အထက်ဘုံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ
Vol. 119 Ch. 1783
မီးတောက်လုံးသုံးလုံးက တစ်ချိန်တည်းမှာ လောင်ကျွမ်း၍ သွေးစက်ကို သန့်စင်လိုက်သောအခါ ကောင်းကင်ဘုံဝံပုလွေသည် စူးစူးဝါးဝါး အော်ဟစ်၍ အဲ့ဒါကို အနိုင်နိုင်တောင့်ခံနေရ၏။
အဲ့ဒါသည် အောက်ဘုံ၏ စွမ်းအားတစ်ခုမျှသာဖြစ်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် သူသည် နတ်ဘုရားစွမ်းအား ဘယ်လောက်များများကို နားလည်ဆင်ခြင်ထားသည်ဖြစ်စေ ကောင်းကင်ဘုံဝံပုလွေကို ခြိမ်းခြောက်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
အကြောင်းမှာ ကောင်းကင်ဘုံဝံပုလွေက အကြောက်အလန့်ကင်းမဲ့သောကြောင့်ပင်။
သို့သော် ယခုအခါ သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ကောင်းကင်နှင့်မြေကြီး အမြုတေချီဖြင့် ပေါင်းစည်းထားခဲ့ပြီးလေပြီ။
အထက်ဘုံ၏ စွမ်းအားကိုရရှိသွားသော်လည်း သူက လောကကိုလှည့်စားပြီး ကောင်းကင်ဘုံအပြစ်ဒဏ်ကို အသုံးချကာ အောက်ဘုံမှာရှိသည့် သူ၏ အငွေ့အသက်များကို ဖယ်ရှားပစ်ခဲ့လေသည်။
ကပ်ဘေးမီးသည် ကောင်းကင်ဘုံဝံပုလွေကို ခြိမ်းခြောက်နိုင်နေပြီဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်နှင့်မြေကြီး အမြုတေချီကို သိုင်းစိတ်ဝိညာဥ်မီး ၊ အနီရောင်ကြာပန်း ကံကြမ္မာမီးတို့ဖြင့် ပေါင်းစည်းလိုက်သည့်အခါ မီးတောက်လုံးနှစ်လုံး၏ စွမ်းအားသည် သိသိသာသာတိုးလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူက အမှန်တကယ်ပင် လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်သောအမူအရာနှင့် နက်ရှိုင်းသောအကြည့် ရှိနေပြီး အေးစက်စွာပြောလိုက်၏။
“မင်းက သွေးမိစ္ဆာနဲ့ပူးပေါင်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကပ်ဘေးများစွာကိုဖြစ်စေခဲ့တယ်... မင်းအပေါ်မှာ ငါ့ရဲ့စိတ်ရှည်နိုင်စွမ်းက အကန့်အသတ်ရှိတယ်”
“အဲ့ဒါက ငါနဲ့ဘာမှမဆိုင်ဘူး”
ကောင်းကင်ဘုံဝံပုလွေက ခပ်စူးစူးပြန်အော်လိုက်၏။
“ငါကသူ့ကို ကျင့်ကြံရေးနည်းစနစ်တချို့သင်ကြားပေးပြီး သူ့ရဲ့ကျင့်ကြံမှုကို လမ်းညွှန်ပေးခဲ့ရုံပဲ... ငါက သူ့ရဲ့လုပ်ရပ်တွေမှာ တစ်ခါမှ ဝင်မပါခဲ့ဘူး”
သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်စကားမှ မဆိုသော်လည်း လှောင်အိမ်ထဲရှိမီးတောက်များက ပို၍သိပ်သည်းအားကောင်းလာခဲ့၏။
......
