တေးသံကို ဆက်လက် တီးခတ်ခြင်း(ခ)
Vol. 92 Ch. 1417
တစ္ဆေသရဲများ၏ အော်သံဖြင့် ဆင့်ခေါ်ခဲ့သော ယိုယွင်းပျက်စီးနေသည့် လစန္ဒာသည် လက်ပြတ်၏ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ်သာ ဖြစ်သည်။
အကယ်၍ ရွှီချင်းသာ အသံနတ်ဘုရားအခွင့်အာဏာကို မတတ်ကျွမ်းထားလျှင် လက်ပြတ်၏ ချောက်ချားဖွယ်ကောင်းသော အသံတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် သူက အနည်းငယ် အခက်တွေ့လိမ့်မည်။ သို့သော်လည်း ယခုမှာတော့ ထိုလက်ပြတ်က အစွယ်ကျိုးသွားသော မြွေတစ်ကောင်နှင့် မခြားနားပေ။
သို့ဖြစ်၍ ရွှီချင်းက သူမကျွမ်းကျင်သေးသော နည်းစနစ်များကိုသာ ထုတ်သုံး၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ရလဒ်သည် မျှော်လင့်ထားသည့်အတိုင်းပင်။
ဆယ့်ငါးမိနစ်အတွင်းမှာ အသံက ထိန်းချုပ်ခံလိုက်ရပြီးနောက် ရွှီချင်းက သူ၏ ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ လက်ပြတ်၏ တိုက်ခိုက်မှုအားလုံးကို ခုခံတားဆီးလိုက်သည်။
သူက တိုက်ခိုက်နေရင်း အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။
လက်ပြတ်သည် ဆက်တိုက် အနောက်ဆုတ်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ၎င်းဖွဲ့စည်းထားသော တစ္ဆေသရဲများသည် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကြသည်။ ၎င်း၏ မျက်ရည်စက်များသည်လည်း ဖျက်ဆီးခံလိုက်ရသည်။ ၎င်း၏ မန္တန်များသည် ဘာတစ်ခုမှ အသုံးမဝင်တော့ပေ။
၎င်းက အနောက်ဆုတ်သွားနေစဉ် တဖြည်းဖြည်း အရောင်မှေးမှိန်လာသည်။ ၎င်း၏ မျက်လုံးထဲမှာပင် အက်ကွဲကြောင်းများက စတင်ထွက်ပေါ်လာကြသည်။
၎င်း၏ အရှိန်အဝါသည်လည်း တဖြည်းဖြည်း ပိုပြီးအားနည်းလာသည်။
နောက်ဆုံးမှာတော့ ရွှီချင်း၏ လက်သီးက လက်ပြတ်၏ မျက်လုံးနှင့် သုံးလက်မအကွာမှာ ရပ်တန့်သွားကာ ပွဲသိမ်းတိုက်ခိုက်မှုကို မလုပ်ဆောင်ခဲ့ပေ။
သူက ထိုလက်ပြတ်ကို မဖျက်ဆီးချင်ပေ။ သူလုပ်ဆောင်ချင်သည်မှာ ၎င်းကို ထိန်းချုပ်ရန် ဖြစ်သည်။
ထို့ကြောင့် လက်ပြတ်ကို အပြင်းအထန် ဒဏ်ရာရရှိစေပြီးနောက် ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏ နတ်ဘုရားစိတ်အာရုံက လက်ပြတ်ကို လွှမ်းခြုံသွားပြီး ၎င်း၏ နတ်ဘုရားအရင်းအမြစ်၊ နတ်ဘုရားအသိစိတ်နှင့် နတ်ဘုရားအခွင့်အာဏာကို လုံးဝဖိနှိပ်လိုက်သည်။
လက်ပြတ်သည် အပြင်းအထန် တုန်ယင်သွားသည်။ ၎င်းက ရွှီချင်း၏ ဖိနှိပ်ခံထားရသော်လည်း လက်ဖဝါးပေါ်မှ သွေးနီရောင်မျက်လုံးက ရူးသွပ်မှုကို ဖော်ပြနေဆဲပင်။ မျက်လုံးသည် ရွှီချင်းကို စူးစိုက်ကြည့်နေသည်။
