← Chapters

အရှေ့ပိုင်းစီရင်စုစုဝေးပွဲရဲ့ ဒုတိယပြိုင်ပွဲစဥ်

Vol. 9 Ch. 126

အရှေ့ပိုင်းစီရင်စုစုဝေးပွဲရဲ့ ဒုတိယပြိုင်ပွဲစဥ်

Vol. 9 Ch. 126

နောက်တစ်နေ့ရောက်သော် ပြိုင်ပွဲဝင်မိသားစုအားလုံးမှာ ထျန်းလုံစံအိမ်တွင် တစ်ဖန်ပြန်လည်စုဝေးကြရပြန်လေ၏။

ဖုန့်မိသားစုမှာ အရင်တစ်ခေါက်က စံအိမ်တွင်းဝင်ခဲ့သည့်အခြေအနေနှင့် လားလားမှမသက်ဆိုင်ပါဘဲ အခုတစ်ခေါက်မှာတော့ ဝိုင်းဝိုင်းလည်ကြိုဆိုနှုတ်ဆက်ခြင်းခံနေရလေသည်။

ဒါတွေအားလုံးက ဖုန့်မေနဲ့ဖုန့်ယွင်ရဲ့ စွမ်းရည်စစ်ကျောက်တောင်ထက်က စွမ်းဆောင်ရည်တွေကြောင့်ပဲပေါ့။

ဒီလိုပါရမီရှင်မိသားစုဝင်နှစ်ဦးကို ပိုင်ဆိုင်ထားသော ဖုန့်မိသားစု၏အနာဂတ်မှာလည်း ပိုမိုထွန်းလင်းတောက်ပဖို့သာရှိတော့သည်ကို အခြားမိသားစုများက ကောင်းကောင်းသဘောပေါက်ကြသည်။ ဖုန့်မိသားစုနှင့် အရင်ကရန်ငြှိုးမရှိခဲ့ဖူးသည့်အတူတူ နောက်လည်း ငြိစရာမရှိရလေအောင် တတ်နိုင်သမျှအကောင်းဆုံး မျက်နှာသာပေးဆက်ဆံကြတော့လေ၏။

ယွမ်မိသားစုနှင့် ယွင်ဟိုင်မိသားစုကဲ့သို့ မိသားစုကြီးများမှာလည်း ဒီနေ့မှာတော့ အတော်လေးစိတ်လက်ကြည်သာနေကြဟန်ပင်။ မနေ့ကလေလံပွဲမှာ အပိုင်ရယူနိုင်ခဲ့ကြသော မြေကမ္ဘာအဆင့်ကျင့်စဥ်များကြောင့် စိတ်ကျေနပ်ပျော်ရွှင်နေကြသည်ဖြစ်၏။

ယွမ်‌ဟောင်မှာ ဒီလိုစိတ်ကြည်လင်နေရသည့်အခါဝယ် ဖုန့်ချန်းအားပိုလို့ကျေးဇူးတင်မိရသည်။ သူ့ကြောင့်သာမဟုတ်လျှင် ထျန်းလုံမိသားစုကို သေချာပေါက်အရှုံးပေးလိုက်ရမည် မလွဲပေ။

ရာသီဥတုသာယာနေသည့်ဝန်းကျင်ဝယ် ကွက်ကြားမိုးရွာနေသူတို့ကတော့ ထျန်းလုံမိသားစုပင်။ အထူးသဖြင့် ထျန်းလုံချီ၏မျက်နှာမှာ အတော်လေးမှုန်မှိုင်းအုံ့ဆိုင်းလို့နေပါသည်။

သူတို့မိသားစုမှာ တစ်လျှောက်လုံးအခြေအနေမကောင်းခဲ့ပေ။

စွမ်းရည်စစ်ပြိုင်ပွဲတွင် သူတို့မိသားစု ပထမရလိမ့်မည်ဟု အပိုင်တွက်ထားခဲ့သော်လည်း တတိယနေရာဖြင့် အဆုံးသတ်ခဲ့ရသည်။

