လူရမ်းကားတွေနဲ့ ပြန်ဆုံပြန်ပြီ
Vol. 9 Ch. 123
အစောကတင် ဒီနားမှာငြိမ်ငြိမ်လေးထိုင်နေခဲ့သောမိန်းကလေးက ရန်ပွဲပြီးပြီးချင်းလှစ်ခနဲပျောက်လို့သွားသဖြင့် ဖုန့်ချန်းပင်တအံ့တသြဖြစ်သွားရ၏။
ပိုပြီးအံ့သြစရာကောင်းတဲ့အချက်ကတော့ ထိုမိန်းကလေးထွက်သွားတယ်ဆိုတာကို သူကိုယ်တိုင်တောင် စားပွဲကိုမကြည့်မချင်း သတိမထားမိခဲ့သောကြောင့်ပါပင်။
အားလုံးသိကြတဲ့အတိုင်း ဖုန့်ချန်းရဲ့အာရုံခံနိုင်စွမ်းအောက်မှာ ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတွေတောင် ဒီလိုတိတ်တိတ်လေးထွက်သွားဖို့ မဖြစ်နိုင်ဘူးလေ။
သူ့ဘက်က အာရုံစိုက်မနေဘူးဆိုရင်တောင်မှ ဒီလောက်နီးနီးလေးမှာထိုင်နေတဲ့သူက ထထွက်ပြေးသွားတာကို သေချာပေါက်သိလိုက်ရမှာပင်။
(အဲ့မိန်းကလေးက ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူများလား ဒါမှမဟုတ် အဲ့ထက်တောင်ပိုမြင့်တာမျိုးလား)
ဖုန့်ချန်းကိုယ်တိုင်လည်းမသေချာ။ အရင်က ဝိဉာဥ်သန္ဓေကျင့်ကြံသူနှင့်မရင်ဆိုင်ဖူးသောကြောင့် သူသတိမထားမိခင် တိတ်တိတ်လေးထွက်သွားနိုင်လောက်မလားဆိုတာကို သူကိုယ်တိုင်လည်းမသိပါချေ။
သို့သော် ထိုကျင့်ကြံဆင့်မှကျင့်ကြံသူများပင် သူ့အလစ်မှာ ဒီလောက်ချောချောမွေ့မွေ့နဲ့ရှောင်တိမ်းသွားနိုင်ပါ့မလား?
သို့သော် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ထက်မြင့်ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပေ။ မိုးပြာကောင်းကင်အင်ပါယာတစ်လွှားမှာ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုတာ အမြင့်ဆုံးပဲမဟုတ်လား?
ထို့အပြင် ထိုမိန်းကလေးမှာ အလွန်ဆုံးရှိလှ အသက်၂၀ကျော်ဝန်းကျင်လောက်သာဖြစ်မည့်ပုံပေါ်လေသည်။ ဒါပေမယ့် ကျင့်ကြံရေးလောကမှာတော့ အသက်အရွယ်ကိုအမြင်နှင့်ခန့်မှန်းလို့ မရနိုင်ပေ။
သူတွေးနိုင်တဲ့ အဖြစ်နိုင်ဆုံးခန့်မှန်းချေကတော့ အဲ့ဒီမိန်းကလေးမှာ လူသူမသိအောင် တိတ်တိတ်လေးထွက်ပြေးပျောက်ကွယ်သွားနိုင်တဲ့ ကျင့်စဥ်တစ်ခုခု ပိုင်ဆိုင်နေလိမ့်မည်ဟု။
ဒီအချက်က သူ့ကိုပိုလို့စိတ်ဝင်စားမိစေသည်။ သူကိုယ်တိုင်ပင် အာရုံခံမိနိုင်စွမ်းမရှိရအောင် ဘယ်လိုကျင့်စဥ်ကများ ထိုမျှစွမ်းအားထက်နေပါသနည်း?
