ယဥ်ကျေးနှိမ့်ချလှပါသော ထျန်းလုံကျင့်ဟောင်
Vol. 9 Ch. 125
"ဘာကြီး? ဘယ်လိုဖြစ်ရတာလဲ ထျန်းလုံကျင်းဟောင်လိင်ပြောင်းသွားတာလား သူဘယ်တုန်းက အဲ့လောက်ကြောက်တတ်သွားတာတုန်း"
"ဘာတွေဖြစ်ကုန်တာလဲဟ ဘာလို့ထျန်းလုံကျင်းဟောင်က ဒီလူကြီးမင်းကို အဲ့လောက်ရိုသေပြနေရတာလဲ"
"သူ့နောက်ခံက ထျန်းလုံမိသားစုထက်ပိုတောင့်နေလို့များလား ထျန်းလုံမိသားစုကို တစ်စက်မှအဖက်မလုပ်တာ မဆန်းတော့ပါဘူး"
.......
စားသောက်ဆိုင်ထဲမှလူတိုင်းသည်လည်း မယုံကြည်နိုင်လှစွာ တစ်ယောက်နှင့်တစ်ယောက် တီးတိုးဆွေးနွေးကုန်ကြသည်။ ထျန်းလုံအကြီးအကဲတစ်ဦး ဒီလောက်ကြောက်လန့်သွားတာမျိုး သူတို့တစ်ခါမှမမြင်ခဲ့ဖူးပါ။
တစ်ဖက်တွင်မူ ထျန်းလုံကျင်းဟောင်မှာ သူ့သားနှင့်အပေါင်းအပါများကိုသာ နာနာလေးရိုက်ပုတ်ပစ်ချင်လှ၏။
ထျန်းလုံကျင်းဟောင်မှာ သူ့သားပြောသော ထိုအရိုင်းအစိုင်းကောင်ကို သူ့နေရာသူသိသွားစေရန် ပညာပေးချင်လှသလို သူတို့မိသားစု မြေကမ္ဘာအဆင့်ကျင့်စဥ်များမရယူနိုင်ခြင်းကြောင့် အခဲမကျေဖြစ်နေသောဒေါသစိတ်ကို ဖြေလွှတ်ပေးရန်လာခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် သူ့သားတို့အုပ်စု အရိုက်ခံလာရသည်ဆိုပါသော ထိုအရိုင်းအစိုင်းကောင်မှာ ဖုန့်ချန်းဖြစ်နေလိမ့်မည်ဟုတော့ သူလုံးဝထင်မထားခဲ့ပါပေ။
ဖုန့်ချန်းဆိုသည်မှာလည်း ဓာတ်ကြီးသုံးပါးနတ်အဆင့်ကျင့်ကြံသူတစ်ဦးပင်။ သူထိုအကြောင်းကို မှတ်မိလိုက်သည်နှင့် မျက်နှာအရောင်ပါ သွေးဆုတ်ဖြူဖျော့သွားတော့၏။ သူတတ်သမျှထဲက အစွမ်းထက်ဆုံးသောဓားသိုင်းပညာများကိုပါ ထုတ်သုံးပြီး သူ့သားပါပေါင်းတိုက်ခိုက်ပေးလျှင်တောင် တစ်မိနစ်ပင်မကြာဘဲ ရှုံးသွားရမည့် ရန်ပွဲမျိုးပါပင်။
ထို့အပြင် ဖုန့်ချန်းမှာ ဆန်းကြယ်မီးတောက်ဂိုဏ်းနှင့် မုန်တိုင်းဝိဉာဥ်နန်းတော်က အကြီးအကဲများကိုပါ အသေသတ်ထားပါသည့် လက်ရဲဇက်ရဲသတ္တိခဲတစ်ဦးဖြစ်သည်။
သူရောက်နေသည့်အခြေအနေမှာ အသက်အန္တရာယ်မည်မျှပင်နီးကပ်နေပြီမှန်း သဘောပေါက်သွားချိန်တွင် ထျန်းလုံကျင်းဟောင်၏လက်ဖဝါးများ ချွေးစေးတို့ဖြင့်စိုရွှဲလာတော့၏။ လှုပ်ရှားမှုတစ်ချက် သို့မဟုတ် စကားလုံးတစ်လုံးမှားသွားသည်နှင့် သူ့အသက်လေးကို ချက်ချင်းဆုံးရှုံးလိုက်ရပေတော့မည်။ ထိပ်သီးဂိုဏ်းကြီးများ၏ အကြီးအကဲများကို လက်တစ်ချက်မတွန့်ဘဲ ရှင်းထုတ်ပစ်ခဲ့ပါသည့် ထိုဖုန့်ချန်းသည် ထျန်းလုံမိသားစု၏အကြီးအကဲလေးတစ်ဦးသာဖြစ်သောသူ့ကို ဘာ့ကြောင့် မသတ်ရဲဘဲရှိမည်နည်း?
