နှုတ်ဆက်ခွဲခွာခြင်း
Vol. 119 Ch. 1774
သွေးမိစ္ဆာနှင့် တိုက်ပွဲအပြီး၌ ထျန်ဟွမ်ကုန်းမြေတိုက်သည် နောက်ဆုံးမှာ စောင့်မျှော်နေခဲ့ရသော ငြိမ်းချမ်းသည့်ကာလတစ်ခုကို ရောက်ရှိလာခဲ့လေပြီ။ မျိုးနွယ်စုတစ်သောင်းက တည်ငြိမ်အေးချမ်းစွာဖြင့် ပြန်လည်အားဖြည့်လာကြ၏။
ပြီးခဲ့သည့် နှစ်လေးသောင်းအတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ကပ်ဘေးများစွာကြောင့် ဂိုဏ်းပေါင်းများစွာက သူတို့၏ အမွေအနှစ်များကို ဆုံးရှုံးခဲ့ရ၏။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများကြားမှာ ထိပ်သီးဂိုဏ်းကြီး အချို့က ဖျက်ဆီးခံခဲ့ရ၏။
ထိုဂိုဏ်းများအနေဖြင့် သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဂိုဏ်းအသစ်တစ်ခု ပြန်လည်စတင်ရန် သူတို့၏ တပည့်ဂိုဏ်းသားများကို မျိုးစေ့တချို့ ချန်ထားပေးခဲ့ကြ၏။
အတန်ကြာအောင် စဉ်းစားချင့်ချိန်ပြီးနောက်.. ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအို၏ နောက်ပိုင်းကျင့်ကြံရေးနည်းစနစ်များကို မချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်လေသည်။
အဲဒါသည် သူက အတ္တကြီးသောကြောင့် မဟုတ်ပေ။ ဤတာအိုသည် အောင်မြင်ပါ့မလား သို့မဟုတ် အနာဂတ်မှာ ဘယ်လိုပုံစံရှိလာမည်ကို သူပင်လျှင် မသိရှိသောကြောင့်ဖြစ်၏။
သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ကိုးရပ်ကို အမွေချန်ထားပေးခဲ့မည်ဆိုလျှင် အဲဒါက လုံလောက်ပေလိမ့်မည်။
စိတ်ဝိညာဉ်ရင်းမြစ် မရှိသော မော်တယ်များအနေဖြင့် သူတို့သည် သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ကိုးခုထဲမှ အသွင်ပြောင်းလဲခြင်း ခြောက်ခုကို ကျင့်ကြံနိုင်သည်နှင့်အမျှ သူတို့သည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုနည်းစနစ်များကို ဆက်လက်ကျင့်ကြံနိုင်မည်ဖြစ်ပြီး သူတို့ကို တောက်ပသော အနာဂတ်တစ်ခုက ကြိုဆိုနေလိမ့်မည်။
သို့သော်လည်း သိုင်းတာအို၏ ရှေ့မှာ ရှိသော လမ်းကြောင်းက မှောင်မိုက်နေ၏။
သိုင်းတာအိုပင်မခန္ဓာကသာလျှင် ပိုင်းဖြတ်ထားသော စိတ်ဓာတ်နှင့်အတူ ထိုလမ်းကို တစ်ယောက်တည်း လျှောက်လှမ်းရပေလိမ့်မည်။
တကယ်တော့ ဆူဇီမို၏ အကြီးဆုံးတပည့်အနေဖြင့် ပေမင်ရွှယ်သည် သူမ၏ ရွေးချယ်မှုကို သူမစိတ်တိုင်းကျ ပြုလုပ်နိုင်လေသည်။ ထိုသို့ဖြင့် ဆူဇီမိုက ပေမင်ရွှယ်ကို ဆင့်ခေါ်ခဲ့လေသည်။
ပေမင်ရွှယ်သည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သိုင်းတာအို၏ ဘာမှန်းမသိရသော အနာဂတ်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့လေသည်။
ဆူဇီမိုသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိဘဲ နောက်ဆုံး ကံကြမ္မာစက်ကွင်း လျှို့ဝှက်နယ်မြေ အပါအဝင် သိုင်းတာအို၏ အနှစ်သာရများ အားလုံးကို ပေမင်ရွှယ်အား သင်ကြားပေးခဲ့လေသည်။
ဤအချိန်အတောအတွင်းမှာ ဆူဇီမိုသည် ထွက်ခွာဖို့အတွက် အလောတကြီး ရှိမနေပေ။ ထိုအစား သူသည် မိတ်ဆွေဟောင်းများစွာနှင့် တွေ့ဆုံပြီး သူတို့ကို တစ်ယောက်ချင်း လိုက်လံနှုတ်ဆက်ခဲ့လေသည်။
မဟာကျိုးမြို့တော်တွင်..
အဝါဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် နန်းတော်၏ ကျောက်လှေကားရှေ့မှာ ကြော့ရှင်းတင့်တယ်သော အစိမ်းရောင်ဝတ် စာပေသမားတစ်ယောက်နှင့်အတူ မတ်တတ်ရပ်နေ၏။
သူတို့နှစ်ယောက်သည် ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြပြီး မကြာ မကြာ အကြည့်ချင်းဖလှယ်၍ ပြုံးပြနေကြ၏။
နှစ်တစ်ထောင်ကျော်ကြာပြီးနောက်.. အမျိုးသမီးနှင့် စာပေသမား၏ ရုပ်ရည်သွင်ပြင်က များစွာပြောင်းလဲသွားခြင်း မရှိပေ။
အမျိုးသမီးသည် ယခင်ကကဲ့သို့ တူညီသော နူးညံ့သိမ်မွေ့မှုနှင့်အတူ စာပေသမားကို ကြည့်နေ၏။
သို့သော်လည်း သူတို့နှစ်ယောက်၏ အဆင့်အတန်းကတော့ ယခင်ကနှင့် ကြီးမားစွာ ပြောင်းလဲသွားခဲ့လေပြီ။
ယခုအချိန်မှာ အမျိုးသမီးသည် မဟာကျိုးအင်ပါယာ၏ ဧကရီဖြစ်လာခဲ့ပြီး မြောက်ပိုင်းဒေသမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့၏။
သူမ၏ ကျင့်ကြံမှုအဆင့်က မြင့်မားခြင်း မရှိဘဲ မူလနတ္ထိအဆင့်မှာသာ ရှိနေသေးသော်လည်း သူမ၏ အဆင့်အတန်းသည် မြောက်ပိုင်းဒေသ၏ ဂိုဏ်းများ သို့မဟုတ် ထျန်ဟွမ်ကုန်းမြေတိုက်မှ ထိပ်သီးဂိုဏ်းကြီးများ၏ ဂိုဏ်းချုပ်များနှင့်ပင်လျှင် ယှဉ်နိုင်လေသည်။
စာပေသမားသည် အတိတ်ကာလတုန်းကလို နေရာတိုင်းမှာ အမဲလိုက်ခံနေရသည့် ကျင့်ကြံသူလေး မဟုတ်တော့ပေ။ ထိုအစား သူသည် မျိုးနွယ်စုတစ်သောင်းက ရိုသေလေးစားရသော ထာဝရ သိုင်းဧကရာဇ် ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ကျော်ကြားနေလေပြီ။
တကယ်တော့ နေရာဒေသတစ်ခု၏ ဧကရီတစ်ပါး၏ အဆင့်အတန်းက ဘယ်လောက်ပင် မြင့်မြတ်သည်ဖြစ်စေ.. သူမသည် ဧကရာဇ်ကျင့်ကြံသူများနှင့် ပခုံးချင်းယှဉ်ရပ်နိုင်သည့်အဆင့်မှာ မရှိပေ။
ထာဝရ သိုင်းဧကရာဇ်နှင့်ဆို ပို၍ပင် ဝေးကွာလွန်းလေသည်။
ထာဝရ သိုင်းဧကရာဇ်က နန်းတော်တစ်ခုထဲမှာ မဟာကျိုးဧကရီနှင့်အတူ ပခုံးချင်းယှဉ်ရပ်ကာ ရယ်ပြုံး၍ စကားပြောဆိုနေသည်ကို မည်သူမဆို တွေ့မြင်မည်ဆိုလျှင် သူတို့သည် သေချာပေါက် တုန်လှုပ်သွားရပေလိမ့်မည်။
အမျိုးသမီးနှင့် စာပေသမား၏ အဆင့်အတန်းက သိသာစွာ ပြောင်းလဲသွားသော်လည်း သူတို့နှစ်ယောက်ကြားမှာ မည်သည့်အဟန့်အတားမှ မရှိပေ။
“နင် သွားတော့မှာလား”
စာပေသမား၏ ဘေးတိုက်ပုံစံကို လှည့်ကြည့်ပြီး ကျိယောင်ရွှယ်က ညင်သာစွာ မေးလိုက်၏။