ဖုန့်ချန်းက အန္တရာယ်အငွေ့အသက်ကို ရရှိခြင်းနှင့်အတူ စိတ်လှုပ်ရှားလာသည်။ သူမက ဘယ်သူလဲ? ဘာကြောင့် မမျှော်လင့်ထားဘဲ ရုတ်တရတ်ကြီးပျောက်သွားနိုင်ရတာလဲ? ထိုမိန်းကလေးထိုင်ခဲ့သောစားပွဲခုံထံသို့ တစ်ဖန်အကြည့်ရောက်သွားပြန်သော် စူးစမ်းးလိုစိတ်နှင့်တကွ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသည့်ခံစားချက်များပါ ရင်ထဲနင့်အောင် ရောနှောဝင်ရောက်လာတော့၏။
ဟူး...
သူက မြင်မြင်ချင်းအချစ်ဆိုတာမျိုးကို ယုံကြည်တတ်တဲ့သူလည်းမဟုတ်သလို ထိုမိန်းကလေးကို ချက်ချင်းချစ်မိသွားခြင်းလည်းမဟုတ်ရပါ။ သူခုနကလုပ်ခဲ့သည့်လူစွမ်းကောင်းဆန်ဆန်လုပ်ရပ်မှာလည်း သူမ၏အာရုံကိုဖမ်းစားချင်လို့လည်းမဟုတ်သလို ဖွန်ကြောင်ကာ ဝင်လုံးချင်လို့လည်းမဟုတ်။ သူ့ကိုယ်ပိုင်အကြောင်းပြချက်ဖြင့် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ပေသည်။
သူမကိုယ်တိုင်ကလည်း ဒုက္ခရောက်နေသည့်ဟန် တစ်စက်ကလေးမှမပေါ်ခဲ့ပါ။ ဒီလိုလှစ်ခနဲပျောက်သွားနိုင်တဲ့အရည်အချင်းအရ ထိုလူရမ်းကားများကိုရှင်းထုတ်ဖို့ သူ့အကူအညီလုံးဝမလိုအပ်ခဲ့တာဖြစ်လိမ့်မည်။ သို့သော်ငြား ဘယ်လိုပဲဆက်ပက်သက်စရာအကြောင်းရှာမတွေ့ပါစေ သူသည် ထိုမိန်းကလေးကို စိတ်ထဲကထုတ်မရဖြစ်နေပြီး သူမအကြောင်းကိုလည်း ပိုသိချင်လှ၏။
"ကံဆိုးလိုက်တာကွာ"
သူခပ်တိုးတိုးရေရွတ်လိုက်သည်။ ဟိုဗီလိန်အငယ်စားအုပ်စုကိုပညာပေးဖို့ အချိန်လိုသည်ထက်ပိုဖြုန်းလိုက်မိတာကိုပင် နောင်တရချင်ချင်။
စားသောက်ဆိုင်ထဲရှိလူများမှာလည်း ထျန်းလုံမိသားစုဝင်များ ကောင်းကောင်းကြီးအနှက်ခံနေရတာကို ထိတ်လန့်တုန်လှုပ်နေကြပြီးမှ မိန်းကလေးပျောက်ကွယ်သွားတာကို သိလိုက်ကြရတာဖြစ်သည်။
"ဟိုမိန်းကလေးက အဲ့စားပွဲမှာထိုင်နေတာမဟုတ်လား ဘယ်ရောက်သွားတာပါလိမ့်"
"ဟမ် သွားပြီလား ဘယ်အချိန်ကထွက်သွားလိုက်တာလဲ"
"ဟိုလူကြီးမင်းက ထျန်းလုံမိသားစုကလူတွေကိုပညာပေးနေတုန်း အခွင့်ကောင်းယူပြီးထွက်ပြေးသွားတာဖြစ်မှာပေါ့"
"ကျွတ် ကျွတ် ကျေးဇူးမသိတတ်တဲ့မိန်းကလေးပဲ ဒီလူကြီးမင်းက သူ့ကိုအသက်စွန့်ပြီးတောင်ကယ်ထားရတာကို ကျေးဇူးစကားတောင်ဆိုမသွားဘူး"
