← Chapters

လူမှားတိုက်ခိုက်ခံရ

Vol. 50 Ch. 704

လူမှားတိုက်ခိုက်ခံရ

Vol. 50 Ch. 704

အချိန်ခဏမျှစောင့်ဆိုင်းပြီးနောက်တွင် ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့လည်း အလင်းဂိတ်တံခါးရှေ့သို့ ရောက်လာခဲ့သည်။ စီမံထိန်းသိမ်းရေးမှူးထံမှ တံဆိပ်ပြားကို ရယူပြီးသောအခါ ဝမ်ဖုန်းတို့နှစ်ဦးသည် အလင်းဂိတ်တံခါးထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်ခဲ့သည်။

အလင်းဂိတ်တံခါးထဲသို့ ဝင်ရောက်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် အလေးချိန်ကင်းမဲ့သော ပေါ့ပါးမှုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်သည် အဆက်မပြတ် အောက်ဘက်သို့ ပြုတ်ကျနေသည်ကဲ့သို့ ခံစားနေရသည်။ နောက်ဆုံးတွင်တော့ မြေပြင်သို့ ရောက်ရှိကြောင်း ခံစားလိုက်ရသည်။ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝမ်ဖုန်းနှင့် ရွှမ်းယွမ်တို့လည်း မထိန်းချုပ်နိုင်စွာ အံ့အားသင့်သွားရသည်။

ထာဝရမြို့သခင်တိုက်ပွဲအတွက် ပြိုင်ပွဲနေရာအဖြစ် သတ်မှတ်ထားသော ဤနယ်မြေသည် အနီရောင်များ တောက်ပပြည့်နှက်နေသည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လျှင် နေရာအနှံ့ပြည့်နှက်နေသည့် အလောင်းများကို မြင်တွေ့နိုင်မည်ဖြစ်၏။ အလောင်းများသည် တောင်ကဲ့သို့ စုပုံနေပြီး နယ်မြေတစ်ခုလုံး၌ အနံ့ဆိုးကြီး ဖုံးလွှမ်းနေလေရာ ဝမ်ဖုန်းတို့မှာ မျက်မှောင်ကြုတ်သွားရသည်။

နယ်မြေတစ်ခုလုံးသည် ဆိုးရွားလှစွာသော စစ်ပွဲကြီးကို ကြုံတွေ့ခဲ့ရသည့်အလား ကြက်သီးမွေးညင်းထဖွယ် အငွေ့အသက်များ ပြည့်နှက်နေလျက် မရေမတွက်နိုင်သော သရဲတစ္ဆေများ ရစ်ဝဲနေသည်ကဲ့သို့ မှုန်မှိုင်းသောအငွေ့အသက်များ ဖုံးလွှမ်းနေ‌သည်။

ထိုအခိုက်တွင် ဝမ်ဖုန်းတို့သည် အရိုးစုပုံကြီးထက်တွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ သူတို့၏ခြေလှမ်းတိုင်းတွင် အရိုးကျိုးသံများ အဆက်မပြတ် ထွက်ပေါ်နေကာ သွေးညှီနံ့ပြင်းပြင်းသည်လည်း လေထုထဲတွင် ရစ်ဝဲနေလေရာ ဝမ်ဖုန်းတို့နှစ်ဦးအား စိတ်မသက်မသာ ခံစားရစေသည်။

ဝမ်ဖုန်း မျက်မှောင်ကြုတ်လျက် ဂုဏ်သရေကြီးမြတ်သော မျက်နှာအမူအရာကို ထိန်းသိမ်းထား၏။ ပတ်ဝန်းကျင်တစ်ခုလုံး၌ ပြည့်နှက်နေသော အနံ့အသက်ကို ရှူသွင်းပြီးနောက်တွင် မိမိ၏သွေးစီးဆင်းနှုန်းမှာ ထိန်းချုပ်မရနိုင်ဘဲ မြင့်တက်လာသည်ကို ခံစားလာရ၏။ ထို့ပြင် စိတ်နှလုံးအတွင်း၌ သတ်ဖြတ်လိုစိတ် ခပ်ဖျော့ဖျော့ကိုလည်း ခံစားနေရသည်။

