မဟာဗျူဟာလှည့်ဖြားမှု စုံစမ်းစစ်ဆေးရေးအဖွဲ့
Vol. 67 Ch. 992
“မင်းကမီရှို့နယ်စပ်က ကာကွယ်ရေး အခြေစိုက်စခန်းအကြောင်း ပြောနေတာလား”
နိုင်ငံခေါင်းဆောင်၏ မျက်နှာပေါ်တွင် လေးနက်သောအမူအရာတစ်ခု ရှိနေသည်။
မီရှို့နိုင်ငံ၏ နယ်ခြားစောင့် ကာကွယ်ရေးတပ်စခန်းက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားဖြင့် ဖျက်ဆီးခံလိုက်ရသည်ကို သူကောင်းစွာသိရှိခဲ့သည်။
ဤအဖြစ်အပျက်သည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သို့သော် မီရှို့နိုင်ငံ၏ ခေါင်းဆောင်သည် ကျူးကျော်သူ၏ သဲလွန်စအနည်းငယ်ကိုပင် မရရှိခဲ့ပေ။
ထို့ကြောင့် နိုင်ငံအသီးသီးမှ အကြီးအကဲများသည် မီရှို့နိုင်ငံခေါင်းဆောင်ကို လှောင်ပြောင်ခဲ့ကြသည်။
သို့သော် သိပ်မကြာမီမှာပင် တစ်ဖက် အဖွဲ့အစည်းသည် ကမ္ဘာတဝှမ်းလုံးတွင် စစ်ဆင်ရေး စတင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။
“ဟုတ်ပါတယ်”
ဥက္ကဌချီက ပြောလိုက်သည်။
“ကျွန်တော့်အမြင်အရတော့ ဒီကိစ္စကို အစိုးရအနေနဲ့ အရေးယူဖို့ အချိန်ကောင်း မဟုတ်သေးဘူး”
“ဆက်ပြောပါ”
နိုင်ငံခေါင်းဆောင်က ဥက္ကဌချီကို ကြည့်၍ပြောလိုက်သည်။
“အစိုးရအာဏာပိုင် အဖွဲ့အနေနဲ့ ကျွန်တော်တို့ ဟွာရှို့မဟာမိတ်အဖွဲ့အစည်းက အကူအညီတွေကို ဖိတ်ခေါ်ပြီး ဦးဆောင်နိုင်တယ်.. ဒါပေမဲ့ ကျွန်တော်တို့ တိုက်ရိုက် ကိုင်တွယ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ အားနည်းချက်ကို တစ်ဖက်မှာ ပြသလိုက်တာနဲ့ အတူတူပဲ.. ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ဟွာရှို့မဟာမိတ်အဖွဲ့အစည်းတင် မဟုတ်ဘူး.. ကျွန်တော့်အမြင်အရတော့ မီရှို့မဟာမိတ်၊ ယင်ရှို့မဟာမိတ်နဲ့ အခြားနိုင်ငံတွေမှာ ရှိတဲ့ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့အစည်းတွေ အားလုံး သတိထားပြီး တည်တည်ငြိမ်ငြိမ် ရှိနေသင့်တယ်.. ဒါမှပဲ တစ်ဖက်အဖွဲ့အစည်းကို ရင်ဆိုင်နိုင်မှာဖြစ်တယ်.. ဒါပေမဲ့ လက်ရှိရလဒ်ကို ကြည့်လိုက်မယ်ဆိုရင် တစ်ဖက် အဖွဲ့အစည်းကို ပြန်လည်တုံ့ပြန်ဖို့က အရမ်းခက်ခဲမှာကို ငါစိုးရိမ်မိတယ်”
ထိုစကားကို နိုင်ငံခေါင်းဆောင်က ခေါင်းညိမ့်၍ ထောက်ခံလိုက်သည်။
“ဒါဆို မင်းရဲ့အစီအစဉ်က ဘယ်လိုလဲ.. ဥက္ကဌချီ”
ဥက္ကဌချီ “ကျွန်တော့်အမြင်အရတော့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကို တိုက်ရိုက်ပါဝင်စေပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခိုင်းသင့်တယ်.. ကျွန်တော်တို့ ဟွာရှို့မဟာမိတ်အဖွဲ့အစည်းက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ တည်ဆောက်ရေး အပိုင်းတွေမှာ များစွာကူညီခဲ့တယ်.. ဒါကြောင့် ကျွန်တော်တို့ အကူအညီတောင်းသရွေ့ ခေါင်းဆောင်ဖြစ်တဲ့ ဗုံးပစ်စီနီယာ အင်မော်တယ်က ကန့်ကွက်စရာ အကြောင်းအရင်း မရှိဘူးလို့ ကျွန်တော် ယုံကြည်တယ်”
“ဒါဆိုလည်း အဲဒီအတိုင်း လုပ်လိုက်ရအောင်”
