← Chapters

အခန်း (၁၂၄)

Vol. 9 Ch. 124

အခန်း (၁၂၄)

Vol. 9 Ch. 124

"ဟုတ်ပါပြီ ရှင့်ဘက်ကအဲ့လောက်သေချာနေတော့လည်း....ဘာမှာချင်ပါသလဲရှင်"

"အကောင်းဆုံးဆိုတဲ့ဖက်ထုပ်ကိုသာ ချပေးပါ" ဖုန့်ချန်းဤသို့သာမှာလိုက်သည်။

"ကောင်းပါပြီလူကြီးမင်း ရပါစေ့မယ်" သူမကအော်ဒါမှတ်ပြီး ပြန်လှည့်မထွက်ခင် နူးညံ့သောမျက်လုံ‌လေးများဖြင့် ကျေးဇူးစကားဆိုလာသည်။ "ပြီးတော့ ခုနကမိန်းကလေးကိုဝင်ကူညီပေးတာ ကျေးဇူးတင်ပါတယ်ရှင် ကျွန်...ကျွန်မလည်းကူညီချင်ပေမယ့် မတတ်နိုင်ခဲ့ဘူး အဲ့လူတွေကသွားရှုပ်လို့ကောင်းတဲ့အသိုင်းအဝိုင်းမဟုတ်ဘူးလေ"

မိန်းကလေး၏ကြောက်စိတ်ကို နားလည်စွာဖြင့် ဖုန့်ချန်းခေါင်းညိတ်လိုက်သည်။ မြို့ခံပြည်သူတစ်ဦးအနေဖြင့် ထျန်းလုံမိသားစုကိုသွားရှုပ်မိပါက သူမဘဝမှာ အကြောင်းမလှစွာအဆုံးသတ်ရပေမည်။

ထို့အပြင် သူမအရဲစွန့်ကူညီလျှင်တောင်မှ ကျင့်ကြံသူများကိုယှဥ်နိုင်စွမ်းမရှိလှပေ။

"တကယ်ကျေးဇူးပါရှင်" မိန်းကလေးက ခပ်တိုးတိုးထပ်ပြော၍ သူမ၏ကျေးဇူးတရားကိုဖော်ပြလာသည်။

ခဏအကြာတွင် စားပွဲထိုးမလေးမှာ ဖက်ထုပ်ပေါင်းတစ်ပန်းကန်ဖြင့်ပြန်ရောက်လာသည်။ ပေါင်းအိုးထဲမှ ထုတ်လာခါစ ပူ‌လောလောအနံ့မွှေးမွှေးမှာ ပတ်ဝန်းကျင်တစ်ခုလုံးကိုပြည့်နှက်သွားစေပြီး ဖုန့်ချန်းကိုတစ်ဖန်ပြန်စိတ်လှုပ်ရှားလာစေတော့၏။ "ဒီမှာရပါပြီလူကြီးမင်း" ဖက်ထုပ်ပန်းကန်ကို သူ့ရှေ့စားပွဲပေါ်ချလာပေးရင်း မိန်းကလေးကပြောသည်။ "အရသာတွေ့လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင့်"

ဖက်ထုပ်ပေါင်းပန်းကန်ကိုမြင်ရုံမျှဖြင့် ဖုန့်ချန်းသွားရည်ယိုလာတော့သည်။ ဆီအနည်းငယ်ဝေ့နေပြီး ရွေညိုရောင်သန်းနေကြသည့် ဖက်ထုပ်လေးများမှာ ပန်းကန်ထက် စီစီရီရီရှိလို့နေကြ၏။

"အမြင်နဲ့တင်ကို အရသာရှိနေပြီ" သူရေရွတ်လိုက်ရင်း မျက်နှာမှာလည်းပြုံးချိုလာတော့သည်။ သူဖက်ထုပ်တစ်ခုကိုကောက်ယူ၍ တစ်ကိုက်ကိုက်လိုက်သည်။ အစာသွပ်ထားသော အသားပေါင်းသည်လည်း အရည်ရွှမ်းကာ အနံ့အရသာပြည့်စုံလှပြီး အစပ်အနည်းငယ်လည်းပါဝင်တာကြောင့် အရသာခံဖုများကို နိုးကြွလာစေနိုင်သည်။

