ကောင်းကင်ဘုံ၏ အပြစ်ဒဏ်
Vol. 119 Ch. 1781
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အလင်းတန်းနှစ်ခုအသွင် ပြောင်းလဲသွားပြီး သိပ်မကြာခင် မိုးကောင်းကင်၏ အစွန်းတစ်ဘက်ကနေ ပျောက်ကွယ်သွား၏။
နို့နှစ်ရောင်အလင်းတန်းနှစ်ခုကလည်း ပျက်ပြယ်သွားခဲ့လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ပညာရှင်များသည် သူတို့၏ အကြည့်ကို ရုပ်သိမ်းလိုက်သောအခါ သူတို့သည် တစ်စုံတစ်ရာထူးခြားနေသည်ကို သတိထားမိသွားကြ၏။
တတိယမြောက်နို့နှစ်ရောင်အလင်းတန်းသည် လောကကိုထိုးဖောက်၍ သိုင်းတာအိုပင်မခန္ဓာပေါ်မှာ အုပ်မိုးကျဆင်းနေဆဲ ဖြစ်၏။ သိုင်းတာအိုပင်မခန္ဓာသည် ထွက်ခွာသွားခြင်းမရှိဘဲ လေထဲမှာဆက်လက်၍ မတ်တတ်ရပ်ကာ မိုးကောင်းကင်ထက်ကို မော့ကြည့်နေ၏။
“သိုင်းဧကရာဇ်ရဲ့ တတိယမြောက်အစစ်အမှန်ခန္ဓာက ဘာလုပ်နေတာလဲ”
“ငါလည်းမပြောတတ်ဘူး... သူက အထက်ဘုံရဲ့လမ်းညွှန်မှုကို ခုခံနေတဲ့ပုံပဲ”
ပညာရှင်များစွာက တုန်လှုပ်စွာဖြင့် ဆွေးနွေးပြောဆိုလိုက်ကြ၏။
နို့နှစ်ရောင်အလင်းတန်းက သိပ်သည်းစုဖွဲ့လာပြီး စွမ်းအားကြီးမားသော စုပ်ယူအားတစ်ခုက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ သက်ရောက်လာကာ သူ့ကို ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ခေါ်ထုတ်သွားချင်နေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက မယိမ်းမယိုင်ဘဲ ဆက်ရှိနေ၏။
နှစ်ဖက်စလုံးသည် ခွန်အားကိုစိုက်ထုတ်ပြီး သိုင်းတာအိုပင်မခန္ဓာက သူ၏ သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ နောက်ဆုံးမှာတော့ သူသည် လမ်းညွှန်မှု၏ စွမ်းအားကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်သော လေထဲမှာ ဒေါသတကြီးလောင်ကျွမ်းနေသည့် ဧရာမမီးဖိုတစ်ခုကိုပါ ဆင့်ခေါ်လိုက်လေသည်။
ဤကပ်ဘေးဖြတ်ကျော်ခြင်းမတိုင်ခင်က ဆူဇီမိုသည် ဆုံးဖြတ်ချက်တစ်ခုကို ချထားခဲ့ပြီးလေပြီ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတို့က ကပ်ဘေးဖြတ်ကျော်ခြင်းကို တစ်ချိန်တည်းမှာ ခံယူကာ အထက်ဘံသို့ တက်လှမ်းသွားကြမည်ဖြစ်၏။
သို့သော်လည်း သူ၏ သိုင်းတာအိုပင်မခန္ဓာက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆက်နေဦးမည်ဖြစ်လေသည်။
ပထမတစ်ချက် အထက်ဘုံသို့ရောက်ရှိသွားပြီးနောက် သူကြုံတွေ့ရမည့် အန္တရာယ်အမျိုးအစားများနှင့် သက်ရှိများက ဘာဖြစ်မလဲ လုံးလုံးလျားလျားမသိရပေ။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုပင်မခန္ဓာကို ချန်ထားရစ်ခဲ့မည်ဆိုလျှင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာနှင့် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာတို့က အလှည့်အပြောင်းတစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင်တောင် သူက အပြီးတိုင်သေဆုံးသွားလိမ့်မည် မဟုတ်ပေ။
