← Chapters

အခန်း (၇၀၂)

Vol. 50 Ch. 702

အခန်း (၇၀၂)

Vol. 50 Ch. 702

နတ်ဆိုးဗုဒ္ဓနန်းဆောင်မှ ထာဝရညဉ့်ယံမြို့သို့ စွမ်းအားမြင့်ကျင့်ကြံသူအများအပြား စေလွှတ်လိုက်လျှင် ထာဝရညဉ့်ယံမြို့အား သူတို့လက်အောက်သို့ သိမ်းသွင်းလိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် အခြားသောအင်အားစုကြီးများသည် နတ်ဆိုးဗုဒ္ဓနန်းဆောင်အား ထာဝရညဉ့်ယံမြို့သို့ စွမ်းအားမြင့်ကျင့်ကြံသူများ စေလွှတ်ခွင့်ပြုမည် မဟုတ်ပေ။

ဝမ်ဖုန်း ခေါင်းခါရမ်းလိုက်ပြီး နတ်ဆိုးဗုဒ္ဓနန်းဆောင်အ‌ကြောင်းစဉ်းစားခြင်းကို ရပ်တန့်လိုက်သည်။ နတ်ဆိုး‌ဗုဒ္ဓ‌နန်းဆောင်သည် ထာဝရညဉ့်ယံတောအုပ်အကြောင်းကို သိရှိလျှင်သော်မှ ဤနေရာသို့ ကျင့်ကြံသူများ စေလွှတ်ရန်အတွက် အချိန်တစ်ခု ကြာမြင့်ဦးမည်ဖြစ်သည်။ ထို့ပြင် လက်ရှိ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်သည် ဖိုရာနှင့် အခြားသူများ အဘယ်သို့ သေဆုံးသွားခဲ့သည်ကို မသိသေးပေ။

ဖိုရာနှင့်အခြားသူများ၏ ကျင့်ကြံ‌ဆင့်သည် လောင်ထျန်းဧကရာဇ်အဆင့်သာဖြစ်ကြရာ နတ်ဆိုးဗုဒ္ဓ‌နန်းဆောင်ရှိ သူတို့၏အဆင့်အတန်းသည် ထိုသခင်ငယ်လေးလောက် မမြင့်မားလောက်ပေ။ သူတို့အားလုံးသည် ခန်းမထဲတွင် အသက်ဝိဉာဉ်ထားရှိရန် အဆင့်မမီကြပေ။ ဗုဒ္ဓနတ်ဆိုးကျောင်းဆောင်၌ သူတို့သည် သာမန်အဆင့်အတန်းများသာ ဖြစ်ကြသည်။ ကြက်သွေးရောင်ဧကရာဇ်အဆင့်နှင့်အထက် ကျင့်ကြံသူများသာလျှင် နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ အဓိကအစိတ်အပိုင်းများဖြစ်သည်။

လက်ရှိအချိန်၌ ဝမ်ဖုန်းအ‌တွက် အရေးအကြီးဆုံးအရာမှာ နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ လက်တုံ့ပြန်မှု မဟုတ်ပါဘဲ ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲဖြစ်သည်။ တိုက်ပွဲစတင်ရန် တစ်ရက်သာ လိုတော့၏။

ထိုအတွေးဖြင့် ဝမ်ဖုန်း လီပိုင်နှင့် အခြားသူများကို ရှာလိုက်သည်။ နာရီဝက်ခန့်ကြာမြင့်ပြီးနောက်တွင် လီပိုင်နှင့် အခြားသူများကို ရှာတွေ့ခဲ့သည်။ ဝမ်ဖုန်း ကုကန်းအား အံ့အ့ားသင့်စွာ မေးမြန်းလိုက်၏။

“ကျင့်ကြံသူမိတ်ဆွေကု ဒါက…”

ထိုအခိုက်အတန့်၌ ကုကန်းသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကွန်ယက်တစ်ခုကဲ့သို့ ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ အနည်းငယ် သနားချင့်စဖွယ်ဖြစ်နေခဲ့သည်။ သူ့ထံမှ အင်အားကြီးမားသော အရှိန်အဝါကို ရရှိနေသောကြောင့် မဟုတ်ခဲ့လျှင် ကုကန်းမှာ သေဆုံးတော့မည်ဟုပင် ဝမ်ဖုန်း ထင်မိလောက်သည်။

သို့သော် ကုကန်းသည် ဝမ်ဖုန်းကို ပြန်‌မဖြေဘဲ ဝမ်ဖုန်းအား ကြောက်ရွံ့မှုထင်ဟပ်နေသော မျက်လုံးများဖြင့် အရူးတစ်ယောက်ကဲ့သို့ ကြည့်လာခဲ့သည်။