နိုင်ငံခေါင်းဆောင်က မတ်တပ် ထရပ်လိုက်သည်။
“မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို အထူးစုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းဖို့ အမိန့်စာ ထုတ်ပြန်ပေးလိုက်.. ဒီကိစ္စကိုတတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမယ်”
“ဟုတ်ကဲ့ပါ”
ဥက္ကဌချီနှင့် ဗိုလ်ချုပ်ဆယ်ဦးတို့က ဦးညွှတ်လိုက်ကြသည်။
အစည်းအဝေး ရပ်နားပြီးနောက်တွင် အားလုံးသည် အစည်းအဝေးခန်းမ အတွင်းမှ ထွက်ခွာသွားကြသည်။
ဗိုလ်ချုပ်ရီကမူ ကုလားထိုင်တစ်လုံး ပေါ်တွင် အိပ်ပျော်၍ ကျန်ရစ်နေခဲ့သည်။
“အဖိုးကြီးရီက အစည်းအဝေးတွေမှာ အိပ်တတ်တဲ့အကျင့်ကို ဘယ်ကတည်းကစပြီး ရသွားတာလဲ.. နိုင်ငံခေါင်းဆောင်ကလည်း ဘာမှပြောတာ မတွေ့ရဘူး”
ဆေးသူတော်စင် ဥက္ကဌလော့က ပြုံး၍ ပြောလိုက်သည်။
“သူ့ကို လွှတ်ထားပေးလိုက်ပါ.. အပေါ်ယံကြည့်ရင် အဖိုးကြီးရီက အအိပ်မက်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အလုပ်တွေပိပြီး အိပ်မောကျသွားတာပါ.. ငါအမိန့်စာ ရေးလိုက်ဦးမယ်.. ငါဒီကထွက်သွားရင် သူ့ကို နှိုးလိုက်မယ်.. ဘာမှစိတ်မပူနဲ့”
ဥက္ကဌချီက ပြန်လည်ဖြေကြားခဲ့သည်။
“ဒါဆိုလည်း ရှင့်ကိုပဲ ဒုက္ခပေးရတော့မယ် ဥက္ကဌချီ”
ထိုစကားကို ပြောပြီးနောက်တွင် ဥက္ကဌလော့သည် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး ဝေလငါးပုံရှိသည့် ဘူးသီးခြောက်ကို စီးကာ ထွက်ခွာသွားခဲ့သည်။
ထိုအရာသည် ဥက္ကဌလော့၏ သီးသန့်သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည့် လေခွန်ဘူးသီးခြောက် ဖြစ်သည်။
၎င်း၏ အတွင်းပိုင်းတွင် ကြီးမားသောနေရာလွတ် တစ်ခုပါရှိပြီး သက်ရှိအရာအားလုံးကို ထည့်သွင်းနိုင်သည့် ကမ္ဘာငယ်လေးတစ်ခုလို ဖြစ်သည်။
ဥက္ကဌလော့ ကိုယ်တိုင် နှစ်ပေါင်းများစွာ ပြုပြင်မွမ်းမံပြီးနောက်တွင်မူ အတွင်းပိုင်းနေရာသည် ကမ္ဘာငယ်လေးကနေ ကြီးမားသော ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲနေပြီ ဖြစ်သည်။
ဆိုရလျှင် ဘူးသီးခြောက်အတွင်းရှိ ကမ္ဘာကြီးတွင် ဥက္ကဌလော့သည် ဖန်ဆင်းရှင်နတ်ဘုရားကဲ့သို့ တည်ရှိမှု ဖြစ်၏။
“ဂရုစိုက်ပါ ဥက္ကဌလော့”
ဥက္ကဌချီက တံခါးဝတွင်ရပ်ပြီး ဥက္ကဌလော့ ထွက်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။
ဥက္ကဌလော့ ထွက်သွားပြီး သိပ်မကြာမီမှာပင် အိပ်ပျော်ဟန်ဆောင်နေသော ဗိုလ်ချုပ်ရီသည် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။
ဗိုလ်ချုပ်ရီ “အဖိုးကြီးချီ.. မင်းဘာကိစ္စရှိလို့လဲ”
စင်စစ်ဥက္ကဌချီသည် ဗိုလ်ချုပ်ရီနှင့် ဆွေးနွေးရန်အတွက် လှည့်ကွက်အချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
“အဖိုးကြီးရီ.. မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ စုံစမ်းစစ်ဆေးမှုအပြင် မင်းရဲ့ အကူအညီကိုလည်း လိုကောင်းလိုလိမ့်မယ်”
“ဘာကိုဆိုလိုတာလဲ”
