ငွေရောင်ဆံနွယ်နှင့် မိန်းမလှ၊ ရင်ခုန်သံတွေဖိုးသိုးဖတ်သတ်
Vol. 9 Ch. 121
ဖုန့်ချန်းဖက်ထုပ်ဆိုင်တွင်းသို့ လှမ်းဝင်သွားလိုက်သော်ငြား ပုံမှန်အခြေအနေဟုတ်မနေဘဲ အားလုံးကငြိမ်သက်လို့နေကြသည်။ စားပွဲအရေအတွက်အတော်များများမှာ လူအပြည့်ရှိနေသော်လည်း ဆိုင်တွင်းမှလေထုအခြေအနေကမူ တင်းမာလျက်ရှိသည်။ စကားသံများမရှိ၊ တိတ်ဆိတ်လို့နေပြီး စားပွဲထိုးတစ်ယောက်တောင်မှ သူ့ကိုလာဆီးကြိုမည်မရှိပေ။ လူတိုင်းမှာ တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေကြသကဲ့သို့ စိတ်လှုပ်ရှားလျက်ရှိကြသည်။
သူစားပွဲတစ်လုံးမှာဝင်ထိုင်လိုက်ပြီး ချင်းယွင်မြို့ကလူတွေက ဒီလိုတိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်မျိုးကိုများ နှစ်ခြိုက်ကြလေသလားဟု တွေးကြည့်ပါသေးသည်။ သို့သော် ဒီအခြေအနေကြီးက တွေးလေလေ သံသယဝင်စရာကောင်းလေလေပင်။
ရင်းနှီးကျွမ်းဝင်သော ဖက်ထုပ်ပေါင်းများနှင့် ဟင်းရည်ရနံ့တို့က အမှတ်တရများကိုသယ်ဆောင်လျက် ပျံ့လွင့်နေတော့သည်။ တစ်ခဏမျှ အတိတ်တစ်ချိန်က ရိုးရှင်းသောပတ်ဝန်းကျင်သို့ ဖုန့်ချန်းပြန်လည်ရောက်ရှိသွားသလို့ ခံစားလိုက်ရသည်။ သူ့အဖေခေါ်ဆောင်ရာနောက် တပ်ကြပ်မကွာလိုက်ရင်း ဤဆိုင်သို့ပထမဆုံးအကြိမ်ရောက်ခဲ့သည့် ထိုတဒင်္ဂသို့။ သူပြုံးလိုက်သည်။ အဖေ့၏တဟားဟားရယ်သံကိုပင် သူယခုထိကြားယောင်မိနေသည့်အလား။
သူ့ဘာသာခပ်ပြုံးပြုံးဖြင့် အတိတ်ကိုပြန်လည်အောက်မေ့နေစဥ် စားသောက်ဆိုင်၏တစ်ဖက်အစွန်မှ တစ်စုံတစ်ယောက်၏နှောင့်ယှက်မှုကြောင့် စိတ်အစဥ်မှာ လက်တွေ့သို့ပြန်ရောက်ရှိလာရသည်။ စူးရှသောအာရုံခံနိုင်စွမ်းကြောင့် စကားသံများကိုလည်း ချက်ချင်းကြားနိုင်လိုက်သည်။ "လာစမ်းပါ ကောင်မလေးရာ ခက်ခဲအောင်လုပ်မနေစမ်းနဲ့" အထက်စီးသံဖြင့် ကြိမ်းမောင်းနေသော ယောက်ျားသံတစ်ခုပင်။
"မင်းဘာလို့ငါတို့နဲ့မလိုက်ချင်တာလဲ မင်းကိုမြို့တစ်ခွင်လုံး လိုက်ပြပေးမှာပါဆို ချင်းယွင်မြို့အစစ်ကိုမတွေ့ဖူးချင်ဘူးလား"
"ပျော်စရာကောင်းမှာပါကွာ ကတိပေးတယ် မဟုတ်ရင်မင်းကိုဘာလို့အတင်းခေါ်လာမှာလဲ"
