← Chapters

အချိန်ဆွဲခြင်း

Vol. 92 Ch. 1426

အချိန်ဆွဲခြင်း

Vol. 92 Ch. 1426

လကြိုဆိုကောင်းကင်ဘုံတေးသံသည် ပင်လယ်ရေအောက်ထဲမှာ ပျံ့လွင့်သွားသည်။

သေခြင်းအရှိန်အဝါက ချဉ်းကပ်လာသည်။

၎င်း၏ အနောက်မှာဖြစ်စေ အရှေ့မှာဖြစ်စေ အတူတူဖြစ်သည်။

သို့သော်လည်း ရွှေကျီးကန်းအသွင်ပြောင်းလဲထားသော ရွှီချင်း၏ မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။ သူက လက်ပြတ်ကို ဆုပ်ကိုင်ထားလျက် ကောင်းကင်ဘုံတေးသံနှင့်အတူ အရှေ့သို့ ပျံသန်းသွားသည်။

အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားနေစဉ် သူ၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။ သူက ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်းမီးတောက်ကို လှုံ့ဆော်လိုက်သည်။

ချက်ချင်းဆိုသလို မီးတောက်များက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်လျှိုးလာကြပြီး ပင်လယ်ရေအောက်ထဲတွင် မီးတောက်ပန်းပွင့်တစ်ခုနှယ် ပွင့်လန်းလာသည်။

မီးတောက်သည် အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက ပင်လယ်ရေအောက်ထဲတွင် သူ့ကို ထွန်းလင်းတောက်ပလာစေသည်။ သူက မီးတောက်မြားတစ်စင်းပမာ မျက်လုံးအားလုံး၏ စိတ်ဝင်စားမှုကို အလိုအလျောက် ဆွဲဆောင်သွားသည်။

သူက ကြေးရထားလုံးချဉ်းကပ်လာနေသော ဦးတည်ရာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ အသိစိတ်က ဗလာဖြစ်သွားသည်။ အတွေးအားလုံးက သူ့ကြောင့် ပိတ်ပင်ခံလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးက ရွှေကျီးကန်းအသွင်သဏ္ဍာန်နှင့် လက်ပြတ်၏ တေးသံထဲမှာ နစ်မြုပ်သွားသည်။

သူက စစ်မှန်သော ရွှေကျီးကန်းတစ်ကောင်ပမာ ကြေးရထားလုံးဆီသို့ ပိုပြီးနီးသထက် နီးကပ်သွားနေသည်။

ပင်လယ်ကြမ်းပြင်ပေါ်မှ နုန်းမြေနှင့် မည်းနက်သော ပင်လယ်ရေသည် ပိုပြီးညစ်ညမ်းလာသည်။ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များက လောင်ကျွမ်းနေစဉ် သူက ညစ်ညမ်းသော ပင်လယ်ရေထဲမှ တစ်ခုတည်းသော အာရုံစိုက်စရာ ဖြစ်လာသည်။ သို့ဖြစ်၍ ရွှင်းထိုင်နတ်ဆိုး၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်။

သူ၏ အကြည့်က ကျရောက်လာသည့်အခိုက် ရွှေကျီးကန်းအသွင်ပြောင်းလဲထားသော ရွှီချင်းက တုန်ယင်သွားသည်။

သူက အုပ်ချုပ်သူ၏ အကြည့်စွမ်းအားကို နောက်တစ်ကြိမ် ခံစားမိသွားသည်။ ဤတစ်ကြိမ် ထိုအကြည့်ထဲမှ အလေးချိန်ကိုပင် သူခံစားမိသွားသည်။

ယင်းက ပယ်ဖျက်ခြင်းနှင့် ဖြတ်တောက်ခြင်း ဖြစ်သည်။

ယင်းက သဲလွန်စများကို ပယ်ဖျက်ခြင်းနှင့် တည်ရှိမှုကို ဖြတ်တောက်ခြင်း ဖြစ်သည်။

ထိုအကြည့်အောက်မှာ ရွှီချင်းထံမှ ထုတ်လွှတ်နေသော အနက်ရောင်မီးတောက်များက ငြိမ်းသတ်သွားပြီး ဖြတ်တောက်ခံလိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားပြီး အက်ကွဲရာများက ပိုပြီးကြီးမားလာကြသည်။

