ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲမှ လေးခု
Vol. 119 Ch. 1776
ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုသည် ကပ်ဘေးဖြတ်ကျော်ခြင်းကို တစ်ချိန်တည်းမှာ ခံယူနေ၏။ ကောင်းကင်ဘုံကပ်ဘေး၏ ထိတွေ့ရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရချိန်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ပထမဆုံး မိုးကြိုးကပ်ဘေးကို သူတို့၏ ခန္ဓာကိုယ်များနှင့် လက်ခံရင်ဆိုင်ဖို့ရွေးချယ်ခဲ့၏။
သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် ပို၍ပင် စီးပိုးခြယ်လှယ်မှုရှိပြီး မိုးကြိုးကပ်ဘေးကို အရင်စ၍ ခြေမွှပစ်လိုက်၏။
အထွတ်အထိပ်ကပ်ဘေးကို အမှန်တကယ်ဖြတ်ကျော်မှသာ ၎င်းအတွင်းမှာရှိသည့် လျှို့ဝှက်နက်နဲမှုများကို နားလည်နိုင်ပေမည်။
အဲ့ဒီမှာ ကြီးမားသော မိုးကြိုးစွမ်းအားအပြင် မိုးကြိုးကပ်ဘေးအတွင်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုလည်းရှိနေ၏။
အဲ့ဒါသည် အနက်ရောင်တိမ်စိုင်များထဲရှိ မိုးကြိုးလျှပ်စီးကို ကြောက်စရာကောင်းသော ကောင်းကင်ဘုံကပ်ဘေးအဖြစ် အသွင်ပြောင်းလဲနိုင်စေသော စွမ်းအားဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်များသည် ပထမဆုံး မိုးကြိုးကပ်ဘေး၏ ဆေးကြောသန့်စင်မှုကိုခံယူနေ၏။ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ သူတို့၏ ခန္ဓာကိုယ်များကို ရစ်ပတ်နေလေသည်။
မိုးကြိုးကပ်ဘေးအတွင်းရှိ မိုးကြိုးစွမ်းအားက တဖြည်းဖြည်းပျက်ပြယ်သွားပြီး ကျန်ရှိနေသော ထူးဆန်းသည့်စွမ်းအားက သူတို့၏ အရေပြားကနေတစ်ဆင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့၏။
ထူးဆန်းသော ထိုစွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်များသို့ ပြောင်းလဲပေးနေ၏။
“အဲ့ဒါက ကောင်းကင်နဲ့မြေကြီး အမြုတေချီပဲ”
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာ၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်က တျဲယွဲ့ဆင်းသက်လာသောအခါ သူမသည် အထက်ဘုံနှင့်ပတ်သက်သည် ကိစ္စတချို့ကို သူ့ကိုပြောပြခဲ့လေသည်။ အဲ့ဒီထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီ၏ လျှို့ဝှက်ဆန်းကြယ်မှုလည်း ပါဝင်လေသည်။
ကောင်းကင်နှင့်မြေကြီး၏ အမြုတေချီနှင့် ပေါင်းစည်းပြီးနောက် သာမန်နတ်ဘုရားစွမ်းအားတစ်ခုကပင် ဆူဇီမို၏ အန္တိမနတ်ဘုရားစွမ်းအားကို ဖျက်ဆီးပစ်နိုင်သည့် ပို၍ပင်ကြောက်စရာကောင်းသော စွမ်းအားတစ်ခုအဖြစ်ကို ဆင့်ကဲပြောင်းလဲလာနိုင်၏။
ယခုအချိန်မှာ သာမန်မိုးကြိုးသည် မိုးကြိုးကပ်ဘေးအဖြစ်သို့ အသွင်ပြောင်းလဲသွားရသည့်အကြောင်းရင်းမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ ပါဝင်မှုကြောင့် သေချာပေါက်ဖြစ်ရပေမည်။
တစ်ချိန်တည်းမှာပင် ဆူဇီမို၏ စိတ်ထဲသို့ နားလည်သဘောပေါက်မှုတစ်ခုက ဝင်ရောက်လာ၏။
ကပ်ဘေးဖြတ်ကျော်ခြင်းက အန္တရာယ်များသော်လည်း အဲ့ဒါသည် အောက်ဘုံမှကျင့်ကြံသူများအတွက် မဖြစ်မနေတက်လှမ်းရမည့် အောက်ဆုံးလှေခါးထစ်ဖြစ်လေသည်။
ကမ္ဘာငယ်များမှာ လူတစ်ယောက်သည် အထွတ်အထိပ်ကပ်ဘေးကနေတစ်ဆင့် ကောင်းကင်နှင့်မြေကြီး အမြုတေချီနှင့်ထိတွေ့မိပြီးမှသာလျှင် သူတို့၏ အသွေးအသားနှင့် အမြုတေစိတ်ဝိညာဥ်များကို ဆေးကြောသန့်စင်ကာ နောက်တစ်ဖန်အသွင်ပြောင်းလဲလာနိုင်မည်ဖြစ်၏။
ထိုသို့ဖြင့် အောက်ဘုံရှိ ကျင့်ကြံသူများသည် အထက်ဘုံ၏ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိလာနိုင်ပေလိမ့်မည်။
အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခဲ့သော ကျင့်ကြံသူများကသာလျှင် ကျင့်ကြံဖို့အတွက် အထက်ဘုံမှ ကောင်းကင်နှင့်မြေကြီး အမြုတေချီကို စုပ်ယူနိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကပ်ဘေးကို ခြေမွှဖျက်ဆီးလိုက်ပြီး မိုးကြိုးလျှပ်စီးများက သူ၏ လက်ထဲမှာ ပျက်ပြယ်သွားလေသည်။
သို့သော်လည်း အထဲမှာပါဝင်သော ကောင်းကင်နှင့်မြေကြီး အမြုတေချီက သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး သူ၏ အသွေးအသားကို ဆေးကြောသန့်စင်ပေးနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကို အနည်းငယ်မှေးပြီး သူ့ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုအနည်းငယ်ကို အာရုံခံနေ၏။
“စောစောက အနီရောင်မိုးကြိုးကပ်ဘေး ဆင်းသက်လာတုန်းက ငါကအဝေးကြီးမှာ ရှိနေတာတောင်မှ ရင်တလှပ်လှပ် ခံစားနေရသေးတယ်... ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်သလဲ”
ဧကရာဇ်တစ်ပါးက ညင်သာစွာသက်ပြင်းချလိုက်၏။
“ဒီလိုကြောက်စရာကောင်းတဲ့ ကောင်းကင်ဘုံကပ်ဘေးကတောင် သိုင်းဧကရာဇ်အတွက် ဘာမှမဟုတ်ပါလား”
“ကောင်းကင်ဘုံကပ်ဘေးက ဘယ်လိုလုပ် အဲ့လောက်ထိ ရိုးရှင်းနိုင်ပါ့မလဲ... အဲ့ဒီမှာ မိုးကြိုးကပ်ဘေးကိုးခုရှိတယ်... တစ်ခုချင်းစီက ပထမတစ်ခုထက်ပိုပြီး ကြမ်းကြုတ်ခက်ထန်လာလိမ့်မယ်... ဒါကအစပဲရှိသေးတယ်”
တကယ်တော့... အဲ့ဒါက မိုးကြိုးကပ်ဘေးတစ်ခုတည်းသာဆိုလျှင် သမိုင်းတစ်လျှောက် ဧကရာဇ်များစွာသည် အဲ့ဒါကို ခံနိုင်ရည်ရှိကာ ကောင်းကောင်းဖြတ်ကျော်နိုင်ခဲ့ပေလိမ့်မည်။
သို့သော်လည်း ကပ်ဘေးဖြတ်ကျော်ခြင်းမှာ ကျရှုံးခဲ့သော ဧကရာဇ်အများစုသည် သူတို့၏ နောက်ပိုင်းမိုးကြိုးကပ်ဘေးများမှာ သေဆုံးခဲ့ရခြင်းဖြစ်၏။
ဧကရာဇ်အများစုက သူတို့၏ ဝှက်ဖဲများ ကုန်ဆုံးသွားပြီးနောက် ကောင်းကင်ဘုံကပ်ဘေး၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ သူတို့၏ ဝိညာဥ်များက ပျက်ပြယ်သွားခဲ့ရ၏။
ဧကရာဇ်များစွာသည် ကပ်ဘေးဖြတ်ကျော်ဖို့ကို အတော်ကြာသည့်အထိ အချိန်ဆွဲနေကြသည်မှာ သူတို့သည် အန္တိမနတ်ဘုရားစွမ်းအားများကို တတ်နိုင်သမျှ များများ နားလည်ဆင်ခြင်လိုသောကြောင့်ဖြစ်၏။
အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ပြီးတိုင်း သူတို့သည် နောက်ထပ်မိုးကြိုးကပ်ဘေးတစ်ခုကို ခုခံလာနိုင်ပေလိမ့်မည်။
အရှေ့ပင်လယ်၏ ကောင်းကင်ထက်တွင်...။
အနက်ရောင်တိမ်စိုင်များက ပို၍နိမ့်လာပြီး ပို၍ထူထဲလာခဲ့၏။
အလျှံညီးညီး အနီရောင်လျှပ်စီးကြောင်းများက ညိုမည်းနေသော တိမ်စိုင်များထဲမှာ ယှက်ဖြာသွားပြီး အနက်ရောင်တိမ်စိုင်ဝဲကတော့၏ အလယ်သို့ စုစည်းလာခဲ့၏။
ဖျောက်...