လေလံပွဲတွင်လည်း အများသူငှာရှေ့ အကြိမ်ကြိမ်ရှုံးနိမ့်ပြီး ကောင်းကောင်းကြီးအရှက်ခွဲခံခဲ့ရကာ မြေကမ္ဘာအဆင့်ကျင့်စဥ်တစ်ခုမှကိုလည်း အပိုင်မသိမ်းနိုင်ခဲ့ပေ။

ထို့အပြင် ဒြပ်စင်နိုးထဆေးကို ဖုန့်ချန်းနှင့်အပြိုင်လုရာတွင်လည်း အတော်လေးပုံပျက်ပန်းပျက်ရှုံးနိမ့်ခဲ့သည်သာ။

မည်သို့ပင်ဆိုစေ၊ သူတို့မိသားစုမှာ အရှေ့ပိုင်းစီရင်စုစုဝေးပွဲကို ဦးဆောင်ကျင်းပပေးဖို့ တာဝန်ရှိနေသေး၏။

ထျန်းလုံကျန်းသည် စင်ပေါ်တွင် တစ်ဖန်နေရာပြန်ယူလိုက်ပြီး ဒုတိယပြိုင်ပွဲစဥ်အတွက် အသေးစိတ်စည်းမျဥ်းစည်းကမ်းများကို ရှင်းပြလာသည်။

"ဒီနေ့ရဲ့စိန်ခေါ်မှုကတော့" သူကစကားစသည်။ "ပြိုင်ပွဲဝင်တို့ရဲ့အရည်အချင်းကို အဆင့်၂အစီအရင်အား ချိုးဖျက်ခိုင်းခြင်းဖြင့် စစ်ဆေးမှာဖြစ်ပါတယ် ဒီအစီအရင်ကို ကျွန်တော်တို့မိသားစုကဖိတ်ကြားထားတဲ့ အစီအရင်ဆရာသခင်များကိုယ်တိုင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်ခင်ဗျာ"

ပြောပြီးသွားသည့်စကားများအား နက်နက်နဲနဲစဥ်းစားကြရန် အချိန်ပေးသည့်အနေဖြင့် သူစကားခဏရပ်လိုက်သည်။

"အဆင့်၂အစီအရင်တဲ့လား"

"ငါတို့မိသားစုကပါရမီရှင်တွေတောင် အဲ့အစီအရင်ကိုချိုးဖျက်နိုင်ပါ့မလား အဆင့်၂အစီအရင်တွေက အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေရဲ့အင်အားကိုတောင် တောင့်ခံနိုင်ကြတာကို"

"ပြိုင်ပွဲဝင်အများစုက အခြေတည်ထောင်ခြင်းအဆင့်နဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်မှာပဲရှိကြသေးတာ အဆင့်၂အစီအရင်ကို ဘယ်လိုလုပ်ချိုးဖျက်နိုင်မှာတဲ့လဲ"

"ထျန်းလုံမိသားစုက အရမ်းအထင်ကြီးစရာကောင်းတာပဲ အဆင့်၂အစီအရင်တွေ ရာနဲ့ချီလုပ်ခိုင်းဖို့ဆိုရင် သူတို့တော်တော်ပေးလိုက်ရမှာ"

"ဟုတ်ပါ့ကွာ အရှေ့ပိုင်းစီရင်စုစုဝေးပွဲရဲ့ပြိုင်ပွဲဖြစ်ထိုက်ပါပေတယ် သူတို့အားလုံးထဲမှာ အင်အားအကြီးဆုံးလူကို ခွဲထုတ်ပေးမယ့်ပြိုင်ပွဲပဲ"

.........

