← Chapters

ငြိမ်းချမ်းရေး သင်္ကေတ

Vol. 67 Ch. 991

ငြိမ်းချမ်းရေး သင်္ကေတ

Vol. 67 Ch. 991

“ဂုဏ်ယူပါတယ်.. မင်းကအခု လူသားလမ်းစဉ်ရဲ့ အဖွဲ့ဝင်ဖြစ်သွားပါပြီ”

အိပ်မက်အိမ်ထဲမှ မှတ်ပုံတင်အရာရှိက ဝမ်လင်းကို ပြုံးပြကာ ဝမ်လင်း၏ လက်တွင် အနီရောင်တံဆိပ်ကို တုံးထုပေးလိုက်သည်။

ဤသည်မှာ အိပ်မက်အိမ်၏ အမှတ်အသားဖြစ်သည်။

ဤလောကထဲသို့ ဝင်ရောက်လာသူတိုင်းသည် ၎င်းတို့၏ အထောက်အထားအဖြစ် ဤအမှတ်အသားကို ရရှိမည်ဖြစ်သည်။

ဝမ်လင်းတို့လူစုက ကျူးကျော်လာသူများ ဖြစ်သောကြောင့် မှတ်ပုံတင်အရာရှိ၏ ကွန်ပျူတာတွင် ၎င်းတို့၏ မှတ်တမ်းများ ရှိမနေခဲ့ပေ။

သို့သော် ယခုအချိန်တွင် ဤအိပ်မက်အိမ်၏ မှတ်ပုံတင်အရာရှိသည် ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

ထိုသို့လုပ်ဆောင်ချက်သည် ဝမ်လင်းအတွက် ကိတ်မုန့်ခွဲသလောက် လွယ်ကူသည်။

ယခုအချိန်တွင် ဖန့်ရှင်းက မည်သည့်နေရာ၌ ရှိနေသည်ကို မသိရသေးပေ။

ထို့ကြောင့် သူတို့က ဤအဖွဲ့အစည်း၏ အစီအစဉ်ကို လိုက်၍ မီးစင်ကြည့်ကာ လှုပ်ရှားရမည် ဖြစ်သည်။

ထွင်ထျန်းဟာ အလှည့်သို့အရောက်တွင် ဝမ်လင်းက လူသားလမ်းစဉ်ပေါ်သို့ ဘီးကို မရပ်တန့်စေခဲ့ပေ။

သူက တမင်တကာပင် စနောက်ခဲ့ခြင်းဖြစ်သည်။

အိပ်မက်အိမ်၏ မှတ်ပုံတင်အရာရှိက ထွင်ထျန်းဟာကို ဖော်ရွေစွာကြည့်၍ ပြောလိုက်သည်။

“ဂုဏ်ယူပါတယ် မောင်ခွေး.. ဒီဘဝမှာလည်း မင်းက သားရဲတစ်ကောင် ဖြစ်နေဆဲပဲ”

“..........”

မှတ်ပုံတင်အရာရှိ၏ စကားက မှားသည်ဟု မထင်သော်လည်း အကြောင်းတစ်ခုခုကြောင့် ထူးဆန်းနေသလို ထွင်ထျန်းဟာခံစားနေရသည်။

“ဒီလူက ဘာကြောင့် ငါ့ကို ကျိန်ဆဲနေရတာလဲ”

ဝမ်လင်းတို့အဖွဲ့က မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို ချောမွေ့စွာပြီးဆုံးသွားခဲ့သည်။

သူတို့ထွက်ခွာကာနီးတွင် မှတ်ပုံတင်အရာရှိဘေးမှ အနက်ရောင် ဝတ်စုံဝတ် နှစ်ယောက်က ဟန့်တားလိုက်သည်။

“မင်းတို့တွေ ခဏနေဦး”

အနက်ရောင်အရိပ် ဝတ်စုံဝတ်နှစ်ယောက်ထဲမှ တစ်ယောက်၏ မျက်နှာထက်တွင် နိုးကြားသော အမူအရာ ရှိနေသည်။

