← Chapters

အခန်း (၇၀၃)

Vol. 50 Ch. 703

အခန်း (၇၀၃)

Vol. 50 Ch. 703

ရှန်ရှန့်ကျုံဂိုဏ်းမှ နတ်ဆိုးဗုဒ္ဓနန်းဆောင်၏ လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူများကို ထာဝရညဉ့်ယံတောအုပ်အတွင်း သတ်ဖြတ်ခဲ့သည်ဟူသော သတင်းသည် ထာဝရညဉ့်ယံမြို့တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏အမည်သည် ပထမဆုံးအကြိမ်အဖြစ် ထာဝရညဉ့်ယံမြို့တွင် ပျံ့နှံ့သွားခဲ့သည်။

ပထမဆုံးအကြိမ်အဖြစ် ထာဝရညဉ့်ယံမြို့၏ စွမ်းအားမြင့်ကျင့်ကြံသူများနှင့် အင်အားစုများသည် ထာဝရညဉ့်ယံတောအုပ်မှ ပေါ်ထွက်ခဲ့သော အင်အားစုကို အာရုံစိုက်လာခဲ့ကြ၏။ လောင်ထျန်းဧကရာဇ်အဆင့်ကျင့်ကြံသူ၁၀ဦးကို သတ်ဖြတ်နိုင်ခြင်းဟူသည် အလွန်အင်အားကြီးမားလှသည် မဟုတ်ပါလော။ ပို၍အရေးကြီးသည့်အချက်မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ သတ္တိဖြစ်သည်။

ထာဝရညဉ်းယံမြို့တွင် ဒေသခံမြွေများစွာ တည်ရှိကြပြီး နတ်ဆိုးဗုဒ္ဓနန်းဆောင်ကဲ့သို့သော အင်အားစုကို ဘွင်းဘွင်းရှင်းရှင်းဆန့်ကျင်နိုင်သူမှာ အနည်းငယ်သာလျှင် ရှိ‌နိုင်ပေ၏။ ထိုသို့ ဘွင်းဘွင်းရှင်းရှင်း ဆန့်ကျင်ခြင်းမှာ ရူးမိုက်လွန်းခြင်းသာ မဟုတ်ပါလော။

နတ်ဆိုးဗုဒ္ဓ‌နန်းဆောင်၏ လောင်ထျန်းဧကရာဇ်အဆင့် ကျင့်ကြံသူ၁၀ဦးသည် ထိုသို့ အရှက်ရဖွယ် သတ်ဖြတ်ခဲ့လေရာ နတ်ဆိုးဗုဒ္ဓနန်းဆောင်သည် သေချာပေါက် အကြင်နာကင်းမဲ့သော လက်တုံ့ပြန်မှုကို ပြုလုပ်လာလိမ့်မည်မှာ မလွဲဧကန်ပင်။

အားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ လုပ်ဆောင်ချက်များကြောင့် အံ့ဩထိတ်လန့်သွားကြသည့်တိုင် မကြာမီတွင် ထာဝညဉ့်ယံမြို့သခင်တိုက်ပွဲသို့ အာရုံရောက်သွားကြလေသည်။ တိုက်ပွဲသည် ပို၍အရေးကြီး၏။

ထိုအချိန်၌ ထာဝရညဉ့်ယံမြို့၏ ဗဟိုခြံဝင်းတွင် ဧရာမအလင်းဂိတ်တံခါးကြီး တောက်ပနေသည်။ အလင်းဂိတ်တံခါး၏ရှေ့၌ ထာဝရညဉ့်ယံမြို့၏ စွမ်းအားမြင့်ကျင့်ကြံသူများစွာ ‌ရှိနေကြသည်။ အခြေခံအားဖြင့်ဆိုရသော် ထာဝရညဉ့်ယံမြို့၏ အင်အားစုတိုင်းသည် အင်အားစုတစ်ခုလျှင် စွမ်းအားမြင့်ကျင့်ကြံသူတစ်ဦးစီ စေလွှတ်ထားခြင်းဖြစ်၏။

