အလောင်းသုံးဖော် နည်းစနစ်
Vol. 119 Ch. 1772
သိုင်းတာအိုပင်မခန္ဓာ၏ ကျယ်ပြန့်သော စိတ်ဝိညာဥ်အသိစိတ်က ဆင်းသက်လာပြီး သွေးမိစ္ဆာဧကရာဇ်၏ ဘေးပတ်လည်ရှိလေဟာနယ်ကို ချိပ်ပိတ်လိုက်လေသည်။
သူက ထိုသူ၏ ဦးခေါင်းဆီသို့ လက်လှမ်းလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ ဦးခေါင်းထဲကနေ သွေးနီရောင် အမြုတေစိတ်ဝိညာဥ်တစ်ခုကို ဆွဲထုတ်လိုက်၏။
“မင်းဘာလုပ်နေတာလဲ”
သွေးမိစ္ဆာဧကရာဇ်က မာန်ဖီအော်ဟစ်လိုက်၏။
တကယ်တော့... သူသည် ဖြစ်ပျက်လာသည့်အရာကို နားလည်သိရှိနေပြီဖြစ်၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးပေါ်တွင် အလင်းလုံးတစ်လုံး ပေါ်ထွက်လာ၏။ အနက်ရောင်ချိန်းကြိုးများက အလင်းလုံးပေါ်မှာ ပေါ်ထွက်လာပြီး သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို ရစ်ပတ်လိုက်လေသည်။
တိုက်ပွဲ၏ ဤနေရာအရောက်တွင် သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်သည် သူ၏ ကိုယ်ပွားနှစ်ခုကို ဆုံးရှုံးရပြီးနောက် အလွန်တရာအားနည်းနေခဲ့ပြီဖြစ်၏။ ကိုယ်တော်တာမင်း၏ သေဆုံးမှုကလည်း သူ၏ တာအိုနှလုံးသားအပေါ် သက်ရောက်မှုရှိခဲ့လေသည်။
ယခုအချိန်သည် သွေးမိစ္ဆာဧကရာဇ်၏ ဝိညာဥ်ကို ရှာဖွေဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်လေသည်။
မှတ်ဉာဏ်ပေါင်းစုံသည် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ ချက်ချင်းပင် တလိပ်လိပ်တိုးဝင်လာပြီး သူ၏ မြင်ကွင်းရှေ့မှာ ပန်းချီကားများကဲ့သို့ တဖျတ်ဖျတ်ပေါ်ထွက်လာ၏။
ထူးဆန်းသောအရာမှာ သွေးမိစ္ဆာဧကရာဇ် ငယ်ရွယ်စဥ်က မှတ်ဉာဏ်များသည် အနည်းငယ်ဝေဝါးနေပြီး သူ့စိတ်၏ အနက်ပိုင်းထဲမှာ အဲ့ဒါကို ဖုံးကွယ်ထားပုံရလေသည်။ အဲ့ဒါသည် သူအထိမခံလိုသည့် အစိတ်အပိုင်းများ ဖြစ်သည့်ပုံပင်။
သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါနှင့်ပတ်သက်၍ အချိန်ဖြုန်းမနေဘဲ ဆက်လက်၍ ကြည့်ရှုလိုက်၏။
အရာရာတိုင်းက ရှင်းလင်းလာသောအခါ သွေးမိစ္ဆာဧကရာဇ်သည် ဆယ်ကျော်သက်အရွယ်သို့ ရောက်ရှိနေလေပြီ။ သို့သော်လည်း သူ၏ ကျင့်ကြံမှုက မူလနတ္ထိအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဲ့ဒါက ကြောက်စရာကောင်းသော သူ၏ ပါရမီအရည်အချင်းကို ပြသပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာ ပထမဆုံးတွေ့မြင်ရသည်မှာ သွေးမိစ္ဆာဧကရာဇ်သည် ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်နှင့် တိုက်ခိုက်နေခြင်းဖြစ်၏။
ဓမ္မဝိသေသတာအိုအရှင်သည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ၏ အနီရောင်ဆံပင်ကို ဒီအတိုင်းဖြန့်ချထားလေသည်။ သူက ရုပ်ရည်ချောမောသောသွင်ပြင်ရှိပြီး သူ၏ ခရမ်းရောင်မျက်လုံးများက နတ်ဆိုးအော်ရာတစ်ခုကို ဖြာထုတ်ပေးနေသည်ဟုထင်ရ၏။
