ရေပုလ္လင်နှင့်ကျူပင်လယ်
Vol. 67 Ch. 1005
ထွင်ထျန်းဟာ မြန်မြန်ပြေးလာသည်နှင့်အမျှ ဝမ်လင်းတို့အဖွဲ့သည် တောင်ဘက်အရပ်ရှိ ယစ်ပလ္လင် အနီးသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့သည်။
ကြေးမုံနန်းတော်ကမ္ဘာ၏ ဖွဲ့စည်းပုံသည် တကယ်တမ်းတွင် အလွန်ရိုးရှင်းသည်။
သို့သော်လည်း အနက်ရောင်အရိပ် စစ်တပ်က ကျူးကျော်ဝင်ရောက်ကာ ၎င်းကို ရှုပ်ထွေးစေခဲ့သည်။
ယစ်ပလ္လင်အနီးသို့ ရောက်လျှင် ဝမ်လင်းတို့အဖွဲ့သည် ထွင်ထျန်းဟာကို ရပ်တန့်စေခဲ့ပြီး လျှို့ဝှက်စွာ ချဉ်းကပ်လာခဲ့ကြသည်။
ယစ်ပလ္လင်ကို ထိန်းချုပ်ခြင်းသည် ကမ္ဘာပေါ်ရှိ အချုပ်အချာအာဏာ ပြန်လည်ရရှိခြင်းကို ဆိုလိုသည်။
ယစ်ပလ္လင်ကို ပြန်လည်ပြုပြင်ပြီးသည်နှင့် ကျူးကျော်သူအနက်ရောင်အရိပ် စစ်တပ်ကို ၎င်းတို့၏ မူလကမ္ဘာသို့ အမည်ခံဥပဒေများဖြင့် အတင်းအကျပ် ပြန်လည်ပို့ဆောင်မည်ဖြစ်သည်။
ဤလောက၌ ပြန့်ကျဲနေသော သေလွန်ပြီးသားဝိညာဉ်တို့သည်လည်း မူလကမ္ဘာတွင် တဖန်ပြန်၍ ငြိမ်သက်စွာ ရှိနေကြမည်ဖြစ်၏။
အနက်ရောင်အရိပ်စစ်တပ်မှ သတ်ဖြတ်ခဲ့သော အပြစ်မဲ့သူများသည် ကြေးမုံနန်းတော်ကမ္ဘာတွင် နေထိုင်သူများဖြစ်လာကြလိမ့်မည်။
ဤကမ္ဘာ၏ အခြေခံဥပဒေများသည် ၎င်းတို့အတွက် အမိန့်တစ်ခုဖြစ်သည်။
အမည်ခံဥပဒေသများ ပျက်စီးနေ၍သာ ကမ္ဘာကြီးကမောက်ကမ ဖြစ်နေခြင်းဖြစ်၏။
ယစ်ပလ္လင် ၅လုံး ပြန်လည်မွမ်းမံပြီးနောက်တွင် အရာအားလုံးသည် ယခင်အတိုင်း ပြန်လည်ရောက်ရှိသွားမည်ဖြစ်၏။
လက်တွေ့ကမ္ဘာကြီးတွင် ကူရွှင်းကျစ်သည် စကြာဝဠာကို အစီအစဉ်တကျဖြစ်အောင် ထိန်းသိမ်းရသည့် အုပ်ထိန်းသူဖြစ်သည်။
သို့သော် ကြေးမုံနန်းတော်ကမ္ဘာသည် ကူရွှင်းကျစ် မခန့်မှန်းနိုင်သောအရာ ဖြစ်သည်မှာ ထင်ရှားပေသည်။
၎င်းမှာ အက်ကွဲကြောင်းများကြားတွင် တည်ရှိနေပြီး ပုံမှန်မဟုတ်သော ထူးခြားသည့်ကမ္ဘာ ဖြစ်သည်။
ဤထူးခြားသော ကမ္ဘာကြီးသည် ပုံမှန်အားဖြင့် ထူးကဲသည့်အခြေအနေများတွင်သာ ဖွင့်လှစ်လေ့ရှိ၏။
ထို့ကြောင့် ဝမ်လင်းအတွက် မေးခွန်းအသစ် တစ်ခု ဖြစ်လာခဲ့သည်။
