← Chapters

တေးသံကို ဆက်လက် တီးခတ်ခြင်း(က)

Vol. 92 Ch. 1416

တေးသံကို ဆက်လက် တီးခတ်ခြင်း(က)

Vol. 92 Ch. 1416

ဤအခိုက်အတန့်မှာ အာရုဏ်ဦးသည် တားမြစ်ပင်လယ်ပေါ်သို့ ကျရောက်လာသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါးက အမှောင်ထုကို ဖယ်ရှားရန် ၎င်း၏ နတ်ဘုရားအစွမ်းကို ဖြန့်ကြက်လိုက်သည့်အလားပင်။

အာရုဏ်ဦးအလင်းရောင်သည် တားမြစ်ပင်လယ်နှင့် လောကပေါ်သို့ ဖြာကျလာသည်။

နောက်ဆုံးမှာတော့ ထိုနတ်ဘုရားက ကောင်းကင်ပေါ်မှာလော သို့မဟုတ် ပင်လယ်ထဲမှာလော ပြောရန် ခက်ခဲသွားသည်။

ပင်လယ်၏ အရောင်က ကောင်းကင်ကို သက်ရောက်သွားခြင်းလော သို့မဟုတ် ကောင်းကင်က တားမြစ်ပင်လယ်ကို ထင်ပေါ်လာစေခြင်းလော မသေချာတော့ပေ။

သို့သော်လည်း ယင်းက တားမြစ်ပင်လယ်ထဲမှာ နေထိုင်ကြသော မျိုးနွယ်စုများအတွက် အရေးမကြီးပေ။ နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ ယင်းက သူတို့အတွက် အရေးမကြီးပေ။ သူတို့က ဤနေရာမှာ ဘဝတစ်လျှောက်လုံး နေထိုင်ပြီးနောက် ယင်းတို့ကို ကျင့်သားရသွားကြသည်။

တားမြစ်ပင်လယ်ပေါ်တွင် လှေတချို့၏ အရိပ်များက လှိုင်းလုံးများကြားတွင် နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေကြသည်။

ကောင်းကင်ပေါ်တွင် ငှက်များသည် အမဲလိုက်ရန်အတွက် အမှောင်ညကို တိုက်ထုတ်လိုက်ကြသည်။

ပင်လယ်ကြမ်းပြင်ပေါ်တွင်တော့…

လက်ပြတ်သည် အံ့ဖွယ်ကောင်းသော အလျင်ကို ထုတ်ဖော်၍ ဆက်လက် ထွက်ပြေးနေသည်။ တစ်ခါတစ်ရံ ၎င်းက ဝေဝါးလာပြီး တစ်ခါတစ်ရံ ကြည်လင်လာသည်။ ထိုသို့ဖြစ်သည့်အခါတိုင်း ၎င်းက ကြီးမားသော ဧရိယာကို ဖြတ်ကျော်သွားလိမ့်မည်။

၎င်း၏ လမ်းကြောင်းရှေ့မှာ ထွက်ပေါ်လာကြသော ပင်လယ်သားရဲအားလုံးက ချက်ချင်း ခြောက်သွေ့သွားကြသည်။ ၎င်းတို့၏ နတ်ဘုရားအစွမ်းနှင့် အသက်ဓာတ်က ၎င်းအတွက် အာဟာရဓာတ်ဖြစ်လာသည်။

ယင်းက ၎င်း၏ အလျင်ကို ပိုပြီးမြန်ဆန်သွားစေသည်။

ထို့ပြင် ၎င်းဖြတ်သန်းသွားသည့်နေရာတိုင်း ၎င်းကိုယ်တိုင်ဖြစ်စေ၊ ပင်လယ်ရေဖြစ်စေ၊ ဘေးပတ်ဝန်းကျင်မှ ပင်လယ်သားရဲများဖြစ်စေ အရာအားလုံးက တိတ်ဆိတ်သွားသည်။ အသံအားလုံးသည် ၎င်း၏ နတ်ဘုရားအခွင့်အာဏာကြောင့် ဖိနှိပ်ခံလိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် အသံက ၎င်း၏ လက်နက်ဖြစ်သလို ၎င်းကို လိုက်ဖမ်းနေသူအတွက်လည်း လက်နက် ဖြစ်သည်။