တစ်နေ့မှာ သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံသို့ ဆက်လက်တက်လှမ်းနိုင်ဦးမည်ဖြစ်၏။
ဒုတိယတစ်ချက် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆူဇီမို၏ မိတ်ဆွေဟောင်းများစွာ ကျန်ရှိနေသေး၏။
ဥပမာအားဖြင့် ရှောင်းနင်သည် မဟာယာနအဆင်သို့ ဝင်ရောက်ခါစသာရှိသေး၏။
သူမသည် အထွတ်အထိပ်ကပ်ဘေးကို မဖြတ်ကျော်ခင် အချိန်အတော်ကြာ ကျင့်ကြံရပေဦးမည်။
ဆူဇီမိုသည် ရှောင်းနင်ကို စိုးရိမ်ပူပန်မှုအရှိဆုံး ဖြစ်လေသည်။
တကယ်တော့ ရှောင်းနင်အပြင် အဲ့ဒီမှာ မျောက် ၊ ညဝိညာဥ်နှင့် သူ၏ ညီကိုမောင်နှမများလည်း ရှိလေသည်။
အဲ့ဒီမှာ ဖက်တီးလေး ၊ ကျိချန်းရှန် ၊ လမ့်ရိုနှင့် လင်းရွှမ်ကျီကဲ့သို့ သူ၏ ငယ်ပေါင်းကြီးဖော် မိတ်ဆွေများလည်း ရှိလေသည်။ အဲ့ဒီမှာ နန်းကြည်နှင့် ထောင်ယောင်အပြင် သူ၏ တပည့်နှစ်ယောက်လည်း ရှိလေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ မိတ်ဆွေဟောင်းများစွာ ရှိနေသေးသည့်အတွက် ဆူဇီမိုသည် ချက်ချင်းတစ်ခါတည်းထွက်သွားရမှာကို စိုးရိမ်ပူပန်နေဆဲ ဖြစ်၏။
တတိယတစ်ချက်... ဆူဇီမိုသည် သူ၏ ကံကြွေးတချို့ကို ဖြတ်တောက်ချင်လေသည်။
“သိုင်းဧကရာဇ်က ဘာကိုစဥ်းစားနေတာလဲ... သူက အထက်ဘုံရဲ့လမ်းညွှန်မှုကို ဘာလို့ ခုခံနေသေးတာလဲ”
လူအုပ်ကြီးထဲမှ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာ၏။
“သူက ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ မိတ်ဆွေဟောင်းတချို့ကို စိုးရိမ်ပူပန်နေတာ ဖြစ်ရင်ဖြစ်မှာပေါ့”
တစ်စုံတစ်ယောက်က ခန့်မှန်းပေးလိုက်၏။
အခြားသောတစ်ယောက်ကလည်း ပြောလိုက်လေသည်။
“ဒါပေမဲ့... အဲ့လိုသာဆိုရင် သူက အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ဖို့ ဘာလို့ကြိုးစားခဲ့သေးတာလဲ... အခု သူက ကောင်းကင်ဘုံကပ်ဘေး လေးခုကို ဖြတ်ကျော်ခဲ့ပြီး အထက်ဘုံရဲ့လမ်းညွှန်မှုကိုပါ ခုခံနေတယ်... အဲ့ဒါက ကောင်းကင်ဘုံကို ဖီဆန်တာမဟုတ်တော့ဘူး.. သူက ကောင်းကင်ဘုံတာအိုရဲ့ စည်းမျဥ်းစည်းကမ်းတွေကို တိုက်ရိုက်စိန်ခေါ်နေတာပဲ”
“အမှန်ပဲ... အဲ့ဒါက အရမ်းကိုအန္တရာယ်များတဲ့ အပြုအမူပဲ... အဲ့ဒါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးမှုကိုတောင်မှ ဆွဲဆောင်နိုင်ကောင်း ဆွဲဆောင်နိုင်လိမ့်မယ်”
အထွတ်အထိပ်ကပ်ဘေးက လိုအပ်သောခြေလှမ်းတစ်ခုဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ပြီးမှသာ ဆက်လက်၍ ကျင့်ကြံနိုင်မည်ဖြစ်၏။
အထက်ဘုံမှ ပညာရှင်များ ဆင်းသက်လာစဥ်တုန်းက သူတို့အားလုံးသည် တျဲယွဲ့၏ သတ်ဖြတ်ခြင်းကိုခံရပြီး ရတနာများနှင့် ကျင့်ကြံရေးအရင်းအမြစ်များစွာကို ချန်ထားရစ်ခဲ့ကြလေသည်။