ဗိုလ်ချုပ်ရီ၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။
“ငါတို့ထဲမှာ ပုန်းအောင်းနေတဲ့ သူလျှိုကို မင်းရှာတွေ့ဖို့လိုတယ်.. လုပ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းပဲလို့ ငါထင်တယ်”
ဥက္ကဌချီက ပြောလိုက်သည်။
“မင်းရဲ့ ရှင်းလင်းတဲ့ ဓားနှလုံးသားက အမှားအမှန်နဲ့ အကောင်းအဆိုးကို ပိုင်းခြားနိုင်တယ်.. မင်းက အကန့်အသတ်မဲ့ဓားတာအိုကို ကျင့်ကြံထားတာကြောင့် မင်းရဲ့ ခန္ဓာကိုယ်က ဖြောင့်မတ်ခြင်းစွမ်းအင်တွေနဲ့ ပြည့်နှက်နေတယ်.. ဒါက တခြားသူတွေ မယှဉ်နိုင်တဲ့အရာပဲ.. ဒီတစ်ကြိမ် ပြိုင်ဘက်က သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ မင်းနဲ့ငါ နှစ်ယောက်လုံး ကောင်းကောင်းသိတယ်”
ထိုစကားကိုကြားလျှင် ဗိုလ်ချုပ်ရီ၏ မျက်နှာက အနည်းငယ်လေးနက်လာသည်။
“ဒါဆို အခုငါက ဘယ်ကနေစရမှာလဲ”
“တချို့အရာတွေကို ငါစစ်ဆေးပြီးပြီ”
ထိုစကားကို ပြောပြီးနောက် ဥက္ကဌချီသည် ကျောက်စိမ်းစာလိပ်တစ်ခုကို ထုတ်၍ ဗိုလ်ချုပ်ရီကို ပေးလိုက်သည်။
“ဒါက”
“ဒါက အဲဒီအချိန်က အင်မော်တယ်ရှဲဖီရဲ့ အမှုတွဲဖိုင်ပဲ.. အဲဒီအမှုတွဲမှာ ပါဝင်ပတ်သက်သူတွေရဲ့ နာမည်တွေအားလုံး ပါဝင်တယ်”
ကျောက်စိမ်းစာလိပ်ကို ယူပြီးနောက်တွင် ဗိုလ်ချုပ်ရီသည် အတိတ်မှမြင်ကွင်းများကို ပြန်ပြောင်း သတိရသွားသည်။
ယခုတစ်ကြိမ် နိုင်ငံတကာအကြမ်းဖက်မှု ဖြစ်ရပ်သည် ယခင်က အင်မော်တယ်ရှဲဖီ၏ ဖြစ်ရပ်နှင့် ဆက်စပ်နေပါသလော။
ဗိုလ်ချုပ်ရီက ရုတ်တရက် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ကြီးကြီးမားမားကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု ခံစားလာရသည်။
ဟွာရှို့မဟာမိတ် အစည်းအဝေးအပြီးတွင် ဟွာရှို့မဟာမိတ်၏ တံဆိပ်နှင့် ဗိုလ်ချုပ်ဆယ်ဦးမှ လက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းကို မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ကွပ်ကဲမှုနှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ကျိုးရီထံသို့ တိုက်ရိုက် ပေးပို့ခဲ့သည်။
အစိုးရအဖွဲ့သည် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းရန်အတွက် သူတို့အား အထူးတာတစ်ရပ် ပေးအပ်ခဲ့သည်။
ထိုနေ့မှာပင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အရေးပေါ်အစည်းအဝေးကို ကျင်းပခဲ့ပြီး အဖွဲ့ခေါင်းဆောင်များ အားလုံးကို ညီလာခံတွင် စုဝေးစေခဲ့သည်။
အစည်းအဝေးအတွင်း လူနှစ်ဦး ရှိမနေကြောင်း ဗုံးပစ်စီနီယာအင်မော်တယ်က သတိပြုမိလိုက်သည်။
တစ်ဦးမှာ ဖန့်ရှင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ဝမ်လင်းဖြစ်သည်။
“ဒါက အရေးကြီးတဲ့ကိစ္စပဲ.. ညီနောင်လင်းက ဘာလို့မလာရတာလဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်က နားမလည်နိုင် ဖြစ်နေသည်။
“ဆရာနဲ့ကျောာင်းသားဖန့်ရှင်းက အိမ်စာလုပ်နေတာ ဖြစ်နိုင်တယ်”
ကျိုးရီက ရယ်မော၍ ပြောလိုက်သည်။
လူတိုင်း “..........”