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ကျိယောင်ရွှယ်က ပြုံးပြလိုက်လေသည်။
“အထက်ဘုံကို သွားပါ.. အဲဒီမှာ နင့်ကို စောင့်နေတဲ့သူတွေ ရှိတယ်”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ ကျိယောင်ရွှယ်ကို လှည့်ကြည့်လိုက်၏။
“တကယ်တော့ အဲဒီအမျိုးသမီးက ဘယ်လိုပုံစံ ရှိနေမလဲလို့ ငါတွေးနေခဲ့ဖူးတယ်.. နင် မမေ့ဖျောက်နိုင်ဘဲ မကြာခဏ အိပ်မက်ထဲမှာ ထည့်မက်နေတတ်တဲ့သူကိုပေါ့”
စိတ်လက်ပေါ့ပါးသော အမူအရာနှင့်အတူ ကျိယောင်ရွှယ်က ကျီစယ်လိုက်၏။
“သူပေါ်ထွက်လာတဲ့ အချိန်မှပဲ ငါနားလည်သွားတယ်.. တစ်လောကလုံးကို မထီမဲ့မြင်ပြုနိုင်တဲ့ အဲ့လိုမျိုး ပြိုင်စံရှား အမျိုးသမီးတစ်ဦးကို ငါတောင်မှ သဘောကျမိတယ်”
အစကတော့ ဆူဇီမိုသည် ရင်ထဲမှာ လေးလံသလို ခံစားနေခဲ့ရ၏။
သို့သော်လည်း ကျိယောင်ရွှယ်၏ အပြုံးကို တွေ့မြင်သောအခါ သူ၏ ရင်ထဲရှိ ဝမ်းနည်းမှုက အနည်းငယ် ဖျော့တော့သွားလေသည်။
ကျိယောင်ရွှယ်က ဆူဇီမို၏ ပခုံးကို သူမ၏ လက်ဖြင့် ညင်သာစွာ ပုတ်လိုက်လေသည်။
“အဲ့လိုမနေစမ်းပါနဲ့.. ငါတို့က တစ်ခါတည်း အပြီးခွဲရမှာမှ မဟုတ်တာ.. နင်က အထက်ဘုံကို ရောက်တာနဲ့ ကောင်းကောင်းကျင့်ကြံပြီး ငါနဲ့ တခြားမိတ်ဆွေဟောင်းတွေဆီကို လာလည်ပေါ့… နင့်မှာ အဲ့ဒီအခွင့်အရေး ရမယ်ဆိုရင်ပေါ့”
ဆူဇီမိုက အသံတိတ်သွား၏။
သူသည် အထက်ဘုံသို့ ရောက်သည်နှင့် သူ့အနေဖြင့် ဤနေရာကို ပြန်လည်ဆင်းသက်လာဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
လူသားဧကရာဇ်သည် အထက်ဘုံသို့ တက်လှမ်းသွားခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့လေပြီ။ သူ၏ ကျင့်ကြံမှုအဆင့်နှင့်ပင်လျှင် သူသည် အတင်းအကျပ် ဆင်းသက်လာသောအခါ သေလုမတတ်ဖြစ်ခဲ့ရ၏။
ဆူဇီမိုအနေဖြင့် လူသားဧကရာဇ်ကို အမီလိုက်ဖို့ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ပေဦးမည်။
မူလနတ္ထိတစ်ယောက်၏ ဘဝသက်တမ်းက နှစ်ငါးထောင်သာလျှင်ဖြစ်၏။
ထိုအချိန်ကျလျှင် သူက အောက်ဘုံကို ဆင်းသက်လာနိုင်မည့် ခွန်အားကို ပိုင်ဆိုင်နိုင်မည်ဆိုလျှင်တောင် အရာရာတိုင်းက ပြောင်းလဲသွားပေလိမ့်မည်။
ဒါ့အပြင် အထက်ဘုံမှာ တွေ့ကြံရမည့် အရာရာတိုင်းက ဘာမှန်းမသိရဘဲ အန္တရာယ်များလွန်းလေသည်။
ဤတစ်ခေါက် နှုတ်ဆက်ခွဲခွာခြင်းသည် သူတို့၏ ထာဝရ ခွဲခွာခြင်း ဖြစ်သွားဖို့များသည်ကို ဆူဇီမိုက သိရှိထားလေသည်။
“ယောင်ရွှယ်..”