သူက ဝမ်လင်းတို့လူစုကို စိုက်ကြည့်ရင်း အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။

“ဒီကမ္ဘာကို အုပ်စုလိုက်ကြီး ဘယ်လိုလုပ် ရောက်လာတာလဲ.. မင်းတို့အားလုံး ဘယ်လိုသေသွားရတာလဲ”

ဝမ်မင် “ငါတို့တွေက အသင်္ချေစစ်ပွဲမှာ သေဆုံးခဲ့တယ်.. တစ်စုံတစ်ယောက်က လက်ချောင်းတွေနဲ့ ဖိချလိုက်တာ ငါတို့အားလုံးတစ်ခါတည်း တန်းသေသွားခဲ့တယ်”

အနက်ရောင်အရိပ် ဝတ်စုံဝတ်လူက မျက်မှောင်ကြုတ်သွားသည်။

“အသင်္ချေစစ်ပွဲလား”

သူက လွန်ခဲ့သော နှစ်ပေါင်းရာချီက သေဆုံးသွားခဲ့သည့် ကြေးစားစစ်သားတစ်ဦး ဖြစ်သည်။

အဆုံးသတ်တွင်သူက ရှေးကာလမှ လူတစ်ဦးဖြစ်၍ ဝမ်မင် ရည်ညွှန်းသည့်စစ်ပွဲကို နားမလည်ခဲ့ပေ။

သို့သော် စစ်ပွဲ၏အမည်က အလွန် အထင်ကြီးစရာကောင်းလွန်းသည်ဟု သူထင်ခဲ့သည်။

ဤသည်မှာ သူသေဆုံးပြီးနောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခု ဖြစ်နိုင်ပါသလော။

အနက်ရောင်အရိပ် ဝတ်စုံဝတ်လူက နားမလည်ခဲ့ပေ.

ထိုအချိန်တွင် ကော်ဖျင်သည် အနက်ရောင်အရိပ် ဝတ်စုံဝတ်လူ၏ နားရွက်နားသို့ ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

ကော်ဖျင် “ဟဲလ် ဟိုက်ဒရာ”

(ဟိုက်ဒရာအဖွဲ့ဝင်များ၏ သစ္စာစောင့်သိမှုကို ဖော်ပြသောအသုံးအနှုန်း)

အနက်ရောင်အရိပ် ဝတ်စုံဝတ်လူက နေရာမှာပင် အေးခဲသွားခဲ့သည်။

ဟိုက်ဒရာဟူသည်မှာ မည်သည်ကို ဆိုလိုမှန်း သူမသိသော်လည်း ဤစကားလုံးများသည် အကြောင်းတစ်ခုခုကြောင့် ထူးဆန်းသော နတ်ဆိုးစွမ်းအား ရှိနေသကဲ့သို့ ကြားလိုက်ရသောအခါတွင် အနည်းငယ်ရူးကြောင်ကြောင် ဖြစ်သွားခဲ့သည်။

ဝမ်လင်း “..........”

ထွင်ထျန်းဟာ “..........”

ထို့နောက်တွင် ဝမ်လင်းတို့လူစုသည် စိတ်ဝိညာဉ်ကားပေါ်သို့ တက်သွားကြသည်။

အိပ်မက်စီမံခန့်ခွဲသူ ပြောခဲ့သည့်အတိုင်းပင် ဤကမ္ဘာပေါ်၌ မည်သည့် အသုံးစရိတ်မဆို ငွေကြေးကို အသုံးပြုရန် မလိုအပ်ပေ။

မည်သူမဆို မိမိလက်ပေါ်ရှိ အမှတ်အသားကို အားကိုး၍ ဖြတ်ကျော်နိုင်ပေသည်။

ရှင်ပြန်ထမြောက်သူများသည် ဤကမ္ဘာကို အမှန်ပင် ပြီးပြည့်စုံသောကမ္ဘာဟု ခံစားရနိုင်၏။

သို့သော်လည်း ကြောက်စရာကောင်းသောအရာမှာ ၎င်းတို့၏မှတ်ဉာဏ်အများစုကို လွှမ်းမိုးထားခြင်းဖြစ်သည်။