ဤသည်က ကျိုးကြောင်းဆီလျော်ပြီး ငြင်းဆန်၍မရသော အဖြေတစ်ခုဖြစ်သည်။
လင်းကျန်းရန်၏ အမြင်တွင် အိမ်စာကျက်မှတ်ခြင်းသည် လက်ရှိအခြေအနေထက် ပို၍အရေးကြီးသည် မဟုတ်ပါလော။
ဝမ်လင်း ပေါ်မလာသည်ကို နားလည်၍ ရသော်လည်း ဖန့်ရှင်းက ဤနေရာတွင် မရှိသဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် တစ်စုံတစ်ရာ မူမမှန်ကြောင်း ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ကျောင်းသားဖန့်ရှင်းသည် ယဉ်ကျေးသိမ်မွေ့ပြီး စည်းကမ်းလိုက်နာသူ ဖြစ်သည်။
သူက အစည်းအဝေးကို မတက်ရောက်နိုင်လျှင်ပင် အကြောင်းကြားသည့် မက်ဆေ့ချ်ကို ပို့ထားလိမ့်မည်ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကျောင်းသားဖန့်ရှင်းသည် စကားတစ်ခွန်းမှမပြောဘဲ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသလိုပင်။
“တစ်ခုခုဖြစ်နေတာများလား”
ဗုံးပစ်စီနီယာအင်မော်တယ်က တစ်စုံတစ်ရာ မူမမှန်ဟု ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် အစည်းအဝေးခန်းမ၏ တံခါးဝတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ ဆံပင်ရှည်နှင့် အလွန်လှပသော မိန်းမလှလေးတစ်ဦးဖြစ်သည်။
သို့ရာတွင် သူမ၏ အမူအရာကမူ အလွန်အေးစက်စက် ဖြစ်နေသည်။
“မိန်းကလေး.. ငါတို့ အစည်းအဝေးလုပ်တော့မယ်.. ဒီနေရာကမင်းအလည်အပတ်လာရမယ့် နေရာမဟုတ်ဘူး”
ဓမ္မရာဂျာက ထိုမိန်းကလေးကို ကြည့်၍ ပြောလိုက်သည်။
ထိုမိန်းကလေးက ဓမ္မရာဂျာကို တစ်ချက်စိုက်ကြည့်ကာ ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး သူမ၏ လှပသော ခြေထောက်နှစ်ချောင်းကို စားပွဲပေါ်တွင် တင်လိုက်သည်။
“ကျွန်မက ဖန့်ရှင်းပါ”
“ဖန့်ရှင်း.. ဟုတ်လား.. ကျောင်းသားဖန့်ရှင်းလား”
လူတိုင်းက အံ့ဩသွားကြသည်။
ထိုမိန်းကလေးသာ ဘာမှမပြောလျှင် သူတို့အနေဖြင့် ဖန့်ရှင်းမှန်း သိမည်မဟုတ်ပေ။
သို့သော် မိန်းကလေး၏နှုတ်မှ ကိုယ်တိုင်ထုတ်ဖော်ပြီးနောက်တွင် မိန်းကလေး၏ အသွင်အပြင်က ရင်းနှီးသလို သူတို့အားလုံး ခံစားလိုက်ရသည်။
ကျောင်းသားဖန့်ရှင်းက သူ၏ နေ့စဉ်ဘဝတွင် ယောက်ျားအသွင်သာ ယူထားသောကြောင့် ဤမိန်းကလေးက ဖန့်ရှင်းဖြစ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ခြင်း ဖြစ်၏။
“ဖန့်ရှင်း အယောင်ဆောင်များလား”
ကျိုးရီက အနည်းငယ် ထူးဆန်းသလို ခံစားမိသည်။
