အမေကျွမ့်၏အိပ်မက်
Vol. 67 Ch. 1001
အမေကျွမ့်သည် အမှတ်၆၀ အထက်တန်းကျောင်း၏ မီးဖိုဆောင် အန်တီကြီးဖြစ်သော်လည်း ဤကမ္ဘာတွင် သူမသည် လက်တွေ့ကမ္ဘာထက် များစွာ နုပျိုလှပနေသည်။
သူမက အရမ်းလှနေသော်လည်း ဝမ်လင်းက တကယ့်အမေကျွမ့်ကသာ ပို၍ ချစ်စရာကောင်းသည်ဟု ခံစားမိသည်။
ယခုအခါတွင် သူမသည် အနံ့ရှောင် ဟင်းလျာလမ်းစဉ်ကို လျှောက်လှမ်းနေခဲ့သော်လည်း အမှန်တကယ်တွင် သူမထံ၌ ရည်ရွယ်ချက်ကောင်း ရှိခဲ့သည်။
“မွန်းတည့်နေပြီ.. မင်းတို့တွေ ဘာမှ မစားရသေးဘူးမလား.. နေ့လည်စာ စားဖို့ ငါနဲ့အတူ ကန်တင်းကို လိုက်ခဲ့ကြပါလား”
အမေကျွမ့်က ပြုံး၍ ပြောလိုက်သည်။
“အဆင်ပြေပါ့မလား”
ဝမ်မင်က မေးလိုက်သည်။
“မင်းတို့တွေက တကယ်ထူးဆန်းတယ်.. အရှုံးသမားအခန်းက အားနည်းတဲ့ ကျောင်းသားတွေကို သိမ်သိမ်မွေ့မွေ့ မြင်ရတာ ဒါပထမဆုံးပဲ.. မင်းတို့က အရှုံးသမား အားလုံးထဲမှာ အထက်တန်းစား ဖြစ်တယ်ဆိုတာ ထင်ရှားနေတယ်.. ဒါကြောင့်ပဲ မင်းတို့ရဲ့ ကျောင်းဝတ်စုံနောက်ကျောမှာ အထက်တန်းစားဆိုတဲ့ စာလုံးကို ရေးထားပုံရတယ်”
အမေကျွမ့်က ပြောလိုက်သည်။
ဝမ်လင်း “..........”
ထိပ်တန်းဟူသော စကားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဤနေရာတွင် အက်ပ်ဒိတ်လုပ်ထားသည်အား တွေ့လိုက်ရသည်။
ဤကြေးမုံနန်းတော်သည် တကယ်ကိုဆန်းကြယ်သော ကမ္ဘာတစ်ခု ဖြစ်သည်။
“ကောင်းပြီလေ.. ငါတို့တွေ ထမင်းသွားစားရအောင်”
ဝမ်မင်က ပြောလိုက်သည်။
“ဒါဆို ငါ့ကိုခဏစောင့်.. ငါ ရေခဏ သွားချိုးလိုက်ဦးမယ်”
အမေကျွမ့်က ပြောလိုက်သည်။
“ကောင်းပါပြီ”
မိန်းကလေးကျွမ့်အာက အမျိုးသမီး ရေချိုးခန်းသို့ အလျင်အမြန် ပြေးသွားပြီးနောက် စက္ကန့် အနည်းငယ်အကြာမှာပင် ပြန်ထွက်လာခဲ့သည်။
ဝမ်မင် အံ့အားသင့်သွားခဲ့သည်။
“ဒီလောက်တောင်မြန်တယ်လား”
မိန်းကလေးကျွမ့်အာ “မင်းလည်း မတ်တပ်ထရပ်ပြီး ပေါက်ရင် မြန်မှာပဲလေ”
လူတိုင်း “..........”
