← Chapters

အတိတ်မှအရိပ်

Vol. 9 Ch. 120

အတိတ်မှအရိပ်

Vol. 9 Ch. 120

အဖေ" စားပွဲထိုးမှ ပူပူလောလောဖက်ထုပ်တစ်ခြင်းကိုချပေးလာသည်နှင့် ဖုန့်ချန်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်လုံးလေးများကိုပြူးလျက် သူ့အဖေကိုခေါ်လိုက်သည်။ "ဒါတွေကတကယ်ပဲ ချင်းယွင်မြို့ရဲ့အကောင်းဆုံးဖက်ထုပ်တွေပေါ့"

သူ့အဖေက မြို့တော်၏အကောင်းဆုံးသောဖက်ထုပ်ဆိုင်အကြောင်းကို တစ်လျှောက်လုံးအာပေါင်အားရင်းသန်သန်ဖြင့်ဖောက်သည်ချလာသဖြင့် ဖုန့်ချန်းလည်းအလွန်စားချင်နေခဲ့တာဖြစ်၏။

သို့သော် ထိုဖက်ထုပ်ဆိုင်၏အခြေအနေကိုမြင်လိုက်ရတော့ ဖုန့်ချန်းသံသယမဝင်ဘဲမနေနိုင်ပါချေ။ အမှန်ပင် ဖက်ထုပ်ဆိုင်ဟုခေါ်လို့ရရုံအခြေအနေသာရှိပြီး ပတ်ဝန်းကျင်အနေအထားမှာလည်း အကောင်းဆုံးဖက်ထုပ်ဆိုင်ဟုသောအမည်နာမနှင့် မသင့်တော်လှအောင် စုတ်ပြတ်သတ်နေခဲ့၏။

ဖုန့်ကိုင်က သားဖြစ်၏ဆံပင်များကိုဖွလိုက်ပြီး သဘောတကျရယ်မောလာသည်။ သူ့သားဘာတွေးနေသည်ကို သေချာပေါက်သိနေပါသညါ။ "စာအုပ်တစ်အုပ်ကို အဖုံးကိုကြည့်ရုံနဲ့မဆုံးဖြတ်ရဘူးကွ အရင်မြည်းကြည့်ပါဦး မင်းကြိုက်မှာပါ"

ထို့နောက် သူတို့ဖက်ထုပ်တစ်‌‌ယောက်တစ်ခုစီယူမြည်းကြည့်သော် နူးညံ့သောဖက်ထုပ်သားနှင့် အနံ့အရသာပြည့်စုံသော အစာသွပ်အသားကို အရသာခံလိုက်ရလေသည်။

"ဝိုး အရသာရှိလိုက်တာ" သူအံ့သြတကြီးရေရွတ်လိုက်ပြီး ဖက်ထုပ်ကိုအမြန်သွပ်လိုက်တော့သည်။

သူ့အဖေကတော့ ကိုယ်တိုင်လုပ်ထားသည့်ဖက်ထုပ်အား ချီးကျူးခံနေရဟန်ဖြင့် လွန်စွာမှဂုဏ်ယူချက်ရှိတော့၏။

"တွေ့လား အဖေပြောပါတယ် အကောင်းဆုံးပါလို့"

ဖုန့်ကိုင်က ကျေနပ်စွာပြောလာသည်။

ဖုန့်ချန်းလည်းခေါင်းအမြန်ညိတ်ကာ နောက်ဖက်ထုပ်တစ်ခုကို အမြန်ယူစားလိုက်သည်။

"မှတ်ထား ချန်းအာ" စားနေရင်း သူ့အဖေကစကားစလာသည်။ "အပြင်လောကကြီးက ကျယ်ပြောပြီး ရက်စက်ကြမ်းတမ်းတယ် သားရဲ့လက်ရှိပါရမီနဲ့ဆို တစ်ချိန်မှာ သေချာပေါက်ဖုန့်မိသားစုကို ဦးဆောင်ရမှာ အဲ့ဒီအချိန်ကျ ကိုယ့်အတွက်ကိုယ်ထက် ကိုယ့်‌ဘေးကမိသားစုဝင်တွေကို အရာရာငဲ့ညှာဂရုစိုက်လာရလိမ့်မယ် ခက်ခဲတယ်ဆိုတာသိပေမယ့် အဲ့ဒါအကြီးဆုံးဖြစ်တဲ့ သားတာဝန်ပဲ"

