လကြိုဆိုတဲ့ ကောင်းကင်ဘုံတေးသံ(ခ)
Vol. 92 Ch. 1414
သို့သော်လည်း ထိုတန်ပြန်တိုက်ခိုက်မှုသည် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေထဲသို့ ပျံတတ်သွားသည်။ အဝေးမှ ပျံသန်းလာနေသော သွေးနီရောင်ဥက္ကာပျံဖြင့် ရင်ဆိုင်ရသောအခါ သူက မည်းမှောင်နေသော ကောင်းကင်ကို ဖမ်းဆုပ်လိုက်သည်။
နေလုံးကို အမှောင်ညထဲမှာ မမြင်နိုင်ပေ။
သို့သော်လည်း ယင်းက ညဘက်တွင် ကောင်းကင်ပေါ်မှာ နေမရှိကြောင်း မဆိုလိုပေ။ နေလုံးက ဤဧရိယာမှ ထွက်ခွာသွားခြင်းသာ ဖြစ်သည်။ ဝမ်ကူးကုန်းမြေထဲမှ ဧရိယာအမျိုးမျိုးတွင် တစ်ချိန်လုံး ထွန်းလင်းတောက်ပနေသော နေလုံးများ ရှိကြသည်။
ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်သည် ကျင့်ကြံသူ၏ ခေါင်းပေါ်မှ နေအလင်းရောင်ကိုသာ လုယက်နိုင်ခြင်း မဟုတ်ပေ။
နောက်အခိုက်အတန့်မှာ အလင်းတန်းများက အဆုံးမဲ့သော ဟင်းလင်းပြင်ထဲမှ တိုးထွက်လာကြကာ အမှောင်ညထဲတွင် လွင့်မျောသွားကြပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားကြသည်။
ရွှီချင်းက ဤအခိုက်အတန့်မှာ ကောင်းကင်နှင့် မြေပြင်ကြားတွင် တည်ရှိနေသော နေတစ်စင်းအလားပင်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်က လောကကို ထွန်းလင်းတောက်ပသွားစေသည့်အခိုက် သူက လက်မြှောက်လိုက်ပြီး အဝေးမှ ပျံသန်းလာနေသော သွေးနီရောင်ဥက္ကာပျံဆီသို့ ဖိချလိုက်သည်။
စူးရှတောက်ပသော အလင်းရောင်က ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။ အလင်းရောင်ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဆုတ်ဖြဲခံလိုက်ရသည်။ ထိုထဲမှာ အမှောင်ညနှင့် သွေးနီရောင်ဥက္ကာပျံလည်း ပါဝင်ကြသည်။
ယင်းတို့၏ တည်ရှိမှုက ဤလောကထဲမှ ပယ်ဖျက်ခံလိုက်ရသည်။
ရွှီချင်းက အမှောင်ညနှင့် သွေးနီရောင်အလင်းကို ဝါးမျိုလိုက်ဟန်ရပြီး ပိုပြီးထွန်းလင်းတောက်ပလာသည်။ ထို့နောက် သူက ထွန်းလင်းတောက်ပသော ကြယ်တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားပြီး တားမြစ်ပင်လယ်ဆီသို့ ပျံသန်းသွားသည်။
ထိုမြင်ကွင်းကို ဒုန်းယိုကျွန်းပေါ်မှ ကျင့်ကြံသူများက မြင်တွေ့သွားသောအခါ သူတို့က ပရမ်းပတာ နှလုံးတုန်သွားကြသည်။
သူတို့၏ မြင်ကွင်းထဲတွင် ယင်းက တားမြစ်ပင်လယ်ဆီသို့ နေတစ်စင်း ဆင်းသက်သွားသည့်အလားပင်။
ဤသည်မှာ ဒဏ္ဍာရီအသစ်တစ်ပုဒ် စတင်လာဟန် ရသည်။
“ ရွှေကျီးကန်းသေဆုံးပြီးနောက် အသံတစ်ရာက ယင်အဖြစ် ပြောင်းလဲသွားတယ်… အဲ့ဒီဒဏ္ဍာရီက အမှန်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်ဆိုတာ ရှင်ရော ကျုပ်ရော သိတယ်… အခုပုံစံအရဆိုရင် အဲ့ဒါက တကယ်ဟုတ်တဲ့ပုံပဲ… ရွှီချင်းကတော့… အနာဂတ်မှာ သူဘယ်အဆင့်ထိ ရောက်သွားမလဲ ကျုပ်မသိဘူး ”
