ကိရိယာတန်ဆာပလာကုကန်း။
Vol. 50 Ch. 698
ဖိုယာကမပြောခဲ့ရင်တောင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ လောင်ထျန်းဧကရာဇ်အဆင့်စွမ်းအားရှင်များသည် တစ်ယောက်တည်း ဆက်လက်မသွားလာရဲတော့ပါ။ဖိုရှူနဲ့အခြားသူများ၏ သေဆုံးမှုက သူတို့ကို ထိတ်လန့်စေခဲ့၏။
သူတို့ဟာ ထာဝရညည့်ဦးယံတောအုပ်အတွင်းသို့ ဒေါသတကြီး ဝင်ရောက်လာခဲ့ကြသည်။ အဆုံးမှာတော့ တစ်ဖက်ရန်သူကိုတောင် မမြင်ရသေးခင်မှာ သူတို့၏လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်လေးယောက်ကို ဆုံးရှုံးခဲ့ရသည်။ ဒါက သူတို့၏နှလုံးသားကို နာကြင်ထုံအသွားစေခဲ့၏။
" ရှန်ရှန်ကျုံဂိုဏ်းက ဘယ်ကရောက်လာတာလဲ။ သူတို့က ဘာလို့ ငါတို့နတ်ဆိုးဗုဒ္ဓဂိုဏ်းတော်ကို အာခံရဲရတာလဲ။ "
ဖိုယာသည် မဲမှောင်နေသောအမူအရာဖြင့် အော်ဟစ်ပြောဆိုခဲ့သည်။ ဤတစ်ကြိမ်တွင် နတ်ဆိုးဗုဒ္ဓဂိုဏ်းတော်က နာမည်ဂုဏ်သတင်းကို လုံးဝဆုံးရှုံးသွားပြီ ဖြစ်သည်။ သူတို့ဟာ လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်(10)ယောက်ကို စေလွှတ်ခဲ့သော်လည်း တစ်ဖက်ရန်သူကို မမြင်ရသေးခင်မှာတောင် (4)ယောက်ဟာ သေဆုံးသွားရသည်။
ဤအချိန်တွင် ပျက်သုန်းခြင်းဧကရာဇ်ဘုံလောကကြီးတစ်ခုလုံးဟာ သူတို့နတ်ဆိုးဗုဒ္ဓဂိုဏ်းတော်ကို လှောင်ရယ်နေမှာအား စိုးရိမ်နေမိသည်။
သို့သော်လည်း ဘယ်သူကမှ ဖိုယာ၏စကားများကို မဖြေဆိုခဲ့ပါ။ သူဟာ ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းနေရုံသာ တတ်နိုင်သည်။ သူဟာ တရားခံ၏အရိပ်ကိုတောင် ဖမ်းမမိသေးချေ။ ဒါက ဘုန်းတော်ကြီးများကို ပို၍ စိတ်သောကရောက်စေခဲ့သည်။
တခဏကြာသည့်အခါ ဖိုယာသည် နှလုံးသားအတွင်းရှိဒေါသတို့ကိုထိန်းချုပ်လိုက်ပြီး လက်ကိုခါယမ်းလျက် လောင်ထျန်းဧကရာဇ်စွမ်းအားရှင်(5)ယောက်ကိုဦးဆောင်ကာ ဆက်လက်ရှာဖွေပြန်သည်။ တချိန်တည်းမှာဘဲ သူဟာ ထာဝရညည့်ဦးယံတောအုပ်အတွင်းရှိ အဖြစ်အပျက်များကို နတ်ဆိုးဗုဒ္ဓကျောင်းတော်၏မဟာအကြီးအကဲဆီ အစီအရင်ခံခဲ့ရသည်။
" ဟာ...! "
" နတ်ဆိုးဗုဒ္ဓကျောင်းတော်က နောက်ထပ်လောင်ထျန်းဧကရာဇ်အထွတ်အထိပ်စွမ်းအားရှင်(2)ယောက်ကို ဆုံးရှုံးသွားပြန်ပြီ "
" တကယ့်ကိုထိတ်လန့်စရာပဲ...ရှန်ရှန်ကျုံဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ။ အရမ်းကို စွမ်းအားကြီးလိုက်တာ ? "
" ရှန်ရှန်ကျုံဂိုဏ်းက ရေပြင်ပေါ်က တံလျှပ်တစ်ခုဖြစ်နေမှာကို စိုးရိမ်မိတယ် "
" အဆုံးမှာတော့ နတ်ဆိုးဗုဒ္ဓကျောင်းတော်က အကြွင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားတယ်လေ။ နတ်ဆိုးဗုဒ္ဓကျောင်းတော်အတွက်တော့ လောင်ထျန်းဧကရာဇ်ဆိုတာ ဘာမှမဟုတ်ဘူး။ နတ်ဆိုးဗုဒ္ဓကျောင်းတော်က တကယ်ဒေါသထွက်သွားရင် ရှန်ရှန်ကျုံဂိုဏ်းအတွက် ကပ်ဘေးဒုက္ခကြီးဖြစ်လိမ့်မယ် ! "