ကုကန်း မကြာမီက သူ၏မျက်လုံးများဖြင့် တပ်အပ်မြင်ခဲ့ပေသည်။ နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ စွမ်းအားမြင့်ကျင့်ကြံသူများသည် အလွယ်တကူလေး သေဆုံးသွားခဲ့ရ၏။ အနည်းငယ်မျှသော ရုန်းကန်မှုပင် မပြုလုပ်နိုင်ခဲ့ချေ။

ထိုမြင်ကွင်းသည် ကုကန်းအား အလွန်တရာ အံ့ဩထိတ်လန့်စေခဲ့ပြီး ထိန်းချုပ်မရနိုင်စွာ တုန်ယင်စေသည်။ မတိုင်မီက ကုကန်း စဉ်းစားခဲ့သည်မှာ ဝမ်ဖုန်းသည် မိမိထက် အင်အားကြီးမားလျှင်သော်မှ များစွာကွာဟမှုရှိလိမ့်မည် မဟုတ်ဟူ၍။ သို့သော် ယခုတွင်မူ ဝမ်ဖုန်း၏ရှေ့မှောက်၌ မိမိမှာ ဝမ်ဖုန်း၏တိုက်ကွက်တစ်ကွက်ကိုပင် ခံနိုင်ရည် မရှိနိုင်သည့် အင်အားနည်းပါးသူတစ်ဦးသာ ဖြစ်ကြောင်းကို နားလည်သွားခဲ့ရသည်။

“ဂိုဏ်းချုပ်ဝမ်က နက်နက်ရှိုင်းရှိုင်းကို ဖုံးကွယ်ထားတာပါပဲ”

အချိန်ခဏကြာပြီးနောက်တွင်မှ ကုကန်းသည် အသိပြန်ဝင်လာခဲ့ပြီး ကသိကအောက်နိုင်လှသော အပြုံးဖြင့် တီးတိုးရေရွတ်လိုက်သည်။

ထိုအခါ ဝမ်ဖုန်းသည် ဘာမျှပြန်မပြောဘဲ ပြုံးလိုက်သည်။ ထို့နောက် ကုကန်းအား လက်ဟန်ဖြင့်အရိုအသေပြုလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ကျင့်ကြံသူမိတ်ဆွေကုရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

နတ်ဆိုးဗုဒ္ဓနန်းဆောင်နှင့် ရင်ဆိုင်နေစဥ်၌ တစ်ကြိမ်တည်းသာ ဆုံတွေ့ခဲ့ဖူးသော ကုကန်းသည် သတ္တိရဲရင့်စွာဖြင့် သူရှန်ရှန့်ကျုံဂိုဏ်းအား ကူညီဝံ့လိမ့်မည်ဟု ဝမ်ဖုန်း မျှော်လင့်မထားခဲ့ပေ။ သို့ဖြစ်ရာ ဝမ်ဖုန်းသည် ကုကန်းအား အနည်းငယ် အသိအမှတ်ပြုကျေးဇူးတင်မိသည်။

ရှန်ရှန့်ကျုံဂိုဏ်းသည် လူသစ်ဖြစ်ပြီး လူသိမများသေးပေ။ သို့သော် နတ်ဆိုးဗုဒ္ဓနန်းဆောင်သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်အတွင်း၌ နာမည်အကျော်ကြားဆုံးသော အင်အားစုများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအခြေအနေတွင် ကုကန်းမှ ရှန်ရှန့်ကျုံဂိုဏ်းအား ကူညီပေးလေရာ ဝမ်ဖုန်း အထင်ကြီးလေးစားမိပါ၏။

“ဂိုဏ်းချုပ်ဝမ် ယဉ်ကျေးလွန်းနေပါပြီ။ ငါကိုယ်တော်က နတ်ဆိုးဗုဒ္ဓ‌နန်းဆောင်နဲ့ အများကြီး မရင်ဆိုင်ခဲ့ရပါဘူး။ အဲဒါကြောင့် ငါကိုယ်တော်ရဲ့ အကူအညီသေးသေးလေး‌ကို ထုတ်ပြောဖို့ မလိုပါဘူးဗျာ”

ဝမ်ဖုန်း၏ သဘောထားကို မြင်တွေ့လိုက်သောအခါ ကုကန်းသည်လည်း ဝမ်ဖုန်းအား လက်ဟန်ဖြင့်အရိုအသေပြုလျက် ပြုံးလိုက်သည်။ သူ၏အပြုအမူသည် မတိုင်မီက စားသောက်ဆိုင်တွင် ပြုမူခဲ့သည်ထက် ပို၍လေးစားမှုရှိ‌ပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူ၁ဝဦးကို သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ အင်အားသည် တုနှိုင်းမဲ့လောက်အောင် ပြိုင်ဘက်ကင်း၏။ ထာဝရညဉ့်ယံမြို့၏ အားနည်းသော ဒေသခံမြွေဆိုးများအတွင်း ထိပ်တန်း၂၀အတွင်း ပါဝင်နိုင်ပေသည်။

ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်း၏ အင်အားအစစ်အမှန်သည် ပဟေဠိဆန်၏။ ရှန်ရှန့်ကျုံဂိုဏ်း လျှို့ဝှက်ဖုံးကွယ်ထားသည့်အင်အားမှာ မည်မျှထိ များပြားသောပမာဏ ရှိလိမ့်မည်ကို မည်သူမျှ မသိနိုင်ချေ။

ယခင်က ရှန်ရှန့်ကျုံဂိုဏ်းနှင့် နတ်ဆိုးဗုဒ္ဓကျောင်းဆောင်၏ အသေအကျေတိုက်ပွဲကို မည်သူမျှ အကောင်းမမြင်ကြပေ။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းသည် အားလုံးကို တစ်ချက်ပိတ်ရိုက်ပေးလိုက်၏။ နှစ်ရက်အတွင်း၌ပင် နတ်ဆိုးဗုဒ္ဓနန်းဆောင်မှ ထာဝရညဉ့်ယံတောအုပ်သို့ စေလွှတ်လိုက်သည့် လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူ၁၀ဦးနှင့် အခြားအဆင့်နိမ့်ကျင့်ကြံသူ ဒါဇင်ကျော်ခန့် သတ်ဖြတ်ခံခဲ့ရသည်။

၎င်းတိုက်ပွဲသည် ရှန်ရှန့်ကျုံဂိုဏ်း၏အမည်ကို ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်တစ်ခွင်တွင် ပဲ့တင်ထပ်သွားစေရန်အထိ မလုံလောက်သော်ငြား ထာဝရညဉ့်ယံမြို့တစ်ခွင် ပဲ့တင်ထပ်သွားရန်တော့ လုံလောက်ပေသည်။ အချိန်တိုလေးအတွင်း၌ ထာဝရညဉ့်ယံမြို့၏ ဒေသခံမြွေဆိုးများသည် ရှန်ရှန့်ကျုံဂိုဏ်းအား မထိပါးဝံ့ဘဲ ဖြစ်သွားခဲ့သည်။

၎င်းမှာ ရှန်ရှန့်ကျုံဂိုဏ်းအား ကြောက်ရွံ့သောကြောင့် မဟုတ်ပါချေ။ နတ်ဆိုးဗုဒ္ဓနန်းဆောင်နှင့် အသေအကျေတိုက်ပွဲဝင်ရမည့် ဂိုဏ်း၏အင်အားကို မှန်း၍မရနိုင်သည့် ရှန်ရှန့်ကျုံဂိုဏ်းအား ထိပါးရအောင်အထိ မည်သူမျှ ဉာဏ်မနည်းသောကြောင့်ဖြစ်သည်။

“ဂိုဏ်းချုပ်ဝမ် မနက်ဖြန်က ထာဝရညဉ့်ယံမြို့သခင်တွေရဲ့ တိုက်ပွဲနေ့ပါ။ ခင်ဗျားပါဝင်ချင်တယ်ဆိုရင် ပိုများများ ပြင်ဆင်ဖို့လိုလိမ့်မယ်”

ကုကန်းသည် ဝမ်ဖုန်းကိုကြည့်လျက် ပြောသည်။ ကုန်ကန်း၏မျက်လုံးအစုံ၌ မျှော်လင့်ချက်အငွေ့အသက်များ ဖြတ်ပြေးသွား၏။ ဝမ်ဖုန်း၏ အင်အားအစစ်အမှန်ကို သူမသိသော်ငြား လက်တစ်ချက်အဝှေ့ဖြင့် စွမ်းအားမြင့်ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်လေရာ ဝမ်ဖုန်း၏အင်အားသည် အလွန်ကြီးမားသည်ဟု သတ်မှတ်နိုင်ပါ၏။

ထို့ပြင် ဝမ်ဖုန်းသည် အသက်မကြီးရင့်သေးဟု ကုကန်း ခံစားမိသည်။ ဝမ်ဖုန်းသည် ထာဝရညဉ့်ယံမြို့သခင်များတိုက်ပွဲတွင် ပါဝငမဆင်နွှဲရန် အရည်အချင်းပြည့်မီနိုင်ကောင်း၏။ ဝမ်ဖုန်း၏ ကြောက်ခမန်းလိလိသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြင့် ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲတွင် ပါဝင်ခဲ့လျှင် အနိုင်ရ‌နိုင်ခြေ မြင့်မားပေသည်။ မြွေနဂါးဓားဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့် ကုကန်းသည် အရာအားလုံးအပေါ် ထောင်လွှားတတ်သူ မဟုတ်ပေ။ အထူးသဖြင့် ထာဝရညဉ့်ယံမြို့တွင်ဖြစ်၏။ မြွေနဂါးဓားဂိုဏ်းသည် တိုက်ပွဲနီးကပ်လာချိန်တွင် ထိပ်တန်းအင်အားစုများမှ စေလွှတ်လိုက်သော စွမ်းအားမြင့်ကျင့်ကြံသူအများစုကို ဖော်ထုတ်ခဲ့ပြီးဖြစပေသည်။