အကန့်အသတ်မဲ့သော ကြယ်ရောင်ကောင်းကင်အောက်မှာ နို့နှစ်ရောင်အလင်းတန်းနှစ်ခုက လောကကိုဆုတ်ဖြဲထားပြီး ပုံရိပ်နှစ်ခုက အထက်ဘုံသို့ အလျင်အမြန်ပျံသန်းနေလေသည်။
အဲ့ဒါက လျို့ဝှက်ဆန်းကြယ်သော အထိအတွေ့ခံစားချက်တစ်ခုဖြစ်လေသည်။
ဆူဇီမိုသည် အဟန့်အတားအလွှာများကို ဖြတ်ကျော်ပြီး သူ့အထက်ရှိ ကျယ်ပြောလှသော ကြယ်ရောင်ကောင်းကင်နှင့် ပို၍နီးကပ်လာကာ နောက်ထပ်လောကတစ်ခုသို့ ပျံသန်းနေသည်ဟူသော ခံစားချက်ကိုရလေသည်။
ထိုအခိုက်အတန့်မှာ အစစ်အမှန်ခန္ဓာနှစ်ခုသည် ခွဲခွာမည့် မည်သည့်လက္ခဏာမှမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် မလှမ်းမကမ်းမှာရှိနေကြ၏။
အခြားတစ်ဘက်မှာ နို့နှစ်ရောင်အလင်းတန်း၏ ကုသမှုအောက်၌ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ ဒဏ်ရာများက သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်၏။ ထိုအခိုက်အတန့်မှာ သူသည် စတုရန်းကြေးမီးဖိုကို ကိုင်ဆွဲ၍ အဲ့ဒါကို ဂရုတစိုက်လေ့လာအကဲခတ်နေ၏။
ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ရရှိခဲ့ပြီးနောက် သူသည် အဲ့ဒါကို သူ၏ မူပိုင်ဓမ္မလက်နက်အဖြစ် သန့်စင်မွန်းမံဖို့ ကြိုးစားခဲ့သော်လည်း အဲ့ဒီကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
ဆူဇီမိုသည် နတ်ဘုရားစွမ်းအားတစ်ခုခု သို့မဟုတ် ဓမ္မပညာရပ်တစ်စုံတစ်ရာကို ထုတ်ဖော်ဖို့အတွက် စတုရန်းကြေးမီးဖိုကို အသုံးမချနိုင်ခဲ့ပေ။
အဲ့ဒါကြောင့် သူက အဲ့ဒါကို ရံဖန်ရံခါမှသာ အသုံးပြုခဲ့လေသည်။
သူသည် အရင်က စတုရန်းကြေးမီးဖိုကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားခဲ့ဖူး၏။
စတုရန်းကြေးမီးဖိုသည် အက်ကွဲကြောင်းများနှင့် ပြည့်နှက်၍ ကွဲကြေတော့မည့်မတတ် ဖြစ်နေသော်လည်း ၎င်းသည် မနှိုင်းယှဥ်သာအောင် မာကြောပြီး ရေနှင့်မီးတို့ကို မမှုပေ။ အဲ့ဒါကို ပြန်လည်ပြုပြင်၍လည်း မရပေ။
သို့သော် ယခု ၎င်းသည် ကောင်းကင်ဘုံကပ်ဘေး လေးခု၏ ဆေးကြောသန့်စင်မှုကို ခံယူပြီး စတုရန်းကြေးမီးဖိုသည်လည်း ကောင်းကင်နှင့်မြေကြီး အမြုတေချီများစွာဖြင့် ပေါင်းစည်းလာနိုင်ခဲ့ပြီဖြစ်၏။
ထိုမီးဖိုကနေ နောက်ဆုံးမှာ တုံ့ပြန်မှုတစ်ခုရှိလာခဲ့လေပြီ။
မီးဖို၏ အက်ကွဲကြောင်းထဲကနေ ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခု ပေါ်ထွက်လာ၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက စတုရန်းကြေးမီးဖိုကို မမှိတ်မသုန်စိုက်ကြည့်ပြီး ဂရုတစိုက်လေ့လာအကဲခတ်ကာ ထူးခြားမှုတစ်စုံတစ်ရာကို ဖြည်းဖြည်းချင်းရှာဖွေနေ၏။
စတုရန်းကြေးမီးဖို၏ အပြင်ဘက်နံရံများပေါ်တွင် အင်းကွက်လေးခုကို ခတ်နှိပ်ထားသည်ဟု ထင်ရ၏။
