← Chapters

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပြီးသွားလေပြီ

Vol. 46 Ch. 682

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ပြီးသွားလေပြီ

Vol. 46 Ch. 682

ပြီးခဲ့သည့်လတွင် စစ်သည်တော်ဌာနမှ လူတိုင်း ရုပ်ရှင်ရိုက်ကူးရင်းနှင့် လမ်းညွှန်မှုများ ရရှိခဲ့သည်။ သူတို့၏ တိုးတက်မှုက သိသာပြီး ရဲ့လင်းချန်ကိုလည်း သူတို့၏ နည်းပြချုပ်အဖြစ် လေးစားလာကြသည်။

ရဲ့လင်းချန်က သူတို့ကို အခြေအနေအားလုံး၌ ညွှန်ကြားနေဆဲ ဖြစ်သည်။

“စ”

“ရပ်၊ ကောင်းတယ်၊ ဒီအပိုင်း ပြီးပြီ”

“မဆိုးဘူး၊ လီကျင့်၊ အမူအရာက ပြည့်စုံတယ်”

“ဝူယွဲ့ မင်းရဲ့ သရုပ်ဆောင် အရည်အချင်းက သိသိသာသာ တိုးတက်လာတယ်၊ မင်း သရုပ်ဆောင် ဖြစ်လာသင့်တယ်”

“ကဲ … နောက်တစ်ခန်း”

သရုပ်ဆောင်များ တဖြည်းဖြည်းနှင့် အသားကျလာသည်။ သူတို့အားလုံးသည် စစ်သည်တော်များ ဖြစ်ပြီး ဇာတ်လမ်းက စစ်သည်တော်များကို အခြေခံထားသဖြင့် အများစုသည် သူတို့၏ ပုံစံအစစ်အမှန်အတိုင်း ရှိနေကြသည်။ သူတို့သည် သရုပ်ဆောင်ရာတွင်လည်း ရဲ့လင်းချန်က လိုချင်သောအရာကို ထောက်ပြလိုက်သည်နှင့် လုပ်ဆောင်နိုင်ကြသည်။

ထို့အပြင် ရိုက်ကူးရေး အဖွဲ့တစ်ခုလုံးတွင် ကောင်းမွန်သော အလုပ်တွင်း ဆက်ဆံရေး ရှိကြသည်။ လူတိုင်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးကျွမ်းဝင်ရန် အချိန်ခဏမျှသာ ကြာခဲ့သည်။ နားချိန်အတွင်း သို့မဟုတ် ရိုက်ကူးရေး အပြောင်းအလဲများအတွင်း၌ သူတို့သည် ဖုန်းများ ကိုင်မနေကြဘဲ လူတိုင်း ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိရှိ နေနိုင်ကြလေသည်။ ရဲ့လင်းချန်၏ အထက်အမိန့်ကို နာခံရမည်ဟု ယုံကြည်လက်ခံထားသော စိတ်နေစိတ်ထားကိုပါ ပေါင်းလိုက်သောအခါ စူပါစတား သရုပ်ဆောင်များတွင် မရှိသည့် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားမှုကို ရရှိလာသည်။

“နည်းပြချုပ်ရဲ့၊ ဆာ … ကျွန်တော်တို့ တစ်ခုလောက် ကမ်းလှမ်းချင်ပါတယ်”

ဝူယွဲ့က ရုတ်တရက် ပြောလာသည်။

ရဲ့လင်းချန် သိချင်လာသဖြင့် ပြန်မေးလိုက်သည်။

“ဘာကမ်းလှမ်းချက်လဲ”

“ခင်ဗျားမှာ ဝံပုလွေအုပ် ရှိတယ် မဟုတ်လား၊ နောက်တစ်ခန်းကို ကျွန်တော်တို့ တောင်ပေါ်မှာ ဝံပုလွေတွေနဲ့ တိုးပြီး သူတို့နဲ့ တိုက်ခိုက်ရတဲ့အခန်း ထည့်လိုက်ရင်ရော ဘယ်လိုသဘောရလဲ”

ဝူယွဲ့ ပြောလာသည်။

“ဟုတ်တယ်၊ နည်းပြချုပ်ရဲ့၊ ကျွန်တော်တို့က လီကျင့်နဲ့ အလီကို မယှဉ်နိုင်ဘူး၊ ကျွန်တော်တို့ကို ဝံပုလွေတွေနဲ့ တိုက်ခွင့်ပေးပါ”