မိန်းကလေး၏အကြောင်းကို ရေရေရာရာမသိကြသူများက စတင်ပုတ်ခတ်ပြောဆိုလာကြသည်။ ဖုန့်ချန်းကသတ္တိရှိရှိ ဝင်ရောက်ကူညီနေစဥ် သူရဲဘောကြောင်ကြောင်ဖြင့် ထွက်ပြေးသွားရလေသလားဟု ပြစ်တင်စိတ်များဖြင့်။
ဖုန့်ချန်းကလည်း သူတို့အားလုံးအထင်ကြီးလောက်မည့်ရိုက်ပွဲတစ်ခုကို ခင်းကျင်းပြသလိုက်ပြီး လူရမ်းကားများကို ကောင်းကောင်းကြီးဆုံးမလိုက်နိုင်တာကြောင့် ချက်ချင်းပင် လူကြီးမင်းဟု ရိုသေလေးစားစွာ ကင်ပွန်းတပ်လိုက်ကြလေပြီ။
သာမန်လူတစ်ဦး၏အမြင်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ဆိုသည်မှာ သူတို့အရဲစွန့်လို့သွားယှဥ်ပြိုင်မရနိုင်သည့် ထူးခြားသာလွန်နေပြီဖြစ်၏။ ဖုန့်ချန်းတို့၏အမြင်တွင် သာမန်ပါရမီဆင့်နှင့်ကျင့်ကြံသူများဖြစ်ပါသော်လည်း သာမန်ပြည်သူများအတွက်မူ စွမ်းအားကြီးကျင့်ကြံသူများသာဖြစ်သည်။ ထိုသူများကို ဖုန့်ချန်းက စက္ကန့်ပိုင်းအတွင်းလှဲသိပ်လိုက်နိုင်ရာ ပွဲကြည့်သူများ၏အမြင်တွင် ဖုန့်ချန်းမှာ အင်မတိအင်မတန်မှကို ထူးကဲသာလွန်လှသည့် ထိပ်တန်းကျင့်ကြံသူတစ်ဦး ဖြစ်နေပေရော့မည်။
ထျန်းလုံမိသားစုမှလူများကို လက်တစ်ချက်ပင်မတွ့န်ဘဲ အပြတ်ဆော်လိုက်ပုံထောက်လျှင် ထိုလူကြီးမင်းမှာ နောက်ခံတောင့်တောင့်တင်းတင်းလည်း ရှိရပေမည်။ ဒီလိုတွက်ချက်မှုများ၏ ရလဒ်အနေဖြင့်တော့ ဖုန့်ချန်းအပေါ် သူတို့အားလုံး၏အမြင်မှာ ပြောင်းလဲသွားရပြီး လေးစားသမှုဖြင့် ဆက်ဆံပြောဆိုလာကြတော့သည်။ ထိုသူကို ဒေါသသွားဆွမိလျှင် အစောကလူရမ်းကားများလိုပင် ဇာတ်သိမ်းရမည်မလွဲပေ။
ထိုအချိန်တွင် ဖုန့်ချန်းမှာတော့ ထိုကိုယ်ပျောက်ကျွမ်းကျင်မိန်းကလေးအား စိတ်ဖြတ်လို့မရနိုင်သေးပါချေ။ သို့သော် ထိုစားပွဲနားမှာ မတ်တပ်ကြီးတဝဲလည်လည်လုပ်နေလို့လည်းမကောင်းသဖြင့် သူ့စားပွဲသို့သာပြန်သွားလိုက်ရသည်။
(သနားလိုက်တာ ငါ့ကောင်ရာ)