ဒီကမ္ဘာက ဘယ်လိုဖြစ်ပြီး လူ့စိတ်ကို သက်ရောက်မှုရှိနေရတာလဲ။

“သတိထား. ဒီနေရာက ရိုးရှင်းတဲ့ ပြိုင်ပွဲနေရာလေး မဖြစ်နိုင်ဘူး”

ဝမ်ဖုန်း ‌မျက်မှောင်ကြုတ်လိုက်ပြီး ရွှမ်းယွမ်ကို ညွှန်ကြားလိုက်သည်။

ရွှမ်းယွမ်လည်း ခေါင်းညိတ်ပြလာခဲ့ပြီး သူ၏မျက်နှာသည်လည်း ဝမ်ဖုန်းနှင့် ထပ်တူညီစွာ တည်ကြည်လေးနက်နေခဲ့သည်။ ဤကမ္ဘာ၏ ထူးဆန်းမှုကို ရွှမ်းယွမ် ခံစားမိပါ၏။ မိမိတို့မှာ ဘာမျှပင် မလုပ်ဆောင်ရသေးဘဲနှင့် ဤကမ္ဘာ၏သက်ရောက်ခြင်းကို ခံလိုက်ရသည်။ စိတ်နှလုံးတွင် သတ်ဖြတ်လိုစိတ် ခပ်ဖျော့ဖျော့ကို ခံစားနေရ၏။ တစ်စုံတစ်ယောက်ကို အမှန်တကယ် သတ်ဖြတ်လိုက်ပြီးနောက်တွင် ထိုသတ်ဖြတ်လိုစိတ်သည် ပို၍ပြင်းထန်လာလိမ့်မည်ကို စိုးရွံ့ရပေသည်။

နှစ်ပေါင်းရာထောင်ချီအထိ ထာဝရညဉ့်ယံမြို့သခင် ထွက်ပေါ်မလာခဲ့သည်မှာ အံ့ဩဖွယ်မရှိတော့ပေ။ ဤပြိုင်ပွဲတွင် ပထမနေရာကို အနိုင်ရရန်မှာ ရိုးရှင်းသည့်အရာ မဟုတ်ပေ။ လူအများကြီး သတ်ဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် ဤကမ္ဘာ၏သက်ရောက်မှု ပို၍လွယ်ကူစွာ ခံစားရနိုင်သည်။ သို့သော် လူမသတ်လျှင်လည်း အမှတ်မရနိုင်ချေ။

ထာဝရညဉ့်ယံမြို့သားများသည် တိုက်ခိုက်ရန်အတွက် အတော်အသင့် အသင့်ပြင်ထားသည်။

ဤနေရာရှိ အရိုးစုများသည် လွန်ခဲ့သည့်နှစ်ပေါင်းရာထောင်ချီကတည်းက ထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသူများ၏ အရိုးစုများ ဖြစ်နိုင်ပေသည်။ သေ‌ချာပေါက်ပင် ထာဝရညဉ့်ယံမြို့သားများလည်း အပါ

အဝင်ဖြစ်၏။ ဤကမ္ဘာသည် ဝင်ရောက်လာသူများ၏ စိတ်အပေါ် သက်ရောက်မှုရှိသောကြောင့် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး အရိုးစုများ ကျန်ရစ်နေခဲ့ခြင်း ဖြစ်ပေသည်။

“ဂိုဏ်းချုပ် သိမြင်နားလည်ခြင်းစွမ်းအင်ကို ဒီထဲမှာ သုံးလို့မရဘူး”

ရွှမ်းယွမ်သည် အနည်းငယ်မျက်မှောင်ကြုတ်လျက် လေးနက်စွာ ပြောသည်။ သူ၏ သိမြင်နားလည်ခြင်းစွမ်းအင်သည် အသုံးမဝင်ပေ။ ၎င်းမှာ ဤကမ္ဘာသို့ ဝင်လာခဲ့သူများအတွက် သတင်းဆိုးကြီးဖြစ်၏။ သူတို့ရင်ဆိုင်ရမည့် အကြပ်အတည်းသည်လည်း အနည်းငယ်ပို၍ ပြင်းထန်သွားလေပြီ။