ဆူဇီမိုက တစ်စုံတစ်ရာကို ပြောချင်နေသည့်အလား သူ၏ ခေါင်းကို ငုံ့ပြီး ညင်သာစွာ ပြောလိုက်၏။
ကျိယောင်ရွှယ်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး သူမ၏ မျက်လုံးထဲရှိ မျှော်လင့်တမ်းတမှု အရိပ်အယောင်တစ်ခုနှင့်အတူ ဆူဇီမိုကို တိတ်တဆိတ် ကြည့်နေ၏။
အတန်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက်.. ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။
“ငါသွားတော့မယ်.. ဂရုစိုက်ဦး”
“နင်လည်း ဂရုစိုက်”
ကျိယောင်ရွှယ်က ညင်သာစွာ ပြောလိုက်၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ထပ်မံ၍ စဉ်းစားမနေတော့ဘဲ လှည့်ထွက်သွားလေသည်။ သိပ်မကြာခင် သူက မဟာကျိုးနန်းတော်၏ အထက်ကနေ ပျောက်ကွယ်သွား၏။
ကျိယောင်ရွှယ်က နေရာမှာပင် မတ်တတ်ရပ်ပြီး ဆူဇီမို ထွက်ခွာသွားရာ အရပ်ကို ငေးကြည့်နေ၏။ သူမသည် သူမနှလုံးသားထဲရှိ နှမြောတမ်းတမှုနှင့် ဝမ်းနည်းမှုကို ဆက်လက်၍ ဖိနှိမ်မထားနိုင်တော့ဘဲ သူမ၏ အမြင်အာရုံက တဖြည်းဖြည်း ဝေဝါးလာ၏။
“တစ်ယောက်က အထက်ဘုံကနေ သူ့ကို စောင့်နေတယ်.. ဒါပေမဲ့ အောက်ဘုံမှာလည်း အတူတူပဲ မဟုတ်ဘူးလား”
ထိုစဉ်မှာပင် ကျိယောင်ရွှယ်၏ နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
ကျိယောင်ရွှယ်သည် အနည်းငယ် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူမ၏ အတွေးများကို ဖော်ထုတ်ခံရမည်စိုးသည့်အလား သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်စများကို ကပျာကယာ သုတ်လိုက်လေသည်။ အဲဒီနောက် သူမက လှည့်ကြည့်လိုက်၏။
မလှမ်းမကမ်းတွင် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သွယ်သွယ်လျလျ မိန်းကလေးတစ်ဦးက မတ်တတ်ရပ်နေ၏။
ဤနှစ်များအတွင်း နတ်ဆိုးမကျိသည် အမှန်တကယ် ကြီးပြင်းလာပုံ မရဘဲ ယခင်ကကဲ့သို့ မိန်းမပျိုလေးတစ်ယောက်အဖြစ်သာ ဆက်ရှိနေသေးသည့်ပုံပေါ်၏။ သို့သော်လည်း သူမသည် မငြင်းဆန်နိုင်သည့် ညှို့ငင်ဓာတ်တစ်ခုဖြင့် ပြည့်နှက်နေလေသည်။
“ယန်အာ.. နင် ဘာတွေ ပြောနေတာလဲ”
ကျိယောင်ရွှယ်က ပြောလိုက်၏။
နတ်ဆိုးမကျိက ပြန်ပြောလိုက်လေသည်။
“အစ်မ.. နင့်အကြောင်းကို ငါကောင်းကောင်းသိပါတယ်.. နင်က ဘာကိုမှ ဂရုမစိုက်ဘူး ထင်ရပေမဲ့ နင်က အဲဒါကို လက်မလွှတ်နိုင်ဘူးမလား”
ကျိယောင်ရွှယ်က အသံတိတ်သွား၏။
အတန်ကြာပြီးနောက်.. သူမက ညင်သာစွာ ပြောလိုက်၏။
“ငါ လက်မလွှတ်နိုင်ဘူးဆိုတော့ရော ဘာဖြစ်လဲ.. သူက အထက်ဘုံကို တက်လှမ်းမှာပဲ.. ငါတို့က နောက်တစ်ခေါက် ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်လောက်တော့ဘူး”
“ယန်အာ.. နင် ဘယ်အချိန်မှာ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ကြိုးပမ်းမှာလဲ”
ကျိယောင်ရွှယ်က စကားလမ်းကြောင်းပြောင်းပြီး ရုတ်တရက် မေးလိုက်၏။
“ငါက အခုချိန်ထိ ဧကရီတစ်ပါးတောင် ဖြစ်သေးတာ မဟုတ်ဘူး.. အဲဒါကို ပြောဖို့ စောပါသေးတယ်”
နတ်ဆိုးမကျိက ပြုံး၍ ကျိယောင်ရွှယ်၏ ဘေးသို့ ရောက်ရှိလာ၏။ သူမက သူမ အစ်မ၏ လက်ကို ဆုပ်ကိုင်ပြီး ပြုံးပြလိုက်လေသည်။
“ငါက အစ်မနဲ့ နှစ်တွေအကြာကြီး ရှိနေဦးမှာ.. နှလုံးသားမဲ့တဲ့ ဟိုလူနဲ့တော့ မတူဘူးပေါ့”
“နင်..”