လောကတစ်ခုလုံးသည် ဆူညံနေသောဆွေးနွေးရေရွတ်သံများနဲ့ ပြည့်နှက်သွားပြန်သည်။ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ လောင်ထျန်းဧကရာဇ်စွမ်းအားရှင်များသေဆုံးမှုကြောင့် ထာဝရညည့်ဦးယံမြို့အတွင်းရှိကျင့်ကြံသူများသည် ပွတ်လောရိုက်နေခဲ့သည်။
ထာဝရညည့်ဦးယံမြို့သည် အင်မတန်ဖရိုဖရဲဖြစ်နေသော်လည်း၊ မြို့အတွင်း၌ နေ့စဥ်ရက်ဆက်ဆိုသလို ဒဏ်ရာရ သေဆုံးမှုများရှိနေသော်လည်း၊ မြို့အတွင်း၌ အစစ်အမှန်ဧကရာဇ်နယ်ပယ်ကိုရောက်ရှိနေသောစွမ်အားရှင်တချို့လည်း ရှိပါသည်။ သို့သော်လည်း မြို့တော်ရှိ လူအများစုဟာ အစစ်အမှန်ဧကရာဇ်နယ်ပယ်၏အောက်တွင်သာ ရှိကြသည်။ ယခုအချိန်တွင် နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ လောင်ထျန်းဧကရာဇ်အထွဋ်အထိပ်စွမ်းအားရှင်(4)ယောက်သေဆုံးသွားခြင်းက သူတို့ကို ထိတ်လန့်စေခဲ့သည်။
အားအနည်းဆုံး အစစ်အမှန်ဧကရာဇ်ဆိုရင်တောင် ထိုသူက အစစ်အမှန်ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေသူသာ ဖြစ်သည်။ သာမန်ဂိုဏ်းတစ်ဂိုဏ်းဆိုပါက ထိုသို့အင်အားဆုံးရှုံးခြင်းကတောင် ကြီးကြီးမားမားယိုယွင်းပျက်စီးသွားစေနိုင်သည်။
မြွေနဂါးဓားဂိုဏ်း၏အကြီးအကဲဖြစ်သော ကုကန်းသည် တောင်တန်းတောအုပ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိတ်လန့်နေသောအသံများကို ကြားသိခဲ့ရသည့်အခါ သူ့မျက်လုံးအတွင်းရှိ အလင်းတန်းသည် ပို၍ ပို၍ သန်မာလာခဲ့သည်။ အားလုံးထဲမှာမှ ရှန်ရှန်ကျုံဂိုဏ်းသည် လောင်ထျန်းဧကရာဇ်အထွတ်အထိပ်(4)ယောက်ကို သတ်ဖြတ်ရဲသည်ဖြစ်ရာ ဤအချက်ကတောင် ရှန်ရှန်ကျုံဂိုဏ်းနဲ့ မိတ်ဆွေဖွဲ့ရန် ပို၍ သေချာသွားစေခဲ့သည်။
ဒါ့အပြင် ကုကန်းသည် ဝမ်ဖုန်းထံမှ အထိန်းအကွပ်မဲ့သော စိတ်ဆန္ဒတစ်မျိုးကို တွေ့မြင်ရသည်။ ၎င်းမှာ ထာဝရညည့်ဦးယံမြို့နဲ့ သဟဇာတကိုက်ညီသည်။ သာမန်လူတစ်ယောက်က ဘာကြောင့်များ နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ရန်စရဲပါ့မလဲ။
ဒါတင်မကသေးဘဲ ရှန်ရှန်ကျုံဂိုဏ်း၏ ကြောက်လန့်စရာခွန်အားကလည်း ကုကန်းကို အံ့သြစေခဲ့သည်။ အဆိုးဆုံးမှာ ဘယ်သူကမှ ရှန်ရှန်ကျုံဂိုဏ်း၏ အကန့်အသတ်ကို သိရှိမထားခြင်း ဖြစ်သည်။
ရှန်ရှန်ကျုံဂိုဏ်းက ပုန်းကွယ်နေသောဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်ဟု ကုကန်းက အစဥ်အမြဲ ယုံကြည်ခဲ့သည်။ တွေးခေါ်နေရင်းမှ ကုကန်း၏မျက်ဝန်းများသည် တောက်ပသွားခဲ့သည်။ သူက ရှန်ရှန်ကျုံဂိုဏ်းအကြောင်း ခန့်မှန်းချက်တစ်ချို့ပြုလုပ်လိုက်ပြီးနောက် ထာဝရညည့်ဦးယံတောအုပ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို မြွေနဂါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်ထံသို့ အစီအရင် တင်ခဲ့သည်။
