ကျိုးရီ အကူအညီတောင်းခြင်း
Vol. 67 Ch. 996
တစ်ဖက်တွင်လည်း ကျိုးရီသည် တည်နေရာရွှေ့ပြောင်းသည့်အစီအရင်ကို အောင်မြင်စွာ အသက်သွင်းလိုက်ပြီး ဝမ်မိသားစုအိမ်ငယ်လေး ဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။
လူတိုင်းက အမှောင်ထဲတွင်သာ ရှိနေကြပြီး ဖြစ်ပျက်နေသည်များကို လုံးဝ မသိကြသေးပေ။
ကျိုးရီက အခြေအနေကို မှန်ကန်စွာ ခွဲခြားသုံးသပ်နိုင်ခဲ့သည်။
သူကထိုနေရာတွင် ဆက်နေနေလျှင် တိုက်ပွဲတွင် ကူညီနိုင်မည်မဟုတ်ပေ။
ထိုအစား လူတိုင်းက သူ့ကို ကာကွယ်နေရမည်ဆိုလျှင် သူကအနှောင့်အယှက် ပေးသလိုပါ ဖြစ်သွားပေမည်။
ထို့ကြောင့် ကျိုးရီ၏ ပထမဆုံးတုံ့ပြန်မှုသည် ဝမ်မိသားစုအိမ်ငယ်လေးတွင် သူ့ဆရာကို ရှာဖွေရန် ဖြစ်သည်။
ဝမ်လင်း၏ ပထမဆုံးတပည့်အနေဖြင့် သူ့တွင် အထူးအာဏာများ ရှိသည်။
လိုအပ်သောအခါတွင် သူ့ထံမှ ဉာဏ်အလင်းရထားခဲ့သည့် မှင်စာများကို အကူအညီ တောင်းနိုင်ပေသည်။
ထို့ကြောင့် သူက သူ့ဆရာကို ရှာမတွေ့လျှင်ပင် ဝမ်မိသားစုအိမ်ငယ်လေးထဲ၌ မှင်စာများကို အကူအညီတောင်းနိုင်၏။
ကျိုးရီက ဝမ်မိသားစုအိမ်ငယ်လေး၏ ဝင်ပေါက်ကိုရောက်လျှင် ထွင်ထျန်းဟာ ပျောက်ဆုံးနေသည်ကို သတိပြုမိခဲ့သည်။
ထို့ကြောင့် သူ၏စိတ်ထဲတွင် ပို၍ပင် စိုးရိမ်လာခဲ့သည်။
“ဦးလေးနဲ့အဒေါ် အိမ်မှာရှိနေရဲ့လား”
ကျိုးရီက အိမ်ငယ်လေး၏ တံခါးကို ခေါက်လိုက်သော်လည်း အတွင်းမှ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။
ဖေဖေဝမ်၊ မေမေဝမ်နှင့် ဖိုးဖိုးဝမ်တို့ အားလုံးက အိမ်ထဲတွင်ရှိမနေကြပေ။
“တစ်ခုခုဖြစ်နေတာသေချာတယ်”
အခြေအနေက တစ်စုံတစ်ရာ မူမမှန်ဟု ခံစားလိုက်ရသည်။
ချက်ချင်းပင် သူက သူ့ရင်ဘတ်အိတ်ကပ်ထဲကနေ ဘောပင်တစ်ချောင်းကို ထုတ်လိုက်သည်။
ထို့နောက် ဘောပင်မှခလုတ်ကို နှိပ်လိုက်သောအခါ ဘောပင်သည် ပြိုးပြိုးပြက်ပြက် တောက်ပနေသော အေးမြသည့်အပြာနုရောင် စိတ်ဝိညာဉ်ဓား အဖြစ်သို့ ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။
ကျိုးရီက အိမ်ငယ်လေးအတွက် မည်သို့သော အခြေအနေရှိနေသည်ကို မသိရသဖြင့် အသင့်ပြင်ထားလိုက်ခြင်း ဖြစ်သည်။
သူက တံခါးခေါက်ပြီးနောက်တွင် စကားဝှက်ကို ပြောလိုက်သည်။
“သရေစာခေါက်ဆွဲခြောက်က နံပါတ်တစ်ပဲ”
“ချလပ်”
အိမ်ရှေ့တံခါးက ဖြည်းညင်းစွာပင် ပွင့်လာခဲ့သည်။
ဝမ်လင်းက ဤတံခါးကို ဉာဏ်အလင်းပေးခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ဤအိမ်ရှေ့တခါးလို ဗားရှင်း1.0ဖြင့် ဉာဏ်အလင်းပေးထားသော မှင်စာ၏စွမ်းရည်သည် ဝမ်လင်းအသစ်စက်စက် ဉာဏ်အလင်း ပေးထားသော အိပ်ခန်းတံခါးကဲ့သို့ အားကောင်းခြင်းမရှိပေ။