လူအများစုမှာ တီးတိုးဆွေးနွေးပွဲများစတင်လာကြပြီး အထူးသဖြင့်ပြိုင်ပွဲဝင်မည့်ပါရမီရှင်များဟာလည်း ဒီပွဲကိုအနိုင်ရဖို့နည်းဗျူဟာများ စတင်ရေးဆွဲတိုင်ပင်လာကြတော့သည်။

"စည်းမျဥ်းတွေကရိုးရှင်းပါတယ်" ထျန်းလုံကျန်းက စကားဆက်သည်။ "မိသားစုတစ်ခုမှာ ပြိုင်ပွဲဝင်နှစ်ဦးစေလွှတ်ခွင့်ရှိပြီး အားလုံးကိုအချိန်မှတ်ပေးထားမှာဖြစ်ပါတယ် အစီအရင်ကို အချိန်အတိုဆုံးအတွင်းဖျက်ဆီးနိုင်တဲ့သူက ဒီပြိုင်ပွဲစဥ်မှာ အဆင့်အမြင့်ဆုံးရမှာဖြစ်ပါတယ် ဖျက်ဆီးတဲ့အခါမှာ ကြိုက်တဲ့နည်းကိုအသုံးပြုနိုင်ပါတယ် အားသုံးပြီးချိုးဖျက်တာပဲဖြစ်ဖြစ် အစီအရင်ကို နည်းလမ်းတကျလေ့လာပြီးမှာ ဖြည်ထုတ်တာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေပါတယ်"

ပြိုင်ပွဲဝင်များ သူတို့အသုံးပြုမည့်နည်းလမ်းများကို ရွေးချယ်ပြီးသွားသည်နှင့် လူအုပ်ထဲမှတီးတိုးသံများလည်း တစ်ဖန်ထွက်ပေါ်လာကြပြန်သည်။ အချို့ကတော့ အင်အားသက်သက်ကိုအသုံးပြုပြီး ချိုးဖျက်နိုင်လောက်သည်ဟု ယူဆထားကြသလို အချို့ကတော့ သူတို့လေ့လာထားတဲ့အစီအရင်ကျင့်စဥ်တွေကို ထုတ်ပြဖို့အချိန်ကောင်းပဲ ယူဆကြလေသည်။

သဘာဝကျစွာပင် အစီအရင်ကျင့်စဥ်ကို လေ့လာထားသူများနှင့် အဆင့်၁အစီအရင်ဆရာဖြစ်ပြီးကြသော ပြိုင်ပွဲဝင်များကတော့ အလွန်ပင်ပီတိဖြာလျက်ရှိကြသည်။ သူတို့အတွက်တော့ သေချာပေါက် အခြားပြိုင်ပွဲဝင်များထက် ပိုလွယ်ကူမည်သာ။ အဆင့်၂အစီအရင်ဆရာမဖြစ်သေးသူများအဖို့ အဆင့်၂အစီအရင်ကိုဖြည်ထုတ်ရန်မှာ ခက်ခဲနေဦးမည်ဆိုသော်ငြား အချိန်လုံလုံလောက်လောက်သာရလျှင် ဖြစ်နိုင်ချေရှိပေ၏။ တစ်နေ့လုံးအားသုံးဉာဏ်သုံးပြီးကြိုးစားတောင် ရှေ့မတက်နိုင်မည့်ပြိုင်ပွဲဝင်များထက် သူတို့ကအသာကြီးသာနေသောအနေအထားပင်။

"တစ်ခုတော့မှတ်ထားကြပါ" ထျန်းလုံကျန်းက အပြုံးစစဖြင့်ပြောလာသည်။ "အဆင့်၂အစီအရင်ကိုချိုးဖျက်ဖို့ဆိုတာ ထင်သလောက်လွယ်မယ့်ကိစ္စမဟုတ်ပါဘူး ပြိုင်ပွဲဝင်ရဲ့အင်အားကိုသာမက စိတ်ရှည်သည်းခံနိုင်မှုနဲ့ ထိုးထွင်းဉာဏ်ကိုပါ စမ်းသပ်ဖို့ရည်ရွယ်ထားတဲ့ပြိုင်ပွဲစဥ်ဖြစ်ပါတယ် ကိုယ်သုံးမယ့်နည်းလမ်းကို သေချာစဥ်းစားရွေးချယ်ကြပါ"