ဖုန့်ချန်းလည်း များများစားစားမတွေးဘဲ ခေါင်းညိတ်လျက်သာနားထောင်နေခဲ့သည်။ ကျင့်ကြံသူများ၏နေထိုင်မှုသက်တမ်းမှာ သာမန်လူများနှင့်ယှဥ်လျှင် လွန်စွာကြာရှည်လှသဖြင့် သူမိသားစုခေါင်းဆောင်ဖြစ်လာဖို့ အဝေးကြီးလိုပေဦးမည်ဟုသာ တွေးထားခဲ့တာပင်။

ဒါပေမယ့်....

ဟူး

(ကြည့်ရတာ ဖြစ်လာတော့မယ့်ပြဿနာတွေကို အဖေကြိုခန့်မှန်းထားခဲ့ပုံပဲ)

ဖုန့်ချန်းတွေးရင်း အသက်၂၀ဖြင့် မိသားစုခေါင်းဆောင်နေရာကိုဆက်ခံခဲ့ရသော သူ့ကိုယ်သူအား ပြန်လည်အောက်မေ့မိသည်။

ပြန်တွေးကြည့်လိုက်လျှင် သူ့အဖေ၏သတိပေးဆုံးမစကားများမှာ အချိန်အခါမသင့် ထူးဆန်းနေခဲ့တာတော့အမှန်ပင်။ ကိစ္စအဖုံဖုံဖြစ်ပျက်ပြီးသွားတော့ သူ့အဖေအနေဖြင့် အနာဂတ်ကိုကြိုခန့်မှန်းခဲ့မိမှန်း သူသိမြင်လာခဲ့ရသည်။ သို့သော် သူဘယ်လိုပဲကူးပြောင်းလာသူဖြစ်နေပါစေ ထိုအချိန်ကစကားများ၏အဓိပ္ပာယ်ကိုတော့ အမှန်ပင်မဖမ်းဆုပ်နိုင်ခဲ့ပါ။

သူတုံးအခဲ့ပြီး အရာအားလုံး မပြောင်းမလဲအဆင်ပြေနေမည်ဟုသာ တွေးထင်ထားခဲ့ပုံပင်။

ငယ်ရွယ်ပျိုမျစ်သော သတ္တိဗျတ္တိအပြည့်ဖြင့် သူ အဖေ့ကို ပြန်လည်ဝင့်ကြွားပြခဲ့သေးသည်။ "မစိုးရိမ်ပါနဲ့အဖေ ဖုန့်မိသားစုကို မိုးပြာကောင်းကင်အင်ပါယာမှာ အင်အားအကြီးဆုံးဖြစ်အောင် ကျွန်တော်ဦးဆောင်နိုင်ပါလိမ့်မယ်"

ဖုန့်ကိုင်၏ သားဖြစ်သူအားဂုဏ်ယူဟန်ဖြင့် နွေးထွေးသောရယ်မောသံမှာ သူ့စိတ်နှလုံးအတွင်း ယနေ့တိုင်ပဲ့တင်ထပ်နေဆဲပင်။ "ဒီလိုပဲဖြစ်နေရမယ် ဒါပေမယ့်တစ်ခုတော့မှတ်ထားပါ ချန်းအာ အရာအားလုံးကိုမင်းပုခုံးပေါ်တင်ထားစရာမလိုဘူး မိတ်ဆွေတွေနဲ့မိသားစုဝင်တွေကိုယုံကြည်ပါ မင်းရဲ့ညီအစ်ကိုမောင်နှမတွေကိုအားထားပါ မင်းအကူအညီလိုတဲ့အချိန်မှာ သူတို့ကသေချာပေါက်ရှိနေပါလိမ့်မယ်"

ဖုန့်ချန်း၏ထိုအချိန်ကတိစကားများမှာ အမှန်ပင် ဝင့်ကြွားခြင်းသက်သက်ထက်မပိုခဲ့ပေ။

‌ခေါင်းဆောင်တစ်ဦး၏တာဝန်များကို အမှန်တကယ်လက်လွှဲယူရချိန်ရောက်လာတော့ မြူခိုးချိုင့်ဝှမ်းမြို‌တော်မှာ အင်အားအကြီးဆုံးဖြစ်ဖို့ကိုပင် သူမနည်းကြိုးစားရုန်းကန်ခဲ့ရသည်။