ဝမ်လင်း၏ ခြေရင်းနံဘေးရှိ ထွင်ထျန်းဟာသည် ဤကမ္ဘာကြီးကို တုန်လှုပ်သွားခဲ့သည်။
ဤကမ္ဘာတွင် မိန်းကလေးများသည် မတ်တပ်ရပ်ပြီး သေးပေါက်သည်။
အမေကျွမ့်၏ စကားအရဆိုလျှင် ယောက်ျားလေးများသည် ဆောင့်ကြောင့်ထိုင်၍ သေးပေါက်သည်ဟု ဆိုလိုနေသည် မဟုတ်ပါလော။
“ဒါက ဘယ်လိုထူးဆန်းတဲ့ကိစ္စကြီးလဲ”
ကျွမ့်အာက ဝမ်လင်းတို့အဖွဲ့ကို ကန်တင်းတွင်စားရန် ဖိတ်ကြားခဲ့သည်။
ထိုအခါမှပင် ဝမ်လင်းသည် ကန်တင်းထဲ၌ ဆရာအများအပြား ရှိနေကြာင်း သိလိုက်ရသည်။
ဆရာဆရာမများက ဝမ်လင်းတို့ကို မြင်သောအခါတွင် အရှုံးသမားအခန်းမှ ကျောင်းသားများ ဖြစ်ကြောင်း သိကြသော်လည်း ညိုညင်ခြင်း မရှိကြပေ။
လက်တွေ့ကမ္ဘာမှာကဲ့သို့ အထင်သေးသည့် ဆရာများ မရှိသော်လည်း ကြေးမုံနန်းတော်ရှိ စနစ်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေခဲ့သည်။
စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုခြင်းသည် အတိုင်းအတာ ရှိသင့်သည် မဟုတ်လော။
သို့ရာတွင် ဝမ်လင်းသည် ဤကိစ္စအားလုံး၏ နောက်ကွယ်မှလူက မည်သူဖြစ်ကြောင်း မသိသေးပေ။
“ဘာလို့ ဆရာဆရာမတွေက အလုပ်မှာ ရှိနေသေးတာလဲ”
“ကျောင်းသားတွေက တနင်္လာနေ့ကနေ သောကြာနေ့အထိ အနားယူကြပေမဲ့ ဆရာတွေကတော့ သင်ကြားရမယ့်သင်ခန်းစာတွေကို ပြင်ဆင်ဖို့ အချိန်ပို လေ့ကျင့်ခန်းတွေ လုပ်ရတယ်”
ထိုစကားကို ကြားသောအခါတွင် ဝမ်လင်း၏နှလုံးသားက လေးလံသွားခဲ့သည်။
ဤကမ္ဘာတွင် ဆရာဖြစ်ရသည်က အလွန်သနားစရာကောင်း၏။
လက်တွေ့ကမ္ဘာရှိ အလုပ်ချိန်စနစ်သည် လူသားဆန်ခြင်းမရှိသော်လည်း ဤကမ္ဘာနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။
ဝမ်လင်း တွေးထားသလိုပင် အမေကျွမ့်၏ ဟင်းပွဲများသည် ကြေးမုံနန်းတော်ထဲတွင် ပုံမှန်သာဖြစ်သည်။
ဟင်းပွဲများက လက်တွေ့ကမ္ဘာလောက် မကောင်းသော်လည်း အနည်းဆုံးတော့ အဆိပ်မရှိပေ။
ဝမ်လင်းက အမေကျွမ့်၏ ကြက်စွပ်ပြုတ်ကို သောက်ကြည့်လိုက်ပြီးနောက် အနည်းငယ် ပေါ့နေသည်ကို သတိထားမိသည်။
ဟင်းပွဲက အဆိပ်မရှိသော်လည်း အရသာက ဆိုးရွားသည်။
လက်တွေ့ကမ္ဘာတွင်မူ အရသာရှိပြီး ကြည့်ကောင်းသော်လည်း လူကို အဆိပ်သင့်စေနိုင်၏။