သို့သော်လည်း အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ရခြင်းမရှိသေးဘဲ ထိုရတနာများကို သန့်စင်မွန်းမံခြင်းနှင့် စုပ်ယူခြင်း သူက မပြုလုပ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အောက်ဘုံမှာ ဆက်လက်၍ ကျင့်ကြံချင်သေး၏။
“ဇီမို... နင်ဘာလို့အဲ့လိုလုပ်နေတာလဲ”
လူအုပ်ကြီးထဲကနေ အဝါဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က အရှေ့ပင်လယ်ထက်ရှိ ပုဂ္ဂိုလ်ကိုကြည့်ကာ စိုးရိမ်ပူပန်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
“အစ်မ... သူက နင့်ကို မခွဲရက်နိုင်လို့များလား”
ဘေးကနေ မျက်နှာဖုံးတပ်ထားသည့် ပန်းရောင်ဝတ်မိန်းကလေးတစ်ယောက်က ညင်သာစွာမေးလိုက်၏။
အဝါရောင်ဝတ်အမျိုးသမီးသည် မျက်မှောင်ကြုတ်၍ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။ သူမ၏ စိတ်နှလုံးသည် အရှေ့ပင်လယ်၏ အထက်ရှိ လူပုဂ္ဂိုလ်ပေါ်သို့ လုံးလုံးလျားလျားကျရောက်နေပြီး သူမသည် သူမ၏ ဘေးမှ မိန်းကလေး၏ ပြောဆိုလိုက်သည့်အသံကို မကြားရပေ။
လမ်းညွှန်မှု၏ စွမ်းအားက နို့နှစ်ရောင်အလင်းတန်းအတွင်းမှာ ဆက်လက်၍ တိုးမြင့်လာနေဆဲ ဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာသည် စိတ်ကို လုံးဝလျှော့ချရဲခြင်း မရှိပေ။ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်အပြီး၌ ကံကြမ္မာစက်ကွင်းလေးခုကိုပါ ဆက်လက်၍ ထုတ်ဖော်လိုက်၏။
အဲ့ဒါသည် နို့နှစ်ရောင်အလင်းတိုင်ကနေ ရုန်းထွက်နိုင်လုနီးပါး ခရမ်းရောင် ရောင်ခြယ်စက်ဝန်းလေးခုကို သူ၏ နောက်မှာ ပေါ်ထွက်လာစေ၏။
စွမ်းအားနှစ်ခု၏ ထိတွေ့ရိုက်ခတ်မှုက တိတ်တဆိတ်ဖြင့် ဖြစ်ပွားနေ၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းက အကြောအခြင်တောင့်တင်းစွာ စိုက်ကြည့်ပြီး သူတို့၏ လက်ဖဝါးများက ချွေးများဖြင့် စိုလာ၏။
အကြောင်းမှာ အရှေ့ပင်လယ်ထက်ရှိ လေဟာနယ်သည် ရူးသွပ်စွာတွန့်လိမ်၍ ပြိုကျလာနေ၏။ ၎င်းသည် စွမ်းအားနှစ်ခု၏ အားပြိုင်မှုအောက်မှာ ကြေမွလာနေ၏။
“အဖိုးကြီး... ညီကိုဆူက ဆက်ပြီး ခုခံငြင်းဆန်နေမယ်ဆိုရင် ဘာဖြစ်လာမလဲ”
လင်းရွှမ်ကျီက မနေနိုင်ဘဲ မေးလိုက်၏။
ပုံပြောအဖိုးအိုက တည်တံ့သောအမူအရာနှင့်အတူ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိဘူး... ဘာပဲပြောပြော ဒီလိုဖြစ်ရပ်မျိုးက တစ်ခါမှဖြစ်ခဲ့ဖူးတာ မဟုတ်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူက သက်ပြင်းချလိုက်၏။
“သိုင်းဧကရာဇ်က ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒကို ဆန့်ကျင်ပြီး ကောင်းကင်ဘုံတာအိုရဲ့ စည်းမျဥ်းစည်းကမ်းကို စိန်ခေါ်နေတာပဲ”
ပုံပြောအဖိုးအိုက ဆက်လက်၍ မပြောဆိုသော်လည်း လင်းရွှမ်ကျီက ရင်ထဲမှာနင့်ခနဲ ဖြစ်သွား၏။
ဆူဇီမို၏ အပြုအမူသည် ကြီးမားသော ပြဿနာများကို ဆွဲဆောင်လာနိုင်ကြောင်း ပုံပြောအဖိုးအိုက သွယ်ဝိုက်ပြောဆိုနေခြင်းဖြစ်လေသည်။