သို့သော်လည်း သူက ဘယ်လိုပင်ချောမောသည်ဖြစ်စေ သူက မလှမ်းမကမ်းတွင်ရှိသော သွေးမိစ္ဆာဧကရာဇ်ကို ဒေါသချောင်းချောင်း ထွက်နေသောအမူအရာနှင့်အတူ စိုက်ကြည့်နေ၏။
ဓမ္မဝိသေသတာအိုအရှင်၏ လက်ထဲရှိဆေဘာက အဆူရာဆေဘာဖြစ်သည်ကို သိုင်းတာအိုပင်မခန္ဓာက ရှင်းလင်းစွာတွေ့မြင်နိုင်လေသည်။
ထိုသူသည် ထိုခေတ်ထိုအချိန်က အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်ဖြစ်လေသည်။
သွေးမိစ္ဆာဧကရာဇ်သည် သွေးနွယ်ပင်မျိုးနွယ်၏ အဆက်အနွယ်ကပြားတစ်ယောက်ဖြစ်သော်လည်း သူတို့ကြားမှာ ကျင့်ကြံမှုအဆင့်ကြီး တစ်ဆင့်လုံးလုံးကွာဟနေ၏။ ဒါ့အပြင် သူသည် အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်နှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံး၍ မြေပြင်ပေါ်မှာ လဲကျနေ၏။
ထိုအခိုက်အတန့်မှာ သွေးမိစ္ဆာဧကရာဇ်သည် နောက်ပိုင်းတွင် သူပြုလုပ်ခဲ့သကဲ့သို့ ကြောက်စရာကောင်းသည့်ပုံ မရှိသေးပေ။
သူ၏ မျက်နှာက အနည်းငယ် အတွေ့အကြုံနုနယ်မှုကိုဖော်ပြနေပြီး သူက နှုတ်ခမ်းကိုကိုက်ကာ အဆူရာဂိုဏ်း၏ တာအိုအရှင်ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။
“တောကောင်လေး... မင်းငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”
အဆူရာဂိုဏ်း၏ တာအိုအရှင်က အော်ငေါက်လိုက်၏။
“မင်းက သေသင့်တယ်”
သွေးမိစ္ဆာဧကရာဇ်က အော်ပြောလိုက်၏။
အဆူရာဂိုဏ်း၏ တာအိုအရှင်က မည်သည့်အရာကိုမှ ပြောဆိုခြင််းမရှိတော့ဘဲ သွေးမိစ္ဆာဧကရာဇ်ကို အေးစက်စွာဖြင့်သာ ကြည့်လိုက်၏။
နောက်ခဏ၌ အဆူရာဂိုဏ်း၏ တာအိုအရှင်က အဆူရာဆေဘာကိုင်ဆွဲပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်နှင့်အတူ သွေးမိစ္ဆာဧကရာဇ်ရှိရာသို့ လျှောက်လှမ်းလာ၏။
“ငါတို့မျိုးနွယ်က မဟုတ်တဲ့သူတွေမှာ သေချာပေါက် မကောင်းတဲ့စိတ်အကြံအစည်တွေရှိနေမှာပဲ... ငါမင်းကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး”
ထိုသို့ပြောရင်း အဆူရာဂိုဏ်း၏ တာအိုအရှင်က သွေးမိစ္ဆာဧကရာဇ်၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။
သူသည် အဆူရာဆေဘာကို ကိုင်မြှောက်ပြီး ခုတ်ပိုင်းချတော့မည့်ဆဲဆဲ ဖြစ်လေသည်။
ထိုစဥ်မှာပင် လောကက လှုပ်ခါသွားလေသည်။
သိုင်းတာအိုပင်မခန္ဓာက အာရုံစိုက်၍ ကြည့်လိုက်၏။
မိုးကောင်းကင်ထက်ကနေ ပစ္စည်းနှစ်ခုက ကျဆင်းလာခဲ့၏။
သူတို့ထဲမှတစ်ခုသည် စတုရန်းကြေးမီးဖိုဖြစ်ပြီး အခြားတစ်ခုက သွေးရောင်မျက်နှာဖုံးဖြစ်လေသည်။
စတုရန်းကြေးမီးဖိုသည် ထျန်ဟွမ်ကုန်းမြေတိုက်၏ မြောက်ပိုင်းဒေသသို့ ကျဆင်းသွားလေသည်။ သွေးမျက်နှာဖုံးကတော့ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သွေးမိစ္ဆာဧကရာဇ်ရှိရာသို့ ပျံသန်းလာပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
ချွမ်း...