သို့သော်လည်း မီးဖိုက ပြင်းထန်စွာ ပျက်စီးထိခိုက်ထားပြီး ဆူဇီမိုသည် နံရံများပေါ်ရှိ အင်းကွက်များက ဘာဖြစ်သည်ဆိုတာကို မပြောနိုင်ပေ။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ မလှမ်းမကမ်းမှာရှိသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ မျက်လုံးထဲရှိ တုန်လှုပ်မှုအငွေ့အသက်များနှင့်အတူ အောက်ကိုငုံ့ကြည့်နေ၏။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ဝေးသထက်ဝေးလာခဲ့လေပြီ။
သူ၏ မြင်ကွင်းထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်သည် သေးငယ်သည်ထက် သေးငယ်သွားပြီး အလင်းစက်တစ်ခုအသွင် တဖြည်းဖြည်းပြောင်းလဲသွား၏။
ထိုအခိုက်အတန့်မှာ ဆူဇီမိုက ငုံ့ကြည့်လိုက်ပြီး အောက်ဘက်ရှိကျယ်ပြောလှသော စကြာဝဠာထဲမှာ ထိုကဲ့သို့သော အလင်းစက်ပေါင်း သန်းနှင့်ချီရှိနေသည်ကို တွေ့မြင်လိုက်ရ၏။
“အဲ့ဒီအလင်းစက်တွေက ကမ္ဘာငယ်ပေါင်း တစ်ဘီလီယံဆိုတာပဲ ဖြစ်ရမယ်”
ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။
အဲ့ဒီမှာ အောက်ဘုံလောကတစ်ခုလုံးအဖြစ် ဖွဲ့စည်းထားသော ကမ္ဘာငယ်ပေါင်းမရေမတွက်နိုင်အောင်ရှိနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်သည် ကျယ်ပြောလှသော သဲမြစ်ထဲမှ သဲပွင့်တစ်ပွင့်မျှသာဖြစ်လေသည်။ ၎င်းသည် အောက်ဘုံလောကတစ်ခုလုံးနှင့်ယှဥ်လျှင် အလွန်သေးငယ်ပြီး အရေးမပါအရာမရောက်တော့ပေ။
လူသားဧကရာဇ် ပြောခဲ့သည့်စကားကို ဆူဇီမိုသည် ယခုအခါမှသာ အမှန်တကယ်နားလည်သဘောပေါက်လာခဲ့၏။
အထက်ဘုံမှာ ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများ မရေမတွက်နိုင်အောင်ရှိလေသည်။ အောက်ဘုံလောကရှိ ဧကရာဇ်များက တက်လှမ်းလာသောအခါ သူတို့အများစုသည် အထက်ဘုံမှာ သာမန်လူများဖြစ်လာကြ၏။
“ဗုဒ္ဓသုတ္တန်တွေထဲမှာ သဲပုံထဲကလောကဆိုတဲ့ ဆိုရိုးစကားရှိတယ်... ဒီကမ္ဘာငယ် တစ်ဘီလီယံက အကောင်ကြီးကြီး ပုဂ္ဂိုလ်တချို့ချန်ထားရစ်ခဲ့တဲ့ ကျောက်ခဲလက်တစ်ဆုပ်စာများ ဖြစ်နေမလား”
ဆူဇီမိုက အတွေးရေယာဥ်ကြောမှာ မျောပါနေ၏။
ထိုစဥ်မှာပင် ဧရာမအရိပ်တစ်ခုက သူ့ဘေးကနေ ဖြတ်သွားလေသည်။ ဆူဇီမိုက တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်၏။
နို့နှစ်ရောင်အလင်းတန်းထဲကနေတစ်ဆင့် ဧရာမထိုအရိပ်သည် မနှိုင်းယှဥ်သာအောင် ကြီးမားသော ကြယ်တစ်စင်းဖြစ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။
ကြယ်မျက်နှာပြင်က တောင်တန်းများ ၊ ချိုင့်ဝှမ်းများနှင့် မညီမညာဖြစ်နေ၏။ အရိုင်းဆန်သော လေပြင်းများက အော်မြည်တိုက်ခတ်နေပြီး မည်သည့်အသက်ဓာတ်မှမရှိဘဲ သဲများနှင့် ကျောက်ခဲများက လွင့်ပျံနေလေသည်။
သို့သော်လည်း ထိုကြယ်များသည် သက်ရှိများအားလုံးကို ဝါးမျိုနိုင်သည့်အလား မနှိုင်းယှဥ်သာအောင် ကျယ်ပြောသော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေဆဲဖြစ်၏။