နောက်အခိုက်အတန့်မှာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်သော အားလှိုင်းအတတ်အကျများက ၎င်းထံမှ ပျံ့နှံ့ထွက်လာသည်။
ယင်းက ရွှီချင်းလိုချင်သော ရလဒ်မဟုတ်ပေ။
လက်ပြတ်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်တော့မည့်အချိန် ရွှေကျီးကန်း၏ အော်သံက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံက ကြည်လင်ပြီး ကျယ်လောင်သည်။ တစ်ချိန်တည်းမှာ အနက်ရောင်မီးတောက်ပင်လယ်သည် ရွှီချင်းကို ဗဟိုပြု၍ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့ပွားသွားသည်။
ရွှေကျီးကန်းသည် မီးတောက်ပင်လယ်ထဲမှ ပျံသန်းထွက်လာပြီး ရွှီချင်း၏ ဦးခေါင်းပေါ်တွင် လှည့်ပတ်ပျံသန်းလိုက်သည်။
၎င်း၏ ခန္ဓာကိုယ်သည် နက်မှောင်ပြီး အနက်ရောင်မီးတောက်များဖြင့် လွှမ်းခြုံခံထားရသည်။ ရှည်လျားသော အမြှီးတစ်ထောင်သည် ၎င်း၏ အနောက်မှာ ယပ်တောင်သဖွယ် ဖြန့်ကားနေကြသည်။ ၎င်းထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သော ငှက်မွှေးများက မီးတောက်နှင်းများသဖွယ် ဘေးပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားကြပြီး မည်းမှောင်နေသော ပင်လယ်ကြမ်းပြင်ပေါ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။
လက်ပြတ်သည် တုန်ယင်သွားသည်။
ရွှေကျီးကန်းသည် အကြိမ်ရေအနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် ရွှီချင်းဆီသို့ ဦးတည်သွားသည်။ နောက်ဆုံးမှာတော့ ၎င်းက ရွှီချင်းနှင့် အတူတကွ ပေါင်းစပ်သွားပြီး ဧကရာဇ်ဝတ်ရုံသို့ ပြောင်းလဲသွားသည်။ ၎င်းက ဧကရာဇ်သရဖူကိုပင် ဖွဲ့စည်းလိုက်ပြီး ရွှီချင်း၏ ဦးခေါင်းပေါ်မှာ ဆင်မြန်းပေးလိုက်သည်။
ရွှီချင်းက နေရာမှာရပ်နေစဉ် အတိတ်တုန်းက ရွှေကျီးကန်းလူငယ်လေးနှင့် ဆင်တူသွားသည်။
အထူးသဖြင့် ရွှေကျီးကန်း၏ အရှိန်အဝါ ဖြစ်သည်။
ထိုအသွင်ပြောင်းလဲမှုကို မျက်မြင်တွေ့သွားသောအခါ လက်ပြတ်ပေါ်မှ မျက်လုံးသည် ပိုပြီးပြင်းထန်စွာ တုန်ယင်သွားသည်။ ရွှီချင်း၏ ခွင့်ပြုချက်နှင့်အတူ ၎င်းက တိုးညင်းသော ရေရွတ်သံကို ထုတ်ဖော်လိုက်သည်။
လက်ပြတ်က မည်သည့်အရာကို ပြောနေကြောင်း ရွှီချင်း စိတ်မဝင်စားပေ။ သူက လက်ပြတ်ကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည့်အလား တည်ငြိမ်စွာ ပြောသည်။
“ တေးသံကို တီးခတ်ပါ ”
စကားပြောပြီးသည်နှင့်ချက်ချင်း ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ပေါ်လျှိုးထွက်လာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် ရွှေကျီးကန်း၏ လွှမ်းမိုးမှုအောက်မှာ လက်ပြတ်၏ ရုန်းကန်းမှုသည် သိသာစွာ ပျောက်ကွယ်သွားသည်။