အဆူရာဂိုဏ်းမှ တာအိုအရှင်၏ ဆေဘာသည် သွေးမိစ္ဆာဧကရာဇ်၏ ဦးခေါင်းကို လှီးဖြတ်နိုင်ခြင်းမရှိဘဲ သွေးမျက်နှာဖုံးနှင့် ထိခတ်ကာ ပြန်ကန်ထွက်သွား၏။
ထိုသူက ဆတ်ခနဲတုန်ယင်သွားပြီး သွေးမိစ္ဆာဧကရာဇ်က ထိုသွေးမျက်နှာဖုံးနှင့်အတူ မြေပြင်ပေါ်ကနေ ရုတ်တရက်ကျုံးထလာခဲ့၏။
သွေးမိစ္ဆာဧကရာဇ်သည် ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး သူ့လက်ထဲရှိဆေဘာကျိုးကို ကိုင်မြှောက်ကာ အဆူရာဂိုဏ်းမှ တာအိုအရှင်၏ နှာရောင်ကို ထိုးဖောက်လိုက်လေသည်။
ထိုတိုက်ခိုက်မှုက အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်ကို ချက်ချင်းပင်သေဆုံးသွားစေ၏။
ဖြစ်စဥ်တစ်ခုလုံးက တစ်ခဏချင်းဖြစ်ပွားခဲ့လေသည်။
မည်ကာမတ္တတပည့်က သေဆုံးခဲ့စဥ်မှာတောင် သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးထားပြီဖြစ်သည့် သွေးမိစ္ဆာဧကရာဇ်သည် ရုတ်တရက် ဘာ့ကြောင့်သူ့ကိုသတ်ဖြတ်လာနိုင်သလဲ သူက နားလည်မသွားခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာက ထိုသည်ကိုတွေ့မြင်သောအခါ သူက နောက်ဆုံးမှာ တစ်စုံတစ်ရာကို သေချာသိရှိသွား၏။
စတုရန်းကြေးမီးဖိုနှင့် သွေးမျက်နှာဖုံးသည် အထက်ဘုံမှလာခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်လေးသောင်းက တစ်ချိန်တည်းမှာ ဆင်းသက်ရောက်ရှိလာခဲ့၏။
သွေးမိစ္ဆာဧကရာဇ်သည် အဆူရာဂိုဏ်းမှ မည်ကာမတ္တတပည့်၏ အလောင်းကို တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ငေးကြည့်နေ၏။
အတန်ကြာပြီးနောက် သူက မတ်တတ်ထရပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ မှတ်ဉာဏ်များကို ဆက်လက်၍ ကြည့်ရှုနေ၏။
ထိုမှတ်ဉာဏ်များကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သံသယများစွာကို ဖြေရှင်းနေလေသည်။
သွေးမိစ္ဆာဧကရာဇ်သည် သွေးနွယ်ပင်မျိုးနွယ်၏ လျှို့ဝှက်အတတ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို အမှန်တကယ်ပင် ဖန်တီးခဲ့လေသည်။ သို့သော်လည်းအဲ့ဒါသည် သွေးမျက်နှာဖုံးထဲမှသက်ရှိ၏ အကူအညီနှင့်အတူဖြစ်လေသည်။
သွေးမျက်နှာဖုံးထဲရှိ သက်ရှိသည် သွေးမိစ္ဆာဧကရာဇ်၏ ကျင့်ကြံမှုကို များစွာကူညီပေးခဲ့လေသည်။