ကောင်းကင်ထက်ကနေ နီညိုရောင်မိုးကြိုးကပ်ဘေးတစ်ခုက ဆင်းသက်လာပြီး ဆူဇီမို၏ အစစ်အမှန်ခန္ဓာ သုံးခုကို ပစ်ချလိုက်၏။
မိုးကြိုးကပ်ဘေး၏ အရောင်က ယခင်ကထက် ပို၍ရင့်လာပြီး ၎င်းမှာပါဝင်သောစွမ်းအားကလည်း ပို၍ကြောက်စရာကောင်းလာခဲ့၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် လှုပ်ရှားခြင်းမရှိသေးဘဲ သူတို့၏ ခန္ဓာကိုယ်များနှင့်အတူ ကောင်းကင်ဘုံကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို ခံယူလိုက်ဆဲ ဖြစ်၏။
ကောင်းကင်ဘုံကပ်ဘေးထဲမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီအပြင် အဲ့ဒီမှာ အားပါပြင်းထန်သော မိုးကြိုးစွမ်းအားတစ်ခုလည်း ပါဝင်လေသည်။
ထိုဆေးကြောသန့်စင်မှုသည် သူ့အစစ်အမှန်ခန္ဓာနှစ်ခု၏ အသွေးအသားကို ပို၍ပင် သန်မာလာစေ၏။
အစကတည်းက မိုးကြိုးမှာပါဝင်သော အသက်ဓာတ်အားနှင့် ကောင်းကင်နှင့်မြေကြီး၏ အမြုတေသည် ဆူဇီမို၏ ခန္ဓာကိုယ်များအတွက် မဟာအားဆေးများဖြစ်လေသည်။
တကယ်တော့... ဤကဲ့သို့ ကပ်ဘေးဖြတ်ကျော်ခြင်းနည်းလမ်းကို အခြားမည်သူကမှ တုပနိုင်လိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာက ယခင်ကကဲ့သို့ စီးပိုးခြယ်လှယ်မှုရှိဆဲ ဖြစ်၏။
ဆင်းသက်လာသော မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရချိန်မှာ သူက အပေါ်သို့ပင့်ထိုးလိုက်ပြီး နီညိုရောင်မိုးကြိုးကပ်ဘေးကို ကြေမွသွားစေ၏။
အားလုံး၏ အကြည့်အောက်မှာ မိုးကြိုးကပ်ဘေးများက ထပ်ဖန်တလဲလဲ ဆင်းသက်လာခဲ့၏။
သူတို့၏ အရောင်များက ပို၍ရင့်လာပြီး နီညိုရောင် ၊ သွေးနီရောင်နှင့် အနီတောက်တောက်အရောင်တို့ဖြစ်လာခဲ့၏။
မိုးကြိုးကပ်ဘေး၏ စွမ်းအားကလည်း ပို၍ကြောက်စရာကောင်းလာခဲ့၏။
အဝေးကနေ စောင့်ကြည့်နေသော ဧကရာဇ်များပင်လျှင် တုန်လှုပ်ချောက်ချားမှုကို ခံစားရလေသည်။
အစစ်အမှန်ခန္ဓာ နှစ်ခုသည် မိုးကြိုးကပ်ဘေး၏ ဆေးကြောသန့်စင်မှုကို ခံယူရင်း လုံးဝလှုပ်ရှားခြင်းမရှိကြပေ။ သူတို့က ထိခိုက်ဒဏ်ရာမရရှိရုံသာမက သူတို့၏ အော်ရာများက ပို၍ပင် သန်မာလာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ အထွတ်အထိပ်ကပ်ဘေး ဖြတ်ကျော်ပုံက ပို၍ပင် ကြမ်းကြုတ်၍ ပို၍ပင်တဲ့တိုးဆန်လေသည်။
အစကတော့ သူသည် လေထဲမှာ မတ်တတ်ရပ်၍ မိုးကြိုးကပ်ဘေးကိုခုခံဖို့ သူ၏ လက်နှစ်ဖက်ကို မြှောက်ထားလေသည်။