နောက်ဆုံးတော့ ခပ်တောင့်တောင့်အပြုံးတစ်ခုဖြင့် စကားကို ထစ်အထစ်အ ပြောထွက်လာသည်။
"မိ-မိသားစုခေါင်းဆောင်ဖုန့်ချန်း ခေါင်းဆောင်ဖြစ်နေမှန်းမသိလိုက်လို့ပါ စိတ်ရင်းနဲ့တောင်းပန်ပါတယ်ခင်ဗျာ" ထျန်းလုံကျင်းဟောင်မှာ မျက်လွှာချလျက် အတတ်နိုင်ဆုံးယဥ်ကျေးနှိမ့်ချဟန်ပြုထားရ၏။
တစ်ချိန်က မောက်မာဒေါသကြီးလှပါသော အကြီးအကဲ၏ ခခယယတောင်းပန်နေဟန်ကိုကြည့်ရင်း လူအုပ်ကြီးမှာလည်း ဆွံ့အနေမြဲပင်။
"ဖုန့်မိသားစုခေါင်းဆောင် ဒီကိုဘာကိစ္စရှိလို့ပါလဲ" ထျန်းလုံကျင်းဟောင်က ပုံပန်းမပီသောအပြုံးကြီးဖြင့်သာမေးလာသည်။
ဖုန့်ချန်းကထျန်းလုံကျင်းဟောင်ကို တစ်ချက်မျှသာဝေ့ကြည့်လိုက်သော်လည်း ထိုသူမှာ ချက်ချင်းတောင့်တင်းသွားရ၏။
"ဖက်ထုပ်လာစားတာပေါ့" ဖုန့်ချန်းက အေးအေးဆေးဆေးပြန်ဖြေလိုက်သည်။
အကြီးအကဲမှာ သူ့သားနှင့်ဖုန့်ချန်းကြား ရင်တုန်ပန်းတုန်ဖြင့် စုံချည်ဆန်ချည်ကြည့်လို့နေသည်။ သားဖြစ်သူမှာ တကယ့်လူနှင့်သွားရှုပ်ခဲ့မိပြီဖြစ်ပြီး ထိုအရှုပ်ကို သေချာပေါက်ပြန်ရှင်းရမည်ပင်။ "ဪ သိ..သိပါပြီ ဖက်ထုပ်လာစားတာကိုး ကောင်းမွန်တဲ့ရွေးချယ်မှုပါပဲ"
သူ့သားကတော့ အဖေဖြစ်သူ၏အမူအရာများကြောင့် ကြောင်တောင်တောင်ဖြစ်လို့သွားပြီး အသိစိတ်မနည်းပြန်ကပ်လျက်ပြောလာသည်။ "ဒါပေမယ့် အဖေ သူက..."
