နှလုံးသားတစ်ခုထဲ
Vol. 67 Ch. 995
သူတော်စင်မိုးကြိုးက ဤမျှအစွမ်းထက်မည်ဟု ဖန့်ရှင်းမထင်ထားခဲ့ပေ။
တိုက်ခိုက်ရေး အင်အားအရဆိုလျှင် ဖန့်ရှင်းသည် ပကတိအင်မော်တယ်အဆင့်တွင်သာ ရှိသောကြောင့် သူတို့အတွက်ရင်ဆိုင်ရန် အလွန်ခက်မည် မဟုတ်ပေ။
ဤနေရာတွင် သူတို့အတွက် အခက်ခဲဆုံးပြိုင်ဘက်မှာ သူတို့ရှေ့တွင်ရှိသည့် လင်းကျန်းရန်အတုပင် ဖြစ်သည်။
"ခေါက်ဆွဲခြောက်တာအိုဧကရာဇ်.. အဲဒီ ညီနောင်လင်းအတုကို မင်းနဲ့ပဲလွှဲထားခဲ့မယ်.. ဒီဖန့်ရှင်းအတုကိုတော့ ငါပဲ ကိုင်တွယ်လိုက်မယ်”
ဗုံးပစ်စီနီယာအင်မော်တယ်က ချက်ချင်းပင် တာဝန်ကိုခွဲဝေလိုက်သည်။
ယခုအခါတွင် သူသည် ပကတိအင်မော်တယ်အဆင့်ထက် မြင့်မားသည့်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သူ့အနေဖြင့် ဖန့်ရှင်းအတုကို အရှင်လတ်လတ် ဖမ်းနိုင်မည် မဟုတ်သော်လည်း အနည်းဆုံးတော့ ရှုံးနိမ့်မည်မဟုတ်ပေ။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကမူ လင်းကျန်းရန် ဖန်တီးထားသည့် ကိုယ်ပွားဖြစ်သည်။
လင်းကျန်းရန်၏ ကိုယ်ပွားနှင့် လင်းကျန်းရန်အတုတို့၏ တိုက်ပွဲတွင် ရလဒ်က မည်သို့ထွက်လာမည်ကို မည်သူမှ မသိသေးပေ။
ခေါက်ဆွဲခြောက် တာအိုဧကရာဇ်သာ အနိုင်ရခဲ့လျှင် ကိစ္စအားလုံး ပြီးဆုံးသွားမည်ဖြစ်ပြီး အကယ်၍ ရှုံးနိမ့်ခဲ့လျှင် လင်းကျန်းရန် အစစ်ဆီသို့ သတင်းက ချက်ချင်း ပျံ့နှံ့သွားမည်ဖြစ်သည်။
“ကောင်းပြီ.. ငါနဲ့ပဲ လွှဲထားလိုက်တော့”
ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။
သူ၏ရှေ့မှ ဝမ်လင်းက အယောင်ဆောင်မှန်း သူကောင်းစွာသိသည်။
သူက ဝမ်လင်းအစစ်၏ ကိုယ်ပွားတစ်ယောက် ဖြစ်သည့်တိုင် ဝမ်လင်း၏ တည်နေရာကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိချေ။
ဝမ်လင်းက ပြဿနာတစ်ခုခုနှင့် ရှုပ်ရှက်ခက်နေတာမျိုးလည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အဖွဲ့ခေါင်းဆောင် အားလုံးသည် စိတ်နှလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် တစ်ပြိုင်နက်တည်း လှုပ်ရှားခဲ့ကြ၏။
အင်မော်တယ်ထုန်ရာက သူ၏ ဘူးသီးခြောက် ကမ္ဘာငယ်လေးမှ ခွန်အားဖြင့် ဖက်တီးလောနှင့် ဓမ္မရာဂျာတို့ကို လွှမ်းခြုံပေးထားခဲ့သည်။
ကျိုးရီကလည်း ခံစစ်အသာစီးကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သည်။
ထိုအချိန်တွင် လေထဲမှ မုန့်ကြိုးလိမ်ကဲ့သို့ တစ်ခုနှင့်တစ်ခု ရောယှက်နေသော အတားအဆီးများသည် အလွန်ခိုင်ခံ့စွာပေါ်လာပြီး ပိုက်ကွန်တစ်ခုနှယ် ဖြစ်တည်လာခဲ့သည်။
ငှက်လှောင်အိမ်ပရောဂျက်..