တစ်ဖက်မှ တစ်ယောက်က ပြောလာသည်။ ရဲ့လင်းချန် ပြုံးလိုက်မိသည်။

“အဲ့ဒီ ဝံပုလွေတွေကို မင်းတို့ အနိုင်ယူနိုင်တာ သေချာလား”

သူတို့အဖွဲ့သည် လီကျင့်ထံမှ ရိုက်နှက်ခံရမည်ကို ကြောက်ရွံ့နေကြပြီး ထိုဝံပုလွေများကို တိုက်ခိုက်ခြင်းအားဖြင့် သူတို့၏ ယုံကြည်မှုကို ပြန်အရယူလိုနေကြသည်။

“ဟဲဟဲ၊ ကျွန်တော်တို့က လူအများကြီးကို၊ ဝံပုလွေလေး တစ်ဒါဇင်လောက်ကို ရင်ဆိုင်တာက အပျော့လေးပါ”

ဝူယွဲ့က ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော်တို့ကို စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သူတို့အပေါ် မကြမ်းပါဘူး၊ ဒီလိုနည်းနဲ့ဆိုရင် ကျွန်တော်တို့ ကြည့်ရှုသူတွေအတွက် ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အခန်းတွေလည်း ပိုရလာလိမ့်မယ်”

“ဒီကမ်းလှမ်းချက်က တကယ်ကောင်းတယ်၊ တကယ် ကောင်းတာပဲ”

ရဲ့လင်းချန်သည် စိတ်ထဲ၌ ဇာတ်ညွှန်းတစ်ခုကို စဉ်းစားမိသွားသဖြင့် ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ယင်းက ဇာတ်ညွှန်းရေးဆရာတစ်ယောက်၏ ကျွမ်းကျင်မှုပင်။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျင် ရုပ်သံ ဇာတ်လမ်းတွဲ အတွက် ဇာတ်ညွှန်းကို ပြုပြင်ခြင်းက အလွန်ကို ဒုက္ခများလှသည်။ ဇာတ်ညွှန်းရေးဆရာများစွာက တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရပြီး တစ်ခုလုံးကို ပြန်ပြင်ရသည့် ဖြစ်နိုင်ချေလည်း ရှိလာနိုင်သည်။ သို့သော် ရဲ့လင်းချန်သည် ဇာတ်ညွှန်းကို အကျွမ်းဝင်သဖြင့် ဘာမှလုပ်စရာမလိုဘဲ ချက်ချင်း ပြောင်းလဲနိုင်လေသည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ ဤသို့နှင့် အချိန် ကုန်သွားလေသည်။

စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ရိုက်ကူးရေးက နောက်ထပ် လဝက် ကုန်သွားလေသည်။ လူအများသည် Weibo ၌ ဇာတ်လမ်းတွဲအစ်များကို စတင်ပြောဆိုနေကြပြီး ကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။

ရုပ်သံဇာတ်လမ်းတွဲနှင့် ပတ်သက်၍ လက်ရှိတွင် အသံငြိမ်နေသည်။ ကောင်းမွန်သော ဇာတ်လမ်းတွဲများက နည်းပါးပြီး တစ်ခုနှင့် တစ်ခုကြား၌ အချိန်ကာလ ကွာဟပြီး ကြည့်ကောင်းသော ဇာတ်လမ်းများက အရည် အသွေးတွင် ရှေ့နောက် မညီမျှ ဖြစ်နေပြီး နာမည်ကြီးသော အရာများအားလုံးက ဆိုးဆိုးရွားရွား ရိုက်ကူးထားခြင်း ခံနေရသည်။ အများအားဖြင့် သူတို့သည် လူအိုကြီး ကျင့်ယုံ၏ သူရဲကောင်းများ၏ ဒဏ္ဍာရီ၊၊ နတ်ဓားနှင့် နဂါးနိုင်ဓားတို့ကို ဆက်တိုက် ပြန်လိုက်ရိုက်ကူးနေကြသည်။ ပြောရမည်ဆိုလျင် ပရိသတ်များက ထိုသို့သော ဇာတ်လမ်းများကို စိတ်ကုန်နေသည်မှာ ကြာနေလေပြီ။

လွန်ခဲ့သော နှစ်လက ရဲ့လင်းချန်၏ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက ယခုနှစ်များအတွင်း ပြည်တွင်း ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ရှုနှုန်း၏ အမြင့်ဆုံးစံချိန်ကို ချိုးဖျက်နိုင်သွားကာ ဇာတ်သိမ်းသွားခဲ့သည်။ လူအများအတွက် ကြည့်ရှုစရာ ဘာမှမရှိတော့သဖြင့် သူမတူသော တစ်စုံတစ်ရာကို မျှော်လင့်နေကြသည်။