ထိုအခိုက်အတန့်မှာ အဝေးမှ ပင်လယ်ရေထဲတွင် အရွယ်အစားကြီးမားသော တည်ရှိမှုတစ်ခုက ပုံရိပ်ပြန်လာသည်။

၎င်းက ဧရာမဘီလူးဖြစ်သည်။

၎င်း၏ ခန္ဓာကိုယ်က အလွန်ရှည်လျားပြီး လှုပ်ယမ်းနေသော လက်တံများဖြင့် ဖုံးလွှမ်းခံထားရသည်။ ၎င်း၏ ပခုံးပေါ်တွင် အလွန်ထူထဲသော သံကြိုးတစ်ချောင်းကို သယ်ဆောင်ထားသည်။

သံကြိုးသည် အဝေးသို့ ဆန့်တန်းနေသည်။ တစ်စုံတစ်ယောက်က လှမ်းကြည့်မည်ဆိုလျှင် သံကြိုး၏ အဆုံးမှာ ကြေးရထားလုံးရှိကြောင်း မသဲမကွဲ မြင်နိုင်လိမ့်မည်။

ထိုနဂါးရထားလုံးသည် ယိုယွင်းပျက်စီးနေပြီး သံချေးဖြင့် ပြည့်နှက်နေသည်။ အချိန်ကာလ၏ တိုက်စားမှုကို ယင်းထံမှာ အထင်အရှား မြင်တွေ့နိုင်သည်။ သို့တိုင်အောင် ရထားလုံး၏ အသွင်သဏ္ဍာန်နှင့် ဗိသုကာလက်ရာက ကြီးကျယ်ခမ်းနားနေဆဲပင်။ ယင်းက အင်ပါယာအရှိန်အဝါကိုပင် ထုတ်လွှတ်နေသည်။

ဤအခိုက်အတန့်မှာ ဘီလူးသည် ကြေးရထားလုံးကို ဆွဲလျက် ပင်လယ်ရေထဲမှာ လမ်းလျှောက်နေသည်။ ၎င်း၏ ခြေလှမ်းတိုင်းက ပင်လယ်ကြမ်းပြင်ကို တုန်ခါသွားစေပြီး ပင်လယ်ရေကို ပရမ်းပတာ လှိုင်းထသွားစေသည်။

၎င်း၏ ရွေ့လျားမှုနောက်မှ လိုက်ပါလာသော အံကြိတ်သံက ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။

ထိုအသံက ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခါသွားသည်။ သူ၏ လက်ရှိကျင့်ကြံခြင်းဖြင့်ပင် တစ်ဖက်လူထံမှ ထုတ်လွှတ်နေသော ဖိအားက သူ့ကို အလိုအလျောက် တုန်ယင်သွားစေစမြဲပင်။

သို့သော်လည်း ရွှီချင်းက လုံးဝ အရှိန်မလျော့ခဲ့ပေ။ ယင်းအစား သူက ပိုမိုမြန်ဆန်စွာ ရွေ့လျားလိုက်သည်။

ချက်ချင်းဆိုသလို သူက ပင်လယ်ရေစီးကြောင်းကို ချိုးဖောက်သွားပြီး ဧရာမဘီလူး၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ဘီလူးနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ရွှီချင်းက အသွင်ပြောင်းလဲထားသော ရွှေကျီးကန်းက စာကလေးနှင့် မခြားပေ။

သို့သော်လည်း ရွှေကျီးကန်း၏ အရှိန်အဝါနှင့် လက်ပြတ်မှ ထုတ်လွှတ်နေသော တေးသံသည် မဖြတ်တောက်နိုင်သော ကမ္မကို ဖြစ်ပေါ်စေသည်။

သို့ဖြစ်၍ ဘီလူး၏ ခြေလှမ်းက ရပ်တန့်သွားပြီး ၎င်းက ခေါင်းမော့လိုက်သည်။

၎င်းက ရွှေကျီးကန်းအသွင်ပြောင်းလဲထားသော ရွှီချင်းကို ၎င်းအား ဖြတ်သန်းသွားခွင့်ပြုလိုက်သည်။

သို့သော်လည်း ၎င်းက ရွှင်းထိုင်နတ်ဆိုးကို တားဆီးလိုက်သည်။

ထို့ကြောင့် ရွှီချင်းက မှန်ကန်သော အလောင်းအစားကို ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုရမည်။