“ဘာမှမဖြစ်ပါဘူး”

ဝမ်ဖုန်းသည် လက်ဝှေ့ယမ်းလျက် အရေးမထားဟန်မျက်နှာအမူအရာဖြင့် ပြော၏။ သူ၏လက်ရှိအင်အားသည် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်နှင့့် ယှဉ်နိုင်စွမ်းသည်။ ဤကမ္ဘာထဲသို့ ဝင်ရောက်လာသူများတွင် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်သူရှိလိမ့်မည်ဟု ဝမ်ဖုန်း မယုံကြည်ပေ။ မျိုးဆက်သစ်များထဲတွင် ရှိနိုင်ပါမည်လော။ လုံးဝ မဖြစ်‌နိုင်ပေ။ ဤကမ္ဘာထဲတွင် မျိုးဆက်သစ်မဟုတ်သည့် လူအိုကြီးများ မရှိသ၍ ထာဝရညဉ့်ယံမြို့သခင်တိုက်ပွဲတွင် ပထမနေရာရရှိရန်အတွက် ဝမ်ဖုန်းသည် မိမိိကိုယ်ကိုယ်ယုံကြည်ချက်ရှိပါ၏။

ဝမ်ဖုန်း၏ အရေးမထားဟန်မျက်နှာအမူအရာကို မြင်သောအခါ ရွှမ်းယွမ်လည်း ပြုံးလိုက်သည်။ သူ၏ဘေးတွင်ရှိနေသော ပုဂ္ဂိုလ်သည် စစ်မှန်သောပြည့်ရှင်ဧကရာဇ်အဆင့်နှင့် ယှဉ်နိုင်သူဖြစ်၏။ သို့ဖြစ်ရာ သူ့အနေဖြင့် ဘာကိုများ စိုးရိမ်နေရပါအံ့နည်း။

သေချာပေါက်ပင် အဓိကကျသည့်အချက်မှာ ဝမ်ဖုန်း၏ သိမြင်နားလည်ခြင်းစွမ်းအင်သည် အပြည့်အဝ ပိတ်ဆို့ခံရခြင်းမဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုသာ ပိတ်ဆို့ခံရသည့်အချက်ဖြစ်သည်။ ဝမ်ဖုန်း၏လက်ရှိဝိဉာဉ်သည် ကြမ္မာကျင့်စဉ်နှင့် ပေါင်းစည်းနေခဲ့ပြီဖြစ်ရာ သူ၏သိမြင်နားလည်ခြင်းစွမ်းအင်သည် မည်သူမဆို ဖိနှိပ်ပိတ်ဆို့နိုင်သည့်အရာ မဟုတ်ပေ။

ရွှမ်းယွမ်နှင့် စကားပြောနေရင်း ဝမ်ဖုန်းသည် အဝေးသို့ ဦးတည်ရာမဲ့ လျှောက်သွားနေခဲ့သည်။ မြေပြင်ထက်တွင် မရေမတွက်နိုင်သော အလောင်းများ ပြန့်ကျဲစုပုံနေ၏။

ဝမ်ဖုန်း မူလက စုပုံနေသည့်အလောင်းများတွင် သိုလှောင်လက်စွပ်များနှင့် သေဆုံးသူများ၏ လက်နက်များ ရှိ‌နေ‌လိမ့်မည်ဟု ထင်ခဲ့သည်။ ၎င်းတို့သည်လည်း ချမ်းသာကြွယ်ဝသည့် ပိုင်ဆိုင်မှုများဖြစ်ကြသည် မဟုတ်ပါလော။ သို့သော် သိုလှောင်လက်စွပ်ကို မဆိုထားနှင့် ဆံပင်တစ်မွေးပင် မရှိချေ။ ထာဝရညဉ့်ယံမြို့သားများသည် အလွန်ကပ်စေးနဲကြပေသည်။ ပိုင်ဆိုင်မှုပစ္စည်းအနည်းငယ်မျှပင် ချန်မထားရစ်ခဲ့ကြချေ။