"လူကြီးမင်းကြိုက်လို့ ဝမ်းသာပါတယ်" စားပွဲထိုးမလေးက ကျေနပ်နေဟန်မျက်လုံးလေးများဖြင့် ပြောလာသည်။ "ကျွန်မတို့စားဖိုမှူးက ဖက်ထုပ်ပေါင်းတိုင်းမှာ စေတနာမေတ္တာတွေအပြည့်ထည့်ပြီးချက်ပြုတ်ပေးတာပါ နောက်ပြီး လူကြီးမင်းရဲ့ကူညီမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လမုန့်တွေလက်ဆောင်ပေးချင်ပါသေးတယ်တဲ့"

ဖက်ထုပ်ပေါင်းပန်းကန်နောက်တွင် အခြားပန်းကန်လေးတစ်ခုလည်းကပ်ပါလာသေး၏။ လမုန့်လေးများမှာ မျက်နှာပြင်ထက်အသေးစိတ်ရေးဆွဲထားသော အလှဆင်ကနုတ်လေးများဖြင့် လှပသပ်ရပ်လို့နေသည်။ အနီးကပ်ကြည့်လိုက်သော် အပေါ်ယံမျက်နှာပြင်ကိုပင် ဖောက်ထွင်းမြင်နေနိုင်သည့် အစာသွပ်အပြည့်ကိုတွေ့လိုက်ရသည်။ အချို့ကို ကြာစေ့အချိုများဖြင့်အစာသွပ်ထားပြီး ကျန်တာတွေကိုတော့ ပဲနီဖြင့်တစ်လှည့် အစေ့အဆံများဖြင့်တစ်ဖုံ အစုံစုံဖြည့်သွင်းလို့ထား၏။

"ဒါတွေလည်း အရသာရှိမယ့်ပုံပဲ"

စားပွဲထိုးမလေးက ကျေးဇူးတင်မဆုံးနိုင်ဟန်ဖြင့်ခေါင်းညိတ်လိုက်သည်။ "သုံးဆောင်ပါ လူကြီးမင်း" သူမကရိုသေစွာဦးညွှတ်ရင်း‌ပြောလာသည်။ "တစ်ခုခုလိုအပ်ရင် ကျွန်မကိုသာခေါ်လိုက်ပါနော်"

ထို့နောက်မှ ထွက်ခွာသွားလေသည်။ ထျန်းလုံမိသားစုကို အလွန်အမင်းကြောက်ရွံ့ဟန်ပေါ်သော်လည်း သူ့ကိုဒီလိုကောင်းမွန်စွာဆက်ဆံပေးခြင်းအား ဖုန့်ချန်းမချီးကျူးပဲမနေနိုင်ပါ။

ထို့နောက် ဖက်ထုပ်များထံအာရုံပြန်လွှဲပြီး တစ်ကိုက်ချင်းစီကိုအရသာခံနေလိုက်သည်။ ဖက်ထုပ်များမှာ သူမှတ်မိသည့်အချိန်များကအတိုင်း မပြောင်းမလဲအရသာရှိနေဆဲဖြစ်ပြီး လမုန့်များကလည်း သင့်တော်လိုက်ဖက်သည့်အချိုပွဲများအဖြစ် အရသာပြည့်စုံလို့နေ၏။ ချိုမြိန်နူးညံ့သည့် ကြာစေ့လေးများက ပါးစပ်ထဲတွင်ပင်အရည်ပျော်လို့သွားပြီး စိတ်အခြေအနေကို အင်မတန်မှလန်းဆန်းပေါ့ပါးစေပါတော့သည်။

အချိန်ဘယ်လောက်မှမကြာသေးခင် ဖက်ထုပ်များအကုန်ပြောင်သွားလေပြီ။

ဘန်းးးး

ငွေရှင်းရန်စားပွဲထိုးခေါ်မည့်ဆဲဆဲ စားသောက်ဆိုင်တံခါးသည်ကား အားသုံးကာတွန်းဖွင့်လိုက်မှုကြောင့် ဘန်းခနဲပွင့်ဟသွားတော့သည်။

ရုတ်တရတ်ထွက်ပေါ်လာသောဆူညံသံကြောင့် စားသုံးသူအားလုံးတံခါးရှိရာသို့လှည့်ကြည့်လိုက်ကြပြီး ထူးဆန်းသောတိတ်ဆိတ်မှုကြီးကလည်း တစ်ဖန်လွှမ်းခြုံသွားပြန်တော့၏။ အစောကလူရမ်းကားများအုပ်စုပင်ဖြစ်သော်လည်း မျက်နှာစိမ်းတစ်ဦးထပ်ပါလာပုံအရ အင်အားထပ်ခေါ်ခဲ့ခြင်းသာဖြစ်ပေမည်။