သို့သော်လည်း ရွှီချင်းက ဘီလူးဆီသို့ ချဉ်းကပ်သွားတော့မည့်အချိန် ရွှင်းထိုင်နတ်ဆိုးက ရွှီချင်းထံမှ အကြည့်ပြန်ရုပ်လိုက်သည်။

“ ငါ့ရဲ့ အကြည့်က မင်းအပေါ်ကို ကျရောက်လာအောင်လို့ မင်းကိုယ်မင်း ထွန်းလင်းတောက်ပအောင် တမင်လုပ်ခဲ့တယ်… အဲ့ဒီနောက် ဘီလူးရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ ငါ့ကို တားဆီးခဲ့တယ်… ငါ့ရဲ့ အကြည့်ထဲမှာ ပါဝင်တဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ဘီလူးအပေါ်မှာ သက်ရောက်သွားအောင် မင်းက လုပ်ချင်တယ်… ဒါမှပဲ မမျှော်လင့်ထားတဲ့ ကိစ္စတွေက ဖြစ်ပေါ်လာပြီး အခြေအနေတွေက ပိုပြီးရှုပ်ထွေးလာလိမ့်မယ် ”

“ ငါ့သားဆီက မဟာဧကရာဇ်ရဲ့ ရတနာအပ်က မင်းဆီမှာမလား… မင်းက ငါ့ရဲ့ ကမ္မကို မဆက်သွယ်နိုင်ဘူး ”

“ မင်းက ဉာဏ်များသားပဲ… ဒါပေမဲ့ အဲ့ဒါက မလုံလောက်ဘူး ”

ရွှင်းထိုင်နတ်ဆိုးက မထူးမခြားနား ပြောသည်။ သူက ခြေတစ်လှမ်းဖြင့် ရထားလုံးကို ဖြတ်ကျော်နိုင်တော့မည့်ဟန် ရသည်။

သူ့အတွက် ယင်းက မခက်ခဲပေ။

ထိုဘီလူးက အသက်ရှင်ခဲ့ချိန်မှာ မည်မျှအံ့ဖွယ်ကောင်းပါစေ ယခု ၎င်းက အလောင်းကောင်တစ်ခုထက် မပိုပေ။ အကယ်၍ ၎င်းဆီမှာ ပင်ကိုယ်ဗီဇတုံ့ပြန်မှု အနည်းငယ် ကျန်ရှိနေဦးမည်ဆိုလျှင်ပင် တစ်ဖက်လူကို သူသွားမထိသရွေ့ အဆင်ပြေလိမ့်မည်။

ထိုလှည့်ကွက်ကို ရွှင်းထိုင်နတ်ဆိုးက ထွင်းဖောက်မြင်နိုင်ခဲ့သော်လည်း ရွှီချင်းက သူ၏ သေရေးရှင်ရေးကိစ္စမျိုးမှာ မည်သို့ကြောင့် ဤတစ်ခုတည်း ပြင်ဆင်ထားလိမ့်မည်နည်း။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ ရွှေကျီးကန်းအသွင်ပြောင်းလဲထားသော ရွှီချင်းက အလောင်းကောင်ဘီလူး၏ ဦးခေါင်းကို ဖြတ်ကျော်သွားစဉ် လက်ပြတ်ထံမှ မျက်လုံးက နီရဲသွားသည်။

တစ္ဆေတစ်ရာသည် ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

မူလကောင်းကင်ဘုံတေးသံသည် တစ္ဆေအော်ညည်းသံအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။

ဂီတသံစဉ်သည် အတူတူသာဖြစ်သော်လည်း ယခုထွက်ပေါ်လာသော အသံသည် နှလုံးနာကျင်ဖွယ်ရာကောင်းသည်။

ယင်းက တစ္ဆေတစ်ရာ၏ အမှောင်ညလှည့်ပတ်ခြင်းတေးသံ ဖြစ်သည်။

ယင်းက ယိုယွင်းပျက်စီးနေသော လစန္ဒာကို ဆင့်ခေါ်ခဲ့သော တေးသံဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ပင်လယ်ရေအောက်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ယိုယွင်းပျက်စီးနေသော လစန္ဒာပုံရိပ်က ဘီလူး၏ အရှေ့နှင့် ရွှင်းထိုင်နတ်ဆိုး၏ ဘေးမှာ ထွက်ပေါ်လာသည်။