အမှတ်၆၀ အထက်တန်းကျောင်းမှ အမေကျွမ့်၏ ဟင်းလျာ၊ ချန်းချောင်၏ ပါးစပ်၊ ကော်ဟောက်၏ဦးလေးများ စသည့်အရာအားလုံးသည် လျှို့ဝှက်လက်နက်များ ဖြစ်သည်။
ဤလျှို့ဝှက်လက်နက်များသည် ကောင်းကင်တာအိုကိုပင် ပြိုင်ဆိုင်နိုင်သည်ဟု ဝမ်လင်း ခံစားမိသည်။
“ဆရာဖြစ်ရတာ အရမ်းခက်တာပဲ”
ဝမ်မင်က စားသောက်နေရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
ဝမ်မင်က ကျောင်းကို တစ်ခါမှ မတက်ဖူးခဲ့ပေ။
ဥက္ကဌချီက သူလေးနှစ်သားအရွယ်မှာပင် သူ့ကိုသတိထားမိပြီး သူ့ကို ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ဥက္ကဌချီ၏ လမ်းညွှန်မှုအောက်တွင်သာ ကြီးပြင်းလာခဲ့ရသည်။
သူ့အသက်ငါးနှစ်ပြည့်သည့်နှစ်မှာပင် ကျင့်ကြံခြင်းကျောင်း၏ ပရိုဂရမ်အားလုံးကို ပြီးမြောက်ခဲ့သည်။
သူရရှိသော ဒီပလိုမာများနှင့် လက်မှတ်များအားလုံးသည် တစ်အိမ်လုံး၏ နောက်ခံပုံအဖြစ်ပင် အသုံးပြုနိုင်သည်။
ဆိုရလျှင် ဝမ်မိသားစုညီနောင် နှစ်ယောက်အတွက် လေ့လာသင်ယူခြင်းသည် ခက်ခဲပုံမရပေ။
သို့သော် သင်ယူမှုအပေါ်တွင် ထားရှိသည့် သဘောထားများကမူ ကွဲလွဲမှုများရှိသည်။
ဝမ်မင်က သူ့ကိုယ်သူ မထူးချွန်တော့မည်ကို ကြောက်ရွံ့၍ သင်ယူခြင်း ဖြစ်သည်။
ဝမ်လင်းကမူ အမှတ်ပြည့်ရ၍ လူအများ အာရုံစိုက်ခံရမည်ကို ကြောက်ရွံ့၍ အလယ်အလတ် ရလဒ်ကို ဖန်တီးနိုင်ရန်အတွက် ဂရုတစိုက် သင်ယူခြင်း ဖြစ်သည်။
သူ၏နာကျင်မှုမျိုးကို မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။
ဝမ်လင်းက သက်ပြင်းချ၍ ဝိုင်ကို မေ့သောက်လိုက်သည်။
ဝိုင်က လည်ချောင်းတလျှောက် လျှောဆင်းသွားရာ လည်ချောင်းထဲတွင် ပူခနဲ ဖြစ်သွားခဲ့သည်။
စမ်းသပ်မှုက တစ်ခဏအတွင်း ပြီးစီးသွား၏။
အမှန်တရားမှာ ဝမ်လင်းတို့အဖွဲ့သည် ကြေးမုံနန်းတော်နှင့်ပတ်သက်၍ အမေကျွမ့်ကို မေးမြန်းရန်အတွက် မည်သို့ စကားစရမှန်း မသိခဲ့ပေ။
နာရီဝက်ခန့်အကြာတွင် စားသောက်ဆိုင်ထဲရှိ အခြားသူအားလုံးနီးပါး ထွက်သွားခဲ့သည်။
ထို့နောက်တွင် အမေကျွမ့်သည် တိတ်ဆိတ်မှုကို ပထမဆုံးချိုးဖျက်လိုက်သည်။