ထိုမျက်နှာစိမ်းမှာ သက်ကြီးပိုင်းအရွယ်ရှိပြီး ထျန်းလုံမိသားစု၏အကြီးအကဲတစ်ဦးဖြစ်သောကြောင့် လူတိုင်းက သူ့ကိုချက်ချင်းမှတ်မိလိုက်ကြသည်။ "ဟာ သွားပြီ အဲ့ဒါထျန်းလုံကျင့်ဟောင်ပဲ"

"သွားရော ချီအရည်ဖွဲ့ခြင်းအဆင့်အကြီးအကဲကိုပါ ခေါ်ထုတ်လာတာပဲ"

"သူကဘာလာလုပ်တာတုန်း ဟိုလူငယ်လေးတော့ အခြေအနေဟန်တော့မယ်မထင်ဘူး"

"အဲ့အကြီးအကဲက သူ့မိသားစုဝင်တွေ ရိုင်းချင်သလိုရိုင်းနေတာကို အားပေးအားမြှောက်လုပ်နေကျပဲ ဟိုလူငယ်လေးတော့ခံရတော့မယ် သနားစရာ"

........

ထျန်းလုံကျင့်ဟောင်မှာ မော်ကြွားစွာဖြင့် ဆိုင်ထဲသို့လှမ်းဝင်လာပြီး လူတိုင်း၏အာရုံစိုက်မှုအလည်တွင် ဆိုင်တွင်းသို့ပိုက်စိပ်တိုက်အကဲခတ်လို့နေသည်။

အစောကလူရမ်းကားအုပ်စုကိုဦးဆောင်ခဲ့သူက ရှေ့သို့တစ်လှမ်းတိုးထွက်လာပြီး ဖုန့်ချန်းကိုမြင်သော် မျက်နှာထက်မဲ့ပြုံးတစ်ချက်ပေါ်လို့လာသည်။ "အဖေ ကျွန်တော်ပြောတာအဲ့ကောင်ပဲ ကျွန်တော်တို့ကိုအရှက်ခွဲစော်ကားလိုက်တာ" သူကဖုန့်ချန်းကိုလက်ညှိုးညွှန်ပြလျက် မဲ့မဲ့ရွဲ့ရွဲ့ဖြင့်ပြောလာသည်။

ပြောပြောဆိုဆိုဖြင့် ဖုန့်ချန်းအနားသို့လည်း ကပ်လာသေး၏။

"ထျန်းလုံမိသားစုကိုစော်ကားပြီးမှတော့ ဒီနေရာကနေ ဒီတိုင်းထွက်သွားနိုင်မယ်ထင်နေလား"

အဖေဖြစ်သူကိုပါခေါ်လာနိုင်ခဲ့သည်ဖြစ်၍ သူ၏တန်ပြန်လက်စားချေမှုအပေါ် အတော်လေးယုံကြည်ချက်ရှိနေသည်။ သူတို့ကိုရိုက်ချင်တိုင်းရိုက်ပြီးမှတော့ ပြေးမလွတ်နိုင်ဟုသာ ကျေနပ်စွာတွေးလိုက်သည်။

တစ်ဖက်တွင်မူ ထျန်းလုံကျင်းဟောင်မှာ ဖုန့်ချန်းကိုမြင်လိုက်သည်နှင့် မောက်မာဝင့်ကြွားသော ကိုယ်ဟန်အမူအရာများ အ‌ငွေ့ပျံသလိုပျောက်ကွယ်သွားတော့၏။ ထိုအစား ကြောက်စိတ်ဖြင့်တုန်တုန်ရီရီဖြစ်လာဟန်ပင်။

"ဖုန်...ဖုန့်မိသားစုခေါင်းဆောင်" သူ အသံခပ်တုန်တုန်ဖြင့်ရေရွတ်လိုက်မိပြီး ရိုသေစွာဖြင့် ခေါင်းကိုလည်းအနည်းငယ်ငုံ့ကိုင်းလိုက်သည်။ စားသောက်ဆိုင်ထဲရှိလေထုမှာလည်း အခြေအနေပြောင်းသွားဟန်ပင်။ လူတိုင်းမှာ ဖုန့်ချန်း၏ရှေ့မှောက်တွင် ရိုရိုကျိုးကျိုးဖြစ်သွားရသော အကြီးအကဲအား မင်သက်စွာငေးငိုင်ကုန်ကြ၏။

All Chapters