သို့သော်လည်း ၎င်း၏ အလျင်က အလွန်မြန်ဆန်သည့်တိုင် ၎င်းကို လိုက်ဖမ်းနေသော လူဆီမှာ ထူးခြားဆန်းကြယ်သော နည်းလမ်းတချို့ ရှိနေဆဲပင်။

ထိုလူကို ၎င်းက ခွာမထုတ်နိုင်ပေ။

ထို့ပြင် ၎င်းတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာနေကြောင်း ၎င်းအာရုံခံမိသည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ အလျင်ကို အသံတစ်ခုတည်းက တိုးမြှင့်ပေးနိုင်ခြင်း မဟုတ်ပေ။

ကံကြမ္မာဆိုးနှင့် ခရမ်းလစွမ်းအားသည်လည်း သူ၏ အလျင်ကို တိုးမြှင့်ပေးနိုင်သည်။ အမှန်မှာ တားမြစ်ပင်လယ်ထဲမှာ ပြည့်နှက်နေသည့် ဒြပ်နှောများသည်ပင် ရွှီချင်းကို အတိုင်းအတာတစ်ခုထိ စွမ်းအင်ထောက်ပံ့ပေးနိုင်သည်။

ဤရုပ်ခန္ဓာကိုယ်က သူ့အတွက် အလွန်အံ့ဖွယ်ကောင်းသည်။

သို့ဖြစ်၍ ဆယ့်ငါးမိနစ် ကုန်ဆုံးသွားပြီးနောက် လက်ပြတ်၏ ဘေးပတ်ပတ်လည်မှ ပင်လယ်ရေသည် ရုတ်တရက် ပရမ်းပတာ လှုပ်ရှားထကြွလာပြီး ရေနွယ်ပင်များကို ဖွဲ့စည်းလိုက်သည်။

ရေနွယ်ပင်များသည် မြန်ဆန်စွာ ချဉ်းကပ်လာကြပြီး လက်ပြတ်၏ လမ်းကြောင်းကို အသံတိတ်စွာ ပိတ်ဆို့လိုက်ကြသည်။

လက်ပြတ်သည် ဘေးသို့ ရွေ့လျားလိုက်ပြီး လမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ရေနွယ်ပင်များက ပိုမိုများပြားစွာ ထွက်ပေါ်လာကြပြီး လက်ပြတ်၏ လမ်းကြောင်းအားလုံးကို တားဆီးပိတ်ဆို့လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ၎င်းက ချုပ်နှောင်ခံလိုက်ရသည်။

မရေမတွက်နိုင်သော ရေနွယ်ပင်များက ပိုမိုများပြားစွာ ထွက်ပေါ်လာကြပြီး လက်ပြတ်ကို အကျဉ်းချလိုက်ကြသည်။

လက်ပြတ်က မည်မျှတိုက်ခိုက်ပါစေ ရေနွယ်ပင်အများအပြား၏ ချုပ်နှောင်မှုထဲမှ မရုန်းထွက်နိုင်သေးပေ။

သို့ဖြစ်၍ မကြာမီ ပိုမိုများပြားသော ရေနွယ်ပင်များက ထွက်ပေါ်လာကြပြီး ပိုးအိမ်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

ပိုးအိမ်သည် ချိပ်တံဆိပ်တစ်ခုနှင့် ဆင်တူသည်။

ပိုးအိမ်က အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် လက်ပြတ်၏ တရစပ်တိုက်ခိုက်မှုအောက်မှာ ပြိုကွဲသွားသော်လည်း ပထမဆုံးအကြိမ် တိတ်ဆိတ်သော ဤဧရိယာအတွင်းမှာ ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

