အခန်း (၁၁၆)
Vol. 9 Ch. 116
"ငါနဲ့ပြိုင်ပြီးလေလံဆွဲရအောင် မင်းကိုယ်မင်းဘာထင်နေလဲ ငါ့ကိုယှဥ်နိုင်မယ်ထင်နေတာလား"
ထျန်းလုံချီက ဒေါသတကြီးအော်လာသည်။ ဖုန့်ချန်းကသူ့ကို ရည်ရွယ်ချက်ရှိရှိလိုက်ပြိုင်နေသည်ဟု ထင်မှတ်နေသည်လေ။
ဖုန့်ချန်းမှာတော့ ထျန်းလုံချီထမအော်လာခင်ထိ သူဘယ်သူနဲ့ပြိုင်လုလို့လုနေမှန်းတောင် သတိမထားမိခဲ့ပါချေ။
ဖုန့်ချန်းမျက်ခုံးပင့်လျက် ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။ ထျန်းလုံချီမှ ပိုင်မိသားစုကိုကူညီပေးခဲ့သော မနေ့ကအဖြစ်အပျက်ကို သူမမေ့သေးပါပေ။ ရန်စရှိခဲ့ပြီးပြီဆိုမှတော့ အခုနေခါ ယဥ်ကျေးပြနေဖို့လည်းမလိုတော့ဟု သူယူဆသည်။
"အဲ့လောက်လိုချင်နေလည်း လေလံဈေးကိုကျုပ်ထက်ပိုမြင့်အောင်ပေးပေါ့ လိုက်ဟောင်နေရတာမမောဘူးလား ကျွတ် ကျွတ်" ထေ့ငေါ့သံအပြည့်ဖြင့်စကားလုံးများမှာ ကြည့်ရှုသူအချို့ကိုပင် အသံထွက်ရယ်မိသွားစေတာ့သည်။
"ဟားဟား သူပြောတာလည်းဟုတ်သားပဲ တတ်နိုင်တယ်ဆို ရအောင်ယူပေါ့"
"ထျန်းလုံမိသားစုခေါင်းဆောင်က သူမတတ်နိုင်တော့တာနဲ့ပဲ ဘာကိစ္စသူများကိုလှည့်အော်နေတာလဲ ကျွတ် ကျွတ် သနားစရာပဲ"
"ဟားဟား ရှုံးတာများလာတော့လည်း ဘယ်စိတ်ထိန်းနိုင်တော့မလဲကွာ"
လူအများက ထျန်းလုံချီ၏အပြုအမူကို ဝေဖန်ပြောဆိုလာကြတော့သည်။ သူတို့အားလုံးလည်း ဖုန့်ချန်းလိုပင် နောက်ခံအင်အားကိုအသုံးချပြီး နိုင်လိုမင်းထက်လုပ်ချင်ကြသောသူများကို အထင်သေးကြသည်သာ။
ထျန်းလုံမိသားစုနှင့် နဂိုကတည်းကဆက်ဆံရေးမကောင်းသောသူများလည်း အခွင့်ကြုံတုန်း နင်းကာဝင်ပြောလာကြသည်။
အချို့ကတော့ ဖုန့်ချန်းတစ်ယောက် ရှေ့မကြည့်နောက်မကြည့်နှင့် စည်းကျော်မိလေပြီဟုကောက်ချက်ချကြသည်။ ထျန်းလုံမိသားစုဆိုသည်မှာ နှယ်နှယ်ရရတော့မဟုတ်။ အရှေ့ပိုင်းစီရင်စု၏ အင်အားအကြီးဆုံးမိသားစုများထဲမှ တစ်ခုအပါအဝင်ပင်။
သို့သော် တစ်ချိန်တည်းမှာပင် ဖုန့်မိသားစုအကြောင်းကောင်းကောင်းသိသူများကတော့ ဖုန့်ချန်း၏ဤသို့သော်တုံ့ပြန်ပုံကို ခန့်မှန်းထားကြပြီးသားဖြစ်၏။
ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်ကိုတောင် မကြောက်မရွံ့ရန်စထားသော ထိုအာဂယောကျ်ားသည် ထျန်းလုံမိသားစုလောက်ကို အဘယ့်ကြောင့်ဖြုံရမည်နည်း?
