← Chapters

ခေတ်တစ်ခေတ်၏အဆုံးသတ်

Vol. 119 Ch. 1773

ခေတ်တစ်ခေတ်၏အဆုံးသတ်

Vol. 119 Ch. 1773

သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်၏ မှတ်ဉာဏ်များကို ဆက်လက်၍ လှန်လှောကြည့်ရှုနေ၏။

သွေးမိစ္ဆာဧကရာဇ်သည် သွေးနွယ်ပင်မျိုးနွယ်မှာ အနိုင်ကျင့်ခံခဲ့ရပြီး မည်သည့်သွေးနွယ်ပင်ကလန်သားမဆို သူ့ကို ထိုးကြိတ်နိုင် ၊ ကန်ကျောက်နိုင် ၊ အော်ငေါက်နိုင်ကြ၏။

ထိုကဲ့သို့သော အခြေအနေအောက်မှာ သွေးမိစ္ဆာဧကရာဇ်က တစ်စတစ်စကြီးပြင်းလာခဲ့၏။

ထိုနေရာကနေ သူထွက်ခွာမသွားရသည့် အကြောင်းအရင်း တစ်ခုသာလျှင်ရှိလေသည်။ သွေးနွယ်ပင်မျိုးနွယ်က သူ့အမေကို အကျဥ်းချထားသောကြောင့်ဖြစ်၏။

နောက်ပိုင်းမှာ သူ့အမေသည် သွေးနွယ်ပင်မျိုးနွယ် ကလန်သားများ၏ သေသည့်တိုင်အောင် ဖိအားပေးခြင်းခံရသည်ကို သွေးမိစ္ဆာဧကရာဇ်က ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရ၏။

သူမ မသေဆုံးခင် သွေးမိစ္ဆာဧကရာဇ်၏ အမေသည် သူမ၏ ကလေးဆက်လက်၍ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်နေခဲ့၏။

အဲ့ဒါကြောင့် သူမသည် သွေးမိစ္ဆာကို သွေးနွယ်ပင်မျိုးနွယ်ကနေထွက်ခွာကာ သူ့အဖေကို သွားရှာဖို့မှာခဲ့လေသည်။

သွေးမိစ္ဆာသည် သွေးနွယ်ပင်မျိုးနွယ်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့၏။

သွေးနွယ်ပင်မျိုးနွယ်မှာ မည်သူကမှ သူ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်သည့်အတွက် သူ့ကို လိုက်လံရှာဖွေခြင်းလည်း မရှိကြပေ။

သွေးမိစ္ဆာဧကရာဇ်သည် သူ့မိခင်ပေးခဲ့သော သတင်းအချက်အလက်အရ ထျန်ဟွမ်ကုန်းမြေတိုက်၏ အဆူရာဂိုဏ်းသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာအရောက်တွင်... သိုင်းတာအိုပင်မခန္ဓာသည် အစက သူတွေ့ခဲ့သောမြင်ကွင်းနှင့် ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေတစ်ခုကို အမှတ်ရသွားပြီး ရင်တစ်ချက်ထိတ်သွား၏။

သွေးမိစ္ဆာသည် အဆူရာဂိုဏ်းသို့ ရောက်ရှိလာပြီး ကြိုးကြိုးစားစားကျင့်ကြံခဲ့ပြီးနောက် သူသည် နောက်ဆုံးမှာ ထိုလူနှင့်တွေ့ဖို့အခွင့်အရေးကို ရရှိခဲ့၏။

အဆူရာဂိုဏ်း၏ မည်ကာမတ္တတပည့်...။

အစောပိုင်းမြင်ကွင်းမှာ သွေးမိစ္ဆာသတ်ဖြတ်ခဲ့သောသူသည် သူ၏ အဖေ ဖြစ်နေလေသည်။

အဖေနှင့်သား တွေ့ဆုံသောအခါ မည်သည့်နွေးထွေးစရာမြင်ကွင်းမှ ရှိမလာခဲ့ပေ။ ထိုအစား... ပြင်းထန်သော အငြင်းပွားမှုတစ်ခုက ပေါ်ထွက်လာခဲ့၏။