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ဖွင့်ပွဲတွင် ဝမ်လင်းဆီမှ လက်ဆောင်ရရှိသော ဤအတားအဆီးကို ယခုအချိန်တွင် အမှန်တကယ် အသုံးပြုရလိမ့်မည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် မထင်ထားခဲ့ပေ။
“မင်းက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ.. ဒီနေရာထိရောက်လာပြီဆိုမှတော့ ပြေးမယ်လို့ မင်းထင်နေလား.. တကယ်တော့ ဒီအတားအဆီးကို တည်ဆောက်ဖို့ မင်းအနေနဲ့ မလိုအပ်ပါဘူး.. ကြည့်ရတာ ဗုံးပစ်စီနီယာ အင်မော်တယ်က ငါ့ကို မျက်နှာသာပေးချင်ပုံရတယ်.. ဒါပေမဲ့ အဲဒါက အသုံးမဝင်ဘူး.. မင်းတို့အားလုံး ဒီနေ့ ဒီမှာပဲ သေရလိမ့်မယ်”
“မင်းက ယုံကြည်မှုလွန်ကဲနေတာပဲ”
ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က အေးစက်စက် ပြောလိုက်သည်။
သူ၏ ရှည်လျားသောဆံပင်ရှည်များက ခါးထိရောက်နေပြီး အသွင်အပြင်ကမူ ဝမ်လင်းနှင့် ဆင်တူသည်။
သူတို့၏ အသွင်အပြင်များက အစပိုင်းက အလွန်တူညီသော်လည်း ဝမ်လင်းက သူ့ကို မျက်နှာပြုပြင်ရန် ခွင့်ပြုပြီးနောက်တွင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်သည် သူ၏အသွင်အပြင်ကို အလိုအလျောက် ပြောင်းလဲပစ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူ မပြောင်းလဲနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏မျက်လုံး ဖြစ်သည်။
သူ၏မျက်လုံးမှာမူ ခံစားချက်မဲ့ ငါးမသာမျက်လုံး ဖြစ်နေဆဲပင်။
သူ လုံးဝပြုပြင်၍မရသော အရာနှစ်ခုမှာ ခံစားချက်မဲ့ ငါးမသာမျက်လုံးနှင့် ခေါက်ဆွဲခြောက်ကြွပ်ကြော်များ ကြိုက်နှစ်သက်ခြင်း ဖြစ်သည်။
ထိုအရာမှလွဲ၍ မည်သည့်အရာကိုမဆို ပြုပြင်နိုင်ပေသည်။
လင်းကျန်းရန်က ထိုနှစ်ခုမပါဘဲ ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။
နောက်ထပ် အခိုက်အတန့်မှာပင် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က တိုက်ရိုက်တိုက်ခိုက်သည်။
သူက မလိုအပ်သောစကားများ ပြောမနေတော့ဘဲ လျှပ်တပြတ်လှုပ်ရှားကာ လေအိုးဝမ်လင်းကို ပါးရိုက်ချလိုက်သည်။
“ဒါက အသေးအဖွဲ့လှည့်ကွက်လေးပါပဲ”
လေအိုးဝမ်လင်းက ခနဲ့လိုက်သည်။
သူ၏တုံ့ပြန်မှုက အလွန်ပင် မြန်ဆန်လွန်းလှ၏။
သူက ခေါက်ဆွဲခြောက်တာအိုဧကရာဇ်၏ လက်ကို လက်တစ်ဖက်ဖြင့် ဖယ်ထုတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။
ထိပ်တန်းအဆင့် ကျင့်ကြံသူနှစ်ဦး၏ တိုက်ခိုက်မှုတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည်။
သူတို့၏ တိုက်ခိုက်မှုများက သာမန် တိုက်ခိုက်မှုများ မဟုတ်ကြပေ။
လက်ဝါးရိုက်ချက်က တောင်တန်းများနှင့် မြစ်ချောင်းများကိုပင် အမှုန့်ကြေသွားနိုင်ပေသည်။