အနက်ရောင်အရိပ်စစ်တပ်၏ ကျူးကျော်မှု နောက်ကွယ်မှ အဓိကကျသောပုဂ္ဂိုလ်သည် ဤကမ္ဘာ၏အရှင်သခင် မဟုတ်ခဲ့လျှင် ဤကမ္ဘာမြေပေါ်ရှိ ကြေးမုံနန်းတော်ကို ဖန်တီးသည့် တကယ့်သခင်က မည်သူနည်း။
ယစ်ပလ္လင် တစ်ခုစီတိုင်းတွင် ကိုယ်ပိုင်ထူးခြားချက်များ ရှိသည်။
ယစ်ပလ္လင်က သာမန်အစီအရင်နှင့် မတူဘဲ ဖွဲ့စည်းပုံပို၍ရှုပ်ထွေးသည်။
ယစ်ပလ္လင်တစ်ခုစီတွင် အဓိက အစိတ်အပိုင်း ၃ခုဖြင့် ဖွဲ့စည်းထားသည်။
တစ်အချက်- ယစ်ပလ္လင်၏ ဂုဏ်ရည်နှင့် လိုက်လျောညီထွေရှိသော ရုပ်ဝတ္တုပစ္စည်း ဖြစ်သည်။
ဥပမာ ရေပလ္လင်ဆိုလျှင် ၎င်း၏ရုပ်ဝတ္တုပစ္စည်းသည် မြစ်သို့မဟုတ် အင်းအိုင် ဖြစ်သည်။
နှစ်အချက်- ပူဇော်သက္ကယများသည် ယစ်ပလ္လင်တည်ဆောက်ရာတွင် တူညီသောဂုဏ်ရည်များ ရှိရမည်။
များသောအားဖြင့် ပူဇော်သက္ကယများသည် ရှေးခေတ်မှစွမ်းအားကြီးသော မှော်ရတနာများ ဖြစ်သည်။
အဆိုပါ မှော်ရတနာအများစုသည် ၎င်းတို့၏ မူလစွမ်းအားများ ဆုံးရှုံးနေပြီ ဖြစ်သော ရှေးဟောင်းပစ္စည်းများ ဖြစ်သော်လည်း ယစ်ပူဇော်မှုတွင် ဆက်လက် အသုံးပြုနိုင်ပါသေးသည်။
ဥပမာအားဖြင့် မိုးကြိုးမျိုးနွယ်စုကနေ အစဉ်အဆက်ဆင်းသက်လာခဲ့သည့် သူတော်စင်အမွေအနှစ်ဖြစ်သော ဓမ္မရာဂျာ၏ သံသရာကိုးပါးစေတီ ဖြစ်သည်။
နောက်ဆုံးအချက်မှာ လူမဆန်ဆုံးသောအချက် ဖြစ်ပြီး အဓိကအကျဆုံး သော့ချက်လည်း ဖြစ်သည်။
ယင်းမှာ ယစ်ပလ္လင်ကို စောင့်ကြပ်ရန် ယစ်ပလ္လင်သံတမန်တော်တစ်ဦး ထားရှိရမည့်အချက် ဖြစ်သည်။
ထိုယစ်ပလ္လင် တမန်တော်များသည် ယစ်ပလ္လင်ကို ယစ်ပူဇော်ရန်အတွက် ယစ်ပလ္လင်၏ လိုက်ဖက်အောင် ဂရုတစိုက် ရွေးချယ်ထားသူများ ဖြစ်သည်။
၎င်းတို့က ကိုယ့်ကိုယ်ကိုယ် ယစ်ပူဇော်ပြီးနောက်တွင် ယစ်ပလ္လင်၏ အုပ်ထိန်းသူသံတမန်ဖြစ်လာပြီး ယစ်ပလ္လင်၏ စွမ်းအားကိုရရှိကာ အင်မော်တယ်များ ဖြစ်လာခဲ့သည်။
သို့သော်လည်း တစ်ဖက်တွင် သူတို့၏ လွတ်လပ်မှုကို ထာဝရဆုံးရှုံးရမည် ဖြစ်သည်။
ယစ်ပလ္လင်သည် ယစ်ပလ္လင်ကို စောင့်ကြပ်သော တမန်တော်များအတွက် ထောင်နှင့်တူသည်။
အလင်းမရှိသော အမှောင်ထဲတွင် သူတို့သည် အကျဉ်းချခံထားရသည်နှင့် ဆင်တူသည်။