အလင်းဂိတ်တံခါးကြီး၏ရှေ့တွင် လူတန်းရှည်ကြီး ဖြစ်နေပြီဖြစ်ပြီး ခြံဝင်းထဲတွင် မရေမတွက်နိုင်သော ပုံရိပ်များ ယိမ်းထိုးနေကြသည်။ ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲသည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်ကြီးတစ်ခုလုံးကို စုဝေးစေနိုင်သော ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ မျိုးဆက်သစ်ကျင့်ကြံသူများအတွက် အကြီးမားဆုံးသောပြိုင်ပွဲကြီးဖြစ်သည်။

ယခုလက်ရှိ လူအုပ်ကြီးမှာ တစ်စိတ်တစ်ပိုင်းသာ ရှိသေး၏။ အချို့လူများသည် အလျင်စလို မရှိလှသောကြောင့် ရောက်မလာကြသေးပေ။

ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲတွင် ပါဝင်ကြသူများမှာ အလွန်များပြားကြ၏။ ထို့ကြောင့် တိုက်ပွဲအား ထာဝရညဉ့်ယံမြို့အတွင်း မကျင်းပနိုင်ပေ။ ထာဝရညဉ့်ယံမြို့၏ စွမ်းအားမြင့်ကျင့်ကြံသူကြီးများ ပူးပေါင်းဖန်တီးထားသော အလင်းဂိတ်တံခါးအတွင်း ကမ္ဘာတစ်ခုတွင် ကျင်းပရသည်။

ပြိုင်ပွဲစည်းမျဉ်းများသည်လည်း အလွန်ရိုးရှင်း၏။ ထိုကမ္ဘာထဲသို့ မဝင်ရောက်မီတွင် ပါဝင်သူတိုင်းသည် တံဆိပ်ပြားတစ်ခု ရရှိကြသည်။ ပြိုင်ဘက်ကို အနိုင်ရလျှင် အမှတ်ရမည်ဖြစ်ပြီး ၁၀ရက်ကြာမြင့်ပြီးနောက်တွင် အမှတ်အမြင့်ဆုံးလူသည် မြို့သခင်လောင်းလျာဖြစ်သည်။

အဖွဲ့ထဲတွင် ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့သည် တိတ်ဆိတ်စွာ တန်းစီနေကြသည်။ လီပိုင်နှင့် အခြားသူများသည်တော့ ဝမ်ဖုန်း၏ ကမ္ဘာဝန်းထဲတွင် ဖြစ်ကြသည်။ ထို့ကြောင့် လီပိုင်နှင့် အခြားသူများသည် ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲတွင် မပါဝင်နိုင်ကြပေ။ ရှန်ရှန့်ကျုံဂိုဏ်း၏ အခြားတပည့်များမှာမူ သူတို့၏ကျင့်ကြံမှုအခြေခံသည် အားနည်းနေဆဲဖြစ်သောကြောင့် မပါဝင်နိုင်ကြပေ။ ပါဝင်နိုင်သည့် တစ်ဦးတည်းသောသူမှာ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်ငယ်လေး ရွှမ်းယွမ်ဖြစ်သည်။

ရွှမ်းယွမ်သည် ငွေဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်လျက် ဝမ်ဖုန်း၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ ယခု၌ ရွှမ်းယွမ်သည် ဧကရာဇ်ဘိုးဘေးအထွတ်အထိပ်အဆင့်မှ ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့ပြီးဖြစ်ပြီး သွေးနီရောင်ဧကရာဇ်အဆင့်နှင့်ပင် ယှဉ်နိုင်စွမ်း၏။ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် အကူလက်နက်တစ်ခုသည် ရွှမ်းယွမ်အတွက် ကောင်းချီးများစွာကို ယူဆောင်လာနိုင်‌သည်။