ဤကမ္ဘာသည် မည်မျှကြီးမားကျယ်ဝန်းသည်ကို မသိနိုင်ပေ။ မျက်စိတစ်ဆုံးကြည့်သည့်တိုင် အဆုံးသတ်ကို မမြင်တွေ့နိုင်ပေ။ အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့ပြီးနောက်တွင် ဝမ်ဖုန်းတို့နှစ်ဦးသည် အခြားမျိုးဆက်သစ်များကို တွေ့ခဲ့ကြသည်။ သို့သော် ဝမ်ဖုန်းတို့နှစ်ဦးမှာ အလျင်မလိုပါချေ။ မည်သို့ပင်ဖြစ်စေ သူတို့အား အချိန်၁၀ရက်ပေးထားလေရာ တစ်ချိန်မဟုတ်တစ်ချိန် တစ်ယောက်ယောက်နှင့် ရင်ဆိုင်တွေ့ရမည်သာ ဖြစ်၏။

ဝမ်ဖုန်းတို့နှစ်ဦး ဦးတည်ရာမဲ့ လမ်းလျှောက်နေကြစဉ် ဝမ်ဖုန်း၏မျက်လုံးများ ရုတ်တရက် မှေးကျုံ့သွားပြီး နှုတ်ခမ်းထောင့်စွန်းတို့မှာ လှောင်ပြုံးရိပ်သန်းလာ၏။ သူတို့နှစ်ဦးကို တစ်ယောက်ယောက် စောင့်ကြည့်နေသည်ဟု ဝမ်ဖုန်း ခံစားမိသည်။ ဝမ်ဖုန်းသည် ချက်ချင်း မတုံ့ပြန်ဘဲ သတိမထားမိဟန်ဆောင်၍ ရွှမ်းယွမ်နှင့်အတူ ရှေ့ဆက်လျှောက်သွားခဲ့သည်။

ဝမ်ဖုန်းတို့နှစ်ဦးနှင့် မိုင်ထောင်ချီအကွာအဝေးရှိ ကျောက်တုံးကြီးအောက်တွင် ပုံရိပ်များစွာ ပုန်းအောင်းနေလျက် ဝမ်ဖုန်းတို့ရှိရာတည့်တည့်သို့ စူးစိုက်ကြည့်နေကြသည်။ ထိုလူများသည် ဝမ်းမြောက်စွာသော မျက်နှာအမူအရာများဖြင့် သူတို့ကို သတိမထားမိစေရန် အသက်အာင့်ထားကြသည်။ ထို့ပြင် ဤကမ္ဘာ၌ သိမြင်နားလည်ခြင်းစွမ်းအင်အား ပိတ်ဆို့ထားသည်ဖြစ်ရာ ဝမ်ဖုန်းတို့သည် သူတို့၏တည်ရှိမှုအား သတိမထားမိနိုင်ဟု အပြည့်အဝ ယုံကြည်ထားကြသည်။

ထိုလူများ၏ခေါင်းဆောင်သည် အလွတ်တမ်းကျင့်ကြံသူတစ်ဦးဖြစ်သည့် ယဲ့ဖန်းဖြစ်သည်။ သူ၏ကျင့်ကြံဆင့်သည် ကောင်းကင်ဘုံဧကရာဇ်အထွတ်အထိပ်အဆင့်ဖြစ်ပြီး အထုံပါရမီလည်း အားမနည်းပေ။ ယဲ့ဖန်းသည်လည်း ထာဝရညဉ့်ယံမြို့တွင် ဂုဏ်သတင်းကျော်ဇောသူဖြစ်၏။ ယဲ့ဖန်းသည် အလွတ်တမ်းကျင့်ကြံသူ မျိုးဆက်သစ်များစွာကို စုဝေး၍ ထာဝရညဉ့်ယံမြို့သခင်ပြိုင်ပွဲတွင် တစ်ဦးနှင့်တစ်ဦး ကူညီပေးရန် စီစဉ်ထားခဲ့သည်။