နောက်ဆုံးမှာတော့ ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ၎င်းကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
လက်ပြတ်ပေါ်မှ မျက်လုံးသည် ဖြည်းညင်းစွာ မှိတ်သွားသည်။
လက်ဖြတ်တောက်ခံထားရသော နေရာမှစ၍ ပုံရိပ်ယောင်သွေးချည်မျှင်များက ထွက်ပေါ်လာကြသည်။ ယင်းတို့က မြန်ဆန်စွာ ရှည်ထွက်လာကြပြီး ဝေဝါးသော ပုံရိပ်တစ်ခုကို အကြမ်းထည် ဖွဲ့စည်းလိုက်ကြသည်။
၎င်းက အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူက ခေါင်းငုံ့ထားလေရာ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သူ၏ လက်ထဲမှ ပျက်စီးနေသော ရှေးဟောင်းကုချင်းကိုသာ ထင်ရှားစွာ မြင်တွေ့နိုင်သည်။
ဤအခိုက်အတန့်မှာ ဒြပ်ထည်ရှိသော သူ၏ ညာလက်က ကုချင်းပေါ်မှ သဏ္ဍာန်မဲ့သော ကြိုးများကို တီးခတ်လိုက်သည်။
သာယာငြိမ့်ညောင်းသော တေးသံက ပဲ့တင်ထပ်လာသည်။
ယင်းက လကြိုဆိုကောင်းကင်ဘုံတေးသံ ဖြစ်သည်။
ထို့ပြင် ယင်းက မူလတေးသံ ဖြစ်သည်။
ထိုတေးသံသည် တစ္ဆေညည်းသံကို ရွှီချင်းသန့်စင်ပြီးနောက် ကြားခဲ့ရသော တေးသံနှင့် အတူတူသာဖြစ်သော်လည်း ယင်းတို့ကြားမှ အနှစ်သာရသည် ကွဲပြားခြားနားသည်။
ထို့ပြင် ဤအခိုက်အတန့်မှာ အပြင်လောကတွင် အာရုဏ်ဦးက ကျရောက်လာပြီး အမှောင်ညက လုံးဝလွင့်ပြယ်သွားသည်။ ထုံစံအားဖြင့် ယခုအချိန်သည် နေရောင်ခြည် ထွက်ပေါ်လာရမည့်အချိန် ဖြစ်သည်။ သို့သော်လည်း ထူးဆန်းဖွယ်ကောင်းစွာ နေရောင်ခြည်က နှောင့်နှေးနေသည်။
တားမြစ်ပင်လယ်၏ အနက်ပိုင်းထဲတွင် တေးသံပညာရှင်က ကုချင်းကို တီးခတ်လိုက်သည့်အခါ တားမြစ်ပင်လယ်၏ မျက်နှာပြင်သည် ရုတ်တရက် လှိုင်းထသွားသည်။ ဤသည်မှာ တစ်စုံတစ်ခုက ပင်လယ်ထဲမှ မြှောက်တတ်လာတော့မည့်အလားပင်။
နောက်ဆုံးမှာတော့ ယိုယွင်းပျက်စီးနေသော ပုံရိပ်ယောင်လစန္ဒာက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
လစန္ဒာသည် ပင်လယ်ကြမ်းပြင်မှ ထွက်ပေါ်လာပြီး ပင်လယ်ရေမျက်နှာပြင်ကို ချိုးဖောက်သွားသည်။ ယင်းက ယခုအချိန်မှာ ထွက်ပေါ်လာရမည့် နေလုံးကို အစားထိုးသွားပြီး သက်ရှိအားလုံးကို အလင်းရောင် ထွန်းလင်းပေးလိုက်သည်။
လစန္ဒာပေါ်မှ မိန်းမငယ်လေး၏ မျက်လုံးသည် ပွင့်လာတော့မည့်ဟန် ရ၏။