ထိုအချိန်တုန်းက အဆူရာသည် သွေးနွယ်ပင်မျိုးနွယ်မှ အမျိုးသမီးတစ်ယောက်နှင့် တစ်ခါက ပျော်ပါးခဲ့ဖူးသည်ကို မေ့ပျောက်လုနီးပါးဖြစ်သွားခဲ့ပြီဖြစ်ပြီး သူက သွေးမိစ္ဆာ၏ တည်ရှိမှုကို လုံးဝလျစ်လျူရှုထားလေသည်။

“မင်းအမေက ငါ့ရဲ့မိန်းမတွေထဲက တစ်ယောက်ပဲ”

ထိုမျိုးဆက်၏ အဆူရာက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ငါက... သူနဲ့ ခဏတဖြုတ် ပျော်ပါးခဲ့ရုံပဲ... သူ့ကို ငါ့ရဲ့ တာအိုလက်တွဲဖော်လို့တောင် သတ်မှတ်လို့ မရဘူး... ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက ပျော်စရာတစ်ခုထက် မပိုခဲ့ဘူး”

“​နောက်ပြီး... ဒီလောက်အချိန်တွေကြာပြီးတဲ့နောက် မင်းမွေးမလာခင် သူက တခြားဘယ်ယောင်္ကျားတွေတဲ့ ပတ်သက်ဆက်ဆံခဲ့သလဲ ဘယ်သူက သိမှာလဲ”

အဲ့ဒီမှာ သွေးမိစ္ဆာသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ထိုမျိုးဆက်၏ အဆူရာကို တိုက်ခိုက်လိုက်ပြီဖြစ်ကာ ကြီးမားသော တိုက်ပွဲတစ်ခုက ပေါ်ထွက်လာခဲ့၏။

နောက်ပိုင်းမြင်ကွင်းသည် သိုင်းတာအိုပင်မခန္ဓာ ပထမဆုံး မြင်တွေ့ခဲ့သော မြင်ကွင်းအတိုင်းပင်ဖြစ်လေသည်။

သွေးမိစ္ဆာသည် ငယ်ရွယ်စဥ်ကတည်းက အနိုင်ကျင့်ခံခဲ့ရပြီး သူ၏ အဖေနှင့်အမေကို ဆုံးရှုံးခဲ့ရပြီးနောက် သူ၏ နှလုံးသားက ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်၏။ နောက်ပိုင်းမှာ သူသည် ကျင့်ကြံသူများစွာ၏ အမဲလိုက်ခြင်းကိုခံခဲ့ရပြီး နောင်တစ်ချိန်မှာ ကပ်ဘေးများစွာကို ဖြစ်ပေါ်စေခဲ့သည့် သွေးမိစ္ဆာဧကရာဇ်အဖြစ် မွေးဖွားပေါ်ထွက်လာခဲ့လေသည်။

ရုတ်တရက်ဆိုသလို...

သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာပြင်းထန်သော ခုခံမှုတစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုမှတ်ဉာဏ်များသည် ဘယ်တော့မှ သူပြန်လည်မဖော်ထုတ်လိုသည့်အရာများဖြစ်လေသည်။

သွေးမိစ္ဆာဧကရာဇ်၏ မာန်မာနအရ သူသည် ထိုမှတ်ဉာဏ်များကို အခြားလူတစ်ယောက်ထံ သေချာပေါက်သိခွင့်ပေးလိုလိမ့်မည် မဟုတ်ပေ။

ဖျောက်...ဖျောက်...ဖျောက်...

အလင်းလုံးထဲတွင် သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ပတ်လည်ရှိ အနက်ရောင်ချိန်းကြိုးများပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ ၎င်းတို့က ​ကျိုးပျက်တော့မည့်ဆဲဆဲ ဖြစ်လာခဲ့၏။

“ငါ့ကိုဘယ်သူမှ သတ်လို့မရဘူး... အထီးကျန်သိုင်းသခင် မင်းတောင်မှ မရဘူး”

သွေးမိစ္ဆာဧကရာဇ်က ရုတ်တရက် ချိန်းကြိုးများကနေ ရုန်းထွက်ပြီး ကြောက်စရာကောင်း၍ နာကျင်နေသောအမူအရာနှင့်အတူ အော်ဟစ်လိုက်၏။

ဘုန်း...

သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်က သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးလိုက်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲမှာ ဘာမှမကျန်အောင် ကြေမွသွားလေသည်။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာသည် သွေးမိစ္ဆာဧကရာဇ်ကို နောက်တစ်ဖန်ဖိနှိမ်ရန် သူ၏ လက်ဖဝါးကို ဖမ်းဆုပ်ပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်လိုက်သည်နှင့်အမျှ သူက ထိုသူကို ထိန်းချုပ်နိုင်ပေလိမ့်မည်။

တကယ်တော့ သူသည် သွေးမိစ္ဆာဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်နိုင်လေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ထိုသို့မပြုလုပ်တော့ပေ။

ထိုမှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် သူသည် သွေးမိစ္ဆာဧကရာဇ်ကို သူ့ကိုယ်သူ သတ်သေခွင့်နှင့် ဂုဏ်သိက္ခာတချို့ ချန်ထားခွင့်ကိုပေးဖို့ ဆုံးဖြတ်လိုက်လေသည်။

သွေးမိစ္ဆာဧကရာဇ်က ဤလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူ၏ အလောင်းက သွေးအဖြစ်ပြောင်းလဲသွားလေသည်။

သွေးမိစ္ဆာသည် မိဘ၏ ချစ်ခြင်းမေတ္တာ ၊ ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်း... ဘာတစ်ခုကိုမှ မတွေ့ကြုံ၊ မခံစားခဲ့ရပေ။ အတိတ်ကာလမှာ သူသည် အနိုင်ကျင့်ခံရခြင်း... အရှက်ခွဲခံရခြင်း... မမျှမတဆက်ဆံခံရခြင်း... လှောင်ပြောင်သရော်ခံရခြင်းနှင့် အမဲလိုက်ခံရခြင်းတို့သာရှိခဲ့လေသည်။

ထိုအတွေ့အကြုံများကြောင့်ပင် နောက်ပိုင်းမှာ သွေးဆာရက်စက်၍ အညှာအတာကင်းမဲ့သော သွေးမိစ္ဆာဧကရာဇ်ကို မွေးဖွားပေါ်ထွက်လာစေခဲ့ခြင်းဖြစ်၏။

ကိုယ်တော်တာမင်းသည် သွေးမိစ္ဆာဧကရာဇ်၏ အတိတ်ကာလကို သိရှိထားသောကြောင့် ထိုသူကို အခွင့်အရေးတစ်ခုပေးလိုခဲ့တာ ဖြစ်နိုင်လေသည်။

ဆူဇီမိုသည် တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ လေဟာနယ်ကို တိတ်တဆိတ်ငေးကြည့်နေ၏။ သူတို့နှစ်ယောက်စလုံးသည် ကမ္ဘာဦးမျိုးနွယ်များ၏ သွေးနှောကပြားများဖြစ်ပြီး သူတို့မျိုးနွယ်များ၏ စွန့်ပယ်ခြင်းကို ခံခဲ့ရသော်လည်း သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းသည် လုံးဝမတူညီသောလမ်းကြောင်းများကို လျှောက်လှမ်းခဲ့ကြ၏။

သူတို့နှစ်ယောက်စလုံးက အနှိုင်းမဲ့ ပါရမီရှင်များဖြစ်ခဲ့ကြ၏။

သွေးမိစ္ဆာသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ဖန်တီးခဲ့ပြီး ကပ်ဘေးပေါင်းများစွာကို တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်ခဲ့လေသည်။

ရှုထောင့်တစ်ခုကနေ ကြည့်မည်ဆိုလျှင် ပြီးခဲ့သည့်နှစ်လေးသောင်းအတွင်း ထျန်ဟွမ်ကုန်းမြေတိုက်သည် သွေးမိစ္ဆာ၏ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့လေသည်။ ကမ္ဘာဦးမျိုးနွယ်များပင်လျှင် ခြွင်းချက်မရခဲ့ပေ။

ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သက်ရှိတိုင်းသည် သူ၏ စစ်တုရင်အရုပ်များသာ ဖြစ်ခဲ့လေသည်။

သွေးမိစ္ဆာ၏ ရည်မှန်းချက်များက တကယ့်ကိုကြောက်စရာကောင်းလွန်း၏။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သက်ရှိများအားလုံးကို မျိုးနွယ်စုတစ်ခုတည်းအဖြစ် သွတ်သွင်းချင်ခဲ့လေသည်။