ပေါက်ကွဲသံသည် ဘေးပတ်ဝန်းကျင်ဆီသို့ ပဲ့တင်ထပ်သွားသည်။

အသံက လက်ပြတ်၏ ဖိနှိပ်ခံရပြီး မပျောက်ကွယ်သွားခင် စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သော်လည်း ယင်းက ရွှီချင်းအတွက် လုံလောက်ပေသည်။

ဝုန်းခနဲ ပေါက်ကွဲသံက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက ယင်းကို ဖမ်းဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က ဝုန်းခနဲ မြည်သံအတွင်းမှာ ထူးခြားဆန်းကြယ်စွာ တိုက်ရိုက် ထွက်ပေါ်လာသည်။

သူက လက်ပြတ်၏ အရှေ့မှာ ရပ်လိုက်သည်။

ပင်လယ်ရေမှ ဖြစ်ပေါ်လာသော နွယ်ပင်များကြားတွင် ကောင်းကင်ဘုံသူတော်စင်နွယ်ပင်က ထွက်ပေါ်လာပြီး စိတ်လှုပ်ရှားသော စိတ်ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့ပွားသွားပြီး ပိုမိုများပြားသော နွယ်ပင်များကို ဖွဲ့စည်းလိုက်ကာ ဤနေရာကို ထပ်မံ ချိပ်ပိတ်လိုက်သည်။

အရိပ်လေးသည်လည်း အနောက်မှာ ကျန်နေခဲ့ရန် ဆန္ဒမရှိပေ။ ၎င်းက မြန်ဆန်စွာ ပျံ့နှံ့ထွက်လာပြီး ဤဧရိယာတစ်ဝိုက်ကို ဖုံးလွှမ်းလိုက်သည်။

ရွှီချင်း၏ နတ်ဘုရားကျိန်စာသည်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့ပွားထွက်လာပြီး ပင်လယ်ရေကို မည်းနက်သွားစေသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက လက်ပြတ်ကို စိုက်ကြည့်လိုက်သည်။

ထိုလက်ပြတ်သည် သူ့အား ရွှေကျီးကန်းနဂါးရထားလုံးကို ဆင့်ခေါ်နိုင်စေမည့် သော့ဖြစ်သည်။

သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ခြေထောက်ချလိုက်သည်နှင့်ချက်ချင်း လက်ပြတ်ပေါ်မှ မျက်လုံးသည် သွေးနီရောင် လင်းလက်သွားသည်။ ၎င်း၏ အကြည့်ထဲမှ တစ္ဆေပုံရိပ်များက ထွက်ပေါ်လာကြသည်။ ချောက်ချားဖွယ်ကောင်းသော တစ္ဆေညည်းသံသည်လည်း နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားသည်။

သတ်ဖြတ်ခြင်းဂီတသံက ထွက်ပေါ်လာတော့မည့်ဟန် ရ၏။

“ ဒီနေရာမှာ ငါ့အသံကလွဲလို့ တခြားဘယ်အသံမှ မရှိရဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း တစ္ဆေညည်းသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

လက်ပြတ်သည် တုန်ယင်သွားသည်။ ချက်ချင်းဆိုသလို လက်ပြတ်ထံမှ မျက်လုံးသည် ပိုပြီးတောက်ပသော သွေးနီရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ မျက်လုံးက ရွှီချင်းကို စိုက်ကြည့်လိုက်သည့်အခိုက် သွေးနီရောင်မျက်ရည်တစ်စက်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ရွှီချင်းထံသို့ ပျံသန်းသွားသည်။

ထိုမျက်ရည်စက် ဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်ရေက ပရမ်းပတာဖြစ်သွားပြီး မကျေမချမ်းစိတ်၊ ရူးသွပ်မှုနှင့် အဆုံးမဲ့သော အမုန်းတရားက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။