နှလုံးသားမဲ့ ဓားသမားဟူသော သိုင်းဇာတ်လမ်းတွဲတစ်ခု ရှိပြီး လူဖလံများထဲမှ တစ်ယောက်ဖြစ်သော ဟွမ်ရှင်းက သရုပ်ဆောင်ထားသည်။

လက်ရှိတွင် ဆိုရှယ်မီဒီယာပေါ်၌ ပရိသတ်များစွာရှိသော စူပါစတားတစ်ယောက် ဖြစ်သည့် ကျန်းထောင်က အကောင်းဆုံးအချိန်ဟူသော အိုင်ဒေါလ် ဒရာမာတစ်ခု၌ သရုပ်ဆောင်ထားသည်။

ရုပ်သံ ဇာတ်လမ်းတွဲနှစ်ခုလုံးက ကြော်ငြာတွင် ပမာဏများစွာ ရင်းနှီးထားပြီး တစ်ခုနှင့် တစ်ခု ယှဉ်ပြိုင်လိုသည့် အရိပ်အယောင် ပြနေသည်။ ပရိသတ်များက ထိုဇာတ်လမ်းတွဲများ၏ အလားအလာကို မျှော်လင့်နေကြသည်။

[ဝိုး … သခင်လေးဟွမ်ရဲ့ ဇာတ်လမ်းသစ် မကြာခင် လာတော့မှာပဲ]

[ထုတ်လွှင့်မယ့်ရက်ကို သူတို့ မကြေညာသေးဘူးလား၊ ငါတော့ မျှော်နေပြီ]

[ငါ ကျန်းထောင်ကို သိပ်ကြိုက်တာ၊ သူက သိပ်ချောတာပဲ]

[တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း ပြီးသွားတော့ ဒီဇာတ်လမ်းတွဲ ကြည့်ရှုသူနှုန်းကို ချိုးဖျက်ဖို့က ဒီဇာတ်လမ်းတွဲ နှစ်ခုပေါ်မှာပဲ မူတည်နေပြီ]

[ဒီတစ်ခေါက် သခင်လေးဟွမ်အတွက် ပုလ္လင်က နီးနီးလေးလို့ ငါ ခံစားနေရတယ်]

[သွားစမ်းပါ၊ ပုလ္လင်က ငါ့ထောင်ထောင်လေး ပိုင်တာ]

[ဒါနဲ့ သရုပ်ဆောင်ဝိုင်ရဲ့ ဇာတ်လမ်းတွဲအသစ်က ဘာဖြစ်သွားပြီလဲ]

[မသိဘူးလေ၊ တစ်ခါမှ မကြားဖူးဘူး]

[သူတို့ ကြမ္မာငင်သော တိုက်ပွဲဆိုပြီး ပိုစတာတစ်ခု ပြခဲ့တယ်မလား၊ အခု သူတို့ တော်တော်လေး ငြိမ်နေတယ်]

[ကြော်ငြာ အများကြီး မသုံးတာဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် ဒီလို စစ်ရေးပြ ဇာတ်လမ်းတွဲ အမျိုးအစားမျိုးကို မျှော်လင့်ချက် ကြီးကြီး မထားတာ ပိုကောင်းတယ်၊ ကန့်သတ်ချက်တွေ အများကြီး ရှိပြီးတော့ စနစ်မကျတဲ့ ဇာတ်ကွက်တွေလဲ အများကြီးပဲ၊ တွေးကြည့်ရုံနဲ့တင် အဓိပ္ပာယ် မရှိဘူး]

[ဟုတ်တယ်၊ လီကျင့်နဲ့ အလီကလွဲရင် တခြား အနုပညာရှင်တွေကို ပါဝင်ဖို့ ဖိတ်ထားမယ်လို့ ငါ မထင်ဘူး၊ အဲ့ဒါကို သိပ်ပြီး မျှော်လင့်မထားဘူး]

[ဟေ့ ငါတော့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို သုံးခါ ကြည့်ပြီးသွားပြီ၊ သရုပ်ဆောင်ဝိုင် အသစ်တစ်ခုခု ယူဆောင်လာမယ်လို့ ငါ မျှော်လင့်ထားတယ်]