လစန္ဒာပေါ်မှ မိန်းမငယ်လေးသည် မျက်လုံးဖွင့်လိုက်ပြီး ဤနေရာကို ကြည့်လိုက်သည်။ ထို့နောက် သူက ရွှင်းထိုင်နတ်ဆိုးကို ကြည့်လိုက်သည်။

ကျိန်စာနှင့်ဆင်တူသော နတ်ဘုရားအချုပ်အနှောင်တစ်ခုက ပေါ်ထွက်လာသည်။

ယင်းက အလွန်ကျယ်ပြောသော နတ်ဘုရားအစွမ်းကို ထုတ်လွှတ်လိုက်သည်။

ဘီလူးသည် တုန်ယင်သွားသည်။ ၎င်းက ခေါင်းငုံ့လိုက်ပြီး ၎င်း၏ အကြည့်က ရွှင်းထိုင်နတ်ဆိုးကို ချက်ချင်း ပစ်မှတ်ထားလိုက်သည်။

ရွှင်းထိုင်နတ်ဆိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က လေထဲမှာ ရပ်တန့်သွားသည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းက အစွမ်းကုန် ထုတ်သုံးလိုက်သည်။ သူက ဤအခြေအနေကို အခွင့်ကောင်းယူ၍ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချည်မျှင်များကို လောင်ကျွမ်းပစ်လိုက်ကာ အလင်းလွတ်မြောက်ခြင်းကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။

ချက်ချင်းဆိုသလို သူ၏ ပုံရိပ်က ဘီလူး၏ အနောက်မှ ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခါ ကီလိုမီတာငါးထောင်အဝေးသို့ ရောက်ရှိသွားသည်။

ပင်လယ်ပြင်ပေါ်တွင်…

ရွှီချင်း၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။ သွေးသည် သူ၏ ပါးစပ်ထဲမှ ဆက်တိုက် စီးကျလာပြီး အင်မော်တယ်ပြဒါးသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများထဲမှ စီးဆင်းလာသည်။ ယင်းက သွေးနှင့် ရောစပ်သွားပြီး ပင်လယ်ထဲမှာ ပြန့်ကျဲသွားသည်။

သူ၏ ခြေလှမ်းများက မတည်မငြိမ်ဖြစ်နေသည်။ ဤသည်မှာ သူက မတ်တတ်ပင် မရပ်နိုင်တော့သည့်အလားပင်။

သေခြင်းအရှိန်အဝါသည် ဆက်လက် ပျံ့နှံ့သွားပြီး သူ၏ ဝိညာဉ်သည် ယိုယွင်းပျက်စီးလာသည်။

ယင်းက ယိုယွင်းပျက်စီးနေသော လစန္ဒာထံမှ ကျိန်စာစွမ်းအားဖြစ်သည်။

လစန္ဒာမှ ထုတ်လွှတ်လိုက်သော ကျိန်စာက သူ့ကို ပစ်မှတ်မထားခဲ့သော်လည်း ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသော အားလှိုင်းအတတ်အကျတချို့ကပင် သူ၏ ဝိညာဉ်ကို ယိုယွင်းပျက်စီးသွားအောင် လုပ်နိုင်ခဲ့ဆဲပင်။

သို့သော်လည်း ထိုကျိန်စာကို ပျက်ပြယ်စေနိုင်သော နည်းလမ်းကို ရွှီချင်းသိသည်။

သို့ဖြစ်၍ သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း လက်ပြတ်ကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး လကြိုဆိုကောင်းကင်ဘုံတေးသံကို ထုတ်ဖော်လိုက်သည်။

ထိုတေးသံသည် လေထဲမှာ ပျံ့လွင့်သွားပြီး ရွှီချင်း၏ ဝိညာဉ်ဆီသို့ ကျရောက်သွားသည်။ သို့မှသာ ယိုယွင်းပျက်စီးနေသော ရွှီချင်း၏ ဝိညာဉ်က ပြန်ကောင်းမွန်သွားသည်။

ထို့နောက် သူက ချက်ချင်း အသံပို့လွှတ်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ အမူအရာက ပိုပြီးမည်းမှောင်သွားသည်။