အင်အားစုကြီးများ၏ လက်ရွေးစင်ကျင့်ကြံသူများသည် များသောအားဖြင့် သွေးနီရောင်ဧကရာဇ်အဆင့်များဖြစ်ကြပြီး တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် နက္ခတ်ဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်သည်။ ဖုံးကွယ်ထားသည့်အင်အားများ ရှိခြင်း၊မရှိခြင်းကိုမူ မြွေနဂါးဓားဂိုဏ်းမှ စုံစမ်းသိရှိနိုင်သည့်အရာ မဟုတ်တော့ပေ။

သို့သော် ကုကန်း၏ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးဆက်သစ်များအပေါ် ‌သုံးသပ်ချက်အရ ဝမ်ဖုန်းကဲ့သို့ လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူများအား အသီးအရွက်လှီးဖြတ်သည့်အလား သတ်ဖြတ်နိုင်သူမှာ အလွန်ရှားပါးလှသည်။

ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲ၌ ဝမ်ဖုန်း ပါဝင်ခဲ့လျှင် မျိုးဆက်သစ်ကျင့်ကြံသူများစွာကို အနိုင်ရရှိနိုင်မည့်ဖြစ်နိုင်ခြေ အလွန်မြင့်မား၏။ မိမိ၏ မြွေနဂါးဓားဂိုဏ်းမှ ပါဝင်မည့်မျိုးဆက်သစ်များလည်း ရှိသော်ငြား ဝမ်ဖုန်း၏အင်အားကို မြင်တွေ့ပြီးနောက်တွင် ကုကန်းသည် မြွေနဂါးဓားဂိုဏ်း၏ မျိုးဆက်သစ်များအပေါ် ယုံကြည်ချက် လျော့နည်းသွားရသည်။

“ကျင့်ကြံသူမိတ်ဆွေကု အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါကိုယ်တော် နားလည်ပါတယ်”

ဝမ်ဖုန်း ရယ်မောလျက် ခေါင်းညိတ်ကျေးဇူးတင်ခဲ့သည်။

“ဂိုဏ်းချုပ်ဝမ်သာ ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲမှာ ပါဝင်မယ်ဆိုရင် အကယ်၍များ ကျုပ်ရဲ့မြွေနဂါးဓားဂိုဏ်းမျိုးဆက်သစ်လေးတွေနဲ့ တိုက်ခိုက်ဖို့ဖြစ်လာတဲ့အခါ ဂိုဏ်းချုပ်ဝမ် ညှာတာပေးဖို့ တောင်းဆိုပါတယ်”

ထို့နောက် ကုကန်းသည် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး ထပ်မံအရိုအသေပြုလျက် ပွင့်လင်းစွာ ပြောခဲ့သည်။

“အဲဒါအတွက်က ကိစ္စမရှိပါဘူး။ ကျင့်ကြံသူမိတ်ဆွေကု မစိုးရိမ်ပါနဲ့”

ဝမ်ဖုန်း ခေါင်းညိတ်ပြောဆိုလိုက်သည်။ ကုကန်း၏ လီပိုင်နှင့်အခြားသူများကို ကူညီပေးသည့် အပြုအမူရှိထားသည်ဖြစ်ရာ မြွေနဂါးဓားဂိုဏ်း၏မျိုးဆက်သစ်များမှ အလွန်အကျွံ ထောင်လွှားပြုမူခြင်း မရှိသ၍ ဝမ်ဖုန်းသည်လည်း သတ်ဖြတ်လိမ့်မည် မဟုတ်ပါချေ။

“ဒါဆိုရင် ကျုပ် သွားလိုက်ပါဦးမယ်”

“မနက်ဖြန်မှ ဂိုဏ်းချုပ်ဝမ်ရဲ့ အရှိန်အဝါကြီးတဲ့ပုံရိပ်ကို လေးစားကြည့်ရှုနိုင်ဖို့အတွက် ပြန်လာခဲ့ပါ့မယ်”

ဝမ်ဖုန်းထံမှ အဖြေရပြီးနောက် ကုကန်းသည် အပြုံးဖြင့် လက်ဟန်အရိုအသေပြုကာ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters