ဝမ်လင်းပုံတူပွားပရောဂျက်
Vol. 67 Ch. 998
ဗုံးပစ်စီနီယာအင်မော်တယ် “ငါတို့ကို လာရောက် ကူညီပေးတဲ့အတွက် လျူမိန်းကလေးနဲ့ ညီနောင်ဝမ်ကျန်း တို့ကို ကျေးဇူးတင်ပါတယ်”
“အင်မော်တယ်စီနီယာ.. ကျေးဇူးတင်စရာ မလိုပါဘူး.. သတိထားပါ.. သူကိုကြည့်ရတာ တစ်ခုခု ကြီးကြီးမားမား လုပ်တော့မယ့်ပုံရတယ်”
ဝမ်လင်းအတုက လေထဲတွင် ပျံဝဲနေရင်း စွမ်းအင်များကိုစုဆောင်းလိုက်ရာ အကန့်အသတ် မရှိသော ဝိညာဉ်စွမ်းအားများသည် ခန္ဓာကိုယ်တွင် စုစည်းလာပြီး တဖြည်းဖြည်း ပုံစံတစ်ခု ဖြစ်လာခဲ့သည်။
လျူချင်းရီနှင့် ဝမ်ကျန်းတို့ နှစ်ယောက်လုံးက ဝမ်ကျန်းအတုထံကနေ သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
မမြင်နိုင်သော ဝိညာဉ်စွမ်းအားသည် ဝမ်ကျန်းအတုကို ဝန်းရံထားပြီး တိုက်ခိုက်မှုကို တားဆီးသည်။
ဤသည်မှာ ဝိညာဉ်စွမ်းအား ပေါင်းစပ်မှု ဖြစ်ပြီး အဆုံးစွန်သော ကာကွယ်မှုဟုလည်း ဆိုနိုင်သည့် ချီနယ်ပယ်ကာကွယ်ရေး နည်းစနစ် ဖြစ်သည်။
အကယ်၍ သူတို့သာ ဤချီနယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့လျှင် အရာအားလုံးသည် အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
လျူချင်းရီက ခံစားချက် မကောင်း၍ သူမ ဘေးရှိ အပြင်းထန်ဆုံး လျှို့ဝှက်လက်နက်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
သူမ၏ လျှို့ဝှက်လက်နက်မှာ ဝမ်ကျန်းပင် ဖြစ်သည်။
သူမက ဝမ်ကျန်းကို ကော်လာကနေ ဆွဲကိုင်လိုက်ပြီး အဝေးကိုပစ်လွှတ်လိုက်သည်။
အတားအဆီးကို ဝင်ရောက်ရာတွင် အာကာပြင်မုန်တိုင်းကို ဖြတ်ကျော်သည့် အတွေ့အကြုံရှိထားသော ဝမ်ကျန်းသည် ထိုအချိန်တွင် မမျှော်လင့်ဘဲ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ကိုးဆကြယ်၏ ပါရမီအရင့်သန်ဆုံး ကျင့်ကြံသူတစ်ဦးအနေဖြင့် သူသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
“လူမိုက်ပဲ”
ဝမ်လင်းအတုက မျက်လုံးများကို အသာအယာဖွင့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဝမ်ကျန်းတို့က ဤကဲ့သို့ တိုက်ခိုက်လာမည်ဟု သူလုံးဝမတွေးခဲ့မိပေ။
“ဝုန်း”
ဝမ်ကျန်းက ချီနယ်ပယ်နှင့် ထိမိသည့်အခိုက်တွင် ပေါက်ကွဲသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သို့ရာတွင်ဝမ်ကျန်းက ချီနယ်ပယ်ကို မဖြတ်ကျော်နိုင်ခဲ့ဘဲ အနောက်သို့သာ ပြန်ဆုတ်လိုက်ရသည်။