ဝမ်ဖုန်း အနီးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်လိုက်သည်။ ဝမ်ဖုန်း၏မျက်လုံးအစုံ၌ အလင်းဖျော့ဖျော့ ထင်ဟပ်နေ၏။ ဤလူများသည် အမှန်တကယ်ပင် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ် မျိုးဆက်သစ်ကျင့်ကြံသူများ၏ ဦးဆောင်သူများဖြစ်ကြပေသည်။ တစ်ချက်ဝေ့ဝဲအကြည့်၌ပင် လူတစ်သောင်းခန့် အရေအတွက်ရှိ၏။ ထိုလူများထဲတွင် အချို့သည် ကောင်းကင်ဘုံဧကရာဇ်အဆင့်နှင့် သွေးနီရောင်ဧကရာဇ်အဆင့်များ ဖြစ်ကြသည်။

အဲဒီလောက် ကျင့်ကြံဆင့်‌နဲ့လူတွေက အင်အားစုကြီးတွေရဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ရမယ်။

ဝမ်ဖုန်း မျက်မှောင်ကြုတ်လျက် စိတ်ထဲမှ စဉ်းစားလိုက်သည်။

ထာဝရညဉ့်ယံမြို့သည် ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ကသောင်းကနင်းဖြစ်သော နေရာဖြစ်သည်။ ကျွမ်းကျင်သူများကြား၌ မျိုးဆက်သစ်များအနေဖြင့် အတွေ့အကြုံရန်အတွက် သင့်တော်သောနေရာလည်း ဖြစ်သည်။ သို့သော် ထာဝရညဉ့်ယံမြို့အား အတွေ့အကြုံရယူရန် နယ်မြေအဖြစ် သတ်မှတ်ဝံ့သည့် မျိုးဆက်သစ်လူငယ်များမှာ အရေအတွက် မများပြားလှပေ။

ယခု၌ မြို့သခင်တိုက်ပွဲသည် ထာဝရညဉ့်ယံမြို့၏ အမြင့်ဆုံးသောအင်အားကို ရယူလိုချင်သူများအတွက် လွဲချော်ခွင့်မပြုနိုင်သော အခွင့်အရေးဖြစ်၏။ ထာဝရညဉ့်ယံမြို့သခင်နေရာကို ရယူအတွက် သူတို့၏မျိုးဆက်သစ်ကျင့်ကြံသူများကို ကျိန်းသေပေါက် စေလွှတ်ကြမည်သာ ဖြစ်သည်။

ဘုန်း!

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်၌ ကောင်းကင်ထက်မှ အင်အားကြီးမားလှစွာသော စွမ်းအင်ကြီးတစ်ခု ဆင်းသက်လာခဲ့ရာ နေရာရှိ လူအားလုံးမှာ သတိကပ်သွားကြသည်။

ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး လေဟာပြင်မှ ဆင်းသက်လာ၏။ ထိုလူငယ်သည် အနက်ရောင်ဆံနွယ်ထက်တွင် ပုဝါတစ်စရှိနေကာ မည်းနက်သောမျက်ခုံးနှစ်သွယ်သည် ထက်ရှသော မှော်လက်နက်ကဲ့သို့၊ လူ၏အရှိန်အဝါမှာ မောက်မာထောင်လွှားခြင်းနှင့်အတူ လွှမ်းမိုးချုပ်ကိုင်နိုင်သော အငွေ့အသက်ရှိပေသည်။ ထိုလူငယ်သည် လူအားလုံးကို လျစ်လျူရှု၍ အလင်းဂိတ်တံခါးသို့ တိုက်ရိုက်ပျံသန်းသွားသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ဖုန်း အံ့ဩမင်သက်သွားရ၏။