သို့သော်လည်း ခုနှစ်ခုမြောက် ၊ ရှစ်ခုမြောက်နှင့် ကိုးခုမြောက် မိုးကြိုးကပ်ဘေးများ ဆင်းသက်လာချိန်တွင် သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံ ကပ်ဘေးရှိရာသို့ ဆန်တက်၍ ပြေးဝင်သွားလေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ကိုးခုမြောက်မိုးကြိုးကပ်ဘေးက ဆင်းသက်လာသည့် ခဏမှာပင် သိုင်းတာအိုပင်မခန္ဓာက အနက်ရောင်တိမ်စိုင်၏ အောက်ဘက်သို့ ရောက်ရှိသွားခဲ့လေပြီ။ သူက သူ၏ လက်သီးကိုမြှောက်ပြီး အနက်ရောင်တိမ်စိုင်၏ အလယ်ရှိ မိုးကြိုးလျှပ်စီးဝဲကတော့ကို ပစ်ထိုးလိုက်လေသည်။
“ပျက်စမ်း”
ဘုန်း...
မိုးကြိုးလျှပ်စီးတိမ်စိုင်က သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး အဘက်ဘက်သို့ ပြန့်ကျဲသွား၏။
သိုင်းတာအိုပင်မခန္ဓာသည် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ပါးကဲ့သို့ မိုးကောင်းကင်အောက်မှာ မတ်တတ်ရပ်နေ၏။
တစ်နာရီမကြာခင်မှာပင် မိုးကြိုးကပ်ဘေးကိုးခုစလုံးက ပြီးဆုံးသွားလေပြီ။
ဆူဇီမို၏ အစစ်အမှန်ခန္ဓာသုံးခုက ဘေးကင်းလုံခြုံမှုရှိနေ၏။
“အန္တရာယ်အများဆုံး ရှစ်ခုမြောက်နဲ့ ကိုးခုမြောက် မိုးကြိုးကပ်ဘေးတွေကတောင် သိုင်းဧကရာဇ်ကို ဘာမှ ထိထိရောက်ရောက်မလုပ်နိုင်ပါ့လား”
“သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းနည်းလမ်းက တကယ့်ကိုမကြုံစဖူး အံ့မခန်းပဲ”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ညည်းတွားရေရွတ်လိုက်ကြ၏။
မိုးကြိုးကပ်ဘေးက ပြီးဆုံးသွားသော်လည်း ဆူဇီမို၏ အစစ်အမှန်ခန္ဓာ သုံးခုက ထွက်ခွာသွားခြင်းမရှိသလို ကောင်းကင်ထက်မှ မည်သည့်ဖြစ်စဥ်မှလည်း ဆင်းသက်မလာခဲ့ပေ။
ရှေးဟောင်းကျမ်းစာများအရ နို့နှစ်ရောင်အလင်းတန်းတစ်ခုသည် ကပ်ဘေးဖြတ်ကျော်ထားသော ကျင့်ကြံသူပေါ်သို့ ဆင်းသက်လာရမည်ဖြစ်ပြီး သူ့ကို အထက်ဘုံသို့တက်လှမ်းရန် လမ်းညွှန်ခေါ်ဆောင်သွားမည်ဖြစ်လေသည်။
သို့သော်လည်း မိုးကြိုးကပ်ဘေး ကိုးခု အဆုံးသတ်သွားပြီးနောက် ကပ်ဘေးတစ်ခုက ဆင်းသက်လာတော့မည့်အလား မိုးကောင်းကင်ထက်ကနေ ထုတ်ဖော်နေသည့် ဖိအားက ပို၍ပင် ကြောက်စရာကောင်းလာခဲ့၏။
“ဘာတွေဖြစ်နေတာလဲ”
“သိုင်းဧကရာဇ်က သူ့ရဲ့ ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်သွားပြီမဟုတ်ဘူးလား”
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ဂနာမငြိမ်ဖြစ်လာကြ၏။
“ဖြစ်နိုင်ခြေရှိတာက...”