“ ဒီနေရာက သူ့ရဲ့ နယ်နိမိတ်ထဲမှာ ရှိနေတုန်းပဲလား ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထို့ကြောင့် သူ၏ ပုံရိပ်က ပင်လယ်ပြင်ပေါ်မှာ ပျောက်ကွယ်သွားသည်။

အချိန်သည် ဖြည်းညင်းစွာ ကုန်ဆုံးသွားသည်။

တားမြစ်ပင်လယ်သည် မတည်မငြိမ် လှုပ်ခတ်နေသည်။

အနက်ရောင်ပင်လယ်၏ မျက်နှာပြင်သည် မျက်စိတစ်ဆုံးမြင်နိုင်သည်အထိ ကြီးမားကျယ်ပြောသည်။ ခါတိုင်းနေ့များကဲ့သို့ ပင်လယ်သည် မည်သည့်အပြောင်းအလဲမှ မရှိပေ။

ကျွန်းစုများပေါ်မှ မျိုးနွယ်စုများသော်လည်းကောင်း သို့မဟုတ် ပင်လယ်ပြင်ပေါ်မှာ ရွက်လွှင့်သွားလာနေကြသော လှေများနှင့် သင်္ဘောများသော်လည်းကောင်း အရာအားလုံးက ပုံမှန်အတိုင်း ဆက်လက် လည်ပတ်နေကြသည်။

ကျင့်ကြံသူများက ကျင့်ကြံနေကြစဉ် တံငါသည်များက ငါးဖမ်းနေကြသည်။ နေဝင်ရီတရောအချိန် ကျွန်းစုများပေါ်တွင် သွားလာလှုပ်ရှားနေကြသူများဖြင့် စည်ကားနေပြီး ဆူညံနေသည်။

ညနေခင်း နေအလင်းရောင်သည်သာ ပင်လယ်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။

ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်သွားသည်။

ညသည် တိတ်တဆိတ် ချဉ်းကပ်လာသည်။

ပြင်းထန်သော သဲကြီးမဲကြီး လိုက်ဖမ်းမှုက တားမြစ်ပင်လယ်ထဲမှာ ဆက်လက် ဖြစ်ပွားနေကြောင်း မည်သူမှ သတိမပြုမိကြချေ။

သဲလွန်စအားလုံးက ပယ်ဖျောက်ခံထားရသည်။

ရွှင်းထိုင်နတ်ဆိုးထံမှ ပယ်ဖျက်ခြင်းအခွင့်အာဏာက သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်သော ကျင့်ကြံသူများကို အာရုံမခံမိနိုင်အောင် ပြုလုပ်ထားသည်။

ထို့ပြင် အထွတ်အမြတ်ရတနာ ကတ်ကြေးသည် မဟာဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော ရှေးဟောင်းဧကရာဇ်တစ်ပါးက ချန်ထားခဲ့သော ရတနာဖြစ်သည်။ ထိုမဟာဧကရာဇ်သည် အတိတ်တွင် ရှေးဘုရင်ရွှမ်ယုံနောက်သို့ လိုက်သွားခဲ့ပြီး မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေကို တည်ထောင်ခဲ့သည်။

ထိုကတ်ကြေးသည် မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ အထွတ်အမြတ်ရတနာဖြစ်ပြီး ရွှင်းထိုင်နတ်ဆိုး၏ အခွင့်အာဏာနှင့် ဆက်စပ်နေသည်။

မူလက ထိုကတ်ကြေးကို ဘိုးဘေးက ကိုင်ဆောင်ခဲ့ပြီး လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ရွှင်းထိုင်နတ်ဆိုး တံခါးပိတ်ကျင့်ကြံတော့မည့်အချိန် ဘိုးဘေးက သူ့ကို ပေးအပ်ခဲ့သည်။ နှစ်ပေါင်းတစ်ရာလုံးလုံး ကတ်ကြေးက သူ၏ ဦးခေါင်းပေါ်မှာ ဝဲပျံနေခဲ့ပြီး သူ့အတွက် အဆင့်ချိုးဖြတ်ရာတွင် ကျရှုံးနိုင်ခြေရှိသော ကံကြမ္မာဆိုးများကို ဖြတ်တောက်ပေးခဲ့သည်။