နောက်ပိုင်းမှာ သွေးမိစ္ဆာဧကရာဇ်သည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ အမဲလိုက်ခြင်းကိုခံရပြီး သူ့ကို မည်သူကမှ ကူညီမပေးခဲ့ပေ။ သွေးမျက်နှာဖုံးကြောင့်သာ မဟုတ်လျှင် သူသည် ထိုအချိန်ကတည်းက သေဆုံးသွားခဲ့ရပေလိမ့်မည်။
သွေးမိစ္ဆာဧကရာဇ်၏ မှတ်ဉာဏ်များကနေတစ်ဆင့် သိုင်းတာအိုပင်မခန္ဓာသည် အတိတ်ကာလတုန်းက ကိုယ်တော်တာမင်းကိုလည်း တွေ့မြင်လိုက်ရ၏။
သူတို့နှစ်ယောက်က ကမ္ဘာမကြေရန်ဘက်များဖြစ်ကြလေသည်။ သို့သော်လည်း သွေးမိစ္ဆာဧကရာဇ်၏ နှလုံးသားထဲမှာ ကိုယ်တော်တာမင်းတစ်ယောက်က်ိုသာလျှင် သူယုံကြည်လေသည်။
အကြောင်းများ ကျင့်ကြံသူများ အားလုံးကြားထဲတွင် ကိုယ်တော်တာမင်းတစ်ယောက်ကသာ သူ့ကိုအခွင့်အရေးတစ်ခုပေးလိုခဲ့ခြင်းဖြစ်၏။
နောက်ဆုံးတိုက်ပွဲမှာ သွေးမိစ္ဆာဧကရာဇ်သည် သွေးမျက်နှာဖုံး၏ အကြံပြုချက်အောက်မှာ နောက်ထပ် မိစ္ဆာနည်းစနစ်တစ်ခုကို ကျင့်ကြံရန်အတွက် သူ၏ သေဆုံးမှုအတုကို ဖန်တီးကာ ထွက်ပြေးတိမ်းရှောင်ခဲ့၏။
အဲ့ဒါသည် သွေးမျက်နှာဖုံးကနေ သွေးမိစ္ဆာဧကရာဇ်ကို သင်ကြားပေးခဲ့သော ကိုယ်ပွားခြင်းနည်းစနစ် အလောင်းသုံးဖော် နည်းစနစ်ဖြစ်၏။
ဆူဇီမိုသည် ညဝိညာဥ်ထံမှ ဤကိုယ်ပွားခြင်းနည်းစနစ်အကြောင်းကို ကြားဖူးခဲ့လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ မှတ်ဉာဏ်များကို ကြည့်ရှုပြီးတာတောင် သွေးမျက်နှာဖုံး၏ နောက်ခံကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။
သွေးမျက်နှာဖုံးထဲရှိ သက်ရှိက အဲ့ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့၏။
အစကတော့... သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို တစ်ခါတည်းသတ်ဖြတ်ပစ်ချင်ခဲ့၏။ သို့သော်လည်း သူသည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် သွေးမိစ္ဆာဧကရာဇ်၏ ငယ်ရွယ်စဥ်က မှတ်ဉာဏ်များ ဝေဝါးနေသည့်အကြောင်းကို သူက ရုတ်တရက်သိချင်စိတ်ဖြစ်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုမှတ်ဉာဏ်များဆီသို့ နောက်တစ်ခေါက်ပြန်သွားပြီး အာရုံစိုက်၍ ကြည့်လိုက်လေသည်။