ယောက်ျားသားတစ်စုက မိန်းကလေးတစ်ဦးကိုဝန်းရံထားရင်း ကျယ်လောင်စွာပြောဆိုနေသည်မှာ အာရုံမစိုက်လို့ကိုမရသည်အထိ။ ချင်းယွင်မြို့ကို ယေဘုယျအားဖြင့်လုံခြုံဘေးကင်းသည်ဟုသာ ယူဆထားကြရာ ဤသို့အဖြစ်အပျက်များမှာလည်း တွေ့ရခဲသည်ပင်။ စားသောက်ဆိုင်ထဲရှိလူများမှာလည်း ထိုအခြေအနေကိုဝင်မစွက်ဖက်ချင်ဟန်ဖြင့် မမြင်ချင်ယောင်သာဆောင်လို့နေကြ၏။ ထိုအုပ်စု၏ ကျော့ရှင်းသပ်ရပ်သောဝတ်ရုံများကို ဖုန့်ချန်းသေချာသတိထားမိသည်။ တွေ့နေကျရပ်ကွက်လူရမ်းကားများလို စုတ်တီးစုတ်ပြတ်ဟုတ်မနေသောကြောင့် ချင်းယွင်မြို့တော်၏ အာဏာရှိမိသားစုတစ်ခုခုမှ မိသားစုဝင်များဖြစ်နိုင်ပေသည်။
အခြေအနေကိုအကဲခတ်ပြီးသည်နှင့် ဖုန့်ချန်းထိုင်ရာမှထလိုက်သည်။
သူက တရားမျှတမှုအတွက် အမြဲတိုက်ခိုက်နေသော လူသူတော်ကောင်းကြီးတစ်ဦးမဟုတ်သော်ငြား တမ်းတဖွယ်အမှတ်တရကောင်းလေးများဖြင့်ပြည့်နေသော ဤဆိုင်ကလေးကို ထိုသို့ကျက်သရေမရှိသောလုပ်ရပ်များဖြင့် အဖျက်ဆီးမခံနိုင်ပါ။ အစပိုင်းတွင် သူထလာတာကိုမည်သူမျှသတိမမူမိသော်ငြား ထိုအုပ်စု၏အနားသို့တဖြည်းဖြည်းကပ်သွားသည်နှင့် ထိုသူများက သူ့ကိုအာရုံစိုက်လာကြတော့သည်။
ထိုအုပ်စုအနားသို့ချဥ်းကပ်လိုက်ပြီး အရင်ဆုံး အနှောင့်ယှက်ခံမိန်းမငယ်ကို တစ်ချက်ကြည့်လိုက်သည်။
ဖုန့်ခေါင်းဆောင်၏ရင်ခုန်သံ တစ်ချက်မှားသွားလေပြီ။
အမှန်ပင် အသက်ရှူမှားလောက်အောင် လှရက်ပါပေသည်။ အမြင်ဖြင့်ပင် နူးညံ့ချောမွတ်ဟန်ရှိသော ကြွေထည်အသားအရည်နှင့် သလင်းကျောက်ရေစင်ကဲ့သို့ ကြည်လင်ရွှန်းပြည့်သော မျက်ဝန်းအိမ်ကျယ်ကျယ်လေးတစ်စုံဖြင့်။ အဖြူရောင်ဆံနွယ်ရှည်တို့မှာ မိုးကောင်းကင်မှဆင်းသက်ကျလာသော နှင်းပွင့်ငယ်လေးများကဲ့သို့ ဖြူစင်သန့်ရှင်းလှပြီး နောက်ကျောထက်ဖြန့်ချထားပုံမှာ နဂိုအလှတရားကို ပို၍ကျက်သရေတိုးစေတော့၏။ ရိုးရှင်းပေသည့် သပ်ရပ်သိမ်မွေ့ဟန်ရသောဝတ်ရုံကိုဝတ်ဆင်ထားခြင်းက တည်ငြိမ်သောဂုဏ်သိက္ခာတစ်မျိုးကို ခံစားရစေသည်။ အကျပ်ရိုက်နေသောအခြေအနေမှာတောင်မှ သန့်စင်ကြည်လင်စွာ လှနေမြဲပင်။ ဖုန့်ချန်းကို အဆွဲဆောင်နိုင်ဆုံးကတော့ လျစ်လျူရှုလို့မရသည့် သူမ၏တည်ငြိမ်မှုဖြစ်၏။ ဘေးမှာနှောင့်ယှက်နေသော လမ်းသရဲများကိုလည်း ဖြတ်သွားဖြတ်လာတက်နင်းလိုက်မိသောအမှိုက်စများနှယ် မြူမှုန်မျှအလေးမထားဟန်ပင်။ ထိပါးလို့မရနိုင်သော ထိုတည်ငြိမ်မှုကြောင့် လူရမ်းကားများမှာ သူမ၏အာရုံကိုဖမ်းယူနိုင်ရန် ပိုမိုကျယ်လောင်စွာ အော်ဟစ်လာကြတော့သည်။