[ကြည့်လိုက်တာနဲ့ မျှော်လင့်ထားသလောက် စိတ်အားထက်သန်မှု မရှိဘူး၊ ဘယ်သူမှလဲ အများကြီး မျှော်လင့်မနေပါဘူး၊ ဒီဇာတ်လမ်းတွဲအသစ်ရဲ့ နာမည်ကိုတောင် ငါ မသိဘူး၊ ဒီတစ်ခေါက် သရုပ်ဆောင်ဝိုင်က သူ့ကိုယ်သူ ဆွဲချသလို ဖြစ်နေတာမို့လို့ နှမြောစရာပဲ]

…

တစ်ဖက်တွင်မူ။

စစ်သည်တော်ဌာန၌ ဖြစ်သည်။

ချင်ပိုင်ချွမ်း၏ စိတ်ထဲ၌ ဇာတ်လမ်းတွဲကို သတိရသွားလေသည်။

ရဲ့လင်းချန်ကို ရိုက်ကူးရန် တောင်းဆိုသူက စစ်သည်တော်ဌာနပင် ဖြစ်သည်။ သရုပ်ဆောင်များအားလုံးက သိုင်းပညာရှင်များ ဖြစ်ပြီး ဇာတ်လမ်းက သိုင်းပညာကို ကြော်ငြာနိုင်ပြီး သိုင်းပညာရှင် အရေအတွက်အတွက် လမ်းဖောက်နိုင်ပေမည်။ ၎င်းအား နိုင်ငံ့ဗျူဟာအဖြစ်လည်း သဘောထားနိုင်ပြီး ထိုအတွက် သူသည် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေး ထုတ်လွှင့်ရေး လွယ်ကူချောမွေ့စေရန် ပြည်တွင်း ရုပ်သံဗျူရိုဌာနနှင့် စကားပြောပြီးပြီ ဖြစ်သည်။

ထိုအချိန်ကာလအတွင်း ပြည်တွင်း ရုပ်သံဗျူရိုဌာနက စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးလေသည်။

ပြည်တွင်း ရုပ်သံဗျူရိုဌာန၏ ဌာနမှူး လျှိုက မေးသည်။

“ရောင်းရင်းချင်၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးရဲ့ ရုပ်ရှင် ရိုက်ကူးရေးက ဘယ်လို ဖြစ်သွားပြီလဲ”

ချင်ပိုင်ချွမ်း တစ်ခဏမျှ အံ့ဩသွားပြီး ခပ်ရှက်ရှက်နှင့် ပြန်ပြောလိုက်သည်။

“ကျုပ်လဲ အဲ့လောက် များများစားစား မသိဘူး”

ဌာနမှူးလျှိုက ထိုအတွက်ကြောင့် စိတ်မတိုပေ။ အဘယ်ကြောင့်ဆိုသော် စစ်သည်တော်ဌာနနှင့် ရင်ဆိုင်ရချိန်၌ သူ ဒေါသထွက်ရန် မတတ်နိုင်ချေ။

အကယ်၍ သာမန်ဒါရိုက်တာတစ်ယောက်သာ ဖြစ်ပါက သူ သာမန်ကာလျှံကာ စကားတစ်ခွန်း ပြောလိုက်ပါက ထိုသူက ချက်ချင်း အပြုံးပန်းဆင်၍ ပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။ သို့သော် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးသည် ကိုယ်ပိုင် အဆင့်အတန်းနှင့် ဖြစ်သည်။ ၎င်းသည် စစ်သည်တော်ဌာန၏ ထုတ်လုပ်ရေး ဖြစ်ပြီး ထူးခြားသော လက္ခဏာ ရှိသည်။ သူသည် သူတို့အား မြန်မြန် ရိုက်ကူးရန် ဖိအားမပေးရဲချေ။

ဌာနမှူးလျှိုက မေးလိုက်သည်။

“နည်းနည်းလေး ကြာနေပြီလေ ရောင်းရင်းချင်၊ သူတို့ကို မေးကြည့်ပါလား၊ ဒါမှ ကျုပ် ပိုကောင်းတဲ့ စီစဉ်စရာတွေ လုပ်လို့ရမှာပေါ့”

ချင်ပိုင်ချွမ်းက ချက်ချင်း ပြန်ပြောလိုက်သည်။

“ကောင်းပြီ၊ ကျုပ် လှမ်းမေးလိုက်မယ်”

ထိုအခါ ဌာနမှူးလျှိုက နောက်မေးခွန်း ထပ်မေးလာသည်။

“သူတို့ စရိုက်နေပြီမလား”