သူတို့၏ လက်ဝါးနှင့် အနည်းငယ် ပွတ်ဆွဲမိသွားသောအခါ အင်မော်တယ်ထုန်ရာ၏ ဘူးသီးခြောက်ကမ္ဘာငယ်လေးသည် ချက်ချင်းပင် မမှတ်မိနိုင်လောက်အောင် ပျက်စီးသွားခဲ့သည်။
အင်မော်တယ်ထုန်ရာ၏ နှလုံးသားက အလွန်ပင်နာကျင်သွား၏။
သူက ဤဘူးသီးခြောက် ကမ္ဘာငယ်လေးထဲမှ အရာအားလုံးကို သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့် တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။
ကမ္ဘာငယ်လေးမှ တောင်တန်းများ၊ မြစ်ငယ်များ၊ ကျယ်ပြောလှသည့်သမုဒ္ဒရာများ စသည့် အရာအားလုံးသည် သူ၏နှစ်ပေါင်းများစွာ ရှာဖွေထားသည့် ပိုက်ဆံများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
ကျင့်ကြံသူများသည် အဆင့်တစ်ခုထိ ကျင့်ကြံပြီးနောက်တွင် သူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို ဖြေလျှော့ရန်အတွက် နှစ်သက်သည့် ဝါသနာတစ်ခုခုကို လုပ်ဆောင်တတ်ကြသည်။
ဤသည်က အချို့သော ကိုယ်ခံပညာဂိမ်းများတွင် အိမ်ဆောက်ခြင်း စနစ်ကဲ့သို့ ကမ္ဘာငယ်လေးရှိ အလှဆင်မှုများ အားလုံးကို ငွေများဖြင့် ဝယ်ယူနိုင်သည်။
အင်မော်တယ်ထုန်ရာက ဘူးသီးခြောက်လေး ထဲတွင် ကမ္ဘာငယ်လေး တစ်ခု တည်ထောင်ရန်အတွက် ဝီရိယစိုက်ထုတ်ကြိုးပမ်းခဲ့သည်။
မတူညီသော စိတ်ဝိညာဉ် ဆေးဘက်ဝင်အပင်များသည် မတူညီသော ပတ်ဝန်းကျင်တွင်သာ ပေါက်ဖွားလာတတ်သည်။
ထို့ကြောင့် အင်မော်တယ်ထုန်ရာက ၎င်းတို့ကို စိုက်ပျိုးရန်အတွက် သင့်လျော်သောဖန်လုံအိမ်များကို ကမ္ဘာငယ်လေးထဲတွင် လွတ်လပ်စွာ တည်ဆောက်ခဲ့သည်။
ယခုမူ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်နှင့် လင်းကျန်းရန်အတုတို့၏ လက်ချက်ဖြင့် ကမ္ဘာငယ်လေးထဲရှိ အရာအားလုံးသည် တစ်စစီပျက်စီးသွားပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတော်စင်မိုးကြိုးကလည်း ကမ္ဘာငယ်လေးထဲတွင် ဆိုးရွားသောရာသီဥတုကို လှုံ့ဆော်မိပြီး မိုးကြိုးအများအပြား ရွာချလိုက်သဖြင့် ပျက်စီးသော မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာသည်။
“အစ်ကိုထုန်ရာ အရမ်းဝမ်းနည်းနေစရာ မလိုပါဘူး.. ရုံးက အစ်ကို့ရဲ့ ဆုံးရှုံးမှုတွေကို နောက်ကျရင် ပြန်လျော်ပေးမှာပါ”
ချိုက်လျန်က အင်မော်တယ်ထုန်ရာကို နှစ်သိမ့်လိုက်သည်။
“ငါ့ရဲ့ဆုံးရှုံးမှုက သေးသေးလေးပါပဲ.. ဒါပေမဲ့ တကယ့်လင်းကျန်းရန်အစစ်က ဘယ်ရောက်နေတာလဲ ငါတကယ်သိချင်တယ်”
အင်မော်တယ်ထုန်ရာ၏ စကားက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး အတွင်းရှိ အဖွဲ့ခေါင်းဆောင်အားလုံးအတွက် ပဟေဠိ ဖြစ်သွားခဲ့သည်။
“ငါတို့မကြာခင် ဒီအဖြေကို သိရမှာပါ”
