ကပ်ဘေးမီး
Vol. 119 Ch. 1782
ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုက အထက်ဘုံသို့ တက်လှမ်းသွားစဉ် သိုင်းတာအိုပင်မခန္ဓာက ခရမ်းရောင် ကောင်းကင်ဘုံအပြစ်ဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကပါ ဖျက်ဆီးခံလိုက်ရ၏။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အရှေ့ပင်လယ်မှာ အတန်ကြာ ရစ်ဝဲနေပြီးနောက် လူစုခွဲလိုက်ကြ၏။
သိုင်းဧကရာဇ်၏ ဤတစ်ခေါက် တက်လှမ်းမှုသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအပေါ် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
သက်ရှိအချို့သည် အရှေ့ပင်လယ်မှာ ဆက်နေဖို့ ရွေးချယ်ပြီး တာအိုကို နားလည်ဆင်ခြင်နေကြ၏။
ပညာရှင်အချို့သည် ကပ်ဘေးဖြတ်ကျော်ပြီး အထက်ဘုံသို့ တက်လှမ်းမည့် သူတို့၏ အတွေးကို လုံးဝ လက်လျှော့လိုက်ကြပြီဖြစ်၏။
သို့သော်လည်း လူအချို့၏ တာအိုနှလုံးသားများက ပို၍ပင် ခိုင်မာလာခဲ့၏။
ငွေရောင်အလင်းတန်းတစ်ခုက လွင့်မျော၍ အရှေ့ပင်လယ်၏ အနက်ပိုင်းထဲသို့ ကျဆင်းသွားသည်ကို မည်သူကမှ သတိမထားမိလိုက်ကြပေ။
ဆူဇီမို ကပ်ဘေးဖြတ်ကျော်နေစဉ်က ကပ်ဘေးတိမ်စိုင်များ၏ အုပ်မိုးမှုအောက်မှာ အရှေ့ပင်လယ်ဝန်းကျင်သို့ မည်သည့်သက်ရှိကမှ ခြေမချရဲခဲ့ပေ။
အဲဒါကြောင့် အရှေ့ပင်လယ်၏ အနက်ပိုင်းထဲသို့ ကျဆင်းသွားသော ငွေရောင်အလင်း၏ တည်ရှိမှုကို မည်သည့်သက်ရှိကမှ ရှာဖွေဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါက ငွေရောင်မျက်နှာဖုံးတစ်ခု ဖြစ်လေသည်။
ငွေရောင်မျက်နှာဖုံးသည် အထက်ဘုံမှ လာခဲ့ပြီး စတုရန်းကြေးမီးဖိုနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်ကို တစ်ချိန်တည်းမှာ ဆင်းသက်ရောက်ရှိလာခဲ့၏။
ဒါ့အပြင် မျက်နှာဖုံးထဲမှာ အသိစိတ်ရှိသော သွေးတစ်စက်ကလည်း ရှိနေ၏။
၎င်းက မျက်နှာဖုံးကို သွေးနီရောင်သို့ ပြောင်းလဲစေခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ထိုသွေးစက်သည် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်မီးနှင့် အနီရောင်ကြာပန်း ကံကြမ္မာမီးဖြင့် အကျဉ်းချခံထားရပြီး မျက်နှာဖုံးကို ၎င်း၏ မူလပုံပန်းသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိလာစေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့ပြီဆိုကတည်းက သူသည် ကောင်းကင်ဘုံ အပြစ်ဒဏ်တစ်ခု သို့မဟုတ် ကောင်းကင်ဘုံကပ်ဘေးတစ်ခု ဆင်းသက်လာဖို့ကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်၏။
သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အောက်ဘုံမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်၏။
သို့သော်လည်း ထိုကဲ့သို့သော ကောင်းကင်ဘုံ အပြစ်ဒဏ်တစ်ခုသည် သူ့ကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်၏။ အဲဒါကြောင့် ငွေရောင်မျက်နှာဖုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဆုံးဝှက်ဖဲဖြစ်လေသည်။