“တကယ်တော့ မင်းတို့တွေက ဒီကမ္ဘာက မဟုတ်ဘူးမို့လား”
ထိုမေးခွန်းကိုကြားလျှင် ဝမ်လင်းတို့ လူစုက တိတ်ဆိတ်သွားကြသည်။
သူတို့က သူတို့၏အသွင်အပြင်ကို အပြစ်ကင်းစင်သည့်ဟု ထင်ခဲ့ကြသည်။
ထို့ကြောင့် သူတို့ကို ဖမ်းမိစရာ ဘာအကြောင်းမှမရှိပေ။
“စိတ်မပူပါနဲ့.. ငါက မင်းတို့ကို အန္တရာယ်မပေးပါဘူး.. မင်းတို့တွေကို သံသယရှိသွားတာက ဒီကမ္ဘာကြီးမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသူတွေရဲ့ ခံစားချက်ကြောင့်ပဲ.. ဒါ့အပြင် တခြားသူတွေနဲ့ယှဉ်ရင် မင်းတို့က ထူးခြားတယ်လို့ ငါခံစားခဲ့ရတယ်.. ဒီကမ္ဘာမှာ နေထိုင်တဲ့လူတွေက ရုပ်သေးရုပ်တွေလို ဖြစ်နေတာကို မင်းတို့ သတိပြုမိမှာပါ.. သူတို့က ရှင်ပြန်ထမြောက်လာတဲ့သူတွေ ဖြစ်ပေမဲ့လည်း လူသေတစ်ယောက်နဲ့ ဘာမှမခြားဘူး”
“ဒီလူတွေက သေပြီးသား လူတွေဆိုတာ မင်းဘယ်လိုသိတာလဲ”
ဝမ်မင်က မေးခွန်း၏အဖြေကို အလွန်ပင် သိချင်နေခဲ့သည်။
“ဒီကမ္ဘာကြီးမှာ မွေးဖွားလာကတည်းက တစ်စုံတစ်ရာ မူမမှန်သလို ခံစားခဲ့ရတယ်.. ငါ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေက ဂိမ်းတစ်ခုရဲ့ NPC နဲ့ဆင်တူတယ်.. သူတို့က နေ့စဉ်နေတိုင်း ပြောနေကျစကားကိုပဲ ပြောကြတယ်.. သူတို့က ဒီကမ္ဘာထဲကို ဝင်ရောက်လာကြပြီး ကမ္ဘာသစ်နဲ့ အတူ မျှဝေထားတဲ့အရင်းအမြစ်ကို ခံစားခဲ့ရတယ်.. ကြောက်စရာအကောင်းဆုံးအပိုင်းက သူတို့က အသက်ကြီးလာမှာ မဟုတ်ဘူး.. ဒီကမ္ဘာကြီးရဲ့ အခြေခံအုတ်မြစ်ကို ငါမှန်းဆနေခဲ့မိတယ်.. ဒီနေ့မင်းကိုတွေ့လိုက်မှပဲ ငါ့ရဲ့မှန်းဆချက် မှန်နေတာကို သိလိုက်ရတယ်.. တခြားကမ္ဘာမှာ ငါရှိခဲ့ရင် ငါဘယ်လိုဖြစ်နေမလဲလို့ တွေးဖူးတဲ့အချိန်တွေ ရှိခဲ့တယ်”
“ဒီကမ္ဘာကြီးရဲ့အခြေအနေကို မင်းသိသလောက် ငါတို့ကို မြန်မြန်လေးပြောပြစမ်းပါ”
အခြေအနေက လျင်မြန်စွာ တိုးတက်လာမည်ဟု ကော်ဖျင်မမျှော်လင့်ခဲ့ပေ။
ထို့ကြောင့် သူက အမေကျွမ့်ကို အနည်းငယ် လောလိုက်သည်။
