← Chapters

အဖေနှင့်သား၏ မပြောဘဲသိသာသော နားလည်မှု

Vol. 67 Ch. 1003

အဖေနှင့်သား၏ မပြောဘဲသိသာသော နားလည်မှု

Vol. 67 Ch. 1003

သူ၏မှတ်ဉာဏ်များ ပြောင်းလဲပြီးနောက်တွင် အင်မော်တယ်ရှဲဖီသည် အဖြူရောင်ညမှော်စွမ်းရည်ကို မေ့သွားလောက်ပေသည်။

သို့သော် ထိုစွမ်းရည်၏ အခြေခံအုတ်မြစ် ဖြစ်သည့် မြွေပုံစံကို သူ့စိတ်ထဲမှ ဖျောက်ဖျက်၍မရနိုင်သည်မှာ သေချာသည်။

ဤသည်မှာ သူတီထွင်ခဲ့သော မှော်နည်းစနစ်အားလုံး၏ မူလအရင်းအမြစ် ဖြစ်သောကြောင့် ဖြစ်သည်။

သူ၏မြွေသဏ္ဍာန်နည်းစနစ် မှတ်ဉာဏ်ကို နှောင့်ယှက်ခဲ့မည်ဆိုလျှင် သူ၏စွမ်းအားများအားလုံးကို ဆုံးရှုံးသွားရမည် ဖြစ်ရာ ပိုင်ယိုချွမ်က ထိုသို့ မဖြစ်စေချင်သည်မှာ သေချာနေသည်မဟုတ်ပါလော။

ဖန့်ရှင်းက ငယ်စဉ်ကတည်းကပင် မြွေအသွင်သဏ္ဍာန်နည်းစနစ်ကို ကျင့်ကြံခဲ့သောကြောင့် ပါးစပ်ကို ပြဲနေအောင် ဖွင့်နိုင်ခဲ့သည်။

“မြွေနည်းစနစ်ကို ဘယ်လိုသိနေတာလဲ”

ပကတိအင်မော်တယ်ရှဲဖီက ဖန့်ရှင်းကို တအံ့တဩ စိုက်ကြည့်နေခဲ့သည်။

မြွေအသွင်သဏ္ဍာန် နည်းစနစ်သည် သူ့မှော်ပညာရပ်အားလုံး၏ အရင်းအမြစ် ဖြစ်သည်။

ယုတ္တိကျကျပြောရလျှင် ထိုနည်းစနစ်ကို အပြင်လူများသိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူလက်ထပ်ပြီးလျှင် ဤမှော်နည်းစနစ်ကို သူ၏မျိုးဆက်များထံ လက်ဆင့်ကမ်းရန် စီစဉ်ထားခဲ့သည်။

“အဖေ ကျွန်တော်ပြောသမျှကို ယုံမှာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိတယ်.. ဒါပေမဲ့ ကျွန်တော်နဲ့ တိုက်ခိုက်ကြည့်လိုက်ရင် ကျွန်တော့်စကား မှန်မမှန် အဖေသိလာလိမ့်မယ်”

ဖန့်ရှင်းက ပြောလိုက်သည်။

ပကတိအင်မော်တယ်ရှဲဖီက သူ့တစ်သက်တာ၏ နောက်ဆုံးအခိုက်အတန့်တွင် ဆဲလ်မျိုးပွားဆဲ ဖြစ်စဉ်အတွင်း သူ၏မှော်အတတ်အချို့ကို ဖန့်ရှင်းထံ လွှဲပြောင်းပေးခဲ့သောကြောင့် သူသည် မြွေအသွင်ယူနည်းစနစ်၏ မှတ်ဉာဏ်အဖြစ် မွေးဖွားလာခဲ့သည်။

ထို့ကြောင့် ထိုနည်းစနစ်သည် ဖန့်ရှင်း၏ အရိုးအသားထဲမှ အမွေဆက်ခံခဲ့သောအရာ ဖြစ်၍ ထိုနည်းစနစ်ကို အခြားမည်သူမှ အတုမခိုးနိုင်ဟုပင် ဆိုရမည် ဖြစ်သည်။

သူတို့၏ ဆက်ဆံရေးကို အကောင်းဆုံးသက်သေပြနေသည့် အချက်တစ်ချက်လည်းဖြစ်သည်။

“ဒီအခန်းမှာက မှော်နည်းစနစ် အသုံးပြုတာကို ကန့်သတ်ထားတဲ့ ကန့်သတ်အစီအရင် တစ်ခုရှိတယ်.. ငါတို့တွေ ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်မှာလဲ”

အင်မော်တယ်ရှဲဖီက ပြောလိုက်သည်။

“ဒါက လွယ်ပါတယ်.. စကားနဲ့ပဲ ကျွန်တော်တို့ တိုက်ခိုက်ကြတာပေါ့”

ခဏမျှစဉ်းစားပြီးနောက်တွင် ဖန့်ရှင်းသည် အင်မော်တယ်ရှဲဖီကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။

“အဖေ.. ကျွန်တော်သိုင်းကွက်စတော့မယ်”

အင်မော်တယ်ရှဲဖီ “???”