ကောင်းကင်ဘုံပြစ်ဒဏ်က ဆင်းသက်လာစဉ် သိုင်းတာအိုပင်မခန္ဓာသည် အဲဒါကို မခုခံနိုင်တော့ဘူးဆိုတာကို သိရှိလိုက်ပြီဖြစ်၏။
အဲဒါကြောင့် သိုင်းတာအိုပင်မခန္ဓာသည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချပြီး သူ၏ အမြုတေသွေးတစ်စက်နှင့်အတူ ငွေရောင်မျက်နှာဖုံးထဲမှာ ဝင်ရောက်ပုန်းကွယ်ခဲ့လေသည်။
သူ၏ ခန္ဓာကိုယ်သည် တကယ်ပင် ကောင်းကင်ဘုံပြစ်ဒဏ်အောက်မှာ ဘာမှမကျန်အောင် ပျက်စီးသွားရ၏။
သို့သော်လည်း ငွေရောင်မျက်နှာဖုံးသည် အရှေ့ပင်လယ်၏ အနက်ပိုင်းထဲသို့ မထိမခိုက် ကျဆင်းလွတ်မြောက်လာခဲ့လေသည်။
အရှေ့ပင်လယ်၏ အောက်ခြေမှာ ငွေရောင်မျက်နှာဖုံးထဲကနေ အမြုတေသွေးတစ်စက်က ရုတ်တရက် လွင့်မျောထွက်ပေါ်လာခဲ့၏။
စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားတစ်ခုက ဖြန့်ကြက်သွားပြီး တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ပြန်လည်ပေါ်ထွက်လာ၏။
သွေးကနေ ပြန်လည်မွေးဖွားခြင်း…
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် ကောင်းကင်ဘုံတာအို စည်းမျဉ်းစည်းကမ်းသည် အထက်ဘုံ၏ စွမ်းအားကို အောက်ဘုံမှာ ပေါ်ထွက်လာခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင်လျှင် ကပ်ဘေးဖြတ်ကျော်ပြီးသော ထိုသူများက အထက်ဘုံသို့ တက်လှမ်းသွားရခြင်း ဖြစ်၏။
ဒါ့အပြင် အထက်ဘုံ၏ ပညာရှင်များအနေဖြင့် ဆင်းသက်လာဖို့ကလည်း ခက်ခဲလေသည်။ သူတို့က ထိုသို့ ပြုလုပ်နိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့သည် သိပ်သည်းပြင်းထန်သော အပြစ်ဒဏ်ကို တွေ့ကြုံခံစားရပေလိမ့်မည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ ပြုလုပ်ခဲ့သည့်အရာသည် ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး လောကကို လှည့်စားလိုက်ခြင်းနှင့် တူလေသည်။ အထွတ်အထိပ်ကပ်ဘေးသည် ကောင်ကင်နှင့်မြေကြီး အမြုတေချီဖြင့် သူ၏ အသွေးအသားနှင့် အမြုတေစိတ်ဝိညာဉ်တို့ကို ဆေးကြောသန့်စင်ပေးခဲ့၏။ သူသည် အထက်ဘုံ၏ စွမ်းအားကို ရရှိလာသော်လည်း သူက အောက်ဘုံမှာ ဆက်ပြီးနေနိုင်ခဲ့လေပြီ။
သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုသည် အစကတည်းက မူကွဲတစ်ခု ဖြစ်နေခဲ့၏။
၎င်းသည် သုံးဘုံလောကနှင့် ဒြပ်စင်ငါးမျိုးကနေ လွန်မြောက်နေခဲ့လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်ကျင့်ကြံသည်နှင့်အမျှ သူသည် အောက်ဘုံ၏ အငွေ့အသက်များနှင့် ကင်းလွတ်သွားပြီး ကောင်းကင်ဘုံတာအို၏ စက်ဝန်းထဲသို့ ဝင်ရောက်သွားပေလိမ့်မည်။
အဲဒါကြောင့် သိုင်းတာအိုပင်မခန္ဓာက ကပ်ဘေးဖြတ်ကျော်သောအခါ ကောင်းကင်ဘုံတာအိုသည် အဲဒါကို အာရုံခံမိသွားပြီး ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို စေလွှတ်ခဲ့ခြင်း ဖြစ်လေသည်။