တျဲယွဲ့ပေါ်ထွက်လာခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သွေးမိစ္ဆာဧကရာဇ် လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်ကတည်းက အဲ့ဒါကို အောင်မြင်ရရှိခဲ့လိမ့်မည်ဖြစ်ပြီး မည်သူကမှ သူ့ကိုတားဆီးနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

ကိုယ်တော်တာမင်းက ပို၍ပင် အထင်ကြီးလေးစားစရာကောင်းလေသည်။

သူသည် ရှေးဟောင်းခေါင်းတလားထဲမှာ တစ်ယောက်တည်းဖြင့် နှစ်လေးသောင်းကြာအောင် တောင့်ခံခဲ့လေသည်။

လွန်ခဲ့သည့်နှစ်လေးသောင်းအတွင်း သူတွေ့ကြုံခဲ့ရသည့် ဖိစီးနှိပ်စက်မှုများက စဥ်းစားကြည့်၍ မရနိုင်လောက်အောင်ပင်။

နောက်ဆုံးမှာတော့ ကိုယ်တော်တာမင်းသည် မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ခေါင်းတလားထဲကနေ ရုန်းထွက်ဖို့ ရွေးချယ်ခဲ့လေသည်။ နောက်ပိုင်းမှာ သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ချေဖျက်မည့်နည်းလမ်းတစ်ခုကို ရှာဖွေနေခဲ့ပြီး သွေးမိစ္ဆာ၏ အချုပ်အနှောင်ကနေ လွတ်မြောက်လာခဲ့၏။

တကယ်တော့... သူတို့နှစ်ယောက်ကြားတိုက်ပွဲက နှစ်လေးသောင်းကြာမြင့်ခဲ့ပြီး ယခုမှသာအဆုံးသတ်သွားခဲ့ခြင်းဖြစ်၏။

သွေးမိစ္ဆာဧကရာဇ်၏ သေဆုံးခြင်းနှင့်အတူ ကျန်ရှိနေသော ဧကရာဇ်များကို စိုးရိမ်စရာမလိုတော့ပေ။

သိပ်မကြာခင် သူတို့အားလုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုအောက်မှာ သေဆုံးကုန်ကြ၏။

ပုံပြောအဖိုးအိုက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာပြီး သူနှင့်ပခုံးချင်းယှဥ်ရပ်လိုက်၏။ သူက ပျက်စီးနေသော တိုက်ပွဲမြေပြင်ကိုကြည့်ပြီး သက်ပြင်းချလိုက်လေသည်။

“နောက်ဆုံးတော့လည်း... အဲ့ဒါက ပြီးသွားပြီပေါ့”

“သိုင်းဧကရာဇ်... ရှေးဟောင်းခေတ်က လူသားဧကရာဇ်ရဲ့ခေတ်လို့ ငါတစ်ခါပြောခဲ့ဖူးတယ်... ဒီခေတ်ကတော့... မင်းရဲ့ခေတ်ပဲ”

“မဟုတ်ဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ဘာလို့မဟုတ်ရမှာလဲ”

ပုံပြောအဖိုးအိုက ပြောလိုက်၏။

“မင်းက သိုင်းတာအိုကို တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးခဲ့တယ်... ကမ္ဘာဦးခေတ်ရဲ့ အမှန်တရားကိုလည်း ဖော်ထုတ်ပေးခဲ့ပြီး ကမ္ဘာဦးမျိုးနွယ်တွေကို ဖိနှိမ်ပေးခဲ့တယ်... အဲ့ဒါကြောင့် မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေနိုင်ကြပြီ... အခု မင်းက နှစ်လေးသောင်းကြာမြင့်ခဲ့တဲ့ သွေးမိစ္ဆာကပ်ဘေးကိုလည်း ဖြေရှင်းပေးခဲ့ပြီ... ဒီလိုမျိုးအကျိုးဆောင်မှုတွေက လူတိုင်းအထင်ကြီးလေးစားပြီး ချီမွမ်းဖို့အတွက် သမိုင်းမှတ်တမ်းထဲမှာ ကျန်ရစ်ခဲ့မဲ့အရာတွေပဲ”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

“အဲ့ဒါ... ကျုပ်တစ်ယောက်တည်းရဲ့ခေတ် မဟုတ်ဘူး... ဒီဘက်ခေတ်မှာ ညဝိညာဥ်လည်း ရှိတယ်... လင်းရွှမ်ကျီလည်းရှိတယ်... နဂါးမျိုးနွယ်... လူသားမျိုးနွယ်က ဧကရာဇ်တွေနဲ့ နောက်ပြီး... ခင်ဗျားရောပဲ”