စနစ်၏အကူအညီသာမပါလျှင် သူ သူ့မိသားစုကို လုံခြုံအောင်ပင်ကာကွယ်နိုင်ပါ့မလား စိုးရိမ်စရာပင်။

သို့သော် စနစ်ပေါ်ပေါက်လာမှုကြောင့် အရာအားလုံးပြောင်းလဲသွားပြီး သူကအင်အားကြီးသည်ထက်ကြီးလာခဲ့သည်။ မိုးနှင့်မြေလောက်ကွာသည့် အပြောင်းအလဲမျိုးစုံကို ပိုင်ဆိုင်လိုက်ရပြီးနောက် သူတစ်ချိန်ကကြွားဝါခဲ့သလို လက်တွေ့လုပ်ပြဖို့သာရှိတော့ပေသည်။

သူ့ကတိအတိုင်း တည်နိုင်ခဲ့ပြီဆိုလျှင်တော့ ဖုန့်မိသားစုမှထွက်ခွာပြီး မိဘနှစ်ပါးကို လိုက်ရှာမိလောက်ဦးမည်ပင်။

သူခေါင်းကိုအသာခါယမ်းလိုက်သည်။ အခုလောလောဆယ် လက်ရှိကာလကိုသာအာရုံစိုက်ထားပြီး ဖုန့်မိသားစုကို မိုးပြာကောင်းကင်အင်ပါယာ၏ အင်အားအကြီးဆုံးမိသားစုအဖြစ် မြှင့်တင်ရပေဦးမည်။ ဆန်းကြယ်မီးတောက်ဂိုဏ်းထက် ပိုအင်အားကြီးသည့် အနေအထားတစ်ခုအထိပေါ့။

"ဒီနားတစ်ဝိုက်မှာရှိလောက်မယ်ထင်တာပဲ...." သူထိုဖက်ထုပ်ဆိုင်ကို လိုက်ရှာနေတာဖြစ်သည်။ ထိုအချိန်က ပတ်ဝန်းကျင်အနှံ့ မွှေးပျံ့နေခဲ့သည့် ဖက်ထုပ်ဟင်းရည်နံ့ကို လိုက်အနံ့ခံကြည့်ရင်း။

နောက်ဆုံးတော့ရှာတွေ့သွားပါပြီ။ "ဖု ဖက်ထုပ်ဆိုင်" ထိုနာမည်လေးက သူ့နှလုံးသားကို နွေးထွေးမှုဖြင့်ကြိုဆိုလိုက်သည့်အလား။

ဖက်ထုပ်ဆိုင်အသွင်အပြင်မှာကား ပြောင်းလဲနေလေပြီ။ သေးငယ်မှိန်ဖျော့သော ယိုင်နဲ့နဲ့ဖက်ထုပ်ဆိုင်လေးမဟုတ်တော့ဘဲ ပေါလစ်ရောင်တောက်ပလျက် ဝင့်ကြွားစွာရပ်တည်လို့နေသည်။ အပြင်ဘက်တွင် တန်းစီစောင့်နေကြသော ဝယ်သူများကြောင့် ဆိုင်၏လက်ရှိအောင်မြင်မှုကို မှန်းဆလို့ရနိုင်ပေသည်။

ဖုန့်ချန်းအသာရယ်မောလိုက်သည်။ ဒီလောက်အရသာရှိတဲ့ဖက်ထုပ်ဆိုင်က နာမည်ကြီးလာတာမဆန်းပါဘူးလေ။

အထဲသို့လှမ်းဝင်လိုက်သည်နှင့် အနံ့အရသာနှင့်ပြည့်စုံသော လတ်လတ်ဆတ်ဆတ်ဖက်ထုပ်နံ့က သူ့ကိုဆီးကြိုလျက်ရှိသည်။ ထိုနှစ်ပေါင်းများစွာအကြာက အမှတ်တရလှိုင်းများကို တစ်ဖန်ပြန်ဂယက်ထစေလျက်။ သူ့အဖေ၏ပြောစကားများကို ပြန်ကြားယောင်ရင်း ဖုန့်ချန်းပြုံးလိုက်သည်။

"မပူပါနဲ့အဖေ သားကတိတည်ပါ့မယ်"

All Chapters