သူတို့ မည်ကဲ့သို့ သေဆုံးသွားသည်ကို သိသော်လည်း အဘယ်ကြောင့် ရောက်လာမှန်း မသိခဲ့ပေ။

သူတို့က ဤကမ္ဘာကို ရောက်ပြီးနောက်တွင် ဤကမ္ဘာ၌ နေထိုင်သူများ ဖြစ်လာခဲ့သော်လည်း ကြိုးများဖြင့် ထိန်းချုပ်ခံထားရသော ရုပ်သေးရုပ်များလို ပိုမို နေထိုင်လာကြသည်။

ဤကမ္ဘာတွင် သူတို့၏ဘဝကို အလုပ်ရှာ အိမ်ထောင်ပြု ကလေးမွေး စသည်ဖြင့် ပြန်လည် စတင်နိုင်သည် မဟုတ်ပါလော။

သို့သော် ဝမ်လင်းက ဤကမ္ဘာရှိလူများသည် ရည်ရွယ်ချက်မဲ့သောဘဝဖြင့် နေထိုင်နေရသည်ကို အကြမ်းဖျင်း သဘောပေါက်ခဲ့သည်။

“အိပ်မက်အိမ်မှာ ငါတို့လုပ်ခဲ့တာ တကယ်ပဲ အဆင်ပြေရဲ့လား”

ထွင်ထျန်းဟာက စိတ်ချင်းဆက်သွယ်၍ မေးခွန်းထုတ်လိုက်သည်။

“အဆင်ပြေပါတယ်”

ဝမ်မင်ကလည်း စိတ်ချင်းဆက်သွယ်၍ ပြန်ဖြေလိုက်သည်။

“ဒီလူတွေက ခပ်အအလူတွေပါ.. သူတို့လို လူတွေက လှည့်စားဖို့ လွယ်ကူတယ်.. ဒါပေမဲ့ ငါတို့အနေနဲ့ သတိမပြတ်ဖို့ လိုအပ်တာပေါ့”

“ခဏနေပါဦး.. မင်းက စိတ်ချင်းဆက်သွယ်တဲ့ အစွမ်းကို သုံးလို့ရနေတာလား”

ထွင်ထျန်းဟာက တအံ့တဩ ဖြစ်သွားသည်။

“မင်းက ငါ့ရဲ့ စက်ရုပ်ဝတ်စုံတွေကို လျှော့တွက်နေတာလား”

ဝမ်မင်က ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် သူ၏ စက်ရုပ်ဝတ်စုံသည် ဦးနှောက်လှိုင်း ထုတ်လွှင့်ခြင်းလုပ်ငန်းကို စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။

ဦးနှောက်လှိုင်းများ မမှီခိုခြင်းဖြင့် ၎င်းတို့၏ စိတ်ချင်းဆက်သွယ်ပြောဆိုမှုကို ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

“အခုငါတို့က ဘယ်သွားနေတာလဲ”

“ဒီကမ္ဘာကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်နေပြီ.. အရင်ဆုံး ငါတို့ အဲဒီအဖွဲ့အစည်းရဲ့ ဌာနချုပ်က ဘယ်နေရာမှာ ရှိနေလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်တယ်.. ငါစောစောက သူတို့ခေါ်သွားခဲ့တဲ့ သိပ္ပံပညာရှင်ချန်ကို ခြေရာခံထားပြီးပြီ.. သူ့ကို ခြေရာခံမယ်ဆိုရင် ဌာနချုပ်ကို ရှာတွေ့မယ်လို့ ငါယုံကြည်တယ်”

ဝမ်မင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ယခု သူတို့သွားနေသည့် နေရာသည် စုန့်ဟိုင်မြို့ မြောက်ပိုင်းရှိ ခဲယမ်းစက်ရုံတစ်ခု ဖြစ်သည်။

ထိုစက်ရုံမှာ ဗိုလ်ချုပ်ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် လက်နက်သူတော်စင် ဝန်ကြီးခယ့်၏ ဌာနချုပ်ဖြစ်သည်။