ဤတစ်ခေါက်မှာတော့ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ခြေရာလက်ရာများကို နောက်တစ်ဖန် ဖျောက်ဖျက်ဖို့အတွက် ကောင်းကင်ဘုံအပြစ်ဒဏ်ကို အသုံးချခဲ့ပြီး ကောင်းကင်ဘုံတာအို၏ စက်ဝန်းကနေ လွတ်မြောက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေပြီး ငွေရောင်မျက်နှာဖုံးကို ကောက်ယူကာ သူ၏ ရှေ့တွင် သူ၏ လက်ဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။
ပင်လယ်၏ အနက်ပိုင်းထဲတွင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသော်လည်း ပင်လယ်ရေများက ထိုအထဲသို့ ဝင်ရောက်မလာနိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အက်ကွဲကြောင်းထဲသို့ ဖျတ်ခနဲ ဝင်ရောက်ပြီး အရှေ့ပင်လယ်၏ အနက်ပိုင်းထဲကနေ ပျောက်ကွယ်သွား၏။
အက်ကွဲကြောင်းက သိပ်မကြာခင် ပြန်လည်ပိတ်ဆို့သွားပြီး အရှေ့ပင်လယ်၏ အောက်ခြေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။
မြောက်ပိုင်းဒေသ၊ ပင်ယန်းမြို့တွင်…
ရုတ်တရက် ဆူဇီမို၏ စံအိမ်တည်ရှိရာ ခြံဝန်းထဲမှာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ထိုအထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။
“သခင်လေး”
မလှမ်းမကမ်းကနေ နာခံတတ်ပုံရသော နုနယ်ငယ်ရွယ်သည့် ကောင်လေးတစ်ယောက်က ရှေ့သို့ လျှောက်လှမ်းလာပြီး ကျေနပ်နှစ်ခြိုက်သော အမူအရာနှင့်အတူ အော်ခေါ်လိုက်လေသည်။
ထိုကောင်လေးက ထောင်ယောင်ဖြစ်လေသည်။
ထောင်ယောင်သည် သိုလှောင်အိတ်တစ်အိတ်ကို ကိုင်လာပြီး သိုင်းတာအိုပင်မခန္ဓာကို လက်ကမ်းပေးကာ ဝမ်းသာအားရစွာဖြင့် ပြောလိုက်၏။
“သခင်လေး.. ခင်ဗျား ရောက်လာပြီပဲ”
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူတစ်ယောက်ကိုသာ ပြောပြခဲ့လေသည်။ ထိုသူက ထောင်ယောင်ဖြစ်၏။
(အသုံးအနှုန်းနှင့် ပတ်သတ်၍ သားရဲများအပါအဝင် လူပုံသဏ္ဌာန်ယူထားသော သက်ရှိတိုင်းကို လူဟုသာ ခေါ်ပါမည်။ လူသားဆိုမှသာ လူသားမျိုးနွယ်မှ ဆင်းသက်လာသော လူများကိုသာ သီးသန့်ခေါ်ဆိုခြင်း ဖြစ်ပါမည်။)
သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အထိပ်ကပ်ဘေးကို မဖြတ်ကျော်ခင် သူက စီစဉ်ထားသိုမှု အချို့ကို ပြုလုပ်ခဲ့၏။
သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအား ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားကို သင်ကြားပေးခဲ့ပြီး အထက်ဘုံ၏ ပညာရှင်များထံမှ ရရှိထားသော အမြုတေစုဖွဲ့ဆေးလုံးများနှင့် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို ချန်ထားရစ်ခဲ့ပြီး အဲဒီမှာ အကျဉ်းချထားသည့် သွေးတစ်စက်လည်း ပါဝင်လေသည်။
မတော်တဆ ဖြစ်ရပ်တစ်ခုခုကို ကာကွယ်ရန်အတွက် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သိုလှောင်အိတ်ကို ထောင်ယောင်ထံမှာ အပ်ခဲ့လေသည်။
