အခန်း (၁၁၈)
Vol. 9 Ch. 118
ဖုန့်ချန်းမှာ ရှားရှားပါးပါးပြုံးပျော်လို့နေပြီး လေလံခန်းမတွင်းမှထွက်လာတော့သည်။ ဖုန့်ယွင်နှင့်အခြားသူများကို လှည့်ရှာကြည့်သော် ယွမ်မိသားစုနှင့်အတူ တွေ့လိုက်ရတော့၏။
???
ဘာကြောင့်အတူရှိနေကြသည်ကိုတော့ သူမသိပေမင့် ယွမ်ဟောင်မှအကြွေးပြန်ဆပ်နေခြင်းတော့ မဖြစ်နိုင်သေးပေ။
ယွမ်မိသားစုအနေဖြင့် ထိုမျှငွေပမာဏကို တစ်ရက်အတွင်းရအောင်စုဖို့မဖြစ်နိုင်ပေ။ သူတို့မြို့သို့ပြန်ပြီး ပိုက်ဆံစုစည်းကာ ချင်းယွင်မြို့သို့ပြန်လာရဦးမည်ဖြစ်၍ အချိန်အနည်းငယ်တော့ယူရပေဦးမည်။
ဖုန့်ချန်းကိုမြင်သော် ယွမ်ဟောင် ချက်ချင်းသူ့ဆီဦးတည်လျှောက်လှမ်းလာသည်။ ကျန်သူများမှာလည်း အနောက်မှတိတ်တဆိတ်သာလိုက်လာကြ၏။
"ဟားဟား ဖုန့်မိသားစုခေါင်းဆောင်ရေ ကျေးဇူးတင်လိုက်တာဗျာ ကျုပ်အဲ့မြေကမ္ဘာကျင့်စဥ်ကိုရအောင်ယူလိုက်နိုင်ပြီး အဟုတ်ကိုကျေးဇူးပါပဲဗျာ"
ယွမ်ဟောင်မှပြောလာသည်။ ဖုန့်ချန်း၏ရက်ရောသောအကူအညီကိုပြန်တွေးတိုင်း သူကျေးဇူးတင်စိတ်များတဖွားဖွားပေါ်လာပြန်သည်ပင်။
ကျန်သူများမှာ သူတို့စကားဝိုင်းကိုနားထောင်ပြီး လန့်ဖျပ်သွားရသည်။ ဖုန့်ချန်းနှင့်ယွမ်ဟောင်ကြားက အပေးအယူကို မည်သူမျှသိလိုက်ကြသည်မဟုတ်ပေ။ ယွမ်ကျိရန်တောင် သူမဖခင်တစ်ယောက် ထျန်းလုံမိသားစုနှင့် အပြိုင်လေလံဆွဲဖို့ပိုက်ဆံကို ဘယ်ကရလာသည်မှန်း အခုမှသိရတော့သည်သာ။
သူမတစ်ချိန်လုံး အထင်သေးနှိပ်ကွပ်ခဲ့သော ဖုန့်မိသားစုက ဤမျှချမ်းသာကြွယ်ဝနေလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့ဖူးပါ။
ရွေဒင်္ဂါးသန်းချီကို တစ်ပါးသူအားချေးငှားဖို့ဆိုသည်မှာ သူမတို့မိသားစုတောင်တတ်နိုင်သည့်အနေအထားမဟုတ်ပါ။ ဖုန့်ယွင်ပင် သူ့အစ်ကိုဘယ်ကနေဘယ်လို ဤမျှချမ်းသာသွားသနည်းဟုတွေးရင်း အံ့သြနေရသည်ပင်။
သိပ်မကြာသေးသောအချိန်တုန်းကပင် သူတို့မိသားစုမှာ ခြစ်ခြစ်ကုတ်ကုတ်နေထိုင်ခဲ့ရပြီး မြူခိုးချိုင့်ဝှမ်းမြို့တော် ဆေးလုံးဈေးကွက်ကို အုပ်စိုးနိုင်ဖို့ ယန်မိသားစုနှင့်အပြိုင် တိုက်ခိုက်ခဲ့ရသေး၏။
ရွှေဒင်္ဂါး ရာထောင်ချီသာတန်သောဈေးကွက်အတွက် သူတို့ကြိုးကြိုးစားစားတိုက်ခိုက်ခဲ့ရပြီး ယန်မိသားစုရှုံးနိမ့်သွား၍ အကြီးအကဲကျိုးတို့ကို အကူအညီခေါ်ခဲ့ရသေးသည်။