ဝမ်လင်း၏နောက်ဆုံးပေါ် ဉာဏ်အလင်းပေးသည့် နည်းစနစ်မှာ ဗားရှင်း3.0 ဖြစ်သည်။
သူတော်စင်အင်မော်တယ်ကျမ်းနှင့် အိပ်ခန်းတံခါးတို့သည် ဗားရှင်း 3.0၏ အကျိုးခံစားခွင့်များကို ရရှိခဲ့ကြသည်။
သခင်မာသည် ဗားရှင်း2.0 ဖြစ်သည်။
သို့တိုင် သူသည် အလွန်ပင်အားကောင်း၏။
ဝမ်လင်း၏ ယုံကြည်မှုကို ရရှိထားသည့် ဗားရှင်း2.0 မှင်စာတစ်ကောင်အနေဖြင့် သခင်မာသည် ဗားရှင်း3.0 ကဲ့သို့ပင် အစွမ်းထက်သည်။
အိမ်ငယ်လေးက အလွန်ပင် တိတ်ဆိတ်နေသည်။
ဤကဲ့သို့ တိတ်ဆိတ်ခြင်းနှင့် ပတ်သက်၍ ထူးဆန်းသောအရာတစ်ခု ရှိသည်။
“ဆရာရဲ့အိပ်ခန်းကို စစ်ဆေးကြည့်ရမယ်”
ကျိုးရီက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဝမ်လင်း၏ အိပ်ခန်းဆီသို့ သွားလိုက်သည်။
သူက တစ်ချက်ဝေ့ကြည့်လိုက်ရာ စားပွဲပေါ်၌ သူတော်စင်အင်မော်တယ်ကျမ်းကို တွေ့လိုက်ရသည်။
သူတော်စင်အင်မော်တယ်ကျမ်းတွင် အလုံးစုံသိသော အစွမ်းရှိ၍ သူက စုံစမ်းမေးမြန်းလိုက်သည်။
“သူတော်စင်အင်မော်တယ်ကျမ်း.. အခုကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ”
ကျိုးရီက မေးလိုက်သည်။
“သခင်က ကြေးမုံနန်းတော်ကို သွားပြီးနောက်မှာ ဒီလောကနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ”
သူတော်စင်အင်မော်တယ်ကျမ်းက ပြန်ဖြေလိုက်သည်။
သူက ဝမ်လင်း၏ စိတ်ဝိညာဉ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်ပျက်နေသည့်အရာများကို သိရှိခဲ့သည်။
“မင်းဘာလို့အဲဒီကိစ္စ ငါတို့ကို မပြောပြရတာလဲ”
ကျိုးရီက သူတော်စင်အင်မော်တယ်ကျမ်းကို အပြစ်တင်လိုက်သည်။
“သခင်ရဲ့ ဉာဏ်အလင်းရထားတဲ့ မှင်စာတစ်ယောက်အနေနဲ့ ကျွန်တော်က အိပ်ခန်းထဲကနေ ခြေတစ်လှမ်းတောင် လှမ်းလို့မဖြစ်ဘူး.. သခင် ဒါမှမဟုတ် သခင်ရဲ့အာဏာကို ရရှိထားသူရဲ့ အမိန့်မပါဘဲ ကျွန်တော့်ရဲ့ ခွန်အားကို အသုံးပြုလို့မရဘူး”
သူတော်စင်အင်မော်တယ်ကျမ်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ငါနားလည်ပြီ”
ကျိုးရီက သက်ပြင်းချလိုက်သည်။
“ဒါဆို ဖေဖေဝမ် မေမေဝမ်နဲ့ ဖိုးဖိုးဝမ်တို့ကရော ဘယ်ရောက်သွားတာလဲ”
“သူတို့က ဖိုးဖိုးဝမ်ကို မွေးရပ်မြေဆီ ပြန်ခေါ်သွားကြတယ်”
“ရုတ်တရက်ကြီး ဘာလို့ခေါ်သွားတာလဲ”
ကျိုးရီက မှင်တက်သွားပြီး အံ့ဩသောလေသံဖြင့် မေးလိုက်သည်။
“သူတို့ရဲ့သားလေးက ရုတ်တရက် ပျောက်သွားတာလေ.. သူတို့ စိတ်မပူဘူးလို့တော့ ငါ့ကို မပြောနဲ့နော်”
“မစ္စတာဝမ်နဲ့ မစ္စဝမ်တို့ မသွားခင်မှာ ငါသူတို့ကို သတိပေးခဲ့တယ်.. ဒါပေမဲ့ မစ္စတာဝမ်က လုံးဝဂရုမစိုက်ခဲ့ဘူး.. သူတို့ကသခင်ရဲ့အစွမ်းကို လုံးဝ ယုံကြည်ထားတဲ့ပုံပဲ”