ချိုက်လျန်က ပြန်ဖြေလိုက်သည်။
ဤအချိန်တွင် ကျိုးရီ၏ အော်ရာသည် ကမ္ဘာငယ်လေးထဲတွင် မရှိတော့ပေ။
အစောပိုင်းက ဖက်တီးလောနှင့် ဓမ္မရာဂျာတို့၏ ကာကွယ်မှုအောက်မှာပင် ကျိုးရီသည် အစည်းအဝေးခန်းမှ ဖောက်ထွက်သွားခဲ့သည်။
တစ်ဖက်တွင်လည်း ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဖန့်ရှင်းအတုတို့ကြား တိုက်ပွဲသည် အလွန် ပြင်းထန်နေခဲ့သည်။
ဖန့်ရှင်း၏ တိုက်ကွက်တစ်ကွက်စီက ဗုံးပစ်စီနီယာအင်မော်တယ်၏ ဟာကွက်များကို ပစ်မှတ်ထားခဲ့သည်။
ဆိုရလျှင် သူမသည် ဗုံးပစ်စီနီယာအင်မော်တယ်ကို သတ်ပစ်ရန် ရည်ရွယ်ထားခဲ့သည်။
“ဒီဖန့်ရှင်းအတုက တော်တော် ရက်စက်တာပဲ”
တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်၏ အကြည့်သည် ဖန့်ရှင်းအတု၏ အုန်းသီးဆီသို့ မထင်မှတ်ဘဲ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ လူသားတိုင်း၏ သာမန်တုံ့ပြန်မှုသာ ဖြစ်သည်။
မကြာသေးမီက လူကြိုက်များသော ဆော့ဝဲတစ်ခုရှိခဲ့သည်။
ထိုဆော့ဝဲဖြင့် အမျိုးသမီး၏ ဓာတ်ပုံများကို ကြည့်လိုက်လျှင် မိမွေးဖမွေးတိုင်း ခန္ဓာကိုယ်ကို အထင်းသား မြင်နေရမည် ဖြစ်သည်။
သို့သော် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ့ကိုယ်သူ နှာဗူးတစ်ယောက် မဟုတ်ဟု ယုံကြည်ခဲ့သည်။
မိန်းကလေးတစ်ယောက်၏ ရင်ဘတ်ကို စိုက်ကြည့်ခြင်းသည် အလွန်တရာ ရိုင်းပြခြင်း ဖြစ်သည်။
သို့သော် ယခုတိုက်ပွဲတွင် သူ့အနေဖြင့် ထိုအုန်းသီးမှ အကြည့်လွှဲရန် ကူကယ်ရာမဲ့ နေခဲ့သည်။
ဤသည်က သူ့ကို ကြီးမားသော အာရုံထွေပြားမှု ဖြစ်စေသည်။
သူ့အနေဖြင့် ဘာလုပ်သင့်ပါသနည်း။
သူ့အကြည့်ကို ထိန်းချုပ်မရသည်မှာ အုန်းသီးက အလွန်တရာကြီးမားနေတာကြောင့် ဖြစ်နိုင်ပါသလော။
“ငါဘာတွေပေါက်ကရ လျှောက်တွေးနေတာလဲ”
ဗုံးပစ်စီနီယာအင်မော်တယ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
သူ့ရှေ့မှလူက အယောင်ဆောင်တစ်ဦး ဖြစ်နေလျှင်ပင် အသွင်အပြင်သည် သူ့ညီနောင်ဖန့်ရှင်းနှင့် တူနေပါသေးသည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ဤနေရာရှိ လူများထက် အဆပေါင်းများစွာပင် ဖန့်ရှင်း၏ မိန်းကလေးပုံစံကို မြင်ဖူးခဲ့သည်။
သူ့တွင် သူ့ညီနောင်နှင့် ပတ်သက်ပြီး ယုတ်မာသောအတွေး မည်သို့ ရှိနိုင်ပါမည်နည်း။
ထို့ကြောင့် ဤအယောင်ဆောင်ဖန့်ရှင်းသည် သူ၏ ရင်ဘတ်ကို သေချာပေါက် တစ်ခုခု လုပ်ခဲ့သည်မှာ ထင်ရှားနေသည်။
ဤသည်က သူ့အတွက် တစ်ခုတည်းသော ဖြေရှင်းချက်လညး်ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် သူ၏အပြုအမူကို တွန်းလှန်နိုင်စွမ်း မရှိသေးပေ။
အပိုင်း(၉၉၅) ပြီး၏