ကျိယောင်ရွှယ်က ပြုံး၍ နတ်ဆိုးမကျိ၏ နဖူးကို သူမ၏ လက်ညိုးဖြင့် ညင်သာစွာ တောက်လိုက်၏။
“အစ်မ.. နင်ဝမ်းနည်းနေစရာ မလိုပါဘူး”
နတ်ဆိုးမကျိက ဆက်ပြောလိုက်၏။
“နောက်ပြီးကျရင် သူက အထွတ်အထိပ်ကပ်ဘေး ဖြတ်ကျော်မှာကို စောင့်ကြည့်ဖို့အတွက် ငါ နင့်ကို ခေါ်သွားပေးမယ်.. အဲဒီအချိန်ကျရင်.. ဟမ့်.. သူက ကောင်းကင်ဘုံကပ်ဘေးရဲ့ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံရပြီး သူ့ရဲ့ ဝိညာဉ်ကတောင် ပျက်ပြယ်သွားနိုင်တယ်.. အဲ့လိုပုံစံနဲ့ ငါတို့က နင့်အတွက် လက်စားချေရင် ချေနိုင်မှာ”
“အား..”
ကျိယောင်ရွှယ်က တုန်လှုပ်သွားပြီး အလောတကြီး မေးလိုက်၏။
“အထွတ်အထိပ်ကပ်ဘေးက အရမ်းကို အန္တရာယ်များတာလား”
ထိုနေရာအရောက်တွင် နတ်ဆိုးမကျိ၏ အမူအရာကလည်း တည်တံ့သွားပြီး သူမ၏ အပြုံးကို ရုတ်သိမ်းလိုက်၏။
“အထွတ်အထိပ်ကပ်ဘေးက တကယ့်ကို အန္တရာယ်များတယ်.. အဲဒီမှာ သေဆုံးသွားရနိုင်ချေတောင်မှ များတယ်”
“မိစ္ဆာဂိုဏ်းတွေရဲ့ ရှေးဟောင်းကျမ်းစာအုပ်တွေထဲမှာ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ရင်း ကျရှုံးသွားတဲ့ ဖြစ်ရပ်တွေ အများကြီးရှိတယ်”
“တကယ်တော့ ဒီနှစ်တွေထဲမှာ အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ရွေးချယ်ခဲ့တဲ့သူ ထျန်ဟွမ်ကုန်းမြေတိုက်မှာ များများစားစား မရှိဘူး.. အဲ့လို အန္တရာယ်တစ်ခုကို ဘယ်သူက အလွယ်တကူ စွန့်စားလိုမှာလဲ”
“ဒီတစ်ခေါက်တော့ သိုင်းဧကရာဇ်က အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီး အထက်ဘုံကို တက်လှမ်းတော့မယ်ဆိုတာ မျိုးနွယ်စုတစ်သောင်းက သက်ရှိတိုင်းက သိထားကြပြီ.. အဲဒါကြောင့် သူတို့က အတွေ့အကြုံတချို့ ရရှိအောင် သိုင်းဧကရာဇ်က အထွတ်အထိပ်ကပ်ဘေး ဖြတ်ကျော်မှာကို ပညာရှင်တွေ အများကြီး လာပြီး စောင့်ကြည့်ကြလိမ့်မယ်”