ထိုကြယ်နှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် ဖုန်မှုန့်တစ်မှုန့်ကဲ့သို့ သေးငယ်သွားလေသည်။
ထိုအရာများက အစစ်အမှန်ကြယ်များဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သက်ရှိများအားလုံးသည် ကြယ်ရောင်ကောင်းကင်ကို မော့ကြည့်ကြရ၏။
ယခုအချိန်မှာ ဆူဇီမိုသည် ကြယ်တစ်စင်း၏ ဘေးသို့ အမှန်တကယ်ရောက်ရှိနေလေသည်။
ဆူဇီမို၏ အကြည့်က ဆက်လက်၍ ဖြန့်ကြက်သွား၏။ ကြယ်ပြောလှသော လေဟာနယ်ထဲမှာ ကြယ်များနှင့် အာကာသဆိုင်ရာဂြိုလ်များ မရေမတွက်နိုင်အောင်ရှိနေပြီး လွင့်မျောနေကြ၏။ သူတို့ထဲမှ အချို့သည် အဝိုင်းသဏ္ဌာန်ကြယ်များဖြစ်ပြီး တချို့အရာများက လွင့်မျောနေသော ကုန်းမြေတိုက်များနှင့်တူနေ၏။
သူသည် အာကာသဆိုင်ရာ အရာဝတ္ထုတချို့မှ အသက်ဓာတ်အရိပ်အယောင်တချို့ကိုပင် ခံစားမိနိုင်၏။
တကယ်ဆို... ထူးဆန်းသောသတ္တဝါများစွာသည် ကုန်းမြေတိုက်တချို့ကနေ ပြေးထွက်လာကြပြီး အပေါ်သို့ တက်လှမ်းနေသည့် ဆူဇီမိုကိုပင် စူးစမ်းလိုစိတ်ဖြင့် ကြည့်လာကြ၏။
လောကတစ်ခုလုံးနှင့် ကြီးမားသော စကြာဝဠာက အလွန်တရာကျယ်ပြောလေသည်။
အဲ့ဒီမှာ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးရှိသော သက်ရှိများနှင့် မျိုးနွယ်စုမျး မရေမတွက်နိုင်အောင် ရှိလေသည်။ သူတို့အားလုံးသည် သူတို့၏ သက်ဆိုင်ရာလောကများမှာ မတူညီသော ဒဏ္ဍာရီများရှိကြလေသည်။
ဆူဇီမိုသည် သူတို့ထဲမှတစ်ယောက်သာဖြစ်လေသည်။
ထိုစဥ်မှာပင် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာပေါ်သို့ ကျဆင်းနေသည့် နို့နှစ်ရောင်အလင်းတန်းက ရုတ်တရက်ရွေ့လျားသွားပြီး ဦးတည်ဘက်တစ်ခုသို့ ပျံသန်းသွားလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ သူသည် ဖော်မပြတတ်သော ဆွဲငင်အားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရသည့်အလား အခြားသော အရပ်တစ်ဘက်သို့ ပျံသန်းသွား၏။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
နဂါးဖီးနစ်အစစ်အမှန်ခန္ဓာသည် နဂါးကမ္ဘာ ၊ နေကာသစ်ပင်ကမ္ဘာနှင့် မဟာအရိုင်းကမ္ဘာဟူသော ကမ္ဘာသုံးခုထဲမှ တစ်ခုဆီသို့ တက်လှမ်းနိုင်ခြေရှိသည်ဟု တျဲယွဲ့က တစ်ခါပြောခဲ့ဖူးလေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ကောင်းကင်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်မည်ဖြစ်၏။
လက်ရှိမြင်ကွင်းသည် သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုက မတူညီသော ကမ္ဘာများဆီသို့ ဦးတည်ဘက်ခွဲကာ တက်လှမ်းတော့မည့် အရိပ်လက္ခဏာတစ်ခုဖြစ်ရပေမည့်။
ဆုဇီမို၏ အမူအရာက တည်ငြိမ်နေ၏။
သူသည် သူ့ကိုယ်သူထိုစွမ်းအား၏ ဆွဲယူမှုနောက် ခွင့်ပြုပေးရပြီး အဲ့ဒါနှင့်ပတ်သက်၍ သူတတ်နိုင်တာ ဘာမှမရှိပေ။
သူသည် သူတက်လှမ်းလိုသည့်ကမ္ဘာကို ရွေးချယ်နိုင်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို...