ရှေးခေတ်ကျင့်ကြံခြင်း လောကတွင် မြို့များနှင့် နိုင်ငံများကို ကာကွယ်ရန်အတွက် ယစ်ပလ္လင်၏ စွမ်းအားများကို အသုံးပြုခဲ့ကြသည်။
သို့သော်လည်း ခေတ်မီကျင့်ကြံခြင်း ယဉ်ကျေးမှုစတင်လာသည်နှင့်အမျှ ယစ်ပလ္လင်သည် လူမဆန်စွာ တားမြစ်ထားသော နည်းစနစ်တစ်ခု ဖြစ်လာခဲ့သည်။
ခေတ်သစ်မတိုင်မီ နှစ်ရာချီခန့်ကမူ ယစ်ပလ္လင်များကို အဆင့်မြှင့်တင်ရန်ကြိုးစားသည့် ကျင့်ကြံသူများပင် ရှိခဲ့သည်။
အဆင့်မြှင့်တင်မှုများတွင် တတိယမြောက် သော့ချက်ဖွဲ့စည်းပုံအတွက် အခြားရွေးချယ်စရာ တစ်ခုကို တွေ့ရှိခဲ့သည်။
ယင်းမှာ လူစင်စစ်ကို စတေးမည့်အစား ရုပ်သေးရုပ်တုကို ထားရှိရန်ဖြစ်သည်။
သို့သော် အဆုံးသတ်တွင် ဝိညာဉ်မဲ့ရုပ်သေးများသည် သက်ရှိမဟုတ်သည့်အရာများ ဖြစ်၍ သက်ရှိလူသား၏ ဆယ်ပုံတစ်ပုံမျှပင် စွမ်းအားကို မပြသနိုင်ခဲ့ပေ။
မီးပလ္လင်များ၏စွမ်းအားများ သိသိသာသာ လျော့ကျသွားပြီးနောက်တွင် ဝိညာဉ်မဲ့ရုပ်သေးများကို အသုံးပြုသည့် နည်းလမ်းများသည်လည်း သဘာဝအတိုင်း ကွယ်ပျောက်သွားခဲ့သည်။
နောက်ပိုင်းတွင်မူ ခေတ်မှီကျင့်ကြံခြင်း ထွန်းကားလာသည်နှင့်အမျှ ကျင့်ကြံခြင်း သဘောတူညီချက်အရ သက်ရှိသတ္တဝါများ၏ ယစ်ပူဇော်ခြင်းကို တားမြစ်ထားသော တားမြစ်နည်းပညာများ စာရင်း၌ ထည့်သွင်းခဲ့သည်။
ဝမ်လင်းက အတန်းထဲတွင် ဤသမိုင်းကြောင်းနှင့် ပတ်သက်၍ ရှေးဟောင်းစာအုပ်ကြီး ပြောပြခဲ့သည်ကို ကြားဖူးသည်။
ရှေးဟောင်းစာအုပ်ကြီး၏ အတွေ့အကြုံသည် လူအများ စိတ်ကူးနိုင်သည်ထက်ပင် များစွာ ကြီးမားကျယ်ပြန့်သည်။
၎င်းကို အလုံးစုံသိသောဉာဏ်ရှိသူဟုပင် ခေါ်ဆိုနိုင်လောက်သည်။
ရှေးဟောင်းစာအုပ်ကြီး၏ အထူးသင်ခန်းစာသည် ဝမ်လင်း၏ မှတ်ဉာဏ်ထဲတွင် အသစ်အဆန်းအဖြစ် ရှိနေဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အတန်းထဲတွင် ခေါက်ဆွဲခြောက်ကို စားနေစဉ် ရှေးဟောင်းစာအုပ်ကြီးက သိမ်းသွားသောကြောင့်ပင်။
လူတိုင်း မျှော်လင့်ထားသည့်အတိုင်းပင် သူတို့၏ရှေ့၌ မြင့်မားသော ကျူပင်များဖြင့် ဝန်းရံထားသည့် စိမ့်မြေကို တွေ့လိုက်ရသည်။
ထိုစိမ့်မြေက လူအများအပြားကို တစ်ပြိုင်နက် မျိုချနိုင်သော မြေမျိုး ဖြစ်သည်။