ထို့နောက်တွင် ဖန့်ရှင်းသည် သူ၏လျှာကို သွက်သွက်လက်လက်ပင် စတင် အသုံးပြုခဲ့သည်။

“ကျွန်တော်က စကားပြောနေရင်းနဲ့ အဖေရဲ့ဝမ်းဗိုက်ကို ဘယ်ဘက်ခြေထောက်နဲ့ ရုတ်တရက် ကန်လိုက်တယ်.. ကျွန်တော့်ရဲ့ခြေထောက်က နတ်မြွေရဲ့လှုပ်ရှားနေတဲ့အမြီး ဖြစ်ပြီး မရေမတွက်နိုင်တဲ့ ပုံရိပ်တွေ ဖြစ်လာတယ်.. အဖေက နတ်ဆိုးစိတ်တစ္ဆေ ခြောက်လှန့်ခံရသလိုမျိုး ဘယ်အရာကအစစ် ဘယ်အရာက အတုလဲဆိုတာ မပြောနိုင်တော့ဘူး”

အဆုံးသတ်တွင် စကားနှင့်တိုက်မည် ဟူသည့် ဖန့်ရှင်း၏ အဓိပ္ပါယ်ကို အင်မော်တယ်ရှဲဖီက နားလည်သွားခဲ့သည်။

“ဒါပေမဲ့ မင်းမမျှော်လင့်ထားတာက ဘယ်ဘက်ခြေထောက်နဲ့ ငါ့ကို ကန်လိုက်တာနဲ့ မင်းရဲ့ညာဘက်ခြေထောက်က တိုက်ခိုက်ခံရမှာကိုပဲ.. ငါက မူးရစ်ခြေလှမ်းနဲ့ စက်ဝိုင်းပုံစံရွေ့လျားပြီး မင်းရဲ့နောက်ကို အလျင်အမြန် ရောက်သွားမယ်.. ပြီးရင် ငါ့ရဲ့ခြေထောက်နှစ်ဖက်လုံးနဲ့ မင်းရဲ့ညာဘက်ခြေထောက်ကို ရစ်ပတ်လိုက်မယ်.. ငါ့ရဲ့ ပေါင်းစပ်ခန္ဓာကိုယ်နည်းစနစ်တွေကြောင့် မင်းကိုချုပ်နှောင့်ဖို့အတွက် မင်းရဲ့ခေါင်းကို ချုပ်ဖို့ ငါ့လက်တွေကို ဆန့်ထုတ်လိုက်မယ်”

ဖန့်ရှင်း “အဖေရဲ့တုံ့ပြန်မှုနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ နည်းစနစ်တွေက တကယ့်ကို ထူးခြားတဲ့အတွက် ဘယ်သူ့ကိုမဆို ခြိမ်းခြောက်နိုင်ပါတယ်.. ဒါပေမဲ့ ငယ်စဉ်ကတည်းက မြွေအသွင်သဏ္ဍာန် နည်းစနစ်ကို ကျင့်ကြံခဲ့တဲ့အတွက် ကျွန်တော့်ကိုတော့ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. အဖေက ကျွန်တော့ကိုချုပ်ထားခဲ့ရင်တောင် ကျွန်တော်ကခန္ဓာကိုယ်ကို ဖြေလျော့ပြီး အပြင်ဘက် အရေပြားကို ချွတ်ချလိုက်ရုံပဲ”

“မင်းက အရေပြားကို ချွတ်ချလိုက်မယ်.. ဟုတ်လား.. မင်းကတကယ်ကြီး အရေပြားချွတ်နိုင်တာလား”

အင်မော်တယ်ရှဲဖီက အံ့ဩသွားခဲ့သည်။

သူ့ရှေ့မှလူငယ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူနှင့် ထူးထူးခြားခြား ဆင်တူနေခဲ့သည်။