“ငါငယ်ငယ်တုန်းက ဒီကမ္ဘာမှာ ထူးဆန်းတဲ့ အဆောက်အဦးတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်.. အဲဒီ အဆောက်အဦးတွေကို မင်းတို့မြင်ဖူးကြမှာပါ.. အိပ်မက်အိမ်လို့ ခေါ်ကြတယ်.. သေလွန်သူတွေရဲ့ ဝိညာဉ်တွေကို စုဆောင်းဖို့အတွက် ဒီအဆောက်အဦးတွေက နေရာအနှံ့မှာ မှိုပေါက်သလို ပေါ်လာခဲ့တယ်.. အဲဒီအချိန်ကစပြီး ဒီကမ္ဘာမှာ အနက်ရောင်အရိပ် ဝတ်စုံဝတ်လူတွေ ပိုများလာတယ်.. အိပ်မက်အိမ်တွေရဲ့တည်ရှိမှုကြောင့် ဒီကမ္ဘာပေါ်မှာရှိတဲ့ ဒေသခံတွေက သူတို့ရဲ့ခံယူချက်ကို တဖြည်းဖြည်း မေ့လျော့သွားကြတယ်”
ထိုစကားကိုပြောပြီးနောက်တွင် အမေကျွမ့်က သူမ၏ လက်မှအမှတ်အသားကို ပြလိုက်သည်။
“ဒါက အိပ်မက်အိမ်ရဲ့ အမှတ်အသားပဲ.. ဒီကမ္ဘာကြီးမှာရှင်သန်နိုင်ဖို့ ဒီအမှတ်အသားအတွက် ငွေအများအပြား သုံးစွဲခဲ့ရတယ်.. ဒီအမှတ်အသား ငါ့မှာရှိသရွေ့ ငါ့ရဲ့မှတ်ဉာဏ်တွေကို ပေါင်းစပ်နိုင်မှာ မဟုတ်ဘူး”
“ဒါဆို ဒီကြေးမုံနန်းတော်ကမ္ဘာကို တစ်ယောက်ယောက်ကကျူးကျော်လာတာလား”
ကော်ဖျင်က တအံ့တဩ မေးလိုက်သည်။
ထိုစကားကိုကြားရသောအခါတွင် ဝမ်လင်းတို့်ကလည်း ထိတ်လန့်သွားကြသည်။
ဤသည်မှာ ဆယ်စုနှစ်များစွာကြာအောင် စေ့စပ်သေချာစွာစီစဉ်ထားသည့် အစီအစဉ်တစ်ခု ဖြစ်မည်ဟု မည်သူမျှမမျှော်လင့်ထားခဲ့ပေ။
“ဟုတ်တယ်”
အမေကျွမ့်က ခေါင်းညိမ့်လိုက်သည်။
“ဒါနဲ့ငါ မကြာခဏမက်တဲ့ အိပ်မက်တစ်ခု ရှိတယ်.. ငါကတခြားကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် အိပ်မက်မက်နေသလိုပဲ..အဲဒီအိပ်မက်ထဲမှာတော့ ငါက ထမင်းချက်အန်တီကြီး တစ်ယောက်ပေါ့”
“..........”
ထို့နောက်သူမက ဝမ်လင်းကို စူးစမ်းသောအမူအရာဖြင့် ကြည့်လိုက်သည်။
“အိပ်မက်ထဲမှာမြင်ရသလောက် ပြောရရင် တခြားကမ္ဘာမှာ မင်းက ငါ့ကို သိနေပုံရတယ်”
အမေကျွမ့်က ပြုံး၍ ပြောလိုက်သည်။
“ဒါက သိပ်ကို ထူးဆန်းတဲ့အိပ်မက်တစ်ခုပဲ.. အိပ်မက်ထဲမှာတော့ သူမက တစ်ခုခုကို အသက်စွန့်လုပ်ဆောင်နေတယ်”
“အသက်စွန့်လုပ်ဆောင်နေတဲ့ကိစ္စ.. ဟုတ်လား”
“ဟုတ်တယ်.. သူမက ဟင်းပွဲအသစ်တွေ တီထွင်နေတာကို ငါသိလိုက်ရတယ်.. အဲဒီ ဟင်းပွဲတွေကို မြည်းစမ်းတဲ့အခါ သူမကိုယ်သူမ အဆိပ်သင့်လုနီးပါပဲလေ”
“..........”
အပိုင်း(၁၀၀၁) ပြီး၏