မှတ်ဉာဏ်များက တစ်စတစ်စထွက်ပေါ်လာခဲ့၏။
မြင်ကွင်းများက သူ၏ မျက်လုံးရှေ့မှာ တဖျတ်ဖျတ်ပေါ်ထွက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တဖြည်းဖြည်း တွေဝေရှုပ်ထွေးလာခဲ့၏။
“ခွေးကောင်... မင်းငါ့အမိန့်ကို ဘယ်လိုတောင်ဖီဆန်ရဲတာလဲ”
နုနယ်သောမျက်နှာသည် သွေးနွယ်ပင်ကလန်သားတစ်ယောက်၏ ရက်ရက်စက်စက် ဆောင့်နင်းခြင်းကိုခံရပြီး ရွှံ့ဗွက်ထဲသို့ လဲကျသွားလေသည်။
သွေးနွယ်ပင်ကလန်သားသည် ငုံ့ကြည့်လိုက်ပြီး ထိုလူငယ်၏ မျက်နှာကို တက်နင်းကာ အေးစက်စွာပြောလိုက်၏။
“မင်းက မျိုးမစစ်ကောင်ပဲ... မင်းရဲ့ အမေကလည်း ဖ ာ သ ယ်မပဲ”
“မင်း ငါ့အမေကို မဆဲနဲ့”
လူငယ်သည် အောက်မှာ နင်းခြေခံထားရပြီး သူ၏ မျက်နှာက ရွှံ့ဗွက်ထဲမှာ နစ်ဝင်ကာ သူ၏ ပါးစပ်ထဲမှာ ရွှံ့ရည်များ နွံရည်များ ပြည့်နှက်နေသော်လည်း သူက အံကိုကြိတ်ကာ ဒေါသတကြီးအမူအရာဖြင့် အော်ပြောလိုက်လေသည်။
“ဟီးဟီး”
သွေးနွယ်ပင်ကလန်းသားက လှောင်ရယ်လိုက်၏။ “မင်းအမေက အပြင်မှာ တွေ့ရာလူနဲ့ဆက်ဆံပြီး မင်းကိုမွေးလာခဲ့တာ... မင်းတို့သားမိက ငါတို့သွေးနွယ်ပင်မျိုးနွယ်ကို အရှက်ခွဲနေတာပဲ”
သွေးနွယ်ပင်ကလန်သားက ကျိန်ဆဲရင်း လူငယ်၏ မျက်နှာကို ရွှံ့ဗွက်ထဲသို့ ဖိချလိုက်လေသည်။
ဘေးပတ်လည်မှာ သွေးနွယ်ပင်ကလန်သားများက စောင့်ကြည့်နေကြပြီး လှောင်ပြောင်သရော်နေကြ၏။
သွေးမိစ္ဆာဧကရာဇ်သည် သွေးနွယ်ပင်မျိုးနွယ်တစ်ခုလုံးကို ဘာ့ကြောင့် ခြွင်းချက်မရှိ သတ်ဖြတ်ခဲ့သလဲ သိုင်းတာအိုပင်မခန္ဓာက ရုတ်တရက် နားလည်သဘောပေါက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် ထိုမှတ်ဉာဏ်များကို တွေ့မြင်သောအခါ သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က ရုတ်တရက် မကျေမချမ်းဖြစ်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ကန့်သတ်ချုပ်နှောင်မှုကနေ ရုန်းထွက်ချင်လေသည်။
ထိုအရာများသည် သွေးမိစ္ဆာဧကရာဇ်၏ နှလုံးသားအနက်ပိုင်းထဲမှာ သိမ်းဆည်းထားသော လျှို့ဝှက်ချက်များဖြစ်လေသည်။
သွေးမိစ္ဆာဧကရာဇ်၏ မာန်မာနအရ သူသည် ဤကဲ့သို့သော အတွေ့အကြုံများကို သေချာပေါက်ဖော်ထုတ်ခံလိမ့်မည် မဟုတ်ပေ။