သိပ်မကြာခင် လောကကို ထိုးဖောက်ထားသော နို့နှစ်ရောင်အလင်းတန်းက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး အရှေ့ပင်လယ်ထက်မှာ မတ်တတ်ရပ်နေ၏။ သူ၏ မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း သူ၏ အကြည့်က တည်ငြိမ်နေဆဲ ဖြစ်၏။
ဤရုန်းကန်မှုသည် သိုင်းတာအိုပင်မခန္ဓာ၏ စွမ်းအင်အမြောက်အမြားကိုလည်း ကုန်ဆုံးသွားစေ၏။
သူသည် ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်ထားခါစဖြစ်ပြီး အထက်ဘုံ၏ လမ်းညွှန်မှုစွမ်းအားကို ဆက်လက်ခုခံပြီးနောက် သူက ခြေကုန်းလက်ပန်းကျလုနီးပါး ဖြစ်သွားခဲ့လေပြီ။
“အဲ့ဒါ... ပြီးသွားပြီလား”
“လမ်းညွှန်မှုက ကျရှုံးသွားတာလား... အလျှော့ပေးသွားတာလား... သူက သိုင်းဧကရာဇ်ကို အောက်ဘုံမှာနေဖို့ ခွင့်ပြုလိုက်တာလား”
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မတူညီသောအမူအရာများရှိနေကြ၏။ ဤမြင်ကွင်းသည် သူတို့တွေးထင်ထားသည့်အရာနှင့် တက်တက်စင်အောင် ကွဲပြားခြားနားနေပုံရ၏။
ရုတ်တရက်ဆိုသလို...
မိုးကောင်းကင်ထက်မှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။
အလွန်တရာကြောက်စရာကောင်းသော စွမ်းပကားတစ်ခုက အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နိုင်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ အက်ကွဲကြောင်းထဲကနေ ဖြာထွက်လာ၏။
ဖြောင်း...
အဲ့ဒီမှာ ကျယ်လောင်သော မြည်သံတစ်သံ ထွက်ပေါ်လာ၏။
ခရမ်းရောင်မိုးကြိုးတစ်စင်းက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး ချက်ချင်းပင်ရောက်ရှိလာကာ သိုင်းတာအိုပင်မခန္ဓာကို ပစ်ချလိုက်လေသည်။
ခရမ်းရောင်မိုးကြိုးဖြတ်သွားရာနေရာတိုင်း လောကက နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားကြလေသည်။
ဧကရာဇ်များကလည်း ကြက်သေသေနေကြ၏။
ခရမ်းရောင်မိုးကြိုး၏ စွမ်းအားကို မည်သူကမှ မဖော်ပြနိုင်ပေ။
ခရမ်းရောင်မိုးကြိုး၏ စွမ်းပကားသည် ကောင်းကင်ဘုံကပ်ဘေးလေးခုလောက် တုန်လှုပ်စရာမကောင်းပေ။
သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေး လေးခု၏ ပူးပေါင်းစွမ်းအားသည်ပင် ခရမ်းရောင်မိုးကြိုး၏ သတ်ဖြတ်ခြင်းစွမ်းအားထက်များစွာနိမ့်ကျနေ၏။
ခရမ်းရောင်မိုးကြိုးသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒနှင့် ကောင်းကင်ဘုံတာအို၏ စည်းမျဥ်းစည်းကမ်းကို စိန်ခေါ်ချင်သည့် မည်သည့်သက်ရှိကိုမဆို ဖျက်ဆီးပစ်မည့် ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတစ်ခုဖြစ်သည့်ပုံပင်။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်း၏။
ခရမ်းရောင်လျှပ်စီးက ဖြာလက်သွားသည့်ခဏမှာပင် ခရမ်းရောင်းမိုးကြိုးက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်သွားခဲ့ပြီးလေပြီ။
ဘုန်း...