“အရမ်းပြင်းထန်တဲ့ အော်ရာရှိနေတယ်”
ကျူပင်များ၏ရှေ့တွင် ရပ်လိုက်ရင်း ထွင်ထျန်းဟာသည် တမင်တကာ လုပ်ယူခြင်းမဟုတ်ဘဲ လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။
သားရဲတစ်ကောင် ဖြစ်သည့် သူ၏ အာရုံသည် ကျူပင်များအတွင်း၌ ဖုံးကွယ်ထားသော အန္တရာယ်ရှိနေကြောင်း ညွှန်ပြနေသည်။
“ဒါက ရေပလ္လင်ပဲ.. အရင်က ငါတစ်ခါစူးစမ်းဖူးတယ်.. ငါအထဲမှာ ပိတ်မိပြီး ကျူပင်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ဘူး”
အမေကျွမ့်က ထိုအချိန်က သူမ၏ အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။
“မင်းကို မဖမ်းကြဘူးလား”
ထွင်ထျန်းဟာက အံ့ဩစွာမေးလိုက်သည်။
“အနက်ရောင်အရိပ်စစ်တပ်က ဒီကမ္ဘာရဲ့ မူလနေထိုင်သူတွေကို ဘယ်သောအခါမှ ရန်မပြုတတ်ဘူး.. ဒီကမ္ဘာရဲ့ မူလနေထိုင်သူ ဆိုတဲ့ အဆင့်အတန်းက ငါ့ကို ကာကွယ်ပေးခဲ့တယ်.. ငါက မှတ်ဉာဏ်တွေပျောက်သွားပြီး ဒီနေရာကိုမတော်တဆ ဝင်မိတယ်လို့ ဟန်ဆောင်ခဲ့တယ်.. အဲဒီနောက်မှာ ငါ့ကို သူတို့က အိမ်ထိ ပြန်လိုက်ပို့ပေးခဲ့တယ်”
အမေကျွမ့်က ရှင်းပြလိုက်သည်။
ကြေးမုံနန်းတော်ကမ္ဘာတွင် အမေကျွမ့်၏ ဟင်းချက်စကေးလ်သည် အနည်းငယ် အားနည်းသော်လည်း အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်း အဆင့်ရှိသည့် သူမ၏ အစွမ်းသတ္တိသည် နိမ့်ကျသည်မဟုတ်ပေ။
ယခုတိုင် ယစ်ပလ္လင်ကို ချဉ်းကပ်ရန်အတွက် အလွန်အန္တရာယ်များနေဆဲ ဖြစ်သည်။
အမေကျွမ့်ကို အနက်ရောင်အရိပ် စစ်တပ်က နှုတ်ပိတ်မပစ်ရသည့် အကြောင်းအရင်းမှာ ဤကမ္ဘာ၏ မူလနေထိုင်သူများသည် အသီးသီး အသိဉာဏ် ပျောက်ဆုံးသွားမည်ကို သိရှိသောကြောင့် ဖြစ်သည်။
“မိန်းကလေးကျွမ့်အာ.. အရမ်းမကြောက်ပါနဲ့.. ငါနဲ့ ကော်ဟောက် အဲဒါကို အရင်စစ်ဆေးကြည့်လိုက်မယ်”
ထို့နောက်တွင် သူတို့သည် ကျောက်ဆောင်တစ်ခု နောက်ကွယ်တွင် ပုန်းနေလိုက်ကြစဉ် ဝမ်မင်က သူ၏ လက်ညိုးကို ဆန့်ထုတ်လိုက်ရာ လက်ညိုးကို ဖုံးအုပ်ထားသည့် သတ္တုက ဖြည်းညင်းစွာ ပွင့်သွားခဲ့ပြီး အထဲကနေ ယန္တရားစက်ရုပ်များစွာ ထွက်ပေါ်ကာ ကျူပင်လယ်ထဲသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။