သူ့တွင် မြွေနဂါးဓားဂိုဏ်းကဲ့သို့ နောက်ခံကြီးကြီးမားမားပိုင်ဆိုင်ထားပြီး သူဟာ သာမန်အကြီးအကဲတစ်ယောက်မဟုတ်သော်လည်း မဟာမိတ်ဖွဲ့ခြင်းကဲ့သို့ အရေးကြီးသောကိစ္စများကို သူကိုယ်တိုင် မဆုံးဖြတ်နိုင်ပါ။ သူဟာ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီဖြစ်သည်။ ဂိုဏ်းချုပ်ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်း မလွှမ်းမိုးနိုင်ချေ။
ဂိုဏ်းချုပ်က ဘယ်လိုဘဲဆုံးဖြတ်ခဲ့ပါစေ ၊သူသည် ရှန်ရှန်ကျုံဂိုဏ်းနဲ့ ကောင်းမွန်သည့်ဆက်ဆံရေးကိုတော့ ထိန်းသိမ်းထားရမည်။
" ဘုန်း....! "
ကုကန်းတစ်ယောက်တွေ့တောနေစဥ်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် သူ၏အရှေ့မှ ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲသံကြီးများနဲ့အတူ အင်မတန်အစွမ်းထက်သော စွမ်းအင်လှိုင်းတစ်ခုလည်း ရှိနေခဲ့သည်။ ၎င်းစွမ်းအင်လှိုင်းဟာ ကုကန်း၏မျက်နှာကို ဖြူဆုတ်သွားစေခဲ့သည်။
ကုကန်း၏မျက်နှာပေါ်တွင် တည်ငြိမ်သောအကြည့်တစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူဟာ အရှိန်အဝါတို့ကို အဆုံးစွန်တိုင်အောင်ဖိနှိပ်လျက် အရှေ့ဖက်သို့ တိုးကပ်သွားခဲ့သည်။ ကုကန်းဟာ အရမ်းကာရော တိုးကပ်မသွားရဲဘဲ တိုက်ပွဲကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရသည့်အခိုက်၌ ရပ်တန့်လိုက်သည်။
ပုန်းအောင်းနေလိုက်ပြီးနောက် ကုကန်းဟာ တိုက်ပွဲမြေပြင်ကို စူးစမ်းကြည့်ရှူလိုက်သည်။ မနီးမဝေးတွင်ရှိနေသော တောင်ကြားလေးအတွင်း၌ လူအုပ်စုနှစ်စုသည် ပြင်းထန်စွာတိုက်ခိုက်နေကြောင်း တွေ့မြင်ရသည်။ ကျယ်လောင်သောပေါက်ကွဲသံများသည် ၎င်းတောင်ကြားလေးအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြင်းထန်သောဖိအားသည် တောင်ကြားလေးအတွင်းမှ ထွက်ပေါ်လာကာ တောင်ကြားတစ်ခုလုံးကို အပြင်းအထန်ခါယမ်းစေလျက် ဖုန်မှုန့်များနဲ့အပျက်အစီးများကလည်း အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။
" မင်းတို့လိုပုရွက်ဆိတ်အနည်းငယ်က နတ်ဆိုးဗုဒ္ဓကျောင်းတော်ကို ဘယ်လိုကြောင့် တိုက်ခိုက်ရဲရတာလဲ။ ဒီဧကရာဇ်က မင်းတို့ရှန်ရှန်ကျုံဂိုဏ်းကို အထင်ကြီးခဲ့မိတာပဲ။ အခုတော့ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အဆင့်တောင် မရောက်သေးဘဲ ငါနဲ့ ရင်ဆိုင်တိုက်ခိုက်ရဲတယ်ပေါ့လေ။ "
ကုကန်းက စိုက်ကြည့်နေစဥ်တွင် အေးစက်သောနှာမှုတ်သံကြီးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ ကုကန်း၏မျက်ဝန်းများမှာ တုန်လှုပ်သွားပြီး လီပိုင်တို့အုပ်စုဖက်ကို ရုတ်တရက် လှမ်းကြည့်လိုက်၏။ ထိုသူများဟာ ရှန်ရှန်ကျုံဂိုဏ်း၏အကြီးအကဲများ ဖြစ်ကြသည်လော? သူဟာ ဝမ်ဖုန်း၊ ကျုံးလုံနှင့် ယင်ကော်တို့ကိုသာ အရင်က တွေ့မြင်ဖူးသည်။