ထို့ပြင် ကတ်ကြေး၏ လွှမ်းမိုးမှုအောက်မှာ သူက သူတို့မျိုးနွယ်စု၏ ပယ်ဖျက်ခြင်းအခွင့်အာဏာကို ဆင်ခြင်နားလည်နိုင်ခဲ့ပြီး တမူထူးခြားသော ပယ်ဖျက်ခြင်းနယ်ပယ်ကို အမွေဆက်ခံနိုင်ခဲ့သည်။

ရွှင်းထိုင်နတ်ဆိုးက အုပ်ချုပ်သူအဆင့်သို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့စဉ် ကတ်ကြေး၏ အားဖြည့်ပေးမှုအောက်မှာ သူ၏ ပယ်ဖျက်ခြင်းစွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

မဟာဧကရာဇ်တစ်ပါး၏ စိတ်အာရုံကို ဖြတ်တောက်ရန် ခက်ခဲသော်လည်း ယင်းက ယာယီဖြတ်တောက်ပေးနိုင်သည်။ ဤကတ်ကြေးမှာ ထိုသို့လုပ်ဆောင်နိုင်သော စွမ်းရည်ရှိသည်။

ယင်း၏ နယ်နိမိတ်သည် အကန့်အသတ်မဲ့သည်။

သို့ဖြစ်၍ ရွှီချင်းက တခြားလူများ၏ အရှေ့မှာ ထွက်ပေါ်လာသည့်တိုင် မည်သူမှ သူ့ကို သတိမထားမိကြချေ။ ဤသည်မှာ သူက တူညီသော အချိန်နှင့်လေဟာနယ်ထဲမှာ တည်ရှိနေသော်လည်း သူက ကိုယ်ပျောက်နေဟန် ရ၏။

ယခုအချိန်မှာပင် ထိုအတိုင်းဖြစ်သည်။

အစမှအဆုံးအထိ ထိုလိုက်ဖမ်းမှုက တိတ်တဆိတ် ဖြစ်ပွားနေသည်။

နေဝင်ရီတရောအချိန်ကုန်ဆုံးပြီး ညရောက်လာသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ချည်မျှင်သုံးသန်းကျော်သာ ကျန်ရှိတော့သည်။

သူက အားလုံးနီးပါးကို အသုံးပြုခဲ့သည်။

သို့သော်လည်း အသံပို့လွှတ်မှုက အသုံးမဝင်တုန်းပင်။

ဤသည်မှာ သူက ရွှင်းထိုင်နတ်ဆိုး၏ ကမ္ဘာထဲမှာ ရှိနေသည့်အလားပင်။ ယင်းက မဖြစ်နိုင်ကြောင်း ရှင်းလင်းစွာ သူသိသည်။ သို့သော်လည်း ညရောက်လာသည့်အချိန်မှာ သူ့အတွက် မျှော်လင့်ချက်က မှေးမှိန်လာသည်။

“ အလင်းလွတ်မြောက်ခြင်းကို နောက်ဆုံးတစ်ကြိမ်ပဲ ငါအသုံးပြုနိုင်တော့တယ်… ”

အမှောင်ညတွင် ပင်လယ်လိပ်ကျွန်းစုနှင့် မနီးမဝေးမှ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ရွှီချင်း၏ မျက်နှာက ဖြူဖျော့နေသည်။ ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်က အကန့်အသတ်သို့ ရောက်ရှိနေသည်။

သို့သော်လည်း သူ၏ နှလုံးက တည်ငြိမ်နေဆဲပင်။

သူက အုပ်ချုပ်သူတစ်ပါး၏ လိုက်ဖမ်းခံနေရသည့်တိုင် သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်နေရသည့်တိုင် သူ့ဘဝတစ်လျှောက်လုံးတွင် ထိုသို့အခြေအနေမျိုးကို မကြာခဏ ကြုံခဲ့ဖူးသည်။ ယင်းက သူ့အတွက် ထူးဆန်းသောအရာ မဟုတ်ချေ။