"တိတ်စမ်း" ထျန်းလုံကျင်းဟောင် တစ်ခါတည်းပိတ်ဟောက်လိုက်သည်။ အသံကတိုးပေမယ့် သြဇာအာဏာကတော့အပြည့်ပင်။ သားဖြစ်သူမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး ဒေါသစိတ်များကိုသိုဝှက်လိုက်ရ၏။ သူ့အဖေ၏တုံ့ပြန်ပုံအရ ထိုလူမှာ သူသွားရှုပ်လို့ရနိုင်သည့်အဆင့် မဟုတ်လောက်ပေ။
သို့သော် သူဒီကိစ္စကို ဒီအတိုင်းလွှတ်မထားလိုက်နိုင်ပါ။ တစ်ခုခုတော့ပြန်လုပ်ရမှဖြစ်မည်။
ဖုန့်ချန်းကတော့ မျက်စိရှေ့ကသားအဖနှစ်ဦးကို အကဲခတ်လိုက်သည်။ တစ်ယောက်ကဦးနှောက်မရှိ၊ နောက်တစ်ယောက်က ဦးနှောက်မရှိသည့်အပြင် စောက်ရူးကထသေးသည်။
ထျန်းလုံကျင်းဟောင်ကိုမြင်လိုက်ရသည်နှင့် ဘာကြောင့်သူ့သားက လမ်းဘေးလူရမ်းကားအကျင့်စရိုက်ဖြစ်နေကြောင်း သူသိလိုက်ရပေပြီ။ တစ်ချိန်လုံး ဒီလိုလိုက်ကာကွယ်ပေးနေလို့သာ ဖြစ်ရပေမည်။ ဒီနေရာမှာ တစ်ခြားသူသာဆိုလျှင် ထျန်းလုံကျင်းဟောင်က ခြေကျိုးလက်ကျိုးဖြစ်သည်အထိရိုက်နှက်တာဖြစ်စေ သို့မဟုတ် ပိုပြီးဆိုးဝါးနိုင်လျှင် နေရာတွင်ပင်အသေသတ်ပစ်လိုက်မှာမျိုးလည်း ဖြစ်နိုင်၏။ ဖုန့်ချန်းက သူ့ထက်ပိုသန်မာကြောင်းသိသောကြောင့်သာ ဤသို့ရိုကျိုးပြနေခြင်းပင်။
"အကြီးအကဲထျန်းလုံကရော ဒီကိုဘာလာလုပ်တာပါလိမ့်" ဖုန့်ချန်းက သိသိကြီးနှင့်ထုတ်မေးလိုက်သည်။
"ကျွန်..ကျွန်တော်" သင့်တော်သည့်စကားလုံးရွေးရင်းဖြင့် ထျန်းလုံကျင်းဟောင် စကားဆက်မရနိုင်သေးပေ။
"မဟုတ်မှ သားဖြစ်သူအတွက်လက်စားချေပေးမလို့လား" သူ့သားတို့အုပ်စုထံ လက်ဟန်ပြရင်း ဖုန့်ချန်းကမေးလာသည်။
ထျန်းလုံကျင်းဟောင်မှာ တစ်ခဏမျှတောင့်တင်းသွားသော်ငြား ချက်ချင်းငြင်းချက်ထုတ်လာသည်။ "မ-မဟုတ်ရပါဘူး ခေါင်းဆောင်ဖုန့်ကတော့အထင်လွဲနေပါပြီ ကျွန်တော်က ကျွန်တော့်သားကိုတောင်းပန်ခိုင်းမလို့ ခေါ်လာတာပါဗျာ"
ထို့နောက် သူ့သားတို့အုပ်စုကို မျက်လုံးဖြင့်အချက်ပြလိုက်သည်။ အဓိပ္ပာယ်ကတော့အရှင်းကြီးပင်။ အခုချက်ချင်းတောင်းပန်လိုက် ဟူ၏။
"အာ မိသားစုခေါင်းဆောင်ဖုန့်ချန်းခင်ဗျာ" ထျန်းလုံကျင်းဟောင်၏သားက အသံတုန်တုန်ဖြင့်စကားစလာသည်။ သူ့ကိုအခုလေးတင်ရိုက်နှက်ခဲ့သောသူအား သူတောင်းပန်ချင်စိတ်ရှိမနေတာအသိသာကြီးပါပေ။ သို့သော် သူ့အဖေကိုလည်း သူမလွန်ဆန်နိုင်။ သူနားမထောင်မိလျှင် ပိုကြီးသောပြစ်ဒဏ်က စောင့်ကြိုနေပေလိမ့်မည်။ အပြစ်ပေးသည့်အနေဖြင့် ထပ်အရိုက်ခံအနှက်ခံရမည့်အစား တောင်းပန်စကားဆိုလိုက်ဖို့ကိုသာ သူရွေးချယ်လိုပါ၏။