ချင်ပိုင်ချွမ်းက ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။

“အင်း သူတို့ စရိုက်နေပြီ”

“ဒါဆို ကောင်းတယ်၊ ဒီအထူး စစ်ရေးပြဇာတ်လမ်းတွဲက တရုတ် ဗဟိုရုပ်သံဌာနမှာပြမှာ၊ အဲ့တော့ အဓိက အချိန်နေရာမှာ ဒါကို ထည့်ပေးမယ်”

ဖုန်းပြောပြီးနောက် ချင်ပိုင်ချွမ်းက အချိန်ဆွဲမနေဘဲ ရဲ့လင်းချန်ကို ဖုန်းခေါ်လိုက်သည်။

ဖုန်းခေါ်ဆိုမှုကို တစ်ဖက်က လျင်မြန်စွာ ကိုင်လာသည်။

ချင်ပိုင်ချွမ်းက ပြုံး၍ ပြောလိုက်သည်။

“ကောင်လေးတွေအတွက် လေ့ကျင့်ရေးက အခြေအနေ ဘယ်လိုရှိလဲ၊ မိတ်ဆွေလေးရဲ့”

“နည်းပြချုပ်ချင် စိတ်ချထားလို့ ရပါတယ်၊ ကျွန်တော် သူတို့ကို ခက်ခဲတဲ့အချိန်တွေ ပေးထားပါတယ်၊ ပြီးတော့ သူတို့ ဒဏ်ရာတွေနဲ့ အိပ်ရာမဝင်ရတဲ့နေ့ တစ်နေ့မှ မရှိပါဘူး”

ချင်ပိုင်ချွမ်း စိတ်လိုလက်ရ ရယ်လိုက်သည်။

“ဒီလူတစ်စုက မကြာခင် စစ်မြေပြင်ကို သွားရတော့မှာ၊ သူတို့ ပိုခက်ခဲတဲ့အရာတွေကို ကြုံရတာ ကောင်းတဲ့ အရာပါပဲ၊ ဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးက စနေပြီလား”

“ရိုက်ကူးရေး စနေပြီ ဟုတ်လား”

ရဲ့လင်းချန် ထိုမေးခွန်းကြောင့် အံ့ဩသွားလေသည်။

“တစ်လကျော်နေပြီလေ မဟုတ်ဘူးလား၊ ရိုက်ကူးရေးက မစသေးဘူးလား”

“စတယ် ဟုတ်လား၊ ကျွန်တော်တို့ အားလုံး ပြီးသွားပြီလေ”

ချင်ပိုင်ချွမ်း အံ့ဩသွားသည်။

“ဘာ”

“ကျွန်တော်တို့ မနေ့ကပဲ အားလုံးကို လက်စသတ်လိုက်ပြီ၊ အခန်းတွေအားလုံး ရိုက်ပြီးသွားပြီ၊ လုပ်စရာဆိုလို့ တည်းဖြတ်စရာပဲ ရှိတော့တယ်၊ အားလုံး ပြီးသွားတာနဲ့ ဆန်းစစ်ဖို့အတွက် တင်ဖို့ပဲ ကျန်ပါတော့တယ်၊ ကျွန်တော်တို့ ဆန်းစစ်ချက် အောင်မြင်တာနဲ့ ရုပ်သံဌာနကို ဆက်သွယ်ပြီး ထုတ်လွှင့်လို့ ရပါပြီ”

ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။

“နေပါဦး၊ ပြီးသွားပြီ ဟုတ်လား”

ချင်ပိုင်ချွမ်း နားဝေတိမ်တောင် ဖြစ်သွားပြီး ယုံကြည်ရခက်ခဲနေသည်။

၎င်းသည် အပိုင်း သုံးဆယ်ကျော်ရှိသော ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ ထို့ကြောင့် သူတို့က တစ်နေ့ တစ်ပိုင်းနှုန်းနှင့် ရိုက်ကူးနေလေသလား။ လုပ်နိုင်စွမ်းက ကြောက်စရာကောင်းလှပေသည်။

အထူးသဖြင့် တစ်ခါမှ သရုပ်မဆောင်ဖူးသည့် လူသစ်တစ်ဖွဲ့ကို ပို့လိုက်ခြင်း ဖြစ်ပြီး သူတို့သည် သိုင်းပညာ လေ့ကျင့်ရေး တာဝန်ကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်ရသည်။ ဇာတ်လမ်းတွဲ ထိုမျှ လျင်မြန်စွာ ပြီးဆုံးသွားရန် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

All Chapters