ဒုန်းယိုအရှင်သခင်က တီးတိုးပြောသည်။
ရွှယ်လျန်ဇီက ချောင်းဟန့်လိုက်သည်။
“ သူဘယ်အဆင့်ထိ ရောက်သွားမလဲကို ဘယ်သူက ဂရုစိုက်လို့လဲ… ဘာတွေပဲဖြစ်ဖြစ် သူက ငါ့ရဲ့ မြေးတပည့်ဆိုတာ မပြောင်းလဲသွားဘူး ”
ဒုန်းယိုအရှင်သခင်က နှုတ်ဆိတ်သွားသည်။ ထို့နောက် သူ၏ အကြည့်က ရွှီချင်းပျောက်ကွယ်သွားသော နေရာကို စွဲစွဲလန်းလန်း စိုက်ကြည့်နေသော ယန်ယန်ပေါ်သို့ ကျရောက်သွားသည်။
“ ရှင့်ရဲ့ မြေးတပည့်ကို မကြာခဏ တွေ့ဆုံပါ… နောက်တစ်ခါ ကျုပ်ဆီ ရှင်လာတဲ့အခါ သူ့ကိုပါ ခေါ်လာခဲ့ပါ… ”
ဒုန်းယိုကျွန်းပေါ်မှ ကျင့်ကြံသူများက ထိတ်လန့်သွားကြပြီး ဒုန်းယိုအရှင်သခင်နှင့် ရွှယ်လျန်ဇီက အပြန်အလှန် စကားပြောနေစဉ် တားမြစ်ပင်လယ်၏ ညကောင်းကင်က တဖန်မည်းမှောင်သွားသည်။ မှေးမှိန်သော လရောင်ခြည်သည်သာ ဤလောကပေါ်မှာ ဆက်လက် တောက်ပနေသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ထုတ်လွှတ်နေသော အလင်းရောင်သည်လည်း မြန်ဆန်စွာ မှေးမှိန်သွားသည်။
နောက်ဆုံးမှာတော့ လောကသည် အမှောင်ထဲသို့ ပြန်လည်ကျရောက်သွားသည်။
သို့သော်လည်း ပင်လယ်၏ အနက်ပိုင်းထဲတွင် နေတစ်စင်းပမာ အသွင်ပြောင်းလဲထားသော ရွှီချင်းက အရှေ့သို့ လျှင်မြန်စွာ ပျံသန်းသွားနေရင်း ဘေးပတ်ဝန်းကျင်ကို အလင်းရောင်ထွန်းလင်းပေးလိုက်သည်။
သူက လက်ပြတ်နောက်သို့ လိုက်ဖမ်းသည်။
လမ်းတစ်လျှောက်မှာရှိသော အသံများက သူ၏ အလျင်ဖြစ်လာသည်။
ကောင်းကင်ပေါ်မှ အားနည်းသော လစန္ဒာသည်ပင် မည်သို့မည်ပုံ သက်ရောက်ခံလိုက်ရမှန်းမသိဘဲ ခရမ်းရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ခရမ်းရောင်လရောင်ခြည်သည် ပင်လယ်ပေါ်သို့ ဖြာကျလာပြီး ပင်လယ်ရေအောက်မှာ ပျံ့နှံ့သွားသည်။
အရေအတွက်များပြားသော ပင်လယ်သားရဲများသည် လရောင်ခြည်ကို အချိန်မီမရှောင်တိမ်းနိုင်ကြဘဲ ၎င်းတို့၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားကြသည်။ ၎င်းတို့၏ သွေးက ရွှီချင်း၏ အလျင်ကို ထပ်မံတိုးမြှင့်ပေးလိုက်သည်။
သေဆုံးသွားကြသော ပင်လယ်သားရဲများအတွက်တော့ ယနေ့က ၎င်းတို့အတွက် ပြဿဒါး ဖြစ်သည်။
တူညီစွာပင် ရွှီချင်း၏ လိုက်ဖမ်းခံနေရသော လက်ပြတ်နှင့် တစ္ဆေသရဲများအတွက်တော့ ယနေ့က ပြဿဒါး ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ ကံကြမ္မာဆိုးက ရွှီချင်းအတွက် ကံကြမ္မာကောင်းဖြစ်လာပြီး သူ၏ အလျင်ကို နောက်တစ်ကြိမ် မြှင့်တင်ပေးလိုက်သည်။
ထိုသို့ဖြင့် ဆယ့်ငါးမိနစ်ကြာပြီးနောက် ပင်လယ်ဒိုက်ပင်များနှင့် ပြည့်နှက်နေသော ပင်လယ်ဧရိယာတစ်ခုတွင် မြန်ဆန်စွာ ထွက်ပြေးနေသော လက်ပြတ်က ရုတ်တရက် ကျဆင်းလာသော မဟာနေလုံးဖြင့် တွေ့ဆုံသွားသည်။