"ဟုတ် အဖေပြောတဲ့အတိုင်းပါပဲ ကျွန်တော်တောင်းပန်ဖို့ရောက်လာတာပါ စောစောကလုပ်ရပ်တွေအတွက် တကယ်တောင်းပန်ချင်ပါတယ် ဒေါသစိတ်ကိုလွှတ်ပေးလိုက်မိပြီး မရိုသေမလေးစားသလိုဖြစ်သွားခဲ့ပါတယ် အဲ့လိုမလုပ်ခဲ့သင့်ပါဘူး"
"ဟုတ်ပါတယ် ဖုန့်မိသားစုခေါင်းဆောင် ကျွန်တော်တို့အားလုံးတောင်းပန်ပါတယ်"
နောက်မှ ကျန်သောအပေါင်းအပါများလည်း တစ်ပါတည်းတောင်းပန်စကားဆိုလာကြသည်။ အကြီးအကဲထျန်းလုံကျင်းဟောင်ပြောသမျှ နားထောင်ရမည်ဟုတော့ သူတို့နားလည်ကြပါ၏။
အကြီးအကဲကျင်းဟောင်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး သူတို့အုပ်စုကို ခပ်တင်းတင်းလှည့်ကြည့်လာသည်။ "ဟမ့် မင်းတို့အားလုံးက နောက်ခံတောင့်တယ်ဆိုတိုင်း နေရာတိုင်းကိုကြိုက်သလိုရိုင်းစိုင်းလိုရပြီများထင်နေကြသလား မမေ့လိုက်ကြနဲ့ ချင်းယွင်မြို့တော်မှာ မဟုတ်တာလုပ်ပြီးရင် အကျိုးဆက်ကိုရှောင်လွှဲချင်လို့မရဘူး မင်းတို့အားလုံး အိမ်တော်ကိုပြန်ရောက်တဲ့အခါ ထိုက်သင့်တဲ့အပြစ်ဒဏ်ခံရစေ့မယ်"
ထို့နောက် ဖုန့်ချန်းဘက်သို့ အပြုံးတစ်ခုဖြင့်ပြန်လှည့်လာပြီး သူ့မျက်လုံးများထဲမှကြောက်စိတ်ကို အနိုင်နိုင်ဖုံးကွယ်လို့ထားရှာသည်။ "ကျွန်တော်တို့ခေါင်းဆောင်ကို ထပ်ပြီးမနှောင့်ယှက်တော့ပါဘူး ကျွန်တော့်သားနဲ့သူ့သူငယ်ချင်းတွေဟာ ဒီနေ့တန်ဖိုးရှိသင်ခန်းစာတစ်ခုရသွားခဲ့ကြပါပြီ သူတို့ရဲ့အပြုအမူတွေအတွက် ထပ်ပြီးတောင်းပန်ပါရစေခင်ဗျာ"
ဖုန့်ချန်းမျက်ခုံးတစ်ဖက်သာပင့်လိုက်ပြီး ဘာမှပြန်ပြောမလာပေ။ သက်တောင့်သက်သာမရှိလှသော တိတ်ဆိတ်မှုကြီးကို တမင်ဆွဲဆန့်ထားလိုက်သည်။
ဖုန့်ချန်းထံမှ ဘာမှတုံ့ပြန်မလာသဖြင့် ထျန်းလုံကျင်းဟောင် ထပ်ပြောလာသည်။
"ခေါင်းဆောင်ဆက်ပြီးသုံးဆောင်ပါဦး ကျွန်တော်တို့ပြန်ပါတော့မယ် လာကြကောင်လေးတွေ"
သူကလက်ဟန်ပြလျက် လူရမ်းကားအုပ်စုကို တံခါးဆီအမြန်ဆုံးဦးတည်စေလိုက်သည်။ အံ့သြတကြီးဝိုင်းကြည့်နေကြသော လူအုပ်ကြီး၏ရှေ့မှောက်တွင် ထိုသူများမှာ ခေါင်းလေးတွေကိုငုံ့ကိုင်းလျက် ရိုကျိုးစွာထွက်ခွာသွားကြတော့၏။ အရင်ကရှိမြဲမောက်မာမှုများ တစ်စမကျန်လွင့်ပျယ်လျက်။