ထိုနည်းစနစ်များသည် တူညီသောပုံစံခွက်ထဲမှ ထုတ်လုပ်သည်ဟုပင် ဆိုနိုင်လောက်သည်။

စကားတိုက်ပွဲပြီးနောက်တွင် ဖန့်ရှင်းသည် သူ၏ဖခင် အင်မော်တယ်ရှဲဖီက သူ၏အထောက်အထားအမှန်ကို ယုံကြည်လာမည်ဟု ထင်ခဲ့သည်။

အင်မော်တယ်ရှဲဖီ၏ မှတ်ဉာဏ်များ ပြောင်းလဲသွားပြီးနောက်တွင် ပိုင်ယိုချွမ်သည် အနက်ရောင်အရိပ် အဖွဲ့အစည်းအတွက် သုတေသန လက်ပါးစေတစ်ဦး ဖြစ်လာစေရန် တွန်းအားပေးခဲ့သည်။

သို့သော် ဖန့်ရှင်းသည် သူ့အဖေက ဤမျှ မလွယ်ကူလောက်ဟု ယုံကြည်ခဲ့သည်။

အင်မော်တယ်ရှဲဖီသည် တစ်ချိန်က နည်းစနစ်အမျိုးမျိုးကို ကျင့်ကြံခဲ့သူ ဖြစ်သည်။

အနက်ရောင်အရိပ်စစ်တပ်က သူ့အဖေ၏ မှတ်ဉာဏ်များကို နှောင့်ယှက်ထားသော်လည်း ဖန့်ရှင်းသည် သူ့အဖေ အလိုရှိသရွေ့ ထိုမှတ်ဉာဏ်များကို သေချာပေါက် ပြန်ရနိုင်မည်ဟု ယုံကြည်ခဲ့သည်။

ရှင်ပြန်ထမြောက်အပြီးတွင် အင်မော်တယ်ရှဲဖီသည် ကလေးမရှိသည်ကိုသာ အမှတ်ရနေခဲ့သည်။

သို့သော် ဖန့်ရှင်း၏ အမူအရာတိုင်းသည် သူနှင့် အံ့အားသင့်ဖွယ်ရာ ဆင်တူနေခဲ့၏။

ထိုအခိုက်တွင် အင်မော်တယ်ရှဲဖီသည် သူ့ကိုယ်သူ စတင် သံသယ ဝင်လာခဲ့သည်။

"သူ့နာမည်ကဘာလဲ.. သူဘယ်နေရာက လာတာလဲ.. သေလွန်ပြီးတဲ့နောက် သူဘယ်ကိုသွားရမလဲ.. စကြာဝဠာရဲ့အဆုံးသတ်က ဘာလဲ.. သူ့ကို ဘယ်သူသတ်တာလဲ.. တကယ်ပဲသူက ဘယ်သူလဲ”

အင်မော်တယ်ရှဲဖီက မေးခွန်းများစွာကို တွေးမိပြီး နှုတ်ဆိတ်သွားခဲ့သည်။

-------------------

တစ်ချိန်တည်းမှာပင် ဝမ်လင်းတို့အဖွဲ့သည် စုံစမ်းစစ်ဆေးမှုတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့သည်။

အမေကျွမ့်က ဝမ်လင်းတို့အဖွဲ့ကို သူမတည်းခိုသည့် ကျောင်းဝန်ထမ်းအိပ်ဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

အမေကျွမ့်က တစ်ယောက်တည်း ဖြစ်သောကြောင့် သူမတွင် တစ်ယောက်ခန်း တစ်ခန်းသာရှိသည်။

သူမက အံဆွဲထဲကနေ ဤကမ္ဘာ၏မြေပုံကို ထုတ်ယူလိုက်သောအခါတွင် ဝမ်မင်နှင့် ကော်ဖျင်တို့သည် အမေကျွမ့်ကို ပြုံး၍ ကြည့်လိုက်ကြသည်။

“မိန်းကလေးကျွမ့်.. ငါတို့မှာလည်း အဲဒီလို မြေပုံရှိပြီးသားပါ.. ငါတို့က စကင်န်ပြုလုပ်ပြီး အတိအကျ တိုင်းတာထားတဲ့အတွက် ငါတို့မြေပုံက ပိုပြီး တိကျနိုင်ပါတယ်”

ထိုအခိုက်တွင် အမေကျွမ့်က ပဟေဠိဆန်စွာ ပြုံးလိုက်သည်။

“ဒါဆို ယစ်ပလ္လင်ကြီး ၅လုံးအကြောင်းကို မင်းတို့သိလား”