ယင်းက စက္ကန့်ပိုင်းအတွင်းမှာ ရွှီချင်းဆီသို့ ချဉ်းကပ်လာသည်။

အလင်းရောင်က ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ လင်းလက်သွားလေရာ အင်မော်တယ်အလင်းက ထွက်ပေါ်လာတော့မည့်ဟန် ရ၏။ သို့သော်လည်း သူက မျက်မှောင်ကြုတ်လိုက်ပြီး အင်မော်တယ်အလင်းကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက မျက်ရည်စက်ကို မခုခံဘဲ အရှေ့သို့ ဆက်လျှောက်သွားသည်။

သွေးနီရောင်မျက်ရည်စက်ကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားစေရန် ခွင့်ပြုလိုက်သည်။

ထိတွေ့မှုတွင် မည်သည့်အသံမှ ထွက်ပေါ်မလာပေ။

ရွှီချင်း၏ ခန္ဓာကိုယ်က ရပ်တန့်သွားသည်။ အပ်များဖြင့် ထိုးစိုက်ခံလိုက်ရသော ခံစားမှုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပျံ့နှံ့သွားသည်။

သို့သော်လည်း ထိုမျှသာ ဖြစ်သည်။

အုပ်ချုပ်သူအောက်မှ မည်သည့်စွမ်းအားမှ သူ၏ လက်ရှိခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပေ။ အုပ်ချုပ်သူနှင့် အုပ်ချုပ်သူအထက်မှ စွမ်းအားသည်သာ သူ၏ ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သီးခြားခွဲထုတ်ပစ်နိုင်သည်။

ထိုအခါမှသာ သူ၏ ခန္ဓာကိုယ်က ဒဏ်ရာရသွားလိမ့်မည်။

သူက ခြေထောက်ကို မြှောက်လိုက်ပြီး အောက်သို့ ချလိုက်သည်။ နောက်အခိုက်အတန့်မှာ ရွှီချင်းက လက်ပြတ်၏ အရှေ့မှာ ထွက်ပေါ်လာသည်။ သူက လက်ပြတ်၏ မျက်လုံးကို အနီရောင်အလင်း နောက်တစ်ကြိမ် တောက်ပသွားစေသည်။ ဘေးပတ်ဝန်းကျင်မှ တစ္ဆေသရဲများက အော်ဟစ်ညည်းညူနေသည်ကိုလည်း သူက လျစ်လျူရှုထားလိုက်သည်။ လက်ပြတ်၏ လက်ချောင်းများက ချိပ်တံဆိပ်လက်ဟန်များအား ဖွဲ့စည်းနေသည်ကိုပင် သူက ခွင့်ပြုထားသည်။

ထို့နောက် သူက ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်ပြီး အရှေ့သို့ လက်သီးထိုးလွှတ်လိုက်သည်။

ထိုလက်သီးသည် အပြင်ပန်းအရကြည့်လျှင် မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးသာ ဖြစ်သော်လည်း အမှန်မှာ ယင်းက ရွှီချင်း၏ အဆင့်မြှင့်ခြင်းခံထားရသည်။ သတ္တမသခင်ကြီး သူ့ကို သင်ကြားပေးခဲ့သော စမ်းချောင်းကိုးခုပညာရပ်ဖြင့် ပေါင်းစပ်ပြီးနောက် ထိုလက်သီးမှာ အမာဂုဏ်သတ္တိသာမက အပျော့ဂုဏ်သတ္တိလည်း ရှိသွားသည်။

ယင်းက ရွှမ်မီးလျှံ၏ မဖျက်ဆီးနိုင်သော အင်ပါယာလက်သီးထက် အများကြီး ပိုအစွမ်းထက်သည်။

ထို့နောက် အသံတိတ်ပေါက်ကွဲမှုက ဖြစ်ပေါ်လာသည်။

လက်ပြတ်သည် အနောက်သို့ လွင့်စင်သွားသည်။

အကြွင်းမဲ့ခွန်အားဖြင့် ရင်ဆိုင်ရသောအခါ ၎င်း၏ အသံနတ်ဘုရားအခွင့်အာဏာသည်လည်း အသုံးမဝင်တော့ပေ။

All Chapters