“ဒါဆိုရင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို ဖန့်ရှင်းအတုနဲ့ ဝမ်လင်းအတုတို့ လာတိုက်ခိုက်တာကိုတော့ မင်းသိမယ်လို့ ငါထင်တယ်”
ကျိုးရီက ပြောလိုက်သည်။
“ငါသိပါတယ်”
သူတော်စင်အင်မော်တယ်ကျမ်းက ဖြေလိုက်သည်။
“စစ်ကူမလာဘူးဆိုရင် မင်းတို့အနေနဲ့ အနိုင်ရဖို့ အခွင့်အရေးက 1%ပဲရှိတယ်”
“1%လား”
ဤအချိန်မှ ကျိုးရီသည် ဗုံးပစ်စီနီယာ အင်မော်တယ်၏ လက်တစ်ချောင်း ထောင်ပြသည့် အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သူတို့၏ အောင်မြင်မှု အခွင့်အလမ်း ရာခိုင်နှုန်းကို ဖော်ပြခဲ့ခြင်း ဖြစ်၏။
“ငါက နားလည်မှု လွဲနေခဲ့တာပါလား.. ဒါဆို သူတော်စင်အင်မော်တယ်ကျမ်း.. ဆရာရဲ့အာဏာကို ရရှိထားသူအနေနဲ့ မင်းရဲ့ ခွန်အားရှိသမျှကို အသုံးပြုပြီး အဲဒီ အယောင်ဆောင်နှစ်ကောင်ကို ဖယ်ရှားပစ်ဖို့ ငါအမိန့်ပေးတယ်.. သူတို့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာသိအောင် ကြိုးစားပါ”
ကျိုးရီက အမိန့်ပေးလိုက်ပြီး သူ၏လက်ဖဝါးကို ပြလိုက်ရာ လင်းဟူသည့် စာလုံးသည် လက်ဝါးအလယ်တွင် တောက်ပနေခဲ့သည်။
ဤအမိန့်ကို စတင်ရရှိပြီးနောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းက စတင်လုပ်ဆောင်ခဲ့သည်။
“ငါနားလည်ပါပြီ.. အခု ငါရှေ့တန်းကို စစ်ကူပထမလှိုင်းစေလွှတ်လိုက်ပြီ”
“စစ်ကူပထမလှိုင်း.. ဟုတ်လား.. မင်းတို့မှင်စာတွေ ကိုယ်တိုင် ဝင်ကူမှာ မဟုတ်ဘူးလား”
“ငါတို့က သခင်ဆီက ဉာဏ်အလင်းရထားတဲ့ မှင်စာတွေပဲ.. တခြား ရွေးချယ်စရာမရှိဘဲ အိမ်ငယ်လေးဆီကနေ ထွက်ခွာမှာမဟုတ်ဘူး.. သန်မာတဲ့ စစ်ကူတွေကို ငါအကြောင်းကြားထားပြီးပါပြီ.. ဒါကြောင့် ဒီတိုက်ပွဲကို အနိုင်ရဖို့ အခွင့်အရေးက သိသိသာသာ တိုးတက်လာပါပြီ”
သူတော်စင်အင်မော်တယ်ကျမ်းက ဖြေကြားလိုက်သည်။
“အဆုံးသတ်မှာ အတုတွေက အတုတွေပါပဲ.. သခင်အစစ်နဲ့တော့ ဘယ်လိုလုပ်ပြီး ယှဉ်လို့ရမှာလဲ”
သူတော်စင်အင်မော်တယ်ကျမ်း၏ စကားဆုံးပြီး သိပ်မကြာခင်မှာပင် အခြားတစ်ဖက်ရှိ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အပြင်ဘက်၌ အာကာပြင်လှိုဏ်ခေါင်း တစ်ခု ဖြစ်ပေါ်လာသည်။
“ကြည့်ရတာ တိုက်ပွဲပြင်းထန်နေပုံပဲ”
ရောက်လာသူက ဝမ်ကျန်းက လွဲ၍ အခြားသူမဟုတ်ပေ။
ယခင်က ဝမ်လင်းကို စော်ကားခဲ့သောကြောင့် ကောင်းကင်တာအိုက သူ့ကို ဘလက်လစ်စာရင်း သွင်းထားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ယခုအခါတွင်မူ ဝမ်ကျန်းက သူ၏ ခွန်အားအချို့ကို ပြန်လည်ရရှိခဲ့ပြီ ဖြစ်သည်။