တကယ်ပင် ကောင်းကင်ဘုံအပြစ်ဒဏ်၏ ဆင်းသက်လာမှုက အရာရာတိုင်းကို ဖျက်ဆီးနိုင်ခဲ့လုနီးပါးပင်။
သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကပင်လျှင် အလောင်းတစ်လောင်းပင် မကျန်ဘဲ ပျက်စီးသွားခဲ့ရ၏။ သူသည် သူ၏ သိုလှောင်အိတ်ကို သူနှင့်အတူ ယူဆောင်သွားခဲ့မည်ဆိုလျှင် အဲဒါက ကောင်းကင်ဘုံအပြစ်ဒဏ်အောက်မှာ ဖျက်ဆီးခံခဲ့ရပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုလှောင်အိတ်ကို လက်ခံယူပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်ကာ အကျဉ်းချထားသော သွေးစက်ကို ထုတ်ယူလိုက်၏။
ထိုအခိုက်အတန့်မှာ သိုင်းစိတ်ဝိညာဉ်မီးနှင့် အနီရောင်ကြာပန်း ကံကြမ္မာမီးကနေ စုဖွဲ့ထားသော လှောင်အိမ်သည် ထိုသွေးစက်၏ အခြေခံအုတ်မြစ်ကို မထိခိုက်စေနိုင်ဘဲ ၎င်းကို အထဲမှာ အကျဉ်းချထားနိုင်ရုံမျှသာ ဖြစ်လေသည်။
“မင်း ဘယ်သူလဲ ပြောစမ်း”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ဒီငွေရောင်မျက်နှာဖုံးနဲ့ စတုရန်းကြေးမီးဖိုရဲ့ မူလဇစ်မြစ်က ဘာလဲ”
သွေးစက်က မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ လှောင်အိမ်ထဲမှာ မလှုပ်မယှက်ရှိနေ၏။
“မင်း အနာမခံချင်ရင် ငါမေးတာကို ကောင်းကောင်းဖြေ”
သိုင်းတာအိုပင်မခန္ဓာက ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်၏။
“ဟမ့်”
သိုင်းတာအိုပင်မခန္ဓာ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ထိုသွေးစက်သည် နောက်ဆုံးမှာ လှောင်ရယ်လိုက်လေသည်။
“မင်းရဲ့ခွန်အားက ငါ့ကို ခြိမ်းခြောက်ဖို့ မလုံလောက်ဘူး”
“ငါက မဟာအရှင် ကောင်းကင်ဘုံဝံပုလွေပဲ.. မင်းက ငါ့ကို အခုချိန်မှာ လွှတ်ပေးမယ်ဆိုရင် ငါက မင်းဘဝတစ်လျှောက်လုံး အသုံးဝင်မယ့် ကျင့်ကြံရေးနည်းစနစ်နဲ့ လျှို့ဝှက်အတတ်တချို့ကို မင်းကို သင်ကြားပေးနိုင်တယ်”
“မင်းက ဆက်ပြီးခေါင်းမာနေမယ်ဆိုရင်တော့.. ငါ့ရဲ့သခင် ပေါ်ထွက်လာတဲ့အခါ ငါက မင်းကို သေချာပေါက် အရှင်လတ်လတ် အရေခွံခွာပြီး မင်းရဲ့ အရိုးတွေကို ပြာချပစ်မယ်”
“ကောင်းကင်ဘုံဝံပုလွေတဲ့လား”
သိုင်းတာအိုပင်မခန္ဓာက မျက်လုံး အနည်းငယ်ပင့်ပြီး မေးလိုက်၏။
“မင်းရဲ့သခင်က ဘယ်သူလဲ”
“ငါ့ရဲ့သခင်က မဟာ…”
ကောင်းကင်ဘုံဝံပုလွေက တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး သူ၏ ပါးစပ်ကို ကပျာကယာ ပိတ်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ဂရုမစိုက်ဟန်ဖြင့် ပြုံးလိုက်၏။
“မင်း မပြောဘူးဆိုလည်း ရတယ်လေ.. ငါ အခုတင် နားလည်ဆင်ခြင်ထားတဲ့ နည်းစနစ်ကို မင်းနဲ့ စမ်းသပ်ကြည့်ရတာပေါ့”
ထိုသို့ ပြောရင်း သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ လက်ညိုးနှင့် လက်မကို ပူးကပ်ကာ အပြာရောင်မီးတောက်တစ်ခုကို ထွန်းညှိလိုက်၏။
မီးတောက်ထံမှ ရင်းနှီးနေပုံရသော ချောက်ချားစရာကောင်းသည့် အော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။