နေလုံးထံမှ အလင်းရောင်သည် ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းတောက်ပသွားစေသည်။
ဝုန်းခနဲ မြည်သံနှင့် ပြန့်ကျဲသွားသော အင်မော်တယ်အလင်းရောင်ကြား၌ နတ်ဘုရားကံကြမ္မာနှင့် သွေး၏ လမ်းညွှန်ပေးမှုအောက်မှာ ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက လက်ပြတ်နှင့် တစ္ဆေသရဲများ၏ လမ်းကြောင်းကို ကြိုပိတ်ဆို့ထားလိုက်သည်။
သူက အရှေ့သို့ လက်သီးထိုးလွှတ်လိုက်သည်။
မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးက ထွက်ပေါ်လာပြီး ပင်လယ်ကြမ်းပြင်အောက်တွင် မုန်တိုင်းတစ်ခုကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ လက်သီးထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အရာအားလုံးကို ရိုက်ခတ်သွားသည်။ ဆုတ်ပြဲသွားသော အသံသည် ထူးဆန်းသော သတ်ဖြတ်ခြင်းစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး လက်သီး၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ခရမ်းရောင်လရောင်ခြည်က ဆင်းသက်လာပြီး လက်ပြတ်ကို ချိပ်ပိတ်လိုက်သည်။
သို့သော်လည်း ထိုလက်ပြတ်က လွန်စွာထူးခြားသည်။ ဤကဲ့သို့ ဘေးကျပ်နံကျပ် အခြေအနေကို ကျရောက်နေသည့်အချိန်မှာပင် ၎င်းက ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုကို ထုတ်လွှတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ၎င်း၏ လက်ချောင်းများက သဏ္ဍာန်မဲ့ကြိုးများကို တီးခတ်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ တစ္ဆေသရဲရာပေါင်းများစွာသည် ချက်ချင်း ရူးသွပ်သွားကြပြီး အပြန်အလှန် ဝါးမျိုလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ရူးသွပ်ဖွယ်ကောင်းသော အပြန်အလှန် ဝါးမျိုမှုအောက်တွင် တစ္ဆေသရဲများ၏ အရေအတွက်က သိသိသာသာ လျော့နည်းသွားပြီး တစ်ရာတိတိသာ ကျန်ရစ်တော့သည်။
ထိုတစ္ဆေသရဲတစ်ရာ၏ အသွင်သဏ္ဍာန်သည် သိသာစွာ ပြောင်းလဲသွားကြပြီး ယခင်ကထက် ပိုပြီးချောက်ချားစရာကောင်းလာသည်။ တစ်ဆက်တည်းမှာ ၎င်းတို့က ညီညာစွာ စီတန်းရပ်လိုက်ကြပြီး အော်ဟစ်ညည်းညူလိုက်ကြသည်။ ထိုအော်သံများက ယခင်က ရွှီချင်းတစ်ခါမှ မကြားဖူးသော တေးသံတစ်ခုကို ဖန်တီးလိုက်သည်။
ယင်းက တစ္ဆေတစ်ရာ၏ အမှောင်ညလှည့်ပတ်ခြင်းတေးသံနှင့် ဆင်တူသည်။ သို့သော်လည်း ယခုအချိန်မှာ ထွက်ပေါ်လာသည့် တေးသံသည် ပိုပြီးရှုပ်ထွေးနက်နဲသည်။
ထိုတေးသံထွက်ပေါ်လာသည့်အခိုက် အရပ်မျက်နှာအဘက်ဘက်မှ ပင်လယ်ရေသည် ချက်ချင်း အေးခဲသွားသည်။ ရွှီချင်း၏ ခရမ်းလနတ်ဘုရားအခွင့်အာဏာက တုန်ယင်သွားသည်။ ဤသည်မှာ ယင်းက လမ်းညွှန်ခံလိုက်ရသည့်အလားပင်။