၎င်းတို့သည် ယင်ကောင်ပုံသဏ္ဍာန်ရှိသည့် ကင်းထောက်ဒရုန်းငယ်များ ဖြစ်သည်။
ထွင်ထျန်းဟာက ယန္တရားယင်ကောင်များကို မြင်သောအခါ တံတွေးမျိုချလိုက်သည်။
ယင်ကောင်သား မစားရတာ အတော်ကြာပြီဖြစ်၍ သူက ထိုအရသာကို အောက်မေ့နေမိသည်။
ကော်ဖျင်က စကင်န်ဖတ်ထားသော ဒရုန်းများထံမှ မြေပြင်အခြေအနေကို ပိုင်းခြားစိတ်ဖြာနေချိန်တွင် သူနှင့်ဝမ်မင်တို့သည် ရုတ်ခြည်း တုန်လှုပ်ခြောက်ခြားသည့် အသံကြောင့် ခေါင်းမူးကာ နားအုံသွားခဲ့သည်။
“ဘာဖြစ်တာလဲ”
ထွင်ထျန်းဟာက မေးလိုက်သည်။
“ဒရုန်းတွေက ကြားဖြတ်ခံခဲ့ရတယ်.. ယန္တရားယင်ကောင် ၂၉ကောင်က မစ်ရှင်ကျရှုံးသွားခဲ့ပြီ”
ကော်ဟောက်က နောက်ဆုံး ပျောက်ကွယ်သွားခဲ့သော ဒရုန်း၏ ပုံရိပ်ကို စစ်ဆေးခဲ့သည်။
ဒရုန်းများ ပျောက်ကွယ်သွားသည်မှာ ဒရုန်းများကို စိမ့်မြေက တိုက်ရိုက် ဆွဲယူ၍ နှစ်မြှုပ်ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။
“ဒီကျူပင်တွေကို ဖြတ်ကျော်ရတာ ငါတို့ထင်သလောက် မလွယ်ဘူးထင်တယ်”
ဒရုန်း ပျောက်ကွယ်သွားသော မြင်ကွင်းကိုကြည့်ပြီး ထွင်ထျန်းဟာက တုန်လှုပ်နေမိသည်။
ထို့ပြင်လည်း ရန်သူ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝရှိနေပြီဟု ထင်ရသည်။
စိမ့်မြေအတွင်းသို့ ဆွဲငင်ခံရသည်နှင့် သင်၏ ကိုယ်ပိုင်စွမ်းအားဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
စိမ့်မြေ၏သဘောသဘာဝမှာ ရုန်းကန်လေလေ ပို၍နစ်မြုပ်လေလေ ဖြစ်သည်မဟုတ်လော။
“သွားကြရအောင်”
ထိုအချိန်တွင် ဝမ်လင်းက မတ်တပ် ထရပ်လိုက်သည်။
သူက ကျူပင်လယ်ဆီသို့ တည့်မတ်စွာ လျှောက်သွားလိုက်သည်။
ထို့နောက်တွင် မယုံနိုင်စရာ အံ့ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။
ဝမ်လင်းရှေ့တိုးလာသည်နှင့်အမျှ စိမ့်မြေသည် လမ်းကြောင်းတစ်ခု ဖန်တီးရန်အတွက် နှစ်ခြမ်းကွဲသွားခဲ့သည်။
“ပင်လယ်ပိုင်းဖြတ်ခြင်း မဟာတာအို”
ဤသည်မှာ ဝမ်လင်း၏မဟာတာအိုစွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။
အပိုင်း(၁၀၀၅) ပြီး၏