဲပြီးဆုံးသွားသည်နှင့် ဖုန့်ချန်းလည်း ကျန်သည့်ပိုက်ဆံများကိုသိမ်းရန် ကြေညာသူထံသွားလိုက်သည်။

ကိစ္စလေးရှိလို့ ခဏသွားဦးမည်ဟုသာဆိုကာ ဖုန့်ယွင်နှင့်အခြားမိသားစုဝင်များကို နဝေတိမ်‌တောင်အခြေအနေဖြင့် တစ်ခါပစ်ထားခဲ့ပြန်လေပြီ။

"ဘယ်သွားဦးမလို့ပါလိမ့်" ဖုန့်ယွင်ခပ်တိုးတိုး‌ရေရွတ်မိသည်။ အခြားသူများကိုကြည့်‌တော့လည်း သူ့လိုပဲ ကြောင်တောင်တောင်ဖြစ်နေကြဟန်ပင်။ ဒီမနက်အစောပိုင်းတုန်းကလည်း လုပ်စရာရှိသည်ဟုဆိုပြီး ပျောက်သွားခဲ့သေးကာ နောက်တစ်ကြိမ်လည်း အလားတူအကြောင်းပြချက်ဖြင့် ပျောက်သွားပြန်သည်။ ထိုအကြောင်းပြချက်နှစ်ခုမှာတော့ ကိစ္စတစ်ခုတည်းအတွက်ပါပင်။

ဖုန့်ကျန်းရှန်တစ်ယောက်သာ အကြောင်းရင်းကိုရိပ်မိလေသည်။ အစောက ဖုန့်ချန်းသူ့ကို ပိုက်ဆံယူရန်စေလွှတ်တော့ ငွေပမာဏအများအပြားကို မြင်တွေ့ခဲ့ရသည်လေ။

ဖုန့်ချန်းတစ်ယောက် ထိုမျှသောပိုက်ဆံကို ဘယ်လိုရလာသလဲဆိုတာကိုတော့ သူ့ဉာဏ်ရည်ဖြင့် စဥ်းစားလို့ရနိုင်ပါသည်။

ထိုသို့လေလံတင်ဖို့ပစ္စည်းများကိုသာ ဘယ်ကရလာသည်မှန်း မတွေးတတ်ခြင်းပါပေ။

**********

ဖုန့်ချန်း မကြာမီပင် သူပစ္စည်းများစာရင်းအပ်ခဲ့သော လေလံရုံးသို့ရောက်သွားလေပြီ။ ကြေညာသူကလည်း သူ့ကိုဝင်လာကတည်းကသတိထားမိလိုက်သောကြောင့် ချက်ချင်းအနားကပ်သွားလိုက်သည်။

ယဥ်ကျေးသပ်ရပ်သောဝတ်ရုံကို ဝတ်ဆင်ထားဆဲဖြစ်သော ကြေညာသူသည် ဖုန့်ချန်းအားရိုသေစွာဦးညွှတ်လိုက်သည်။

"ဖုန့်မိသားစုခေါင်း‌ဆောင် ဒီနေ့ပစ္စည်းကောင်းတွေအများကြီးစုစည်းနိုင်လိုက်တဲ့အတွက် ဂုဏ်ပြုပါတယ် ဘာများထပ်ကူညီပေးရဦးမလဲခင်ဗျ" ကြေညာသူက အပြုံးတစ်ခုဖြင့်ပြောကြားလာသည်။ ဖုန့်ချန်း၏ငွေကြေးသုံးဖြန်ုးနိုင်မှုအား အထင်ကြီးချီးမွမ်းဟန်ကို ထိုသူ၏ မျက်လုံးများမှတစ်ဆင့်ခံစားလို့ရနိုင်၏။

ဖုန့်ချန်းကတော့ အပိုသကာရည်နှုတ်ဆက်စကားများဖြင့် အချိန်ဖြုန်းမနေနိုင်ပါ။ "ကျွန်တော်ဒီကိုစာရင်းရှင်းဖို့နဲ့ ကျန်တဲ့ပိုက်ဆံတွေယူဖို့လာတာပါ"

ကြေညာသူလည်း အမြန်ခေါင်းညိတ်လာသည်။ "ဒါပေါ့ ဒါပေါ့ ပေးဖို့ကျန်တဲ့ပမာဏက အသင့်ဖြစ်နေပါပြီ"

သူက ကတ္တီပါလင်ဗန်းတစ်ခု‌ပေါ်တင်ထားတဲ့ သိုလှောင်လက်စွပ်တစ်ကွင်းကို ညွှန်ပြလာသည်။ "ကျန်တဲ့ရွေဒင်္ဂါးတစ်သန်းခွဲကို ဝန်ထမ်းတွေဆီ ပြင်ဆင်ခိုင်းထားပြီးပါပြီ ခေါင်းဆောင်ရဲ့ပထမဆုံး လေလံ‌ရောင်းချမှုဖြစ်တာကြောင့် ကျွန်တော်တို့ဘက်က ကော်မရှင်ခမယူဖို့ဆုံးဖြတ်လိုက်ပါတယ် ဒီသိုလှောင်လက်စွပ်တွေကိုလည်း ကျွန်တော်တို့ဘက်ကမေတ္တာလက်‌ဆောင်လို့ မှတ်ယူပေးပါခင်ဗျာ"