ခပ်သုတ်သုတ်ထွက်ခွာသွားသောအုပ်စုကို ဖုန့်ချန်းခပ်အေးအေးသာကြည့်နေလိုက်သည်။ သူတို့၏တောင်းပန်စကားကိုလည်း ထိုမျှအဖက်မလုပ်မိသလို ထိုအရူးများဖြင့်ငြင်းခုံရင်းလည်း အချိန်ကုန်မခံချင်ပါ။ ထျန်းလုံကျင်းဟောင်တို့အဖွဲ့ အဝေးရောက်သွားသည်အထိ စားသောက်ဆိုင်ထဲကလေထုမှာ ပုံမှန်ပြန်မဖြစ်သေးပါ။ သူတို့အားလုံးမှာ ထျန်းလုံအကြီးအကဲ၏သားဖြစ်သူကိုရိုက်နှက်ပြီး လာရောက်တောင်းပန်စေနိုင်ခဲ့သူ ထိုသြဇာအပြည့်ဖြင့်လူကြီးမင်းအား နားမလည်နိုင်သလို ဝိုင်းကြည့်နေကြတော့၏။
အချို့မှာ ဖုန့်ခေါင်းဆောင်ဟူသောအမည်နာမကို နားစွန်နားဖျားကြားလိုက်ရသဖြင့် အနည်းငယ်ချိတ်ဆက်မိသွားသော်လည်း ချက်ချင်းဖြစ်ပျက်သွားသောအခြေအနေများအရ မင်သက်မိလို့မဆုံးနိုင်သေးပေ။
ပါးစပ်အဟောင်းသားဖြင့် တောင့်ခဲလျက်သာရှိသေးသော စားပွဲထိုးမိန်းကလေးအား ဖုန့်ချန်းလက်ယပ်ခေါ်လိုက်သည်။ ထိုအခါမှ မိန်းကလေးမှာမျက်တောင်ခတ်လာပြီး စိတ်ငြိမ်အောင်ပြန်ထိန်း၍ အနားသို့သတိတကြီးကပ်လာသည်။ "အာ ဘာအကူအညီလိုပါသလဲ လူကြီးမင်း" သူမမှာ အသံများပင်တုန်နေတော့၏။
"ငွေရှင်းမယ်" ဖုန့်ချန်းပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ ချက်ချင်းတွက်ပေးပါ့မယ်" အော်ဒါကိုအမြန်ချတွက်နေသောစားပွဲထိုးမိန်းကလေးမှာ လက်များပင်တုန်ရီလျက်။ စုစုပေါင်းတွက်ပြီးသော် သူမအနည်းငယ်တည်ငြိမ်လာပါသည်။ "အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင့်" ထိုစကားမှာလည်း အလိုအလျောက်ထွက်လာသကဲ့သို့ပင်။ အလန့်မပြေနိုင်သေးပုံပေါ်လေ၏။
ထျန်းလုံမိသားစုဖြင့် သွားငြိလိုက်သည်ကြောင့် ဖုန့်ချန်းဒုက္ခတွေ့မည်ကို သူမစိုးရိမ်နေခဲ့သည်သာ။ မကြာမီပင် ထိုသူများပြန်ရောက်လာကြပြီး သူမကိုယ်တိုင်လည်း ဖုန့်ချန်းကိုဝင်ကူနိုင်ပါ့မလား မသေချာခဲ့ပေ။ သို့သော် ထျန်းလုံအကြီးအကဲက ရိုကျိုးစွာပင်တောင်းပန်စကားဆိုသွားခဲ့သောကြောင့် သူမစိုးရိမ်ထားသမျှ လေဖြင့်လွင့်ပျယ်သွားသကဲ့သို့ပါပင်။
ဖုန့်ချန်းလည်း ခေါင်းတစ်ချက်သာဆတ်၍ ဘာမှထပ်မပြောဘဲ ငွေကမ်းပေးလိုက်သည်။ ထို့နောက် ဖု ဖက်ထုပ်ဆိုင်မှထွက်လာခဲ့ပြီး တည်းခိုဆောင်သို့ ပြန်လည်ဦးတည်ခဲ့တော့သည်။ မနက်ဖြန်တွင် အရှေ့ပိုင်းစီရင်စုစုဝေးပွဲ၏ နောက်ပြိုင်ပွဲစဉ် စတင်တော့မည်ဖြစ်လေ၏။