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကောင်းကင်တွင် ပျံဝဲနေခဲ့သည်။
သူ၏နံဘေးမှ လျူချင်းရီက မျက်မှောင်ကြုတ်လိုက်သည်။
“အယောင်ဆောင်နှစ်ကောင်နဲ့ ပတ်သက်ပြီး အရမ်းထူးဆန်းတဲ့ အော်ရာ တစ်ခုရှိနေတယ်.. သူတို့ ထုတ်သုံးနေတာက အရင်က မမြင်ဖူးတဲ့ စွမ်းအားတစ်မျိုးပဲ.. သူတို့ကို ကူညီမယ်ဆိုရင် ဒီအတားအဆီးထဲကို ဖောက်ဝင်ရမယ်ထင်တယ်”
သူတို့အောက်ဘက်ရှိ မိုးကုပ်စက်ဝိုင်းပုံစံ အတားအဆီးကြီးကို ကြည့်ရင်း ပြောလိုက်သည်။
ဘောလုံးကွင်းအရွယ်အစားလောက်ကို ဖုံးလွှမ်းထားသည့် ဤကြီးမားလှသော အတားအဆီး၏ အပြင်ဘက်တွင် ထူထဲသော အနက်ရောင်တိမ်တိုက်များက စုဝေးနေသည်။
ပတ်ဝန်းကျင်က မိုးခြိမ်းသံ တဝုန်းဝုန်းနှင့် အတူ မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ပစ်ခတ်နေသည်။
အတားအဆီး အပြင်ဘက်ရှိ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ တပည့်များသည် အထိတ်တလန့်ဖြင့် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်နေကြသည်။
“အတားအဆီးက လင်းကျန်းရန် ကိုယ်တိုင် တည်ဆောက်ထားတဲ့အတွက် အထဲကို လွယ်လွယ်နဲ့ ထိုးဖောက်လို့်ရမှာမဟုတ်ဘူး.. ပုံမှန်နည်းလမ်းတွေကိုသုံးရင် ဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါတို့လုပ်နိုင်တာက လေထဲကနေ အရှိန်နဲ့တဟုန်ထိုး ခုန်ဆင်းသွားပြီး အတားအဆီးထဲ ဝင်ရောက်သွားဖို့ပဲ.. ဒါပေမဲ့ ဒီလိုလုပ်တာက ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်”
လျူချင်းရီ “ငါ့ရဲ့ခန္ဓာကိုယ်က အဲဒီလောက် မသန်မာဘူး.. အကယ်၍ ငါဒဏ်ရာရသွားရင် တိုက်ပွဲဝင်နိုင်တော့မှာ မဟုတ်ဘူး.. ငါ့ခွန်အားကို ထိန်းသိမ်းထားရမယ်.. ဒီတော့ အစီအရင်ကို ထိုးဖောက်ဖို့က နင့်အပေါ်ပဲ မူတည်တော့တယ်.. နင့်မိဘတွေက နင်ငယ်ငယ်လေးထဲကနေ ကြီးပြင်းလာတဲ့ထိ နင့်ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ ရိုက်နှက်ခဲ့ကြတဲ့ အတွက် နင့်ခန္ဓာကိုယ်ကတော့ ပြဿနာရှိမှာ မဟုတ်လောက်ဘူး”
ဝမ်ကျန်း “မင်း..”
“အခုစဉ်းစားဖို့ အချိန်မရှိတော့ဘူး.. နင်ပဲ တာဝန်ယူလိုက်တော့ဝမ်ကျန်း”
စကားဆုံးသည်နှင့် လျူချင်းရီက ဝမ်ကျန်းကို အောက်သို့ကန်ချလိုက်ပြီး ဝမ်ကျန်း၏ အနောက်မှ ကပ်လိုက်လာခဲ့သ်ည။
ဤကဲ့သို့အရှိန်ဖြင့် ပြုတ်ကျသွားသောကြောင့် အတားအဆီး၏ စွမ်းအင်စုစည်းမှုသည် သူ့ကိုချက်ချင်း အထဲသို့ဆွဲသွင်းလိုက်ရာ ပြင်းထန်စွာ နာကျင်သွားခဲသည်။
ယင်းက သူ့အမေ၏ အရိုက်ခံရသည်ထက် ပို၍နာကျင်၏။
အပိုင်း(၉၉၆) ပြီး၏