ဖုန့်ချန်းလည်း အသိအမှတ်ပြုဟန် ခေါင်းအသာဆတ်လိုက်သည်။ "ဒီလိုဆိုတော့လည်း ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့ရဲ့စေတနာကို အမှတ်ရနေပါ့မယ်"

ကြေညာသူက တစ်ခါထပ်ဦးညွှတ်လာသည်။ "ဖုန့်မိသားနဲ့အလုပ်တွဲလုပ်ခွင့်ရတာကိုက ဂုဏ်ယူစရာပါ ခေါင်း‌ဆောင်အနေနဲ့ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော်တို့ဆီလာခဲ့လို့ရပါတယ်"

"ဟုတ်ပါပြီ"

ဖုန့်ချန်းလှည့်ထွက်လာခဲ့ပြီး ခြေသံများက အခန်းတွင်းပဲ့တင်ထပ်လို့ကျန်ခဲ့သည်။ ဖုန့်ချန်းထွက်သွားပြီး သိပ်မကြာခင်မှာ စီမံခန့်ခွဲရေးမှူးက ရုံးခန်းတွင်းသို့ အလျင်လိုနေဟန်ဖြင့်ရောက်လာတော့လေသည်။

"ဖုန့်မိသားစုခေါင်းဆောင် ထွက်သွားပြီလား"

သူက အလောတကြီးမေးလာသည်။

"ထွက်သွားပြီ"

ကြေညာသူလည်း စီမံခန့်ခွဲရေးမှူး၏ အလျင်စလိုနိုင်မှုကြောင့် အနည်းငယ်လန့်သွားဟန်ဖြင့် ပြန်ဖြေလာသည်။

ချင်းယွင်မြို့ရှိ မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး ရုံးခွဲ၏ စီမံခန့်ခွဲ‌ရေးမှူးတစ်ဦးဖြစ်သော်လည်း ထိုသူမှာ မိသားစုအကြီးအကဲများနှင့်ယှဥ်လို့ရသည့် အနေအထားတစ်ခုရှိ၏။

ထို့အပြင် ချီအရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးလည်းဖြစ်လေရာ ထိုသို့စွမ်းအားကြီးကျင့်ကြံသူကို ဒီလိုရာထူးမျိုးမှာမြင်ရခြင်းက အံ့သြဖွယ်ပင်ကောင်းနေရော့မည်။

"စက္ကန့်ပိုင်းလောက်လေး နောက်ကျသွားတာကိုကွာ" စီမံခန့်ခွဲရေးမှူးက နောင်တကြီးစွာဖြင့်ညည်းညူလာသည်။

စီမံခန့်ခွဲရေးမှူး၏ ဝမ်းနည်းပမ်းနည်းဟန်ကိုမြင်သော် ကြေညာသူမျက်မှောင်ကြုံ့သွားရသည်။ "ဘာလို့အဲ့လောက်အလျင်လိုနေတာလဲ ဖုန့်မိသားစုနဲ့ပက်သက်တဲ့ကိစ္စတစ်ခုခုရှိနေလို့လား"

စီမံခန့်ခွဲရေးမှူးမှာ ခပ်မတ်မတ်ပြင်ရပ်လိုက်သည်။ နောင်တရနေသောမျက်နှာထားမှ အလေးအနက်ဟန်ပြလာလျက်။ "မေးနိုင်သေးတယ် ဖုန့်မိသားစုရဲ့ နောက်ပိုင်းလှုပ်ရှားမှုတွေကြောင့် အရမ်းလူပြောများနေတာလေ စကားဝိုင်းတိုင်းသူတို့အကြောင်းချည်းပဲ မင်းနေပြည်တော်တောင်မကျန်ဘူး ဒီလိုဂုဏ်သတင်းမျိုးက သေချာပေါက်အရေးပေးဆက်ဆံရမယ့်အနေအထားပဲ"

"ရုံးချုပ်ကတောင်မှ အရှေ့ပိုင်းစီရင်စုစုဝေးပွဲမှာ သူတို့ကိုအာရုံစိုက်စောင့်ကြည့်ဖို့ ပြောထားသေးတယ်"

"ဪ အဲ့ဒါဆို ဖုန့်ချန်းလာရောင်းတဲ့ပစ္စည်းတွေကြောင့်ပဲ မဟုတ်ဘူးပေါ့" ကြေညာသူကစိတ်ဝင်စားလာဟန်ဖြင့် ပြန်ပြောလာသည်။