ထျန်းလုံချီ၏မျက်နှာအရောင်မှာ ဒေါသဖြင့်တောက်လောင်နီရဲလာသည်။ လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ချောင်ပိတ်နေသောသားရဲတစ်ကောင်၏ ရန်လိုသောအကြည့်များဖြင့် ဖုန့်ချန်းအားစိုက်ကြည့်လို့လာသည်။
"ချီးပဲ"
သူဒီ့ထက်ဆက်ပြောလျှင်လည်း ပိုက်ဆံမတတ်နိုင်လို့ အင်အားသုံးအနိုင်ကျင့်သည့် အကျင့်ပျက်ခေါင်းဆောင်တစ်ယောက်အဖြစ်သာ နာမည်ထွက်သွားပေမည်။
"လေးသိန်းကိုးသောင်း"
"ငါးသိန်း"
ဖုန့်ချန်းကတော့ ထျန်းလုံချီကို အသက်ဝဝရှူရန်ပင်အချိန်မပေးပါချေ။ တစ်ဖက်မှဈေးမြှင့်လိုက်သည်နှင့် သူလည်းတွန့်ဆုတ်မှုမရှိစွာ လိုက်မြှင့်လို့လာသည်။
ထျန်းလုံချီမှာ အံတင်းတင်းကြိတ်ရင်း ဖုန့်ချန်းကိုတစ်ဖန်စိုက်ကြည့်လာသည်။
သူစိတ်မလျှော့သေးပါ။ ဈေးထပ်မြှင့်ဖို့အသင့်အနေအထားတွင်ရှိ၏။ ဒီတစ်ခေါက်တော့ အရှက်ကွဲမခံတော့ပါ။ တစ်ဖက်မိသားစုက ဘာအင်အားမှမည်မည်ရရမရှိသည့် တောနယ်ဇနပုဒ်ကမိသားစုလေးဖြစ်နေတော့ သူ့အတွက်သိက္ခာပြန်ဆယ်လို့မရမည့် ရှုံးနိမ့်မှုမျိုးသာဖြစ်ပေမည်။
"မိသားစုခေါင်းဆောင် မလုပ်ပါနဲ့တော့"
"ဒီ့ထက်မြှင့်လို့ လုံးဝမရတော့ပါဘူး ဒြပ်စင်နိုးထဆေးလေးတစ်လုံးကို ငါးသိန်းကျော်ထိပေးဖို့ကတော့ မဖြစ်သင့်ပါဘူး"
"မိသားစုကို ပြန်ငဲ့သင့်ပါတယ်"
ကျိုးကြောင်းမဆီလျော်စွာ စိတ်အလိုလိုက်နေသော ထျန်းလုံမိသားစုခေါင်းဆောင်ကို ထျန်းလုံအကြီးအကဲများ မည်သို့လွှတ်ထားနိုင်ပါအံ့နည်း?
ထျန်းလုံချီက သူ့သားအတွက်ဒီဆေးလုံးကိုလိုချင်နေမှန်း သူတို့သိပါ၏။ ဒီအတွက်လည်း ဆန့်ကျင်လိုစိတ်မရှိပါ။ သို့သော်ဈေးနှုန်းကိုမြှင့်ချင်တိုင်းမြှင့်နေသည်ကိုတော့ ထိုင်ကြည့်နေလို့မရပါချေ။ မိသားစုခေါင်းဆောင်ပင်ဖြစ်နေပါစေ၊ မိသားစုငွေကြေးကို ဖြုန်းချင်သလိုဖြုန်းတီးခွင့် မပေးနိုင်ပါလေ။ ထို့အပြင် ထိုဆေးလုံးကိုရမည့်သူမှာလည်း သေချာပေါက်ထျန်းလုံချီ၏သားဖြစ်သူသာဖြစ်သဖြင့် အချို့သောအကြီးအကဲများမှာ အစောကတည်းကသဘောမကျချင်သလို ဖြစ်နေကြသည်သာ။
"ငါးသိန်း တစ်ကြိမ်.....နှစ်ကြိမ်....." ရောင်းချလိုက်ပါပြီခင်ဗျာ ဖုန့်မိသားစုက ရွေဒင်္ဂါးငါးသိန်းနဲ့ ဝယ်ယူသွားနိုင်တာဖြစ်ပါတယ် နောက်ရတနာတစ်ခု ပိုင်ဆိုင်ရခြင်းအတွက် ဖုန့်မိသားစုကို ဂုဏ်ပြုပါတယ်ခင်ဗျာ"