ဖုန့်ချန်းသူ့ကိုယ်သူလည်းသတိပြန်ပေးနေရသည်။ သူဒီဆိုင်ကိုရောက်လာခြင်းကား ဖက်ထုပ်စားဖို့သာဖြစ်၏။ ရန်ဖြစ်ဖို့လည်းမဟုတ်သလို မိန်းကလေးတစ်ယောက်နောက်လိုက်ဖို့အတွက်လည်းမဟုတ်ပါ။ သူ့အတွေးများငြိမ်သက်သွားသည်နှင့် စားပွဲထိုးမိန်းကလေးက အရေးတကြီးမျက်နှာထားဖြင့် သူ့ထံချဥ်းကပ်လာသည်။
"လူကြီးမင်းထွက်သွားသင့်ပြီထင်တယ်ရှင့်" အခန်းတစ်ဝိုက်ကို စိတ်လှုပ်ရှားစွာ လှည့်ပတ်အကဲခတ်ရင်း သူမကသတိပေးလာသည်။ "ဟိုလူရမ်းကားအုပ်စုက သူတို့အပေါင်းအပါတွေထပ်ခေါ်လာပြီး လက်စားပြန်ချေကြလိမ့်မယ်"
မိန်းကလေး၏စိုးရိမ်ပေးမှုကို အသိအမှတ်ပြုသည့်အနေဖြင့် ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။ "စိုးရိမ်ပေးတာကိုကျေးဇူးပါ ဒါပေမယ့် ကျွန်တော့်ဘာသာဖြေရှင်းနိုင်ပါတယ် စိတ်အေးအေးသာနေပါ"
စားပွဲထိုးမိန်းကလေးမှာ မျက်မှောင်ကျုံ့လျက်ထပ်ပြောလာသည်။ "ထျန်းလုံမိသားစုက ဘယ်လောက်တောင်အန္တရာယ်များလဲရှင်မသိဘူးလား သူတို့က ချင်းယွင်မြို့တော်တစ်ဝှမ်းမှာအကြီးအကျယ်စိုးမိုးထားကြတာ ဖြစ်နိုင်ရင်မြို့ထဲကနေ အမြန်ဆုံးထွက်သွားတာအကောင်းဆုံးပဲ"
ဖုန့်ချန်းက သူမကို စိတ်အေးလက်အေးသာပြုံးပြလိုက်သည်။ "ကျွန်တော်ဘယ်မှသွားမှာမဟုတ်ပါဘူး ဒီကိုဖက်ထုပ်စားဖို့ပဲရောက်လာတာပါ ထျန်းလုံးချီကိုယ်တိုင်ရောက်လာလည်းဘာမှမဖြစ်ပါဘူး သူ့ကို မိသားစုစည်းကမ်းဘယ်လိုထိန်းသိမ်းသင့်သလဲဆိုတာ သင်ပြပေးလိုက်ရမှာပေါ့"
ဖုန့်ချန်း၏ မာန်တက်နေဟန်စကားများကြောင့် စားပွဲထိုးမလေးပင် အံ့သြသွားရသည်။
အစောကတော့ ဖုန့်ချန်းဟာ ထျန်းလုံမိသားစုအကြောင်းကိုမကြားဖူးလောက်သည့် အပြင်ခရီးသွားတစ်ဦးဖြစ်သောကြောင့် ဤမျှသတ္တိရှိနေခြင်းဖြစ်မည်ဟု သူမတွေးခဲ့သည်ပင်။
ယခုတော့ ထိုသူက ထျန်းလုံမိသားစုအကြောင်း သိနေပြီးဖြစ်ရုံမက မိသားစုခေါင်းဆောင်နှင့်ပါ ကိုယ်ရေးကိုယ်တာအရ သိကျွမ်းနေပုံရ၏။
ထို့အပြင် ဖုန့်ချန်းကြည့်ရတာ အတော်လေးယုံကြည်စိတ်ချမှုရှိနေသောကြောင့် ထိုစကားများကို သေချာမစဥ်းစားဘဲပြောထွက်လာခြင်းတော့ မဖြစ်နိုင်လောက်ပေ။ ထို့ကြောင့် စားပွဲထိုးမလေးမှာလည်း ဤလူကြီးမင်းဟာ ထျန်းလုံမိသားစုလိုမျိုး အင်အားကြီးနောက်ခံတစ်ခုခုရှိနေရမည်ဟုသာ တွေးမိလိုက်တော့သည်။