ထိုတေးသံက လစန္ဒာ၏ စွမ်းအားကို ဆန့်ကျင်နိုင်စွမ်းရှိပုံပေါ်သည်။
တစ္ဆေတစ်ရာ၏ အော်ဟစ်ညည်းညူသံများက ပဲ့တင်ထပ်သွားသည့်အခါ ဝေဝါးသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ယိုယွင်းပျက်စီးနေသော လစန္ဒာတစ်ခုသည် ပင်လယ်ကြမ်းပြင်မှာ အမှန်တကယ် ဒြပ်ထည်ဖြစ်ပေါ်လာပြီး အပေါ်သို့ မြှောက်တတ်သွားသည်။
ယိုယွင်းပျက်စီးနေသော လစန္ဒာ၏ မျက်နှာပြင်ပေါ်တွင် ဧရာမမျက်နှာတစ်ခု ရှိသည်။
ယင်းက မိန်းမငယ်လေးတစ်ဦး၏ မျက်နှာ ဖြစ်သည်။ ယင်းက ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်ကို ရွှီချင်းအမွေဆက်ခံနိုင်ခဲ့ချိန်မှာ သူမြင်တွေ့ခဲ့သော လူငယ်နှင့် အနည်းငယ် ရုပ်ချင်းဆင်သည်။ ဤသည်မှာ သူတို့နှစ်ယောက်က မောင်နှမများဖြစ်ဟန် တူသည်။
ဤအခိုက်အတန့်မှာ မိန်းမငယ်လေး၏ မျက်နှာက ပုပ်သိုးဆွေးမြေ့နေသည်။ သေခြင်းအရှိန်အဝါမှ ဖြစ်ပေါ်လာသော ငရဲသံကြိုးများက ထိုမျက်နှာကို ထိုးဖောက်ထားကြောင်း မည်သူမဆို မြင်နိုင်ပေသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းက သူ့ထံမှ ထွက်ပေါ်လာသည်။
ဤသည်မှာ ယင်းက ပုံရိပ်ယောင်ထဲမှ ထွက်ပေါ်လာပြီး အစစ်အမှန်ဖြစ်လာသည့်အလားပင်။
ယင်းက အစစ်အမှန်လောကနှင့် ရွှီချင်းအပေါ် သက်ရောက်သွားသည်။
ထိုနတ်ဘုရားအစွမ်းသည် ယခင်က ရွှီချင်းခံစားဖူးသော နတ်ဘုရားအရှိန်အဝါများနှင့် လုံးဝခြားနားသည်။
ယင်းက ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများနှင့်လည်း ခြားနားသည်။ ဤသည်မှာ ယင်းက နတ်ဘုရားမျက်နှာပျက်ကြီးနှင့် လုံးဝမသက်ဆိုင်သည့်အလားပင်။
တစ်ခုသိထားရမည်မှာ လက်ရှိဝမ်ကူးကုန်းမြေထဲတွင် နတ်ဘုရားအားလုံးသည် နတ်ဘုရားမျက်နှာပျက်ကြီးနှင့် သက်ဆိုင်ကြသည်။ ၎င်းတို့က နတ်ဘုရားမျက်နှာပျက်ကြီး၏ အနောက်သို့လိုက်၍ ဤနေရာသို့ ရောက်လာခြင်းဖြစ်စေ နတ်ဘုရားမျက်နှာပျက်ကြီးကြောင့် မွေးဖွားလာခြင်းဖြစ်စေ ၎င်းတို့အားလုံး၏ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားမျက်နှာပျက်ကြီး၏ အရှိန်အဝါက အနည်းနှင့်အများ ပါဝင်ကြသည်။
၎င်းတို့က မျိုးဆက်တစ်ခုတည်း ဖြစ်သည်။
သို့သော်လည်း ဤလစန္ဒာသည်တော့ ခြားနားသည်။
လစန္ဒာ၏ ထွက်ပေါ်လာမှုကြောင့် ဤနေရာမှ ပင်လယ်ရေထဲမှာဖြစ်စေ၊ ပင်လယ်ကြမ်းပြင်အောက်မှာဖြစ်စေ သို့မဟုတ် ဤလောကထဲမှာဖြစ်စေ လှိုင်းလုံးများဖြစ်ပေါ်လာကြောင်း ရွှီချင်းက ရှင်းလင်းစွာ အာရုံခံမိသွားသည်။
အဘယ့်ကြောင့်ဆိုသော် ယိုယွင်းပျက်စီးနေသော ဤလစန္ဒာထံမှ နတ်ဘုရားအရှိန်အဝါက ဝမ်ကူးကုန်းမြေနှင့် ဇစ်မြစ်တစ်ခုတည်း ဖြစ်သည်။
အတိအကျဆိုရလျှင် ယင်းက ယခင်ဝမ်ကူးကုန်းမြေနှင့် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။