ခရမ်းရောင်အလင်းတန်းကနေ သွေးရောင်အလင်းများက ဆက်တိုက် ပစ်လွင့်ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ခရမ်းရောင်မိုးကြိုးအောက်မှာ ခန္ဓာကိုယ်နှင့် ဝိညာဥ်ပါ ဖျက်ဆီးခံလိုက်ရပြီး အလောင်းပင် မကျန်ရှိခဲ့ပေ။
အဲ့ဒါကို တွေ့မြင်ရသော သက်ရှိများအားလုံးသည် အလိုလို မျက်လုံးအပြူးသား ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
ဧကရာဇ်များသည် အသက်ရှုဖို့ပင် မေ့လျော့နေပြီး နေရာမှာပင် ငေးမောရပ်တန့်နေကြ၏။
ဧကရာဇ်များသည် သိုင်းတာအိုပင်မခန္ဓာ၏ ခွန်အားကို ယခင်က မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရလေသည်။
ကောင်းကင်ဘုံကပ်ဘေး လေးခုကပင်လျှင် သိုင်းတာအိုပင်မခန္ဓာကို ပျက်စီးထိခိုက်အောင် ပြုလုပ်နိုင်ခြင်း မရှိပေ။ သို့သော်လည်း ခရမ်းရောင်မိုးကြိုးသည် သူ့ကိုအလွယ်တကူ ခြေမွှဖျက်ဆီးပစ်ပြီး သူ၏ ဝိညာဥ်ကိုပါ ပျက်ပြယ်သွားစေ၏။
ခဏနေပြီးနောက် မိုးကောင်းကင်ထက်ရှိအက်ကွဲကြောင်းက ဖြည်းဖြည်းချင်း ပြန်လည်ပိတ်ဆို့သွား၏။
စောစောက ပေါ်ထွက်ခဲ့သောခရမ်းရောင်းမိုးကြိုးသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံး၏ ထင်ယောင်ထင်မှားတစ်ခု ဖြစ်ခဲ့သည့်အလားပင်။
သို့သော်လည်း အရှေ့ပင်လယ်အထက်မှာ လောကကို အထင်အမြင်သေး၍ သမိုင်းတစ်လျှောက် အသန်မာဆုံး ပုဂ္ဂိုလ်သည် ခရမ်းရောင်မိုးကြိုးအောက်မှာ လုံးလုံးလျားလျား ဖျက်ဆီးခံခဲ့ရပြီး သူက အတိတ်ကာလမှာ ကျန်ရစ်ခဲ့လေပြီ။
“အာ...”
ဧကရာဇ်များစွာက သက်ပြင်းချ၍ သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
“သိုင်းဧကရာဇ်က သူ့ရဲ့ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်သွားပြီကို... ဒါပေမဲ့ သူက ကောင်းကင်ဘုံကို စိန်ခေါ်ခဲ့တယ်... အဲ့ဒါက နဲနဲတော့....”
“သူ ဒီလိုအဆုံးသတ်ရတာ ဘယ်သူ့ကိုမှ အပြစ်တင်လို့တော့ မရဘူး”
“ဘာပဲပြောပြော သိုင်းဧကရာဇ်ရဲ့ အစစ်အမှန်ခန္ဓာနှစ်ခုက ကပ်ဘေးဖြတ်ကျော်ခြင်းမှာ အောင်မြင်ပြီး အထက်ဘုံကို တက်လှမ်းသွားနိုင်ခဲ့ပြီပဲ... အနဲဆုံးတော့ သူ့ရဲ့ အစစ်အမှန်ခန္ဓာ နှစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့တယ်... အဲ့ဒါကလည်း မဆိုးလှပါဘူး”
မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက ဆွေးနွေးပြောဆိုလိုက်ကြပြီး အတန်ကြာသည့်အထိ အရှေ့ပင်လယ်မှာ ဆက်ရှိနေကြ၏။
ပညာရှင်အချို့သည် သိုင်းတာအိုပင်မခန္ဓာ၏ သိုလှောင်အိတ်ကို သွားရောက်ရှာဖွေကြသော်လည်း အချည်းနှီးသာဖြစ်ရလေသည်။
ထိုစွမ်းအားနှင့်ရင်ဆိုင်ရချိန်မှာ သူ၏ သိုလှောင်အိတ်ကပင် ပြာကျသွားလောက်လေပြီ။
အဲ့ဒါက ပညာရှင်များစွာ စဥ်းစားမိသော အရာဖြစ်လေသည်။
တကယ်တော့... ခရမ်းရောင်မိုးကြိုးက သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်လာသည့်ခဏမှာပင် ငွေရောင်အလင်းတစ်ခုက အရှေ့ပင်လယ်ထဲသို့ ထိုးဆင်းသွားပြီး အလျှံညီးညီး ခရမ်းရောင်အလင်းတစ်ခု၏ ဖုံးကွယ်မှုအောက်ကနေ ပျောက်ကွယ်သွားသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။