ဤတစ်ကြိမ်က ပိုပြီးအန္တရာယ်များသော်လည်း အန္တရာယ်က ပိုပြီးကြီးမားလေ သူ၏ စိတ်ကို ပိုပြီးတည်ငြိမ်အောင် ထားရလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ လိုက်ဖမ်းခံနေရစဉ်အတွင်း သူ၏ လူသားသဘာဝကို လုံးဝဆုံးရှုံးသွားခဲ့သည်။ ယခု ဆင်ခြင်တုံတရားရှိသော နတ်ဘုရားသဘာဝက သူ၏ ခန္ဓာကိုယ်ထဲမှာ ပြည့်နှက်သွားသည်။

သူက အနောက်လှည့်လိုက်ပြီး ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက လေးနက်သွားသည်။

ဆင်ခြင်တုံတရားရှိသော သုံးသပ်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

အကယ်၍ ဘီလူးက ထိုအုပ်ချုပ်သူအပေါ် သက်ရောက်မှုရှိသည်ဆိုလျှင်ပင် ယင်းက သူ့ကို အချိန်အကြာကြီး မတားဆီးပေးနိုင်ကြောင်း ရွှီချင်း သိသည်။

မည်သို့ဖြစ်ပါစေ ဘီလူးသော်လည်းကောင်း သို့မဟုတ် ယိုယွင်းပျက်စီးနေသော လစန္ဒာသော်လည်းကောင်း ၎င်းတို့က သေဆုံးပြီးသားအရာများ ဖြစ်ကြသည်။

“ အဲ့ဒီလူက ငါ့ကို တမင်ထွက်ပြေးခွင့်ပေးထားတာ ဖြစ်နိုင်တယ် ”

“ သူက အဲ့ဒီနည်းလမ်းကို အသုံးပြုပြီး ငါ့ရဲ့ တည်ရှိမှုကို ဖျက်ပစ်နေတယ် ”

“ ငါ့ရဲ့ လက်ရှိအခြေအနေအရဆိုရင် သူက အောင်မြင်တော့ဖို့ သိပ်မလိုတော့ဘူး ”

ရွှီချင်းသည် ပင်လယ်ရေအောက်ထဲ၌ ဖြည်းညင်းစွာ ကူးခတ်နေသော ပင်လယ်သားရဲတစ်ကောင်ကို ကြည့်လိုက်သည်။

အတိတ်တွင် ထိုသားရဲက ရွှီချင်း၏ အရှိန်အဝါကို အာရုံခံမိသွားသည့်အခိုက် တုန်လှုပ်သွားပြီး အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ သို့သော်လည်း ယခုအခါမှာ ၎င်းက သူ့ကို လုံးဝအာရုံမခံမိသည့်အလား အေးအေးဆေးဆေး ကူးခတ်နေသည်။

“ ငါ့ရဲ့ ခန္ဓာကိုယ်ပေါ်က ကမ္မက သူ့ကို စိုးရိမ်စေတာ ဖြစ်မယ်… ဒါကြောင့် သူက ငါ့ကို တိုက်ရိုက် မသတ်ရဲတာ ဖြစ်မယ် ”

“ ဒါဆိုရင် ဆက်ပြီး ထွက်ပြေးနေတာက အဓိပ္ပာယ်မရှိဘူး ”

ရွှီချင်းက တည်ငြိမ်စွာ တွေးတောလိုက်သည်။

တစ်ဖက်လူ၏ အခွင့်အာဏာနှင့်ပတ်သက်ပြီး ရွှီချင်းဆီမှာ သဲလွန်စအများကြီး မရှိပေ။ ထို့ကြောင့် ယင်း၏ အလုပ်လုပ်ပုံကို သူမသုံးသပ်နိုင်ပေ။ တစ်ဖက်လူ၏ လုပ်ဆောင်မှုများကို ကြည့်၍သာ သူအကဲဖြတ်နိုင်လိမ့်မည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ရွှီချင်း၏ အကြည့်က ပင်လယ်အောက်ခြေသို့ ကျရောက်သွားသည်။

“ ငါ့ကို ပယ်ဖျက်ဖို့ဆိုရင် သူအချိန်လိုအပ်လိမ့်မယ်… ငါ့ရဲ့ ပျောက်ကွယ်မှုကို အပြင်လောကက သွယ်ဝိုက်တဲ့နည်းနဲ့ အာရုံခံမိဖို့ဆိုရင်လည်း အချိန်လိုအပ်တယ် ”