တန်းစီနေတာကို ကြားဖြတ်ဝင်လို့ရတာပဲလားဟ။

ဝမ်ဖုန်း ထိုလူငယ်၏ ကျင့်ကြံဆင့်ကိုလည်း ခံစားကြည့်ခဲ့သည်။ ဆင့်ကဲ‌ေပြာင်းလဲခြင်းအထွတ်အထိပ်အဆင့်ဖြစ်၏။ မောက်မာထောင်လွှားနေရန် အရည်အချင်းပြည့်မီပေသည်။ ထိုမျှသော ကျင့်ကြံဆင့်သည် ဤနေရာရှိ ကျယ်ပြောထူထပ်လှသော မျိုးဆက်သစ်လူငယ်အုပ်ကြီး၏ အများစုကို အထင်မြင်သေးရန် လုံလောက်ပါ၏။

“လက်စသတ်တော့ သူပဲကိုး”

“လူသတ်မိစ္ဆာကွေ့ဝူလည်း ထာဝရမြို့သခင်တိုက်ပွဲမှာ ပါဝင်မယ်လို့ မျှော်လင့်မထားမိဘူးပဲ။ ဒါက ပြိုင်ပွဲကို အပျော်သဘော လာလှောင်ပြောင်နေတာ မဟုတ်ဘူးလား”

ထိုလူငယ်ကို မြင်တွေ့လိုက်ရသည်တွင် နေရာရှိကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်စွာ၊ တုန်လှုပ်စွာဖြင့် ပြောဆိုလာကြသည်။ ထို့ကြောင့် ဝမ်ဖုန်းသည်လည်း အံ့အားသင့်မိလေရာ ရွှမ်းယွမ်အား‌ မေးလိုက်သည်။

“အဲဒီလူက ဘယ်သူလဲသိလား”

ကွေ့ဝူရောက်လာချိန်တွင် နေရာရှိလူအားလုံးသည် သိသိသာသာ ကြောက်ရွံ့ထိတ်လန့်နေကြသည်ကို ဝမ်ဖုန်း ခံစားမိ၏။ အထူးသဖြင့် အလင်းဂိတ်တံခါးရှေ့တွင် နေရာယူထားသူများဖြစ်သည်။ ထိုသူများသည် ကွေ့ဝူအား မဟန့်တားဘဲ ကြားဖြတ်ခွင့်ပေးလိုက်ကြသည်။

“ကွေ့ဝူက ဘယ်ဂိုဏ်အင်အားစုတွေနဲ့မှ မသက်ဆိုင်တဲ့ အလွတ်တမ်းကျင့်ကြံသူတစ်ယောက်”

“ပြောကြတာ‌တော့ ဟိုးအရင် ကွေ့ဝူရဲ့ အထုံပါရမီစွမ်းရည် ထွက်ပေါ်မလာခင်တုန်းက ဟေးရွှမ်ကောင်းကင်နန်းတော်ရဲ့ အမျိုးသမီးတပည့်တစ်ယောက်နဲ့ မေတ္တာသက်ဝင်ခဲ့ကြတယ်တဲ့။ ဒါပေမဲ့ ဟေးရွှမ်ကောင်းကင်နန်းတော်ရဲ့ တပည့်က အလွတ်တမ်းကျင့်ကြံသူတစ်ယောက်ကို လက်ထပ်လို့ မရနိုင်ဘူး။ အဲဒါကြောင့် သူတို့နှစ်ယောက်ကို ရက်ရက်စက်စက် ခွဲခဲ့ကြပြီး ကွေ့ဝူကို သတ်ဖို့အတွက် ကျင့်ကြံသူ‌တစ်ယောက်ကို လျှို့ဝှက်စေလွှတ်ခဲ့တယ်”

“နောက်တော့ ကွေ့ဝူက ထာဝရညဉ့်ယံမြို့ကို ထွက်ပြေးလာခဲ့ပြီး ပုန်းရှောင်နေခဲ့တယ်။ သူ့ရဲ့ကျင့်ကြံမှုအခြေခံကို ကြိုးစားကျင့်ကြံပြီး အချိန်တိုလေးအတွင်းမှာပဲ လျင်မြန်စွာ တိုးတက်ခဲ့တယ်”