ထျန်းလုံကျန်းက ဆက်ပြောသည်။

"မိသားစုခေါင်း‌ဆောင်များခင်ဗျာ အခုကစပြီး ပြိုင်ပွဲဝင်များကိုရွေးချယ်စေလွှတ်ဖို့ အချိန်ဆယ်မိနစ်ရပါမယ်"

ထျန်းလုံကျန်း၏ကြေညာသံ ခန်းမတွင်းသို့ပျံ့နှံ့သွားသည်နှင့် မိသားစုခေါင်းဆောင်များမှာ အစည်းအဝေးများအမြန်လုပ်ကြပြီး စေလွှတ်မည့်ပါရမီရှင်များကိုရွေးချယ်ဖို့ သေချာစဥ်းစားဆုံးဖြတ်ရတော့၏။

အချိန်ဆယ်မိနစ်မှာ လျင်မြန်စွာရွေ့လျားကုန်ဆုံးသွားပြီးနောက် မိသားစုတိုင်းလည်း ဗျူဟာသေချာချအပြီး မည်သည့်ပါရမီရှင်နှစ်ဦးတွဲက အဆင့်၂အစီအရင်ကိုချိုးဖျက်ဖို့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်ပြီးကြပါပြီ။ အချို့မိသားစုများကတော့ လွယ်လွယ်ပင် အသန်မာဆုံးသောပါရမီရှင်နှစ်ဦးကို စေလွှတ်ကြမည်ဖြစ်ပြီး အချို့ကတော့ အစီအရင်ပိုင်းဆိုင်ရာဗဟုသုတပိုရှိသူကို ပိုဦးစားပေးလိုကြ၏။

ဖုန့်ချန်းသည်လည်း ထိုနည်းတူပင်။ "ဖုန့်လျန်းနဲ့ဖုန့်ယွင်ပြိုင်ပွဲဝင်လိမ့်မယ် ကန့်ကွက်ချင်တာရှိသလား"

မိသားစုတစ်ခုစီမှ ပြိုင်ပွဲဝင်နှစ်ဦးစီကို စေလွှတ်ရမည်ဟုကြားလိုက်ကတည်းက ဖုန့်ချန်းစိတ်ထဲမှ လူကြိုရွေးထားပြီးသားဖြစ်ချေသည်။

ဖုန့်ယွင်ကိုရွေးဖို့အတွက်တော့ သိပ်စဥ်းစားနေစရာမလိုပါပေ။ ထိုကောင်လေး၏အင်အားနှင့်ရိုက်ချိုးလျှင် အဆင့်၂အစီအရင်တောင် တောင့်ခံနိုင်မည်မဟုတ်ဟု ဖုန့်ချန်းတွက်မိသည်။

ဖုန့်လျန်းကိုရွေးလိုက်ရသည့်အကြောင်းရင်းကတော့ ထိုကောင်လေးက အဆင့်၁အစီအရင်ဆရာဖြစ်နေပြီး ဖြစ်သောကြောင့်ပင်။

မှန်ပေသည်။ ဖုန့်မိသားစုမှာ အစီအရင်ဆရာများကို ‌မွေးထုတ်နိုင်ခဲ့ပြီးဖြစ်၏။ ဖုန့်လျန်းမှာ ထိုအထဲမှတစ်ဦးပင်။

ဖုန့်ချန်းတစ်ယောက် မုန်တိုင်းတောင်ကြားမှ အစီအရင်စာအုပ်များကို ယူမလာခင်ကတည်းက ဖုန့်လျန်းသည် အစီအရင်များနှင့်ရင်းနှီးကျွမ်းဝင်နေပြီးဖြစ်သည်။

ထပ်တိုးလာသောအစီအရင်စာအုပ်များဖြင့် လေ့လာစရာနေရာတစ်ခုတည်ဆောက်လိုက်ပြီးသော် ဖုန့်လျန်းမှာ အတော်လေးမြန်မြန်ဆန်ဆန်ကို တိုးတက်လာခဲ့သည်ပင်။