“ဒီတိုက်ခိုက်မှုလောက်က အသုံးဝင်မှာမဟုတ်ဘူး”
ဖန့်ရှင်းက ဝမ်လင်းအတု၏ နံဘေးတွင် ရပ်နေသည်။
မည်သည့်တိုက်ခိုက်မှုမဆို ဤချီနယ်ပယ်အား မဖြတ်ကျော်နိုင်မှန်း သူမ ကောင်းစွာသိထားခဲ့သည်။
ဝမ်လင်းအတုက အယောင်ဆောင်သာ ဖြစ်သော်လည်း ချီနယ်ပယ် ရှိနေသမျှ မည်သူမဆို သူ့အနီးသို့ ချဉ်းကပ်ရန် ခက်ခဲမည် ဖြစ်၏။
ယခုအခါတွင် သူသည် အဆုံးအစွန်သော တိုက်ခိုက်မှုကို ပြုလုပ်ရန်အတွက် လုံလောက်သော စွမ်းအားကို ဖြည့်ဆည်းထားခဲ့ပြီးပြီ ဖြစ်သည်။
သူထုတ်သုံးလိုက်သည်နှင့် ဤနေရာမှာရှိသော လူအားလုံးသည် သေပွဲဝင်ရပေလိမ့်မည်။
သူ၏တာဝန်မှာ ဤနေရာရှိ လူအားလုံးကို သတ်ဖြတ်ရန်ဖြစ်သည်။
“ဘုရင်ကြီးရဲ့ နူကလီးယားဗုံးပါလား”
သူတော်စင်အင်မော်တယ်ကျမ်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူတော်စင်အင်မော်တယ်ကျမ်း၏ ဖန်သားပြင်ကနေ တိုက်ပွဲကိုကြည့်ရှုနေသော ကျိုးရီသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိခဲ့သည်။
“ဒီနည်းစနစ်ကို ဘုရင်ကြီးရဲ့ နူကလီးယားဗုံးလို့ ခေါ်တယ်.. ပိုပြီး တိတိကျကျခေါ်ဝေါ်ရရင် မဟာဘုရင်ကြီးရဲ့ နူကလီးယားဗုံးလို့ ခေါ်ဝေါ်သင့်တယ်.. ဒါပေမဲ့ ဒီအတုအယောင်ကောင်က အယောင်ဆောင် ဖြစ်တဲ့အတွက် မဟာဘုရင်ဆိုတဲ့ ဘွဲ့နဲ့တော့ မထိုက်တန်ဘူး”
“ဒီနည်းစနစ်က ဘယ်လောက်တောင် အစွမ်းထက်လဲ”
ကျိုးရီက စိတ်ဝင်တစား မေးလိုက်သည်။
"သခင်ရဲ့ ကောင်းကင်တာအို မှော်စွမ်းရည်တွေထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေနိုင်တဲ့ စွမ်းရည်က အနည်းငယ်ပဲရှိတယ်.. အဆုံးသတ်မှာတော့ ဒီအတုကောင်က အယောင်ဆောင် တစ်ဦးပါပဲ.. ငါ့သခင်ရဲ့ အဆင့်ကိုတော့ မရောက်သေးဘူး.. ငါ့သခင်ဆိုရင် မှော်စွမ်းရည်တွေကို အတွေးတစ်ခုတည်းနဲ့တောင် ချက်ချင်း အသက်သွင်းနိုင်တယ်.. ဒီနည်းစနစ်က ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးဖို့ လုံလောက်တဲ့စွမ်းအားရှိတယ်.. အယောင်ဆောင်ကောင်ရဲ့ စွမ်းအင်စုစည်းထားတာကို သုံးသပ်ရရင် သူက ဒီမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး အတွင်းက လူတိုင်းကို ဖောက်ခွဲဖို့အတွက် စွမ်းအင် အကန့်သတ်ကို ချိန်ဆနေပုံရတယ်”
“မဟာဗျူဟာ လှည့်ဖြားမှုအထွေထွေရုံးက လူတိုင်းကို သတ်ဖြတ်ပစ်ဖို့လား.. ဒါက ဖြစ်နိုင်ပါ့မလား”
သူတော်စင်အင်မော်တယ်ကျမ်း မျှဝေခဲ့သည့် ကြေးမုံနန်းတော်နှင့် ပတ်သက်သည့် အချက်အလက်နှင့်အတူ ကျိုးရီသည် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။
“မစ္စတာကျိုးရီရဲ့ ခန့်မှန်းချက်က မှန်ပါတယ်.. တစ်ဖက်လူရဲ့ရည်ရွယ်ချက်က ဗုံးပစ်စီနီယာအင်မော်တယ်တို့ အဖွဲ့ကို ဗုံးခွဲဖို့ဖြစ်ပြီး သူတို့ကို အမှုထမ်းဖို့အတွက် ကြေးမုံနန်းတော်လောကအတွင်းမှာ ပြန်လည်ရှင်သန်လာစေဖို့ စီစဉ်နေဖွယ် ရှိတယ်”
“ဒါဆို ငါ့ဆရာအတုက ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ”
ကျိုးရီက တအံ့တဩ မေးလိုက်သည်။
သပ္ပံပညာရှင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်အကြောင်းအရင်းကို နားလည်ထားပြီးဖြစ်သော်လည်း သူ့ဆရာအတုနှင့် ဖန့်ရှင်းတို့ အဘယ်ကြောင့် ပေါ်လာရသည်ကို အဖြေရှာမရခဲ့ပေ။
ငါ့ရဲ့အလုံးစုံခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံပြီး ဒီကိစ္စကို 94.89% အထိ မှန်ကန်အောင် ခွဲခြမ်းစိတ်ဖြာထားတယ်.. သုတေသနဌာနမှာ ကလေးဘဝ ကတည်းက ကော်ဖျင် စောင့်ကြည့်ခဲ့တဲ့ ဖန့်ရှင်းရဲ့ DNA ရှိသလို စွမ်းအင်ကြိုးအဖြစ် အသုံးပြုခဲ့တဲ့သခင်ရဲ့ ဆံပင်တွေလည်းရှိတယ်.. မစ္စတာဖန့်ရှင်းက အင်မော်တယ်ရှဲဖီရဲ့ ကလေးဖြစ်တဲ့အတွက် ကော်ဖျင်က သုတေသနဌာနမှာ အချိန်အတော်ကြာ စောင့်ကြည့်ခဲ့သေးတယ်လေ.. တစ်ဖက်လူရဲ့ ကျောင်းသားဖန့်ရှင်းကိုပြန်ပေးဆွဲပြီး သိပ္ပံပညာရှင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အင်မော်တယ်ရှဲဖီကို ရှင်ပြန်ထမြောက်စေပြီး သူတို့လုပ်မယ့် ပရောဂျက်မှာ ဦးဆောင်သူအဖြစ် အသုံးပြုလိုတာ ဖြစ်မယ်”
“ငါ့သခင်နဲ့ ကျောင်းသားဖန့်ရှင်းတို့ရဲ့ အယောင်ဆောင်နှစ်ယောက်က ပုံတူကိုယ်ပွား စမ်းသပ်မှုရဲ့ ရလဒ်တွေ ဖြစ်ဖို့များတယ်”
“ပုံတူကိုယ်ပွားစမ်းသပ်မှုရဲ့ရလဒ်.. ဟုတ်လား.. တစ်ဖက်လူက လင်းကျန်းရန် စစ်တပ်ကို မွေးထုတ်ဖို့ စီစဉ်နေတာများလား”
ဤဖြစ်နိုင်ချေကို စဉ်းစားမိပြီး ကျိုးရီ၏ ဆံပင်များက ချက်ချင်းပင် ထောင်သွားခဲ့သည်။