အခုတော့ အရှေ့ပိုင်းစီရင်စုက အင်အားအကြီးဆုံးမိသားစုများထဲမှ တစ်ခုကို သူတို့ကပိုက်ဆံပြန်ချေးပေးနေရပြီတဲ့။
(ငါ့အစ်ကိုမှာ လျှိုထားတာတွေဘယ်လောက်များထပ်ရှိသေးတာလဲ) ဖုန့်ယွင်တွေးမိသည်။
ဆရာသခင်ကိုယ်တိုင်ကပင် မိသားစုအန္တရာယ်ကျရောက်မှာကို စိတ်မပူဖို့ သူ့ကိုပြောလာခဲ့သေးသည်။ သူ့အစ်ကိုကြီးက အကုန်လုံးကိုသေချာကိုင်တွယ်နိုင်ပါလိမ့်မည်တဲ့။
ဆန်းကြယ်မီးတောက်ဂိုဏ်းကိုရော အစ်ကိုကြီးကိုင်တွယ်နိုင်မှာလားမေးတော့ ဆရာသခင့်အဖြေက "ဒါပေါ့"ပါတဲ့။
ဆရာသခင်ဘယ်လိုသိသလဲဟု သူထပ်မေးခဲ့သော်ငြား ထပ်ရှင်းပြမလာဘဲ အင်အားကြီးလာဖို့ကိုသာ အာရုံစိုက်ထားရန် မှာကြားလာသည်။
သူတို့မိသားစု ကြုံတွေ့ရမည့်အန္တရာယ်များကိုတော့ အစ်ကိုကြီးသာရှိနေသရွေ့ စိတ်ပူစရာမလိုပါတဲ့လေ။
သူ့ဆရာသခင်က ဘာတွေကိုများသိနေပြီး သူ့အစ်ကိုကြီးက မည်မျှထိစွမ်းအားကြီးနေမှန်း သူတွေးလို့မဆုံးနိုင်တော့ပါချေ။
ဆန်းကြယ်မီးတောက်ဂိုဏ်းကတောင် ဖုန့်မိသားစုကိုမခြိမ်းခြောက်နိုင်သည်အထိ စွမ်းအားကြီးလှပေသည်တဲ့လား?
သူငယ်ငယ်ကတည်းက အစ်ကိုကြီးအနေနဲ့ တိုက်ခိုက်ရာမှာအခက်ကြုံတာမျိုး ဒါမှမဟုတ် စွမ်းအားအပြည့်သုံးတာမျိုးကို တစ်ခါမျှမမြင်ဖူးခဲ့ပါ။ အကြီးအကဲကျိုးထျန်းဟွာနှင့် တိုက်ခိုက်တုန်းကပင် စွမ်းအားအပြည့်ထုတ်မသုံးခဲ့မှန်း သူရိပ်မိပါ၏။
ယခု သူ့အစ်ကိုသုံးနေသောငွေပမာဏမှာလည်း အရှေ့ပိုင်းစီရင်စုတွင် အချမ်းသာဆုံးဟုသတ်မှတ်လို့ ရလောက်သည်ထိပင်။
"ကြည့်ရတာ ငါမိသားစုကနေထွက်သွားဖို့အတွက် နောက်ဆံတင်းနေစရာမလိုတော့ဘူးပဲ"
ဖုန့်ယွင်ခပ်တိုးတိုး ရေရွတ်မိသည်။
လူအများမှာ ယွမ်ဟောင်၏ကျေးဇူးတင်စကားကြောင့် ကြောင်အနေကြပြီး ဖုန့်ချန်းကတော့ အားလုံး၏မျက်နှာပေးကို မသိချင်ယောင်ဆောင်နေသည်။
"ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ" ဖုန့်ချန်းကပြန်ပြောလိုက်သည်။
အမှန်ပင် ကျေးဇူးတင်စကားလိုအပ်သည်ဟုမထင်ပါချေ။ သူ့ဘက်က ပိုက်ဆံလေးခဏချေးလိုက်ရုံဖြင့် အကြွေးပြန်ဆပ်ရာတွင် ၁၀ရာခိုင်နှုန်းဖြစ်သော တစ်သိန်းခွဲကိုပါ ထပ်ပေါင်းရဦးမည်ဖြစ်သည်လေ။
ဒုတိယအချက်အနေဖြင့် ယွမ်ဟောင်သာဝင်မပါလျှင် ထိုမြေကမ္ဘာအဆင့်ကျင့်စဥ်မှာ တစ်သန်းဈေးဖြင့်ရောင်းထွက်သွားမည်ဖြစ်၏။
ယွမ်ဟောင်ကြောင့် သူ စုစုပေါင်းအမြတ် ခြောက်သိန်းခွဲပိုရခဲ့သည်မဟုတ်လော။
အင်း ငါကကျေးဇူးတင်တယ်ဆိုမှ ဟုတ်ဦးမယ်။