ထိုအမျိုးသမီး၏အလှတရားမှာ အရေပြားတစ်ထောက်စာသာမဟုတ်ပေ။ အပြင်ပန်းသွင်ပြင်ထက်ပိုသောတစ်စုံတစ်ခုအား ဖုံးကွယ်ထားသေးဟန်ဖြင့် စွဲမက်ဖွယ်ကောင်းသော အရှိန်အဝါတစ်မျိုးကို ဖြန့်ကျက်လို့ထားသည်။
ဒီလောက်လှသည့်အမျိုးသမီးကို ဖုန့်ချန်းဘဝမှာ တစ်သက်မှတစ်ခါ ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းပါပေ။ လှပေ့ချောပေ့ဆိုသည့် မိန်းမများစွာကို တွေ့ဖူးမြင်ဖူးပေသည့် ဒီတစ်ယောက်ကတော့ နှိုင်းရက်စရာမရှိအောင် သိသိသာသာကို ထူးကဲနေတာပင်။
သူမ၏ အလှတွင် ခေတ္တမျှ ငေးမောမိသွားပြီးနောက် ဖုန့်ချန်းအသိပြန်ဝင်လာပြီး လူရမ်းကားအုပ်စုထံ အာရုံလွှဲလိုက်သည်။
(ဒီရေပေါ်ဆီကောင်တွ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလောက်ဇွဲကောင်းကောင်းနဲ့လိုက်ကြောင်ရဲကြတာ မအံ့သြတော့ပါဘူး)
ဖုန့်ချန်းတွေးမိလိုက်သည်။ သို့သော် လွှတ်ပေးလိုက်ဖို့ရာတော့စိတ်ကူးမရှိပါ။
ထို့အပြင် သူ့ရဲ့အတိတ်ကိုတမ်းတရမယ့် အချိန်ကောင်းလေးကို ဖျက်ဆီးခံလိုက်ရသည်မဟုတ်လော။ အေးအေးဆေးဆေးလွှတ်ပေးလိုက်ဖို့ လုံးဝမဖြစ်နိုင်ပါပေ။
"ပြဿနာတစ်ခုခုရှိနေတာလား" ဖုန့်ချန်းမေးလိုက်သည်။
တည်တည်ငြိမ်ငြိမ်သာမေးလိုက်သော်လည်း ဖုန့်ချန်းအသံက စားသောက်ဆိုင်တစ်ခုလုံးသို့ပျံ့နှံ့သွားတော့သည်။ လူအများက သူ့ကိုရော ထိုအုပ်စုကိုပါ တစ်လှည့်စီစိတ်လှုပ်ရှားစွာကြည့်လာကြပြီး လေထုမှာလည်း ပိုလို့ပင်တင်းမာလာ၏။ အချို့စားသုံးသူများက စိုးရိမ်ပူပန်ဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်လာကြပြီး အချို့ကတော့ ပြဿနာထဲဆွဲသွင်းမခံရဖို့အရေး ခေါင်းကိုသာတစ်ဆုံးငုံ့ထားကြတော့သည်။ တစ်ယောက်ယောက်တော့ အသတ်ခံရတော့မည်အထင်ဖြင့် တီးတိုးသံများလည်း ကြိုကြားကြိုကြားထွက်ပေါ်လာသည်။
"သွားပြီ အဲ့လူတော့သေပြီပဲ"
"အရူးပါကွာ အဲ့လူတွေဘယ်သူမှန်းလည်း သိရဲ့လားမသိ"
"အဲ့ဒါထျန်းလုံမိသားစုဝင်တွေဆိုတာ သူမသိဘူးထင်တယ်နော"
"ချင်းယွင်မြို့မှာ ဘယ်သူကများ ထျန်းလုံမိသားစုကိုဆန့်ကျင်ရဲမှာလဲ ဒီလူတော့ပြဿနာတက်ပြီ"
"ထားလိုက်တော့ သူတို့နဲ့သွားရှုပ်ရင် သေမိန့်ကျတာနဲ့အတူတူပဲ အဲ့လူကလူစွမ်းကောင်းဖြစ်ချင်နေတာထင်တယ် ငြိမ်းချမ်းရာမှာခိုနားနိုင်ပါစေကွာ"
.......