ဖုန့်လျန်းမှာ အစီအရင်နှင့်ပက်သက်သောပင်ကိုယ်ပါရမီ ပါရှိလာတာသေချာသည်။ ဖုန့်မေနှင့်ဖုန့်ယွင်တောင် မည်မျှလုံ့လရှိရှိဖြင့်လေ့လာသော်ငြား ဖုန့်လျန်းကိုအမီမလိုက်နိုင်ခဲ့ကြပေ။

ဒါကြောင့် ပြိုင်ပွဲဝင်နှစ်ဦးရွေးဖို့ရာ ဖုန့်ချန်းအတွက် ဤမျှလွယ်ကူနေခဲ့ရခြင်းဖြစ်ပေ၏။ အခြားသူများ၏အတွေးအမြင်များကိုလည်းမေးပြီး ပြိုင်ပွဲကိုစိတ်ဝင်စားသူရှိမရှိ သူဆန်းစစ်ခဲ့ပါသေးသည်။

"ကန့်ကွက်စရာမရှိပါဘူး"

အကောင်းဆုံးရွေးချယ်မှုကို အားလုံးကသိနားလည်နေသောကြောင့် ကန့်ကွက်မှုလည်းရှိမလာခဲ့ပါ။

ဖုန့်လျန်းကတော့ သူ့ပါရမီကိုချပြနိုင်မည့်အခွင့်အရေးရောက်လာပြီဖြစ်သောကြောင့် စိတ်လှုပ်ရှားနေဟန် အတိုင်းသာပေါ်လွင်နေသည်။

သူလည်း ပထမပြိုင်ပွဲစဥ်မှာ အနည်းငယ်စိတ်ဓာတ်ကျခဲ့ရပေမယ့် လူသိအောက်ထုတ်မပြခဲ့ခြင်းသာ။

သူသည် တစ်ချိန်က ဖုန့်မိသားစု၏ နံပါတ်၁ပါရမီရှင်တစ်ဦးဖြစ်ခဲ့ပေသည်။ ကြွားဝါဂုဏ်ဝင့်ခြင်းမရှိခဲ့သော်ငြား ထိုဂုဏ်ပုဒ်ကြောင့် သူလည်းကျေနပ်ပီတိဖြစ်ခဲ့ရသည်သာ။

အခုတော့ ဖုန့်မေနှင့်ဖုန့်ယွင်ကပါ သူ့ကိုကျော်တက်သွားရုံမက သူကဖုန့်ကျန်းဟောင်ကိုပင်အမီမလိုက်နိုင်တော့ပေ။ တစ်ချိန်က မိသားစု၏ ထိပ်ဆုံးနေရာမှာတည်ရှိခဲ့သော ပါရမီရှင်တစ်ဦးအနေဖြင့် စိတ်ဓာတ်ကျမည်ဆိုလည်း ဖြစ်သင့်ပါသည်လေ။

သို့သော် အစီအရင်ပိုင်းမှာတော့ သူကဖုန့်မိသားစု၏အတော်ဆုံးပါရမီရှင်ဖြစ်နေဆဲပါပင်။ အရင်ရက်သတ္တပတ်များအတွင်းမှာ သူ့အစီအရင်စွမ်းရည်တွေ ပိုလို့တိုးတက်လာခဲ့ပြီး ကျင့်ကြံဆင့်ကိုပင်အနည်းငယ်နှောင့်နှေးစေခဲ့သေးသည်။ ကျင့်ကြံဆင့်ကိုသာ အထူးအာရုံစိုက်ပေးလိုက်လျှင် ဒီ့ထက်ပိုတက်လာနိုင်သော်ငြား သူအစီအရင်ပိုင်းကို လက်မလျှော့ချင်ပါပေ။

အစီအရင်ကိုရွေးချယ်ခဲ့သည့်အတွက် နောင်တမြူမှုန်မျှမရှိသော်ငြား အခုတော့ ပြန်လည်ချပြနိုင်မည့်အခွင့်အရေးက ရောက်လာခဲ့သည်။

"ငါ့ပါရမီကိုထုတ်ပြရတော့မယ့်အချိန်ပဲကွ"

စာစဉ်ပြီး၏

All Chapters