“ ဒါပေမဲ့ သီအိုရီအရဆိုရင် သူက သူ့ရဲ့ ရည်ရွယ်ချက်ကို ငါ့ထက် ပိုပြီးမြန်မြန် ရသွားလိမ့်မယ် ”

“ ဒါကြောင့် အခု ငါလုပ်ရမှာက သူ့ရဲ့ အချိန်ကို နှောင့်နှေးစေပြီး ငါ့ရဲ့ အချိန်ကို ပိုမြန်လာအောင် လုပ်ရမယ်… အဲ့ဒီအတွက် အရမ်းသင့်တော်တဲ့နေရာရှိတယ် ”

ရွှီချင်းက သူ၏ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိသော ဝိညာဉ်ချည်မျှင်များကို တည်ငြိမ်စွာ အာရုံခံလိုက်သည်။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ယင်းတို့ကို လောင်ကျွမ်းပစ်လိုက်သည်။

ယင်းတို့ကို နောက်ဆုံးအကြိမ် အလင်းလွတ်မြောက်ခြင်းအတွက် စတေးပြီးနောက် သူက ချက်ချင်း ပျောက်ကွယ်သွားသည်။

သူထွက်ပေါ်လာသည့်အခိုက် ပင်လယ်အနက်ပိုင်းထဲမှ လျှိုမြောင်တစ်ခု၏ ဘေးသို့ ရောက်ရှိသွားသည်။

သို့သော်လည်း သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးပြီး သူက အရေးကြီးအခြေအနေသို့ ရောက်ရှိနေသည်။

သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်အခါတိုင်း သူ၏ အသွေးအသားများက အပြင်သို့ ထွက်သွားချင်နေဟန် ရသည်။ ကံကောင်းစွာဖြင့် အင်မော်တယ်ပြဒါးနှင့် ချိပ်တံဆိပ်များက ချည်မျှင်များသဖွယ် သူ၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးထားသည်။

သို့သော်လည်း သူက လူသားတစ်ယောက်နှင့် မတူညီတော့ပေ။

သူ၏ ဝိညာဉ်သည်လည်း အက်ကွဲနေသည်။

ဆင်ခြင်တုံတရားရှိသော နတ်ဘုရားသဘာဝက သူ၏ အသိစိတ်ကို ထောက်ပံ့ပေးထားသည့်တိုင် သူ၏ စိတ်အာရုံက မှေးမှိန်သွားနေသည်။

သို့သော်လည်း သူက သတိမမေ့သွားခင်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံသူတော်စင်နွယ်ပင်ကို အမိန့်တစ်ခု ပေးလိုက်သည်။

သူသတိမေ့လဲသွားသည်နှင့်ချက်ချင်း ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က အပြင်သို့ ပျံသန်းထွက်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ၎င်းက ရွှီချင်းကို လျှိုမြောင်ထဲသို့ မြန်ဆန်စွာ သယ်ဆောင်သွားသည်။ ထို့နောက် ၎င်းက ဧရာမပူဖောင်းထဲသို့ အမြန်ဝင်ရောက်သွားပြီး စေတီပျက်ထဲသို့ ပျံသန်းသွားသည်။

ရှစ်မိနစ်ကြာပြီးနောက် ဝေဝါးသော ပုံရိပ်တစ်ခုက လျှိုမြောင်၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ သူက ထိုနေရာကို စိုက်ကြည့်လိုက်သည့်အခါ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ဒါက အဲ့ဒီကောင်လေးရဲ့ နောက်ဆုံးခုခံမှုလား ”

ရွှင်းထိုင်နတ်ဆိုးက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူက ပူဖောင်းအပြင်ဘက်မှာ ထွက်ပေါ်လာပြီး အထဲသို့ ခြေချလိုက်သည်။

ပူဖောင်းထံမှ တွန်းကန်အားသည် ရုတ်တရက် ထွက်ပေါ်လာပြီး ရွှင်းထိုင်နတ်ဆိုးဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

ခြေဆယ်လှမ်းကျော် လှမ်းပြီးနောက် ရွှင်းထိုင်နတ်ဆိုး၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။ သူက သူနှင့် ခြေလှမ်းအနည်းငယ် ဝေးကွာနေသေးသော စေတီအပျက်ကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူက အရှေ့သို့ ဆက်မသွားနိုင်တော့ပေ။

All Chapters