လီပိုင်တို့အုပ်စုသည် ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို မရောက်သေးသော်လည်း သူတို့ဟာ နတ်ဆိုးဗုဒ္ဓကျောင်းတော်၏ ဆင့်ကဲပြောင်းလဲခြင်းဧကရာဇ်အထွတ်အထိပ်အဆင့်နဲ့ ရင်ဆိုင်တိုက်ခိုက်ရဲနေသည်။ ဒါ့အပြင် သူတို့ဟာ အားနည်းခြင်း အနည်းငယ်တောင် မရှိပါ။ ဤကဲ့သို့တိုက်ပွဲဝင်စွမ်းအားက တကယ့်ကို ထိတ်လန့်စရာကောင်း၏။
" ငါ ကူညီလိုက်သင့်လား? "
ကုကန်း၏အမူအရာမှာ ပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်လျက် ရေရွတ်ပြောဆိုလိုက်သည်။
တစ်ဖက်ဟာ သိသာထင်ရှားသောထိပ်တန်းအင်အားစုဖြစ်ပြီး ကျန်တစ်ဖက်ဟာတော့ လျို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရခက်သည့် ဂိုဏ်းဖြစ်သည်။
" ထားလိုက်တော့ အလောင်းအစားပြုလိုက်တာပေါ့ ! "
တခဏကြာအောင် တုံ့ဆိုင်းသွားပြီးနောက် ကုကန်းဟာ အံကိုတင်းတင်းကြိတ်လျက် ပြောဆိုခဲ့သည်။ သူ၏မျက်ဝန်းများအတွင်း၌ ပြင်းထန်သောအကြည့်တစ်ခုရှိနေခဲ့ကာ သူဟာ ချက်ချင်းကို ပျံသန်းထွက်လာခဲ့သည်။ သူသည် ပြင်းထန်သော အရှိန်အဝါကိုဖော်ထုတ်လျက် သတ်ဖြတ်ရန် တိုက်ပွဲမြေပြင်အတွင်းသို့ ပြေးဝင်သွားခဲ့ပါသည်။
" ကုကန်း၏ခန္ဓာကိုယ်သည် ပြင်းထန်သောအရှိန်အဝါတို့ကို ဖော်ထုတ်နေခဲ့ကာ သူဟာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ သူ၏လက်သီးချက်အတွင်း၌ အဆုံးမဲ့သည့်ဓားစွမ်းအင်များပါဝင်နေပြီး ၎င်းသည် ပြင်းစွာသော ဓားမိုးရွာသကဲ့သို့ နတ်ဆိုးဗုဒ္ဓကျောင်းတော်ရှိလူများထံ ပြိုဆင်းသွားခဲ့သည်။ "
" ရှန်ရှန်ကျုံဂိုဏ်းရဲ့တာအိုရောင်းရင်းတို့ ! ဒီဧကရာဇ်က ကူညီဖို့ရောက်လာပါပြီ! "
ကုကန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏အသံက တောင်ကြားအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
သူဟာ ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်သာရှိသေးသော်လည်း သူ့တွင် သန်မာသောတိုက်ပွဲဝင်စွမ်းအားနဲ့ ဓားရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် ခုခံရေးနဲ့တိုက်ခိုက်ရေးနှစ်ခုစလုံး၌ ထက်မြက်၏။ သူသည် ရန်သူ စွမ်းအားရှင်များကို မသတ်ဖြတ်နိုင်သော်လည်း လီပိုင်တို့နဲ့ ပူးပေါင်းလိုက်ပါက တစ်ဖက်သူကို ဒဏ်ရာရသွားစေရန်တော့ တတ်စွမ်းနိုင်သည်။ ၎င်းဒဏ်ရာသည် အင်မတန်မှနည်းပါးသော်လည်း တိုက်ပွဲတွင် အနည်းအကျဥ်းကတောင် အပြောင်းအလဲကြီးကြီးမားမားဖြစ်စေသည် မဟုတ်ပါလော့။
ကုကန်းပါ၊ ဝင်ပါလာသည့်အခါ လီပိုင်တို့သည် ပို၍ အစွမ်းထက်လာခဲ့သည်။ ကုကန်းဟာ တစ်ဖက်ရန်သူများကို ဒဏ်ရာကြီးကြီးမားမားမရဘဲ ရင်ဆိုင်တိုက်ခိုက်နိုင်တာမြင်တော့ လီပိုင်တို့၏မျက်ဝန်းများက တောက်ပသွားခဲ့သည်။ သူတို့ဟာ ကုကန်းကို တိုက်ခိုက်မှုများရန်မှ ကာကွယ်ရန် အတိုင်းအတာတစ်ခုအထိ အသုံးပြုခဲ့ပြီး သူတို့ကိုယ်၌ကတော့ ရန်သူ့ကို အရှိန်အဟုန်အပြည့်ဖြင့် တိုက်ခိုက်နေခဲ့သည်။