"အဲ့ဒီအကြောင်းရင်းလည်း ပါတာပေါ့ ခေါင်း‌ဆောင်ဖုန့်က အဲ့ပစ္စည်းတွေကိုဘယ်လိုရခဲ့လဲအသေးစိတ်မပြောပေမယ့် သူတို့အမဲလိုက်ထားလို့ရလာတာ အသိသာကြီးပဲကို"

"ဒါပေမယ့် အဆင့်ခြောက်သားရဲတွေကိုလေ သူတို့ဘယ်လိုလုပ်သတ်နိုင်မှာတဲ့လဲ"

ကြေညာသူက အထိတ်အလန့်မေးခွန်းထုတ်လာသည်။ ဝိဉာဥ်သန္ဓေကျင့်ကြံသူများပင် ထိုမျှအစွမ်းမထက်လှသည်ကို ဖုန့်ချန်းကဘယ်လိုတတ်နိုင်ပါမည်နည်း?

"ဘယ်သိဦးမလဲ ငါကတော့သူတို့ အပြင်ကအကူအညီတွေပါရထားတယ်လို့ ထင်တာပဲ"

စီမံခန့်ခွဲရေးမှူးက ထင်ကြေးပေးသည်။ ဖုန့်မိသားစုထဲတွင်တော့ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူရှိလောက်မည်ဟု သူလည်းမထင်မိပါ။

ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာရှိသော မိသားစုတွင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူ မည်သို့ရှိနိုင်မည်နည်း?

"အပြင်အကူအညီတဲ့လား?"

"ဟုတ်တယ် ဖုန့်ကိုင်ရဲ့ဇနီးက အလယ်ပိုင်းဒေသကြီးကလာပြီး နောက်ခံတစ်ခုခုလည်းရှိတယ်ကြားတာပဲ ကျုပ်ကြားထားတဲ့အတိုင်းသာမှန်ရင်တော့ ဖုန့်မိသားစုကို အဲ့နောက်ခံမိသားစုက ကူညီပေးနေတာဖြစ်မှာပေါ့"

"အလယ်ပိုင်းဒေသကြီးတဲ့လား....."

မိုးပြာကောင်းကင်အင်ပါယာမှာ အလယ်ပိုင်းဒေသကြီးနှင့်ယှဥ်လျှင် ပိုအားနည်းသော အရှေ့ပိုင်းဒေသတွင်တည်ရှိနေခြင်းဖြစ်သည်။

အလယ်ပိုင်းဒေသကြီးတွင် အရှေ့ပိုင်းဒေသသားများ စိတ်ကူးကြည့်လို့ပင်မမီနိုင်သည့် စွမ်းအားကြီးပါရမီရှင်များ ကျင့်ကြံသူများ တောင်လိုပုံနေသည်ပင်။ မိုးပြာကောင်းကင်အင်ပါယာတွင် ဝိဉာဥ်သန္ဓေအဆင့်မှာ ထိပ်ဆုံးကျင့်ကြံဆင့်အဖြစ်သတ်မှတ်ခံထားရသော်လည်း အလယ်ပိုင်းဒေသကြီးတွင်မူ ပါရမီသာပါလာပါက အသက်၃၀မတိုင်ခင်မှာပင် ထိုအဆင့်သို့တက်လှမ်းနိုင်ကြပြီးဖြစ်လေ၏။

ဖုန့်မိသားစုသာ အလယ်ပိုင်းဒေသကြီးမှာ အဆက်အနွယ်များဖြင့် ချိတ်ဆက်အလုပ်လုပ်နေပါမူ အဆင့်၆သားရဲများကိုအမဲလိုက်ဖို့က ခက်ခဲလှသည်မဟုတ်တော့ပေ။ ထို့အပြင် ထိုသတင်းသာမှန်လျှင် ဘာကြောင့် ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကို စော်ကားမော်ကားပြုမူရဲသည်အထိ အကြောက်အလန့်ကင်းမဲ့နေရသနည်း ဆိုသည့်မေးခွန်းကိုလည်း ရှင်းလင်းပြီးသားဖြစ်သွားလေပြီ။

မိုးပြာကောင်းကင်အင်ပါယာတွင် မည်သို့ပင်မင်းမူစိုးမိုးနေနိုင်သည့်ဂိုဏ်းမဆို အလယ်ပိုင်းဒေသကြီးမှ အင်အားစုဖြင့်ယှဥ်လျှင်တော့ ကလေးပေါက်စများသာဖြစ်သွားပေမည်။

"ဒါပေမယ့် ဒါလည်း ခန့်မှန်းချေသက်သက်ပါပဲ သေချာသိဖို့ဆိုရင် ပိုစုံစမ်းရဦးမှာပေါ့ လျှို့ဝှက်ချက်မလို့ ပျံ့မသွားစေနဲ့ဦးနော်"

ကြေညာသူလည်း ခေါင်းညိတ်ရင်း စီမံခန့်ခွဲရေးမှူးပြောသောအချက်ကို စဥ်းစားခန်းဝင်နေမိတော့သည်။

*************

All Chapters