“ဒီမိန်းကလေးရဲ့ အော်ရာအရတော့ တကယ်ပဲ ကျောင်းသားဖန့်ရှင်းပဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က လုံးဝ အံ့အားသင့်နေခဲ့သည်။
သို့သော် အံ့အားသင့်မှုက ထိုမျှနှင့်မပြီးသေးပေ။
ဖန့်ရှင်းကုလားထိုင်တွင်ဝင်ထိုင်ပြီး သိပ်မကြာမီမှာပင် ဆယ်ကျော်သက် တစ်ဦးသည် အစည်းအဝေးခန်းမ၏ တံခါးဝတွင် ပေါ်လာခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ်နှင့်ကျိုးရီတို့ နှစ်ဦးစလုံးက မယုံကြည်နိုင်စွာဖြင့် သူတို့၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
“ဆရာလား”
ကျိုးရီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ငါ့ကို နှုတ်ဆက်စရာမလိုဘူး.. အစည်းအဝေးဖိတ်စာကို အခုမှတွေ့လို့ နောက်ကျနေရတာပဲ.. ဒီကိစ္စထက် အိမ်စာက ဘယ်လိုလုပ် ပိုအရေးကြီးမှာလဲ”
လူငယ်က ကျိုးရီကို တိုက်ရိုက်ပြောပြီး ဖန့်ရှင်း၏ နံဘေးတွင် ဝင်ထိုင်လိုက်သည်။
“ခဏနေပါဦး.. လင်းကျန်းရန်က ပါးစပ်ကနေ တိုက်ရိုက်ပြောခဲ့တယ်လား”
အားလုံးက တုန်လှုပ်ခြောက်ခြား သွားကြသည်။
“မင်းတို့အားလုံး ငါ့ကို ဘာလို့ ပြူးကြည့်နေရတာလဲ.. ဗုံးပစ်စီနီယာအင်မော်တယ်.. ဘာလို့ အစည်းအဝေး မစသေးတာလဲ.. မြန်မြန်စတင်လိုက်.. ငါမစောင့်နိုင်တော့ဘူး”
ပုံမှန်အားဖြင့် စိတ်ချင်းဆက်သွယ်၍သာ ပြောဆိုလေ့ရှိသည့် ဝမ်လင်းသည် နှုတ်ကနေ စက်သေနက်ပစ်သကဲ့သို့ ဆက်တိုက် ပြောဆိုခဲ့သည်။
“တစ်စုံတစ်ယောက်က လင်းကျန်းရန်အဖြစ် ဟန်ဆောင်နေတာများလား”
ဓမ္မရာဂျာက ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး.. အော်ရာအရတော့ လင်းကျန်းရန် ကိုယ်တိုင်ပဲ”
ချိုက်လျန်က ဝင်ပြောလိုက်သည်။
“ညီနောက်ကျိုး.. သေချာကြည့်ပါဦး.. အဲဒါ မင်းဆရာ ဟုတ်ရဲ့လား”
ဗုံးပစ်စီနီယာအင်မော်တယ်က မဝေခွဲနိုင်သဖြင့် ကျိုးရီကိုအကူအညီတောင်းလိုက်သည်။
“ငါလည်း မသိတော့ဘူး”
ကျိုးရီက အနည်းငယ်ကြောင်တောင်တောင်ဖြစ်နေသည်။
သူကမျက်လုံးများကို ပွတ်သပ်ကာ မူလအကျင့်စရိုက်နှင့် လုံးဝကွဲပြားနေသည့် သူ့ဆရာဝမ်လင်းကို အကဲခတ်လိုက်သည်။
ထိုအချိန်မှာပင် ဝမ်လင်းက မျက်တောင်ခတ်လိုက်ရာ မျက်ခွံနှစ်ထပ်တစ်စုံက လူတိုင်း၏ အကြည့်အောက်တွင် ပေါ်လာခဲ့သည်။
ကျိုးရီ “???”
ဗုံးပစ်စီနီယာအင်မော်တယ် “???”
အားလုံး “???”
အပိုင်း(၉၉၂) ပြီး၏