“ခင်ဗျားတို့တွေ အားလုံးကြောင့်သာ ဒီလိုခမ်းနားထည်ဝါတဲ့ ခေတ်တစ်ခုကို ဖန်တီးလာနိုင်တာ”

ပုံပြောအဖိုးအိုက ပြုံးလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ်... ဒီဘက်မျိုးဆက်မှာ မင်းရဲ့အကျိုးဆောင်မှုတွေက ပြိုင်ဘက်ကင်းပဲ”

​ဆူဇီမိုက သက်ပြင်းချလိုက်၏။

“ကျုပ်ရဲ့အကျိုးဆောင်မှုက ဘယ်လောက်ပဲကြီးမားကြီးမား အဲ့ဒါတွေက ကိုယ်တော်တာမင်းရဲ့ အရောင်အဝါထက် ပိုမပြောင်နိုင်ဘူး”

ပုံပြောအဖိုးအိုက တိတ်ဆိတ်ငြိမ်သက်သွား၏။

နောင်အနာဂတ်မှာ ဒီဘက်မျိုးဆက်အကြောင်း ပြောဆိုသည့်အခါ ပထမဆုံးဖော်ပြရမည့်သူများမှာ သိုင်းဧကရာဇ် ၊ ကိုယ်တော်တာမင်းနှင့် သွေးမိစ္ဆာတို့ဖြစ်ပေလိမ့်မည်”

​ရှေးဟောင်းခေတ်မှာ လူသားဧကရာဇ်က အထွတ်အထိပ်မှာ တစ်ယောက်တည်းရပ်တည်ပြီး အုပ်စိုးခဲ့လေသည်။

သို့သော်လည်း ဒီဘက်မျိုးဆက်မှာ သိုင်းဧကရာဇ် ၊ ကိုယ်တော်တာမင်းနှင့် သွေးမိစ္ဆာတို့က ဖျက်ဆီး၍မရနိုင်သည့် အမှတ်အသားများကို ချန်ထားရစ်ခဲ့ပြီး သူတို့ကိုယ်ပိုင် အရောင်အဝါများဖြင့် တောက်ပခဲ့ကြ၏။

“ဒီလောကမှာ ပြန်ဝင်စားခြင်းဆိုတာ တကယ်ပဲရှိလား”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

ပုံပြောအဖိုးအိုက ​ပြောလိုက်လေသည်။

“ပြန်ဝင်စားခြင်းကို ဒဏ္ဍာရီတွေထဲမှာပဲ မှတ်တမ်းတင်ထားတာ... အဲ့လိုမျိုးစွမ်းအားက အထက်ဘုံမှာပဲရှိလိမ့်မယ်လို့ ငါထင်တယ်”

ဆူဇီမိုက တီးတိုးပြောဆိုလိုက်၏။

“ပြန်ဝင်စားခြင်းဆိုတာ ရှိမယ်ဆိုရင် ကိုယ်တော်တာမင်းက နောက်ဘဝမှာလူပြန်​ဖြစ်ပြီး ပို​ကောင်းတဲ့ ကံကြမ္မာအခွင့်အလမ်းကို ရရှိပါစေလို့ ကျုပ်ဆုတောင်းတယ်”

ကိုယ်တော်တာမင်းနှင့် သွေးမိစ္ဆာဧကရာဇ်၏ သေဆုံးမှုသည် ခေတ်တစ်ခေတ် အဆုံးသတ်သွားပြီဟု အဓိပ္ပါယ်ရလေသည်။

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိပ်ကြာကြာနေလိမ့်မည်မဟုတ်ဘဲ တက်လှမ်းဖို့အတွက် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ရန် ကြိုးပမ်းပေလိမ့်မည်။

နောင်အနာဂတ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်သည် သိုင်းတာအိုစည်ပင်ထွန်းကားသော အသစ်စက်စက် ခေတ်တစ်ခုအဖြစ်သို့ ရောက်ရှိပြီး မျိုးနွယ်စုတစ်သောင်းက အတူယှဥ်တွဲနေထိုင်ကြပေလိမ့်မည်။

All Chapters