“ငါ့သခင်ရဲ့ အတုအယောင်ကို အကဲခတ် ကြည့်ရသလောက်ကတော့ တစ်ဖက်အဖွဲ့အစည်းရဲ့ ပုံတူကိုယ်ပွား နည်းစနစ်က စမ်းသပ်ဆဲအဆင့်မှာပဲ ရှိသေးတာ ထင်ရှားနေတယ်.. ဒီပုံတူကိုယ်ပွားက စွမ်းရည် ဒါမှမဟုတ် စိတ်နေစိတ်ထားအရဖြစ်စေ ငါ့ရဲ့သခင်အစစ်နဲ့ သိသိသာသာ ကွာခြားနေတယ်.. ဒါပေမဲ့ ဒီ ပုံတူကိုယ်ပွားနည်းစနစ်သာ အောင်မြင်သွားရင်တော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ဖြစ်ပေါ်လာနိုင်တယ်”
ထို့နောက်တွင် သူတော်စင်အင်မော်တယ်ကျမ်းသည် သူခန့်မှန်းထားသည့် အရာများကို ဆက်ပြောလိုက်သည်။
“သူတို့ကငါ့သခင်ကို ပုံတူကိုယ်ပွားလုပ်နိုင်တာနဲ့ အချိန်တိုလေးအတွင်းမှာ စကြာဝဠာကို အကြီးစား တိုက်ခိုက်မှုတွေ ပြုလုပ်လာလိမ့်မယ်.. ဒီတိုက်ခိုက်မှုရဲ့အခြေခံအဖြစ် ဂြိုဟ်အသီးသီးကို ပုံတူကိုယ်ပွား အမြောက်အမြား ဖြန့်ကြပ်လာလိမ့်မယ်.. ငါ့ရဲ့ တွက်ချက်မှုအရဆိုရင်တော့ ငါ့သခင်ရဲ့ ပုံတူကိုယ်ပွားစစ်တပ်က ခေါက်ဆွဲခြောက် ဂလက်ဆီကို ပထမဆုံးတိုက်ခိုက်ဖို့ 99%အခွင့်အလမ်းရှိတယ်.. ဒီခေါက်ဆွဲခြောက် ဂလက်ဆီကို ငါ့သခင်ငယ်ငယ်က အမှန်မထင် ဖန်တီးမိခဲ့တာပဲ.. သူက မူရင်းအရသာ ခေါက်ဆွဲခြောက်ထုပ်တွေကို ပုံတူကိုယ်ပွားမှော်စွမ်းရည်ကို အသုံးပြုပြီး အာကာသထဲကို ပို့လွှတ်ပစ်လိုက်တယ်.. နှစ်ကာလ ကြာမြင့်တဲ့အခါမှာ ခေါက်ဆွဲခြောက်ထုပ်တွေက အဆက်မပြတ် ပုံတူပွားလာပြီး ခေါက်ဆွဲခြောက် ဂလက်ဆီကြီး ဖြစ်လာခဲ့တယ်”
“..........”
“ဒါပြင် လက်ရှိချိန်မှာ ခေါက်ဆွဲခြောက် ဂလက်ဆီက ဂြိုဟ်သားတွေ အသက်ရှင်ဖို့ အားကိုးအားထားပြုရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာခဲ့ပြီ.. ခေါက်ဆွဲခြောက်ထုပ်ထဲက ငရုပ်ကောင်းမှုန့်ကလည်း အပူချိန်ကို ထုတ်ပေးတာကြောင့် ခေါက်ဆွဲခြောက်ဂလက်ဆီက ကြယ်ပွင့်လို လင်းလက်တောက်ပနေခဲ့တယ်.. ခေါက်ဆွဲခြောက် ဂလက်ဆီမှာ သက်ရှိများစွာလည်း ဖြစ်ပေါ်လာခဲ့တယ်”
ကျိုးရီ “..........”
“သူတို့တွေက ခေါက်ဆွဲခြောက်တွေကို ရိတ်သိမ်းပြီး တခြားဂလက်ဆီတွေကို အရောင်းအဝယ် လုပ်ကြတယ်.. လက်ရှိအချိန်မှာဆိုရင် ခေါက်ဆွဲခြောက်ဂလက်ဆီရဲ့ စီးပွားရေးက နတ်တာအိုကြယ်ပြီးရင် စကြာဝဠာမှာ ဒုတိယအကြီးဆုံးစီးပွားရေးတောင် ဖြစ်နေခဲ့ပြီ”
ကျိုးရီက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
“..........”