သူ၏နောက်ရှိ လူများသည် သူ စုဆောင်းထားခဲ့သော လူများဖြစ်၏။ စုစုပေါင်း၅ယောက်ရှိသည်။ သို့သော် ထိုလူများ၏ကျင့်ကြံဆင့်သည် ယဲ့ဖန်းလောက် မမြင့်မားပေ။ သူတို့သည် ဧကရာဇ်ဘိုးဘေးအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

“အစ်ကိုကြီး ဘယ်အချိန်လှုပ်ရှားမှာလဲ”

သွေးဆာနေသည့်အကြည့်များဖြင့် စန်းရှို့သည် မထိန်းချုပ်နိုင်ဘဲ မေးမြန်းလာသည်။

“အဲဒီလူနှစ်ယောက်က အင်အားမကြီးဘူး။ သူတို့ပုံစံက နည်းနည်းလေးမှ အင်အားကြီးတဲ့ပုံမပေါ်ဘူး။ ကျွန်တော်တို့တွေမှာ လူအများကြီးကို ဒီလူနှစ်ယောက်ကို အရမ်းဂရုစိုက်နေရဦးမှာလား”

အလွတ်တမ်းကျင့်ကြံသူတစ်ဦးမှ အသံထွက်လာလေရာ နောက်တစ်ယောက်မှလည်း မေးမြန်းလာသည်။

အခြားသူများသည် ဘာမျှမပြောကြသော်ငြား သူတို့၏မျက်နှာများသည်လည်း အဓိပ္ပာယ်တစ်ခုတည်းကိုသာ ဖော်ပြနေကြသည်။ ယဲ့ဖန်းသည် အလွန်သတိကြီးလွန်းနေသည်ဟု သူတို့ခံစားရ၏။ ထိုလူနှစ်ယောက်သည် အဘယ်သို့များ လူအရေအတွက်များသော သူတို့၏ပြိုင်ဘက် ဖြစ်နိုင်ပါလိမ့်မည်နည်း။

“သွားမယ်”

“အားလုံးပဲ အတူတူတိုက်ခိုက်ကြမယ်။ တိုက်ခိုက်တဲ့အခါ သေချာပေါက် တစ်ချက်တည်းနဲ့ သတ်ပစ်ရမယ်”

ယဲ့ဖန်းသည်လည်း ဝမ်ဖုန်းတို့နှစ်ဦးကို သတ်ဖြတ်ရန် မစောင့်ဆိုင်း‌နိုင်တော့ပါချေ။ ထို့ပြင် ဆက်လက်၍ နှောင့်နှေးနေပါက ရှိခိုးကောင်နှင့် နက်ဝါငှက်ကျားတို့ သတိထားမိသွားမည်ကိုလည်း စိုးရိမ်မိပေသည်။ ထို့ကြောင့် ယဲ့ဖန်း၏ မျက်လုံးအစုံမှာ ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်သွားခဲ့ပြီး ပြောခဲ့သည်။

စကားအဆုံး၌ ယဲ့ဖန်းသည် ရှေ့မှဦးစွာ ပြေးထွက်သွားပြီး အခြားအလွတ်တမ်းကျင့်ကြံသူများသည် နောက်မှလိုက်ပါကြသည်။ သူတို့အားလုံးထံမှ အင်အားကြီးမားလှစွာသော ကြောက်မက်ဖွယ်အရှိန်အဝါများ ဖြာထွက်လာကြ၏။ မိုင်ထောင်ချီအကွာအဝေးဟူသည် သူတို့အတွက် ဘာမျှမဟုတ်ပါချေ။ ခမ်းနားထည်ဝါလှစွာသော စွမ်းအင်များဖြင့် ဝမ်ဖုန်းတို့နှစ်ဦး၏နောက်သို့ ရုတ်ချည်း ရောက်ရှိလာကြသည်။

ယဲ့ဖန်းထံမှ မီးတောက်မီးလျှံများ ဖြာထွက်လျက် ဧရာမမီးနဂါးသဏ္ဍာန် ဖြစ်တည်လာသည်။ ၎င်းမီးနဂါးကြီးသည် စူးရှကျယ်လောင်စွာ ဟိန်းဟောက်လျက် ဝမ်ဖုန်းတို့နှစ်ဦးအား ရုတ်တရက် တိုက်ခိုက်တော့သည်။

All Chapters