ထျန်းလုံချီမှာတော့ နေရာတွင်သာ တောင့်ခဲနေလျက်။ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်ဟန်များ ဒေါသရိပ်များ ရောယှက်လို့နေသည်။ မိသားစုငယ်လေးတစ်ခုဆီကတောင် လေလံပြိုင်မလုနိုင်လိုက်သည်ကို သူလက်ခံလိုက်ရပေပြီ။ ထျန်းလုံအကြီးအကဲများမှာလည်း မသက်မသာဖြစ်နေဟန်မျက်နှာပေးများဖြင့်။ ငြိုငြင်ဟန်များကိုလည်း မျက်နှာထက်အတိုင်းသားဖော်ပြထားကြသည်။
"မိသားစုခေါင်းဆောင် အဲ့လိုအလွန်အကျွံလုပ်လို့မရပါဘူး" အကြီးအကဲ၏အသံက ခပ်တိုးတိုးပေမင့် ပြတ်သားသည်။ "ကိုယ့်သားအတွက်ကိုပဲကြည့်လို့မရပါဘူး မိသားစုငွေကြေးအခြေအနေကိုလည်း ဆင်ခြင်သင့်ပါတယ်"
ထျန်းလုံချီမှာ မေးရိုးကိုတင်းနေအောင်အံကြိတ်ထားသည်။ "ဟမ့်"
ထျန်းလုံချီဘာမှထပ်မပြောတော့ဘဲ လေလံခန်းမတွင်းမှ မုန်တိုင်းတိုက်သလိုထွက်သွားတော့သည်။ သူခံစားခဲ့ရသော အရှက်တကွဲအကျိုးနည်းဖြစ်မှုများကြောင့် ထိုနေရာတွင် တစ်စက္ကန့်မှထပ်မနေချင်တော့ပါပေ။
"ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျာ ဒီနေ့လေလံပွဲကတော့ ဒီမှာပဲဆုံးခန်းတိုင်ပါပြီ လေလံပွဲတစ်လျှောက်လုံး လူကြီးမင်းတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ တက်ကြွစွာပါဝင်ဆင်နွှဲပေးမှုတွေကို စိတ်ရင်းနဲ့ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိရပါတယ်
လူကြီးမင်းတို့ရဲ့ စိတ်ဝင်တစား ပြိုင်ဆိုင်ဝယ်ယူမှုတွေကြောင့် ကျွန်တော်တို့ရဲ့လေလံပွဲကြီးက ဒီလိုကြီးမြတ်တဲ့အောင်မြင်မှုကို ရရှိနိုင်ခဲ့တာပါ အားလုံးရဲ့ထောက်ပံ့အားပေးမှုကို လေးစားစွာအသိအမှတ်ပြုပြီး နောင်အနာဂတ်လေလံအခမ်းအနားတွေမှာလည်း ပြန်ဆုံရဖို့မျှော်လင့်ပါတယ် အိမ်အပြန်လမ်းမှာ ဘေးကင်းလုံခြုံပါစေ အနာဂတ်လမ်းတစ်လျှောက်မှာလည်း ကံကောင်းခြင်းတွေ ချမ်းသာကြွယ်ဝခြင်းတွေနဲ့ ပြည့်စုံချောမွေ့နေပါစေခင်ဗျာ
နောက်တစ်ကြိမ်ထပ်ပြီး ကျေးဇူးတင်ရှိပါတယ် ကောင်းမွန်သာယာတဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ"
ကြေညာသူ၏ နှုတ်ဆက်ကျေးဇူးတင်စကားဖြင့် မိုးပြာကောင်းကင် ကူးသန်းရောင်းဝယ်ရေးအစည်းအရုံး၏ လေလံပွဲကြီး ဆုံးခန်းတိုင်ခဲ့ပြီဖြစ်ပါ၏။