“ဒါပေမဲ့ ငါ့ရဲ့သခင်က သူငယ်ငယ်က လုပ်ခဲ့တဲ့လုပ်ရပ်ကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့တယ်.. သူက စာကျက်ဖို့နဲ့ သိုသိုသိပ်သိပ် နေထိုင်ဖို့အတွက်ပဲ ဦးစားပေးခဲ့တဲ့ အတွက် သူ့ရဲ့မရည်ရွယ်တဲ့ လုပ်ရပ်တစ်ခုက စကြာဝဠာအတွင်းမှာ သက်ရှိအသစ်တွေ ဖန်တီးခြင်းအဖြစ်ကို အမှန်တကယ် ဦးတည်သွားလိမ့်မယ်လို့ သူဘယ်တုန်းကမှ ထင်မိမှာမဟုတ်ဘူး.. ဒါ့အပြင် သူကြီးပြင်းလာတာနဲ့အမျှ ခေါက်ဆွဲခြောက်ထုပ်နဲ့ ပတ်သက်တဲ့ အရသာအမျိုးမျိုးကို လိုချင်တောင့်တတဲ့စိတ်ကြောင့် သူ့ရဲ့ဘဝမှာ အမြဲစွဲစွဲလမ်းလမ်း ဖြစ်ခဲ့တဲ့ မူလအရသာ ခေါက်ဆွဲခြောက်ထုပ်ပေါ် ထားရှိတဲ့စိတ်ကို တဖြည်းဖြည်း မေ့ပျောက်သွားခဲ့တယ်.. ဒါကလည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့ အကြောင်းအရင်းတစ်ခုပဲ”
သူတော်စင်အင်မော်တယ်ကျမ်းက သက်ပြင်းချလိုက်သည်။
“ငါ့သခင်ရဲ့ ကိုယ်ပွားစစ်တပ်တစ်ခု ထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် အဲဒီကိုယ်ပွားစစ်တပ်က ခေါက်ဆွဲခြောက်ဂလက်ဆီကို အရင်ဦးဆုံး တိုက်ခိုက်လိမ့်မယ်.. အဲဒီအခါကျရင် စကြာဝဠာရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကြီး ပြိုလဲသွားတာနဲ့အမျှ နတ်တာအိုကြယ်ကလည်း စကြာဝဠာ တစ်ခုလုံးရဲ့ စီးပွားရေးစနစ်ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး”
ကျိုးရီ “..........”
သူတော်စင်အင်မော်တယ်ကျမ်း“အဲဒီအချိန်ကျရင် ခေါက်ဆွဲခြောက်ဂလက်ဆီ ပြိုကျသွားခြင်းနဲ့အတူ စကြာဝဠာကြီးက အစာရေစာ ပြတ်လတ်သွားပြီး ဂြိုဟ်အသီးသီးမှာ အစာငတ်မွတ်ခြင်းဘေးတွေ ကြုံရလိမ့်မယ်.. အငတ်ဘေးက စကြာဝဠာတစ်ခွင်ကို စစ်မီးတွေ တောက်လောင်စေလိမ့်မယ်.. ဂြိုဟ်အသီးသီးက ဂြိုဟ်သားတွေက အရင်းအမြစ်တွေရယူဖို့အတွက် စစ်ပွဲတွေဆင်နွဲလိမ့်မယ်.. အကျိုးဆက်အနေနဲ့ သက်ရှိအများအပြား သေဆုံးရလိမ့်မယ်.. အဆုံးသတ်မှာ စကြာဝဠာတစ်ခုလုံးက ကမ္ဘာမြေကြီးကို စစ်ကြေညာမှာဖြစ်ပြီး စစ်မက်ခေတ်တစ်ခုကို မလွဲမရှောင်သာ အစပြုလာရလိမ့်မယ်.. ဒါ့အပြင် ငါ့သခင်ရဲ့ ပုံတူကိုယ်ပွား စစ်တပ်ကြီးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကမ္ဘာမြေကြီးလည်း ပျက်စီးသွားရလိမ့်မယ်”
ကျိုးရီ “..........”
အပိုင်း(၉၉၈) ပြီး၏