အဲဒါက နတ်ဘုရားစွမ်းအားတစ်ခု မဟုတ်ပေ။
ထိုအော်ရာသည် စောစောက ဆင်းသက်လာခဲ့သော ကောင်းကင်ဘုံကပ်ဘေးနှင့် အတော်လေးကို ဆင်တူလေသည်။
“အဲဒါ ဘာလဲ”
ကောင်းကင်ဘုံဝံပုလွေက ရှောင်တိမ်း၍ အော်ဟစ်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒါက ကပ်ဘေးဖြတ်ကျော်နေစဉ်အတွင်း ငါနားလည်ဆင်ခြင်မိတဲ့ စွမ်းအားတစ်ခုပဲ.. ငါက အဲဒါကို ကပ်ဘေးမီးလို့ အမည်ပေးထားတယ်”
ကပ်ဘေးသည် အလွန်တရာ ထူးခြားသော စွမ်းအားတစ်ခုဖြစ်ပြီး ၎င်း မည်သို့ မွေးဖွားပေါ်ထွက်လာသည်ကို မည်သူကမှ မသိရှိကြပေ။ ကပ်ဘေးသည် ခေတ်အဆက်ဆက် ကောင်းကင်နှင့်မြေကြီးနှင့် အတူယှဉ်ကာ တည်ရှိနေခဲ့လေသည်။ အဲဒါသည် ပုံသဏ္ဌာန်မျိုးစုံဖြင့် နေရာတိုင်းမှာ ရှိလေသည်။
မဟာယာနအဆင့်မှာ နတ်ဘုရားစွမ်းအားကပ်ဘေးရှိလေသည်။
လူတစ်ယောက်က အထက်ဘုံသို့ တက်လှမ်းချင်သည်ဆိုလျှင် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ရလေသည်။
အထက်ဘုံမှာလည်း အခြားသော ကပ်ဘေးများ ရှိကောင်းရှိနေနိုင်၏။
ကောင်းကင်ဘုံကပ်ဘေး လေးခုသည် သိုင်းတာအိုပင်မခန္ဓာကို များစွာ မခြိမ်းခြောက်နိုင်ခဲ့ပေ။
ထို့ကြောင့်ပင်လျှင် သူသည် ကပ်ဘေးဖြတ်ကျော်နေစဉ်အတွင်း ကောင်းကင်ဘုံကပ်ဘေး၏ အရင်းအမြစ်ကို နားလည်ဆင်ခြင်နိုင်ကာ ၎င်းကို မီးတောက်ပုံစံတစ်ခုအဖြစ် စုဖွဲ့နိုင်ခဲ့ခြင်းဖြစ်လေသည်။
ကောင်းကင်ဘုံကပ်ဘေးသည် မိုးကြိုးပုံစံဖြင့် ဆင်းသက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာကတော့ သူသည် ကောင်းကင်ဘုံကပ်ဘေးကို မီးတောက်ပုံစံဖြင့် ထိန်းချုပ်လာနိုင်ခဲ့၏။
တစ်နည်းအားဖြင့်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာ အလိုရှိပါက သူသည် ကောင်းကင်ဘုံတာအို၏ ကိုယ်စား ယခုအချိန်မှာ ထျန်ဟွမ်ကုန်းမြေတိုက်အပေါ် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို ဆင်းသက်လာစေနိုင်လေသည်။
သိုင်းတာအိုပင်မခန္ဓာ ယခုအချိန်မှာ စုဖွဲ့ထားသော ကပ်ဘေးမီး၏ စွမ်းအားသည် ကောင်းကင်ဘုံကပ်ဘေး လေးခုနှင့် ယှဉ်နိုင်လေသည်။
စတုတ္ထမြောက် ကောင်းကင်ဘုံကပ်ဘေးက မိုးပြာရောင်ဖြစ်လေသည်။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုက တိုးမြင့်လာသည်နှင့်အမျှ ကပ်ဘေးမီး၏ စွမ်းအားကလည်း ဆက်လက်၍ တိုးမြင့်လာပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ညိုးကို ညင်သာစွာ တောက်လိုက်ပြီး မိုးပြာရောင် ကပ်ဘေးမီးကို လေထဲရှိ မီးတောက်လှောင်အိမ်ထဲသို့ ဝင်ရောက်သွားစေ၏။
အဲဒီမှာ သိုင်းစိတ်ဝိညာဉ်မီးနှင့် အနီရောင်ကြာပန်း ကံကြမ္မာမီးအပြင် လှောင်အိမ်ထဲမှာ နောက်ထပ် ကပ်ဘေးမီးတစ်ခုကလည်း ရောက်ရှိလာခဲ့၏။
ဝှစ်..
မီးတောက်များက သိပ်သည်းစုဖွဲ့လာခဲ့၏။
“အ.. အား.. အား..”
ကောင်းကင်ဘုံဝံပုလွေ၏ စူးစူးဝါးဝါး အော်သံက မခံမရပ်နိုင်သော နာကျင်မှုနှင့်အတူ ထွက်ပေါ်လာခဲ့၏။