ထိုမေးခွန်းကြောင့် ကော်ဖျင်က အံ့ဩသွားခဲ့သည်။

“မင်းတို့ သတိမထားမိတာလည်း ငါနားလည်နိုင်ပါတယ်.. ဒီယစ်ပလ္လင်တွေရဲ့ နေရာမှာက အတားအဆီးတွေ အများကြီး ရှိတယ်လေ.. ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မမြင်ရရင် ဘယ်စကင်န်နဲ့မှ ရှာဖွေလို့ရမှာ မဟုတ်ဘူး.. ဘာလို့လဲဆိုတော့ ဒီကမ္ဘာကိုကျူးကျော်လာတဲ့ နောက်ကွယ်ကလူက ငတုံး မဟုတ်လို့ပဲ’’

အမေကျွမ့်က ပြောလိုက်သည်။

“ဒါဆိုရင် မိန်းကလေးကျွမ့်အာ.. ဒီမြေပုံကို မင်းဘယ်ကနေရတာလဲ”

ထွင်ထျန်းဟာက မေးလိုက်သည်။

“ငါငယ်ငယ်တုန်းက တစ်စုံတစ်ယောက်က ငါ့ကိုပေးခဲ့တယ်.. ဒီမြေပုံက ကမ္ဘာနှစ်ခုကို ကယ်တင်ဖို့ သော့ချက်ဖြစ်မယ်လို့ သူက ခန့်မှန်းခဲ့တယ်.. ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုရင် ယစ်ပလ္လင် ၅လုံးကို ပြန်လည်ပြုပြင်ရမယ်လို့ သူက ခန့်မှန်းခဲ့သေးတယ်”

“အဲဒီလူက ဘယ်သူလဲ”

“ငါလည်းမသိဘူး.. ဒါပေမဲ့ ဒီလူက ဒီလောကထဲက မဟုတ်တာတော့သေချာတယ်.. သူက ငါ့ကိုရှင်းပြပြီးတဲ့နောက်မှာ အလင်းလိုပဲ ပျောက်ကွယ်သွားခဲ့တယ်.. သူဝတ်ဆင်ထားတာကတော့ မီးခိုးရောင်ဝတ်စုံပဲ.. သူနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ သူ့ဆီကနေ စူးရှတဲ့အအေးဒဏ်ကိုတောင် ခံစားလိုက်ရတယ်”

“သူကလည်း သေဆုံးပြီးသား ဝိညာဉ်ပဲလား”

ဝမ်မင်က မေးလိုက်သည်။

“မဖြစ်နိုင်ဘူး”

အမေကျွမ့်က ခေါင်းခါယမ်းလိုက်၏။

“သေဆုံးပြီးသား ဝိညာဉ်တွေက ဒီလိုရှင်းလင်းတဲ့ မှတ်ဉာဏ်မျိုး မရှိကြဘူး.. သူကတော့ အနာဂတ်ကို ကြိုမြင်နိုင်နေသလိုပဲ.. သူက သူသိထားသမျှကို ကျွန်မကို ပြောပြခဲ့တယ်.. အဲဒီထဲမှာ အနက်ရောင် အရိပ်စစ်တပ်က တခြားကမ္ဘာက လူသေတွေကို ရှင်ပြန်ထမြောက်စေတဲ့ အကြောင်းအရင်းလည်း ပါဝင်တယ်.. ကြေးမုံနန်းတော်ကမ္ဘာက ဒြပ်စင်၅မျိုးကို အခြေခံပြီး တည်ဆောက်ထားတဲ့ကမ္ဘာ ဖြစ်တယ်.. ဒြပ်စင် ၅မျိုးက အချင်းချင်းပေါင်းစပ်ပြီး ယင်နဲ့ယန် အကြား ဟန်ချက်ညီအောင် ဖန်တီးကြတယ်.. လက်တွေ့ကမ္ဘာက ယန်ဖြစ်ပြီး ငါတို့ဒီကြေးမုံကမ္ဘာကတော့ ယင်ဖြစ်တယ်.. ဒါကြောင့် သေဆုံးပြီးသားလူတွေရဲ့ ဝိညာဉ်တွေကို စုပ်ယူဖို့အတွက် ကြေးမုံနန်းတော်ကမ္ဘာထက် ပိုပြီး သင့်လျော်တဲ့နေရာ မရှိဘူး.. အနက်ရောင်အရိပ်စစ်တပ်တွေ ရောက်ရှိလာပြီးနောက်မှာ အိပ်မက်အိမ်တွေကို တည်ဆောက်ပြီး ကြေးမုံနန်းတော်ရဲ့တည်ငြိမ်မှုကို ထိန်းသိမ်းထားတဲ့ ယစ်ပလ္လင်တွေကို ထိန်းချုပ်ခဲ့တယ်.. သူတို့ရဲ့အဆုံးစွန်သော ပန်းတိုင်က ဒြပ်စင်ငါးပါး ကူးပြောင်းခြင်းဝိညာဉ်အစီအရင်ကို အပြီးသတ်ပြီး ယင်နဲ့ယန်ကမ္ဘာတွေကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖို့ဖြစ်တယ်.. ဒီလိုမျိုး ဖြစ်လာရင် ယင်နဲ့ယန်က တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီး စကြာဝဠာကြီးက ပရမ်းပတာ ဖြစ်သွားလိမ့်မယ်.. ကမ္ဘာနှစ်ခုရဲ့ပေါင်းစပ်မှုက ပျက်စီးခြင်းကိုသာ ဦးတည်သွားနိုင်တယ်.. အဲဒါဆိုရင် လူတွေအားလုံးက ဒီကမ္ဘာကလူတွေလိုမျိုး ရုပ်သေးရုပ်တွေလို ဆန္ဒတွေ လိုအပ်ချက်တွေမရှိတဲ့ အကျိုးသက်ရောက်မှုကို ခံစားရလိမ့်မယ်”

“ဘာတွေထပ်ဖြစ်လာနိုင်လဲ”

ဝမ်မင်၏အမူအရာက လေးနက်နေခဲ့သည်။

“လူအမြောက်အမြားက သပိတ်မှောက်ကြတဲ့အတွက် ကမ္ဘာ့စီးပွားရေးက ရပ်တန့်သွားလိမ့်မယ်.. ဆယ်လီတွေကလည်း တွစ်တာ ဒါမှမဟုတ် (weibo) သုံးတော့မှာမဟုတ်ဘူး.. ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ကြော်ညာတွေကို ဘယ်သူမှဂရုစိုက်ကြတော့မှာ မဟုတ်လို့ပဲ.. တိုက်ရိုက် ထုတ်လွှင့်တဲ့ဂိမ်းသမားတွေကလည်း ထိုးသားတွေက အနိုင်အရှုံးကို ဂရုမစိုက်တဲ့အတွက် လှည့်ကွက်တွေကို အသုံးပြုဖို့ စိတ်မဝင်စားတော့ဘူး.. သူတို့တွေလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို လုံးဝ ရပ်ဆိုင်းလိုက်နိုင်တယ်.. ချက်ပြုတ်လိုစိတ် မရှိကြတော့တဲ့အတွက် စားသောက်ဆိုင်တွေက ပိတ်သွားမှာဖြစ်ပြီး လူတွေက သရေစာနဲ့ အေးခဲစာတွေနဲ့ပဲ နေထိုင်ရမှာဖြစ်တယ်.. အဲဒီကာလမှာ သောက်သုံးရေနဲ့ အစာရှောင်ဆေးတွေလည်း ပြတ်လတ်သွားနိုင်တယ်”

ထိုစကားများကိုကြားသောအခါတွင် ဝမ်လင်း၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

အမေကျွမ့် စကားအရဆိုလျှင် ကမ္ဘာနှစ်ခု ပေါင်းစည်းသွားလျှင် ကမ္ဘာပေါ်ရှိ လူသားအားလုံးသည် ဆားနယ်ငါးကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ကမ္ဘာပေါ်ရှိ သရေစာများနှင့် အေးခဲသွားသော အစာများအားလုံးကို စား၍ကုန်သွားလျှင် ထိုအစားစာမျိုးကို မည်သူမှ ဆက်လက် ထုတ်လုပ်ရန် ဆန္ဒရှိမည်မဟုတ်ပေ။

ဤကဲ့သို့ဖြစ်လျှင် သူ၏ ခေါက်ဆွဲခြောက်ကြွပ်ကြော်က မည်သို့ဖြစ်သွားနိုင်ပါသနည်း။

“ဒါတော့ ဘယ်လိုမှ ဖြစ်လို့မရဘူး”

ထိုသို့ဖြစ်လာရန် သူက သေချာပေါက် ခွင့်ပြုမည်မဟုတ်ပေ။

အပိုင်း(၁၀၀၃) ပြီး၏

All Chapters