ဆူဇီမိုသည် ကြောက်စရာကောင်းသော တစ်စုံတစ်ရာ သူ့အပေါ်သို့ ဆင်းသက်လာတော့မည့်အလား ရင်တထိတ်ထိတ်ဖြစ်သွားလေသည်။
သူ၏ အမူအရာက ပြောင်းလဲသွားသည်။
သူသည် စတင်ကျင့်ကြံခဲ့ကတည်းက ဤကဲ့သို့သောကြောက်စရာကောင်းသည့် ရင်တလှပ်လှပ်ခံစားချက်ကို ဘယ်တုန်းကမှ မရရှိခဲ့ပေ။
သူသည် မူလနတ္ထိအဆင့်မှာရှိနေစဥ်က သူသည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးပညာရှင်များ၏ အမဲလိုက်ခြင်းခံခဲ့ရ၏။ ဤကဲ့သို့ သန်မာသောရန်သူများနှင့် ရင်ဆိုင်ခဲ့ရချိန်မှာတောင် သူ၏ ခန္ဓာကိုယ်က ဤကဲ့သို့ ကြီးမားသောတုံ့ပြန်မှုကို မထုတ်ဖော်ခဲ့ပေ။
ရုတ်တရက်ဆိုသလို...
မစဥ်းစားတတ်လောက်အောင်ဖြစ်သော စွမ်းပကားတစ်ခုက ဆင်းသက်လာခဲ့၏။
ထိုစွမ်းပကားနှင့်ရင်ဆိုင်ရချိန်မှာ အစစ်အမှန်ခန္ဓာနှစ်ခုကို လွှမ်းခြုံထားသည့် နို့နှစ်ရောင်အလင်းတန်းနှစ်ခုသည် တဖြောက်ဖြောက်မြည်၍ အသံဗလံတချို့ထွက်ပေါ်လာ၏။
ဘုန်း...
ထို့နောက်ချက်ချင်းပင် ဆူဇီမို၏ ဦးခေါင်းထက်မှာ ကျယ်လောင်သောမြည်သံတစ်သံက ပေါက်ကွဲထွက်ပေါ်လာ၏။
သူက အလိုလိုမော့ကြည့်လိုက်၏။
ဧရာမလက်ဖဝါးတစ်ဘက်က သူ၏ အစစ်အမှန်ခန္ဓာနှစ်ခုပေါ်သို့ အုပ်မိုးကျဆင်းလာလေသည်။
ဆူဇီမို၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တဆတ်ဆတ်လှုပ်သွား၏။
ထိုလက်ဝါး၏ ကြောက်စရာကောင်းမှုသည် သူ၏ စဥ်းစားနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီဖြစ်၏။ စောစောက သူ့ဘေးမှာလွင့်မျောနေသော ကြယ်များသည် ထိုလက်ဝါးနှင့်ရင်ဆိုင်ရချိန်မှာ ကျောက်ခဲများကဲ့သို့ သေးငယ်သွားလေသည်။
ထိုလက်ဝါးက ဆင်းသက်မလာခင်မှာပင် ဘေးပတ်လည်လေဟာနယ်ထဲရှိ ကြယ်များစွာက ကြေမွပျက်စီးသွားလေသည်။
ထိုကြယ်များပေါ်ရှိ သက်ရှိများသည် အဲ့ဒါကို လုံးဝမခုခံနိုင်ဘဲ တစ်ခဏချင်းမှာပင် သတ်ဖြတ်ခြင်းခံလိုက်ကြရ၏။