လင်းရွှမ်ကျီက ရင်တစ်ချက်ထိတ်သွားပြီး မေးခွန်းထုတ်လိုသော အမူအရာဖြင့် ပုံပြောအဖိုးအိုကို လှည့်ကြည့်လိုက်၏။
ပုံပြောအဖိုးအိုက သုန်မှုန်နေသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ဒီလိုဆိုရင်တော့... ကောင်းကင်ဘုံကပ်ဘေးရဲ့ ဒဏ္ဍာရီက မှန်နေတဲ့ပုံပဲ”
“ဘာဒဏ္ဍာရီလဲ”
ဧကရာဇ်များက သိချင်စိတ်ဖြင့် မေးမြန်းလိုက်ကြ၏။
ထိပ်သီးဂိုဏ်းကြီးများကိုမပြောနှင့် ပဟေဠိနန်းတော်မှာပင်လျှင် ထိုကဲ့သို့သော ဒဏ္ဍာရီများက အနည်းအကျဥ်းမျှသာ ရှိလေသည်။
ပုံပြောအဖိုးအိုက ပြောလိုက်၏။
“ဒဏ္ဍာရီအရဆို... ကောင်းကင်ဘုံကပ်ဘေးက ကိုးခုရှိတယ်”
“အဲ့ဒါကို ငါတို့သိတယ်လေ... အဲ့ဒါက မိုးကြိုးကပ်ဘေး ကိုးခုမလား”
ဧကရာဇ်တစ်ပါးက ဆက်ပြောလိုက်၏။
ပုံပြောအဖိုးအိုက ခေါင်းခါပြလိုက်၏။
“ကိုးဆိုတာက မိုးကြိုးကပ်ဘေး ကိုးခုကို ရည်ညွှန်းပြောဆိုတာမဟုတ်ဘူး... အဲ့ဒါက... ကောင်းကင်ဘုံကပ်ဘေး ကိုးခုကိုပြောတာ”
“ဘာဖြစ်တယ်”
ဧကရာဇ်များက တုန်လှုပ်သွားကြ၏။
လုံရန်က မေးလိုက်လေသည်။
“ကောင်းကင်ဘုံကပ်ဘေးလိုအရာမျိုး ကိုးခုတောင်ရှိတယ်လို့ ခင်ဗျားကပြောချင်တာလား”
ပုံပြောအဖိုးအိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ ခေါင်းကို ပြန်လည်ခါပြလိုက်၏။
“ငါသိရသလောက်ဆိုရင်... စောစောက ငါတို့မြင်ခဲ့တဲ့ မိုးကြိုးကပ်ဘေးကိုးခုကို ကောင်းကင်ဘုံကပ်ဘေးရဲ့ ပထမအဆင့်လို့ပဲ သတ်မှတ်နိုင်တယ်... ပြောရမယ်ဆိုရင် အဲ့ဒါက ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက တစ်ခုပဲ”
“ဒါပေမဲ့... လောကမှာ ပြန်ဝင်စားမွန်းစတားတစ်ယောက်ယောက် မွေးဖွားပေါ်ထွက်လာပြီး ကောင်းကင်ဘုံကတောင် မနာလိုအားကျရမယ်ဆိုရင် ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးက ဆင်းသက်လာဖို့ အခွင့်များတယ်... ဒုတိယမြောက် ကောင်းကင်ဘုံကပ်ဘေးမှာလည်း မိုးကြိုးကပ်ဘေး ကိုးခုပါတယ်”
“တစ်ခါတုန်းက ထာဝရလူသားဧကရာဇ်က ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက သုံးခုကို ဆွဲဆောင်နိုင်ခဲ့တယ်”
အခြားသူများကို မပြောနှင့် ထိုအကြောင်းကို သိရှိသောသူများက ပဟေဠိနန်းတော်မှာပင် များစွာမရှိပေ။
ပုံပြောအဖိုးအိုက ခဏမျှရပ်တန့်ပြီးနောက် ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။
“ဒဏ္ဍာရီအရဆို ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက လေးခုဆင်းသက်လာဖို့က အောက်ဘုံတွေရဲ့ အကန့်အသတ်ပဲ... ဒါပေမဲ့ အခုချိန်ထိကို ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကောင်းကင်ဘုံကပ်ဘေး လေးခုဆင်းသက်လာတာက ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး”