ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ခွဲထုတ်ခြင်း
Vol. 119 Ch. 1785
“ဟေး”
ဆူဇီမို၏ စိတ်အကြံကို အာရုံခံမိသွားသည့်အလား ဘုရင် ယွင်ယိုက လှောင်ရယ်မောလိုက်လေသည်။
“ရေတွင်းထဲက ဖားသူငယ်ဆိုတဲ့အတိုင်းပဲ.. ဘယ်လောက်တောင် မိုက်မဲလိုက်သလဲ… မင်းက နိမ့်ကျတဲ့ အောက်ဘုံကနေ ထွက်ခွာလာပြီးတာတောင်မှ သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်ချင်နေတုန်းပဲလား”
“ငါ မင်းရဲ့ အဲဒီ ကိုယ်ပွားကို ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့ပြီးပြီပဲ.. မင်းရဲ့ ကိုယ်ပွားက သေချာပေါက် ဖျက်ဆီးခံရမယ်.. ဘယ်သူကမှ မင်းကို မကယ်တင်နိုင်စေရဘူး”
ထိုအချိန်တိုအတွင်းမှာပင် ယိုယွင်းပျက်စီး၍ ချုံးချုံးကျနေသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက အောက်သို့ကျဆင်းသွားခဲ့ပြီဖြစ်၏။
ဆူဇီမိုသည် အထက်ဘုံသို့ မတက်လှမ်းနိုင်ခင်မှာပင် ဤကဲ့သို့သော ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူ၏ သွေးကနေ ပြန်လည်မွေးဖွားခြင်းသည် အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ထဲမှာ သုံးစားမရ ဖြစ်နေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
ဆူဇီမို၏ အမူအရာက ညိုမည်းလာပြီး သူ၏ အကြည့်က အေးစက်လာခဲ့၏။
ထိုအခိုက်အတန့်မှာ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်သည် စတုရန်းကြေးမီးဖိုနှင့်အတူ သူ့ဘေးသို့ ရောက်ရှိလာခါစဖြစ်၏။
စတုရန်းကြေးမီးဖိုသည် သူရှင်သန်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ဤကဲ့သို့ ကြီးမားသော မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရချိန်မှာ အဲဒါက ပါးလွှာသော မျှော်လင့်ချက်လေးတစ်ခုမျှသာ ဖြစ်လေသည်။
ဆူဇီမိုသည် တဖြည်းဖြည်းပျောက်ကွယ်သွားသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကြည့်ပြီး တန်ပြန်တုံ့ပြန်ရမည့် နည်းလမ်းများကို ကြံဆကာ သူ၏ စိတ်က ယောက်ယက်ခတ်နေ၏။
ဤနဂါးဖီးနစ် အစစ်အမှန်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရပြီး သူ၏ မူလမော်တယ်ခန္ဓာကနေ အသွင်ပြောင်းလဲလာခဲ့ခြင်းဖြစ်၏။ သူက အဲဒါကို ဒီတိုင်းပဲ စွန့်လွှတ်ရတော့မှာလား။
သို့သော်လည်း သူက လက်မလွှတ်လိုဘူးဆိုရင်တောင် သူလုပ်နိုင်တာ ဘာမှမရှိပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားက ဘုရင် ယွင်ယို၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်ပြီး သူ့ကို ပြန်လည်အသက်သွင်းနိုင်မည့် မည်သည့်အခွင့်အရေးမှ မရှိတော့ပေ။
သူက သွေးကနေ ပြန်လည်မွေးဖွားခြင်းကို အသုံးပြုချင်သည်ဆိုလျှင် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်သည် အောက်ဘုံသို့ ပြန်သွားရပေလိမ့်မည်။
သို့သော်လည်း သူသည် အထွတ်အထိပ်ကပ်ဘေးကို ဖြတ်ကျော်၍ အောက်ဘုံကနေ ထွက်ခွာကာ အထက်ဘုံသို့ တက်လှမ်းလာခဲ့ပြီဖြစ်၏။ သူက ယခုအချိန်မှာ ပြန်သွားမည်ဆိုလျှင် အောက်ဘုံ၏ နိယာမ ဥပဒေသများက သူ့ကို တားဆီးပေလိမ့်မည်။
တျဲယွဲ့သည် ကောင်းကင်ကို ဖာထေးပေးခဲ့ပြီး နိယာမများကို ပြီးပြည့်စုံသွားစေခဲ့လေသည်။ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို မည်သို့မှ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် သွေးကနေ ပြန်လည်မွေးဖွားခြင်းအတွက် မဖြစ်မနေ လိုအပ်ချက်မှာ အသက်ဓာတ်အား ပါဝင်သော သွေးတစ်စက်ကို ပိုင်ဆိုင်ထားဖို့ ဖြစ်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေး အသက်ဓာတ်အားကတော့ ၎င်းသည် ဘုရင် ယွင်ယို၏ အပြီးတိုင် ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်က အောက်ဘုံသို့ ပြန်သွားမည်ဆိုလျှင်တောင် သွေးကနေ ပြန်လည်မွေးဖွားခြင်းကို ထုတ်ဖော်လို့ရတော့မည် မဟုတ်ပေ။
ဖျတ်ခနဲဆို ဆူဇီမို၏ မျက်လုံးနှစ်ဖက်က အေးစက်စွာဖြင့် အရောင်လက်သွားပြီး သူက ဆုံးဖြတ်ချက်ချလိုက်၏။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို စွန့်လွှတ်ရမည်ဖြစ်၏။
၎င်းကို စွန့်လွှတ်ရခြင်းက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် လုံးလုံးလျားလျားပျောက်ကွယ်သွားပြီဟု မဆိုလိုပေ။
ယိုယွင်းပျက်စီးနေသော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာမှာ မည်သည့် အသက်ဓာတ်မှ မကျန်ရှိဘဲ ကြေမွပျက်စီးသွားသော နို့နှစ်ရောင်အလင်းတန်းအောက်ကနေ မူလလမ်းကြောင်းအတိုင်း ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်လည်ကျဆင်းသွားမည်ဖြစ်၏။
အောက်ဘုံ၏ နိယာမများသည် အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသည့် သက်ရှိများနှင့် အရာရာတိုင်းကိုသာ ကန့်သတ်တားဆီးပေလိမ့်မည်။
ညှိုးခြောက်သွားသော ဖန်တီးခြင်းကြာခုံ၊ ကောင်းကင်သတ်ဖြတ်ခြင်းဓား၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားနှင့် စတုရန်းကြေးမီးဖိုကဲ့သို့သော အရာများကို အောက်ဘုံ၏ နိယာမများက ကန့်သတ်တားဆီးလိမ့်မည် မဟုတ်ပေ။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကတော့ အသက်ဓာတ်အား ကုန်ခမ်းသွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းသွားသည့်အခါ အောက်ဘုံ၏ နိယာမများက အဲဒါကို တားဆီးလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက ထျန်ဟွမ်ကုန်းမြေတိုက်မှာ ရှိနေသေး၏။
ဆူဇီမို၏ ဆုံးဖြတ်ချက်သည် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကို ခွဲထုတ်ဖို့ ဖြစ်လေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို ကယ်တင်လို့ မရတော့ဘူးဆိုမှတော့ သူသည် အဲဒါကို ထျန်ဟွမ်ကုန်းမြေတိုက်ဆီသို့ ပြန်ပို့ပြီး သိုင်းတာအိုပင်မခန္ဓာထံ လွှဲပေးရပေမည်။ သိုင်းတာအိုမီးဖို၏ အကူအညီနှင့်အတူ သူသည် အဲဒါကို သူ၏ ပင်မခန္ဓာထဲသို့ သန့်စင်ကာ ပေါင်းစည်းနိုင်ပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုသစ်သီးကနေ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး အဲဒါက အသွေးအသား ခန္ဓာကိုယ်တစ်ခု မဟုတ်ပေ။
ဤတစ်ခေါက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဆူဇီမို၏ မူလခန္ဓာဖြစ်ခဲ့သော နဂါးဖီးနစ် အစစ်အမှန်ခန္ဓာကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းမည်ဆိုလျှင် သူသည် တကယ့်အစစ်အမှန်ပင်မခန္ဓာ ဖြစ်လာပေလိမ့်မည်။
နဂါးဖီးနစ်၏ ကိုယ်ကာယကို ပင်မခန္ဓာထံသို့ လွှဲပေးရပေလိမ့်မည်။
နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်ကတော့ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထံသို့ ရောက်ရှိသွားမည် ဖြစ်၏။
ထိုအမြုတေစိတ်ဝိညာဉ်နှစ်ခုကို ဆူဇီမိုက ကျင့်ကြံထားခဲ့ပြီး အစကတည်းက သူတို့သည် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခဲ့ခြင်းဖြစ်၏။
သူတို့ကို တစ်ဖန်ပြန်လည်ပေါင်းစည်းမည်ဆိုလျှင် အဲဒါက ဆူဇီမိုအတွက် အဓိပ္ပာယ်များစွာ ရှိလာပေလိမ့်မည်။
အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းခြင်းက ဆူဇီမို၏ ခွန်အားကို အဆများစွာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။
တိုက်ရိုက်အကျဆုံးအရာမှာ သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက သေချာပေါက် တိုးမြင့်လာပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာ နားလည်ဆင်ခြင်ထားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက ဆုံးရှုံးသွားရခြင်း မရှိဘဲ ဆူဇီမို၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် ပေါင်းစည်းသွားပေလိမ့်မည်။
အဲဒါသည် ဆူဇီမိုအတွက် အရမ်းကို အရေးကြီးလေသည်။
နဂါးဖီးနစ် အစစ်အမှန်ခန္ဓာသည် စွမ်းအားကြီးမားသော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို သိရှိထား၏။ သူက အဲဒါတွေကို ဒီတိုင်းပဲ ဆုံးရှုံးလိုက်ရမည်ဆိုလျှင် အဲဒါက ဆူဇီမိုအတွက် ပြန်လည်အစားမရနိုင်သော ဆုံးရှုံးမှုတစ်ရပ် ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်များကို ပေါင်းစည်းနိုင်မည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်လာတော့မည် မဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုလျှင် ဆူဇီမို၏ စိတ်ကူးသာ အောင်မြင်ပါက နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံလိုက်ရသော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းလိမ့်မည်ဖြစ်ပြီး ၎င်း၏ အမြုတေစိတ်ဝိညာဉ်ကတော့ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်နှင့် ပေါင်းစည်းကာ သူသည် ပုံစံနောက်တစ်မျိုးဖြင့် တည်ရှိနေနိုင်မည်ဖြစ်၏။
တကယ်တော့ အဲဒါတွေအတွက် မဖြစ်မနေ လိုအပ်ချက်သည် ဆူဇီမိုသည် ဤကပ်ဘေးကနေ လွတ်မြောက်နိုင်ဖို့ဖြစ်၏။
ဘုန်း.. ဘုန်း.. ဘုန်း..
နောက်ပိုင်း ရောက်ရှိလာသော အမျိုးသမီးသည် ကြယ်တာရာကောင်းကင်ထဲမှာ ရုပ်လုံးထွက်ပြမလာသော်လည်း သူမသည် ဘုရင် ယွင်ယိုနှင့် ဆန့်ကျင်တိုက်ခိုက်နေပြီး ပြင်းထန်ကြမ်းကြုတ်သော စွမ်းအင် အတက်အကျများကို ထွက်ပေါ်လာစေ၏။
“ဟမ့်”
ဘုရင် ယွင်ယိုက လှောင်ရယ်လိုက်၏။
“နင်က ကောင်းကင်လိုဏ်ဂူငယ်တစ်ခုကို ဖွဲ့တည်ထားရုံနဲ့ ငါ့ကိစ္စမှာ ဝင်ရှုပ်ချင်တယ်ပေါ့… နင်ကတော့ သေချင်နေတာပဲ”
သူ့စကား မဆုံးသေးခင်မှာပင် ဘုရင် ယွင်ယိုက နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြီဖြစ်၏။
ဘုန်း.. ဘုန်း.. ဘုန်း..
ကြယ်တာရာကောင်းကင်က တုန်ခါသွားလေသည်။
ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းထဲမှာ အမျိုးသမီးက ညည်းတွားလိုက်လေသည်။
ဤဖြစ်စဉ်အတောအတွင်း ဆူဇီမိုသည် နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့်အတူ စတုရန်းကြေးမီးဖိုထဲမှာ ဝင်ရောက်ပုန်းကွယ်နေခဲ့ပြီဖြစ်၏။
သူသည် စတုရန်းကြေးမီးဖိုကို ထိန်းချုပ်ပြီး ဤနေရာကနေ ထွက်ပြေးလွတ်မြောက်ချင်လေသည်။ သို့သော်လည်း အပြင်ဘက် တိုက်ပွဲကနေ ထုတ်ဖော်လိုက်သည့် စွမ်းအင် အတက်အကျသည် စတုရန်းကြေးမီးဖိုကို အဆက်မပြတ် ရိုက်ခတ်နေ၏။
ဆူဇီမိုသည် ထိုကြောက်စရာကောင်းသော စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ လုံးဝကို ကူကယ်ရာမဲ့နေ၏။
သူသည် စတုရန်းကြေးမီးဖိုအတွင်းမှာသာ ပုန်းကွယ်နေပြီး ကစဉ့်ကလျား စွမ်းအားထဲမှာ ဟိုတိုက် ဒီတိုက်ဖြင့် အနီးနား ကြယ်တာရာကောင်းကင်ကို အသည်းအသန် ဖြတ်ကျော်နေ၏။
ဆူဇီမိုသည် အပြင်ဘက်ရှိ အခြေအနေကို မတွေ့မြင်ရသော်လည်း ထိုအမျိုးသမီးက ဘုရင် ယွင်ယိုကို မယှဉ်နိုင်သည်မှာ သိသာလေသည်။
ပို၍အရေးကြီးသည်မှာ ဘုရင် ယွင်ယိုက တစ်ယောက်တည်း မဟုတ်ပေ။
သူနှင့်ပါလာသော အခြားတစ်ယောက်က ဘုရင် ယွင်ယိုနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် ထိုအမျိုးသမီးက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။
“အဲဒီအမျိုးသမီးက ဘယ်သူပါလိမ့်.. သူ အဆင်ပြေပါစေလို့ ငါဆုတောင်းတယ်”
ဆူဇီမိုက သူ့ဘာသာသူ တွေးလိုက်၏။
သူ၏ သေခြင်း ရှင်ခြင်းကို သူကိုယ်တိုင် ဆက်လက်၍ မထိန်းချုပ်နိုင်တော့ဘဲ သူသည် အဲဒါကို ကံကြမ္မာအပေါ်သာ ပုံအပ်ရပေတော့မည်။
ယခုအချိန်မှာ သူ့အတွက်ကြောင့်နှင့် ဤအမျိုးသမီးက ရောပါငြိစွန်း ဒုက္ခမရောက်ဖို့သာ သူက ဆုတောင်းပေးနိုင်၏။
အပြင်ဘက်ရှိ အော်ရာက ပို၍ပင် ရုန့်ရင့်ကြမ်းတမ်းလာခဲ့၏။
ဆူဇီမိုသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ပစ်ထုတ်လိုက်၏။ အဝါရောင် သဲလုံးတစ်လုံးက ထွက်ပေါ်လာပြီး မီးဖို၏ နှုတ်ခမ်းဝကို ပိတ်ဆို့ကာ သူက အထဲမှာ သူ၏ ခန္ဓာကိုယ်ကို ကွေးညွှတ်ထားလေသည်။
သူသည် အသက်တစ်ချက်ရှိုက်ပြီး အတွေးတစ်ချက်နှင့်အတူ နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်ကို အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားစေ၏။
သူတို့ထဲမှ တစ်ယောက်သည် သွေးနီရောင်ဆံပင်ရှိပြီး သားရဲချီများဖြင့် ပြည့်လျှမ်းနေကာ အခြားတစ်ယောက်ကတော့ ကြော့ရှင်းသော သွင်ပြင်နှင့် အနက်ရောင်ဆံပင် ရှိလေသည်။
ဆူဇီမိုသည် အံကို တင်းတင်းကြိတ်ပြီး သူ၏ စိတ်ကို ထိန်းချုပ်ကာ အမြုတေစိတ်ဝိညာဉ်နှစ်ခု ရိုက်ခတ်စေလိုက်၏။
လူပုံသဏ္ဌာန် အမြုတေစိတ်ဝိညာဉ်နှစ်ခုက ပေါင်းစည်းသွားပြီး ပြင်းထန်ကြမ်းကြုတ်သော စိတ်ဝိညာဉ် အတက်အကျတစ်ခုကို ထုတ်ဖော်လိုက်၏။
“အား..”
မိုးကြိုးပစ်ချခံလိုက်ရသည့်အလား.. ဆူဇီမိုက တဆတ်ဆတ် တုန်ယင်သွားပြီး ညည်းတွားအော်ဟစ်လိုက်၏။ သူ၏ အမြင်အာရုံက မှောင်မည်းသွားပြီး သတိလစ်လုမတတ် ဖြစ်သွားရလေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ရင်းမြစ်တစ်ခုထဲမှ ခွဲထွက်လာခြင်းဖြစ်သောကြောင့် သူတို့ကို ပြန်လည်ပေါင်းစည်းသည့်အခါ ခုခံမှုများစွာ ရှိလိမ့်မည် မဟုတ်ဟု သူက အစက တွေးထင်ခဲ့၏။
သို့သော်လည်း တကယ်တမ်းမှာတော့ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို အတင်းအကျပ် ပေါင်းစည်းခြင်းသည် ပြင်းထန်ကြမ်းကြုတ်သော ရိုက်ခတ်မှုတစ်ခုကို ဖြစ်ပေါ်လာစေ၏။ နှစ်ဖက်စလုံးက အလျှော့မပေးဘဲ သူတို့သည် နေရာမှာပင် ဖျက်ဆီးခံရလုနီးပါး ဖြစ်သွား၏။
တကယ်တော့ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို သူတို့ ခွဲထွက်လာပြီး မကြာခင် ပေါင်းစည်းစေမည်ဆိုလျှင် အဲဒါက အန္တရာယ်များစွာ ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် သီးခြားရပ်တည်နေခဲ့သည်မှာ အချိန်တစ်ခု ကြာသွားခဲ့လေပြီ။
သူတို့ထဲမှ တစ်ယောက်သည် တဗူးနဂါးဖီးနစ် ဖြစ်လာပြီး ၎င်း၏ သားရဲချီက သိပ်သည်းပြင်းထန်အားကောင်းနေ၏။
အခြားတစ်ယောက်ကတော့ ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုဖြင့် ပြည့်လျှမ်းနေသော လောကဆိုင်ရာ အဆုံးစွန် ရတနာတစ်ခု ဖြစ်လာခဲ့၏။ အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ရင်းမြစ်တစ်ခုတည်းမှာ လာခြင်းဖြစ်သော်လည်း သူတို့က လုံးဝကို ကွဲပြားခြားနားသွားခဲ့လေပြီ။
ဤပေါင်းစည်းမှုက သူတို့နှစ်ယောက်ကို အသေသတ်နေခြင်းနှင့် တူနေလေသည်။
ကြယ်တာရာကောင်းကင်ထဲမှာ တိုက်ခိုက်နေသော ဘုရင် ယွင်ယိုနှင့် အခြားနှစ်ယောက်သည်ပင် ဆူဇီမို ပြုလုပ်သကဲ့သို့ ပြုလုပ်ရဲလိမ့်မည် မဟုတ်ပေ။
တကယ်တော့ နဂါးဖီးနစ် အစစ်အမှန်ခန္ဓာက ဖျက်ဆီးခံခဲ့ရပြီး ဆူဇီမိုသည် ဤကဲ့သို့ မျှော်လင့်ချက်မရှိသော အခြေအနေသို့ ကျဆင်းသွားခြင်းကြောင့်သာ မဟုတ်လျှင် သူကလည်းပဲ သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ပေါင်းစည်းဖို့ စွန့်စားလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူ့မှာ တခြားရွေးချယ်စရာ မရှိပေ။
သူက ရပ်တန့်လိုက်မည်ဆိုလျှင်တောင် အမြုတေစိတ်ဝိညာဉ်နှစ်ခုသည် ပြင်းထန်သော ပျက်စီးထိခိုက်မှုများနှင့်အတူ ပြန်လည်အဖတ်ဆယ်၍ ရနိုင်တော့မည် မဟုတ်ပေ။
သူသည် သူ၏ စွမ်းအားကြီးမားသော စိတ်ဓာတ်အပေါ်သာ မှီခိုပြီး သူ၏ သတိကို အတတ်နိုင်ဆုံးထိန်းကာ အမြုတေစိတ်ဝိညာဉ်နှစ်ခုကို အတင်းအကျပ်ပေါင်းစည်းနေ၏။
သူ၏ လက်ရှိ အပြုအမူသည် ငရဲဂိတ်တံခါးသို့ ခြေလှမ်းဝက် ဝင်နေပြီဆိုတာကို ဆူဇီမိုက နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
သူက ရပ်တန့်လိုက်မည်ဆိုလျှင် အမြုတေစိတ်ဝိညာဉ်နှစ်ခုက ပေါင်းစည်းသွားလိမ့်မည် မဟုတ်ပေ။ ထိုအစား သူတို့နှစ်ယောက်စလုံးက သေဆုံးသွားပြီး သူတို့၏ ဝိညာဉ်များကပါ ပျက်ပြယ်သွားပေလိမ့်မည်။