လက်တွေ့ကမ္ဘာတွင် သိပ္ပံပညာရှင် အမြောက်အမြားသည် အသတ်ခံခဲ့ရပြီး ဤကမ္ဘာသို့ ရောက်လာခဲ့ကြသည်။

ထို့နောက်တွင်သူတို့ကို ခဲယမ်းစက်ရုံ ဆီသို့ ခေါ်ဆောင်လာခဲ့ပုံရသည်။

ဤသည်ကိုကြည့်လျှင် တစ်ဖက် အဖွဲ့အစည်းသည် လျှို့ဝှက်အကြံအစည်ကြီး တစ်ခုကို စီစဉ်နေမှန်း ထင်ရှားနေသည်။

“ဒီနေရာလား”

စိတ်ဝိညာဉ်ဓားက လက်နက်စက်ရုံနှင့် မနီးမဝေးတွင် ရပ်တန့်လိုက်သည်။

ထို့နောက်တွင် ဝမ်လင်းတို့လူစုက ကားပေါ်ကဆင်းပြီး ရန်သူကို အမှတ်မထင် သတိပေးခြင်းမှ ရှောင်ရှားရန်အတွက် ခြေလျင်လျှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် လမ်းခရီးတွင် အနက်ရောင်အရိပ် ဝတ်စုံဝတ်လူများမှလွဲပြီး မည်သူမျှ ကောင်းကင်ပေါ်၌ စိတ်ဝိညာဉ်ဓားများဖြင့် ပျံဝဲနေသည်ကို မတွေ့ရသောကြောင့်ပင်။

ဆိုရလျှင် ဤကမ္ဘာရှိ လူများသည် ကုန်းလမ်းပို့ဆောင်ခြင်းကိုသာ အများအားဖြင့် အသုံးပြုကြသည်ကို သူတို့တွေ့ရှိခဲ့သည်။

ဤသည်မှာ တကယ့် လက်တွေ့ကမ္ဘာနှင့် ဆန့်ကျင်ဘက်ပင်။

ခေတ်သစ် ကျင့်ကြံခြင်းခေတ်တွင် ဓားပျံဖြင့် လမ်းဖြတ်ကူးခြင်းမှာ သာမန်သာ ဖြစ်သည်။

အရက်သောက်ပြီး ဓားပျံ မစီးသရွေ့ အပြစ်ပေးခံရမည်မဟုတ်ပေ။

ဝမ်လင်းက ဘုရင်မျက်လုံးကို ဖွင့်လိုက်ပြီး သူတို့လူစုကို မမြင်တွေ့စေရန် ဖုံးအုပ်လိုက်သည်။

ခဲယမ်းစက်ရုံက လူသူကင်းမဲ့သော ဧရိယာတွင်တည်ရှိသော်လည်း အစောင့်အကြပ် ထူပြောစွာ ရှိနေသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် စက်ရုံထဲ၌ ကြီးမားသောလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားကြောင်း သိသာနေသည်။

ယခုခေတ်တွင် မမြင်ရသော ဖုံးကွယ်မှုများကို ရှာဖွေရန်အတွက် နည်းလမ်းများစွာရှိနေပြီဖြစ်သည်။

သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်လင်းတွင် ဘုရင်မျက်လုံးစွမ်းအား ရှိသောကြောင့် တစ်ဖက်အဖွဲ့အစည်းသည် သူတို့ကို ရှာဖွေတွေ့ရှိရန် လွယ်ကူမည်မဟုတ်ပေ။

ဝမ်လင်းက ခဲယမ်းစက်ရုံ အနီးသို့ ချဉ်းကပ်လာစဉ် တံခါးနားရှိအစောင့်တပ်သားများ အပြန်အလှန် ပြောဆိုသံကို ကြားလိုက်ရသည်။

“ညီနောင်လု.. စက်ရုံထဲမှာ ဘာတွေ ဖန်တီးနေတာလဲ”

“မှောင်ဝန်ထမ်းတစ်ယောက်ကို‌တော့ ငါတွေ့လိုက်ရတယ်”

တစ်ယောက်က ပြန်ဖြေလိုက်သည်။

“အစောပိုင်းက ကုတ်အင်္ကျီ အဖြူရောင်ဝတ်ထားတဲ့ လူတစ်ယောက်ကို လှမ်းမြင်လိုက်တယ်.. အဲဒီ မှော်ဝန်ထမ်းရဲ့အသွင်အပြင်က နည်းနည်းတော့ ထူးဆန်းတယ်.. သူက ဘက်စ်ကက်ဘောကို ကိုင်ထားတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ပဲ.. ဘက်စ်ကက်ဘောကနေ တိုက်ရိုက် ထွက်လာတဲ့အလင်းတန်းတွေက တော်တော်ကို အားကောင်းတယ်”

“ဘက်စ်ကက်ဘောနဲ့ ချောမောတဲ့ကောင်လေး.. အဲဒါက ဖြစ်နိုင်လို့လား”

“မင်းနားမလည်ပါဘူးကွာ.. ငါတို့ရဲ့ ကြေးမုံနန်းတော်မှာတော့ ဒီကောင်လေးက ငြိမ်းချမ်းရေးရဲ့ သင်္ကေတပဲ”

ဝမ်လင်းတို့လူစု “..........”

-------------------

အခြားတစ်ဖက်တွင်လည်း ဟွာရှို့မဟာမိတ်အဖွဲ့၏ ဗိုလ်ချုပ်ကြီးဆယ်ဦးသည် အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့သည်။

တိုတောင်းသော အချိန်လေးအတွင်းမှာပင် အမည်မသိ အနက်ရောင်ဝတ်စုံဝတ် အဖွဲ့အစည်းတစ်ခုသည် သိပ္ပံပညာရှင်များစွာကို သတ်ပစ်ခဲ့သည်။

ဤသည်က ကမ္ဘာတဝှမ်းလုံးရှိ အကြီးအကဲများစွာကို လုံးဝတုန်လှုပ်သွားစေခဲ့သည်။

နိုင်ငံခေါင်းဆောင် “ဘာတွေဖြစ်နေတာလဲ ဆိုတာ ဘယ်သူပြောနိုင်လဲ”

ဥက္ကဌချီ “ဒီအဖွဲ့အစည်းက စနစ်ကျတဲ့အဖွဲ့အစည်းပဲ.. သူတို့ကအရာအားလုံးကို အသေးစိတ် သေချာပြင်ဆင်ထားခဲ့တယ်.. လက်ရှိရလဒ်ကို ကြည့်ရင်တော့ ငါတို့သုတေသနဌာနမှာ သူလျှိုတစ်ဦး ရှိနေတာ သေချာတယ်”

“သူလျှိုလား”

“ဟုတ်ပါတယ်.. နိုင်ငံခေါင်းဆောင်.. ကမ္ဘာတဝှမ်းလုံးမှာ ရှိတဲ့ သုတေသန အဖွဲ့အစည်းတွေရဲ့ ခံတပ်တွေက အဆင့်အမြင့်ဆုံးဖြစ်တယ်.. ဒါပေမဲ့လည်း တစ်ဖက်အဖွဲ့အစည်းက အလွယ်တကူပဲ ကျော်ဖြတ်နိုင်ခဲ့တယ်.. ဒါက သူလျှိုတွေက နောက်ကွယ်ကနေ လျှို့ဝှက်သတင်းပေးမှုတွေကြောင့် ဖြစ်နိုင်တယ်.. ဒီကိစ္စတွေ အားလုံးက လွန်ခဲ့တဲ့ ရက်အနည်းငယ်က မီရှို့နိုင်ငံရဲ့ နယ်ခြားစောင့် ကာကွယ်ရေးတပ်စခန်း ဖျက်ဆီးခံရမှုနဲ့ ဆက်စပ်နေဖွယ် ရှိတယ်”

အပိုင်း(၉၉၁) ပြီး၏

All Chapters