“အဲဒီအခါ ကွေ့ဝူက သူ့ကိုယ်သူ ဟေးရွှမ်ကောင်းကင်နန်းတော်ရဲ့ အမျိုးသမီးတပည့်နဲ့ လက်ထပ်ဖို့ အရည်အချင်းပြည့်မီပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဟေးရွှမ်ကောင်းကင်နန်းတော်က လက်ထပ်ဖို့ကို သဘောမတူတဲ့အပြင် နေရာမှာတင် သတ်ပစ်ဖို့လုပ်ခဲ့တယ်။ အမျိုးသမီးတပည့်က တိုက်ခိုက်မှုကို ကြားဝင်ခံပေးပြီးတော့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်”

“အဲ‌ဒီနောက်မှာ ကွေ့ဝူက ထာဝရညဉ့်ယံမြို့ဆီ ပြန်ထွက်ပြေးလာခဲ့တယ်။ အဲဒီနောက်မှာ သူ စပြီး မူမမှန်ဖြစ်လာခဲ့တယ်။ လူသတ်ရတာကို ပျော်မွေ့လာခဲ့တယ်။ သူ လူဘယ်နှယောက်ကို သတ်ဖြတ်ခဲ့လဲဆိုတာတောင် မသိနိုင်လောက်အောင်ပဲ။ အဓိကအချက်က အဲဒီလို အဆက်မပြတ် လူသတ်တာနဲ့အတူ သူ့ရဲ့ကျင့်ကြံဆင့်တွေ တိုးတက်လာတယ်ဆိုတာပဲ။ အဲဒီလိုကနေ အင်အားကြီးမားလာခဲ့ပြီး အခုဆို ထာဝရညဉ့်ယံမြို့မှာ အင်အားအကြီးဆုံးကျင့်ကြံသူလို့တောင် သတ်မှတ်လို့ရလိမ့်မယ်”

ဝမ်ဖုန်း၏ အမေးစကားကို ရွှမ်းယွမ်မှ အပြုံးဖြင့် ရှင်းပြသည်။ ရွှမ်းယွမ်နတ်ဘုရားမျိုးနွယ်စု၏ သခင်လေးတစ်ဦးအနေဖြင့် တမင်ရည်ရွယ်၍ နားမလည်ချင်လျှင်သော်မှ ပျက်သုဉ်းခြင်းဧကရာဇ်နယ်ပယ်၏ ကိစ္စအများစုကို သိရှိထားရသည်ပင်။

“သနား‌ဖို့ကောင်းတဲ့လူငယ်လေးပဲ”

ဝမ်ဖုန်း မျက်မှောင်ကြုတ်လျက် သက်ပြင်း ခပ်ဖျော့ဖျော့ ထုတ်လွှတ်လိုက်သည်။

“ကျွန်တော့်အထင်တော့ ကွေ့ဝူ ထာဝရညဉ့်ယံမြို့သခင်နေရာကို လိုချင်တာက ထာဝရညဉ့်ယံမြို့ကို ထိန်းချုပ်ပြီး ထာဝရညဉ့်ယံမြို့ကနေတစ်ဆင့် ဟေးရွှန်ကောင်းကင်နန်းတော်ကို လက်စားချေမလို့ထင်တယ်”

“ကွေ့ဝူ ရူးမိုက်ပြီး အစွန်းရောက်ရင်တောင်မှ ထာဝရညဉ့်ယံမြို့ခံတွေက တခြားသူထက်စာရင် မြို့သခင်နေရာကို ထာဝရညဉ့်ယံမြို့ရဲ့လူ လက်ထဲကိုပဲ ရောက်စေချင်ကြလိမ့်မယ်”

ရွှမ်းယွမ်မှ ပြုံးလျက် ထပ်မံပြောသည်။ ထာဝရညဉ့်ယံမြို့တစ်ခုလုံး အင်အားပေါင်းစည်းလိုက်လျှင် ထိပ်တန်းအင်အားစုကြီးနှင့် မယှဉ်နိုင်လျှင်သော်မှ များစွာကွာခြားလှမည် မဟုတ်ပေ။

All Chapters