သို့သော်လည်း ကံမကောင်းစွာပင် ‘ လကြိုဆိုကောင်းကင်ဘုံတေးသံ ’၏ ဆင့်ခေါ်မှုကြောင့် ဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်သို့ ပျံတတ်သွားတော့မည့် ထိုလစန္ဒာက အတိတ်မှာ ကျရှုံးခဲ့ပြီးသား ဖြစ်သည်။ ယင်းက အတိတ်နှင့် အချိန်ကာလထဲမှာသာ တည်ရှိတော့သည်။ လက်ရှိပစ္စုပ္ပန်တွင် ယင်းက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။
ယင်းက ကောင်းကင်ပေါ်မှာ အချိန်အကြာကြီး မတည်ရှိနိုင်ပေ။
သို့ဖြစ်၍ ဖြည်းညင်းစွာ မြင့်တတ်လာနေသော လစန္ဒာက ပူဖောင်းများသဖွယ် လွင့်ပြယ်သွားနေသည်။
ထို့ကြောင့် မိန်းမငယ်လေးအတွက် မျက်လုံးဖွင့်လှစ်ရန် ခက်ခဲပေသည်။
လစန္ဒာက လုံးဝလွင့်ပြယ်သွားသည့်အခိုက် တီးတိုးရေရွတ်သံက အချိန်နှင့် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။ ထို့အတူ ယနေ့ နောက်ကျနေသော နေလုံးသည်လည်း အဝေးမှ မိုးကုပ်စက်ဝိုင်းပေါ်မှာ ထွက်ပေါ်လာသည်။
“ အကို… ”
ထိုအသံသည် အချိန်ထဲမှာ ရစ်ဝဲသွားပြီး တားမြစ်ပင်လယ်ပေါ်သို့ ကျရောက်သွားသည်။ ပင်လယ်ရေမျက်နှာပြင်က လှိုင်းထသွားသည်နှင့် ယင်းက နူးညံ့သော ပင်လယ်လေ၏ သယ်ဆောင်မှုကြောင့် အပြင်ပိုင်းတားမြစ်ပင်လယ်ဆီသို့ ရောက်ရှိသွားသည်။
မင်ရည်ကဲ့သို့ နက်မှောင်သော ပင်လယ်ရေထဲ၌ အတွင်းပိုင်းပင်လယ်ထက် ပိုပြီးလျှို့ဝှက်ဆန်းကြယ်ပြီး ပိုပြီးကြောက်စရာကောင်းသော အပြင်ပိုင်းပင်လယ်၏ အောက်ခြေတွင် ပုပ်သိုးဆွေးမြေ့နေသော ဘီလူးတစ်ကောင်က ဖြည်းညင်းစွာ ရွေ့လျားသွားနေသည်။
၎င်း၏ ခြေလှမ်းတိုင်းက ကြီးမားသော ရေလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။
၎င်း၏ ဧရာမခန္ဓာကိုယ်ကို သံချေးတတ်နေသော သံကြိုးများဖြင့် ရစ်ပတ်တုတ်နှောင်ထားသည်။ သံကြိုးများ၏ အဆုံးတွင် ယိုယွင်းပျက်စီးနေသော ကြေးရထားလုံးတစ်လုံး ရှိသည်။
ဤအခိုက်အတန့်မှာ ကြေးရထားလုံးက တုန်ယင်သွားသည်။ ဘီလူးက မည်မျှဆွဲပါစေ ရထားလုံးက နေရာမှ မရွေ့သွားပေ။ ထို့ကြောင့် ဘီလူးက ၎င်း၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။
ကြေးရထားလုံးထဲတွင် ရွှေကျီးကန်းအသက်ဓာတ်သန့်စင်အတတ်ကို ရေးထွင်းထားသော နံရံဆေးပန်းချီများက လင်းလက်တောက်ပလာသည်။
ထိုမှော်သင်္ကေတများက ပုံပျက်တွန့်လိမ်သွားသည့်အခါ ရွှေကျီးကန်းပုံရိပ်တစ်ခု ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ၎င်းက မျက်လုံးဖွင့်လိုက်ပြီး အတွင်းပိုင်းပင်လယ်ဆီသို့ ကြည့်လိုက်သည်။
အချိန်တစ်ခဏကြာပြီးနောက် ရွှေကျီးကန်းက မှေးမှိန်သွားသည်။
သို့သော်လည်း ပုပ်သိုးဆွေးမြေ့နေသော ဘီလူးက ၎င်း၏ လမ်းကြောင်းကို တဖြည်းဖြည်း ပြောင်းလဲလိုက်ပြီး အပြင်ပိုင်းပင်လယ်ထဲမှာ အိပ်စက်အနားယူမည့် ၎င်း၏ အစီအစဉ်ကို လက်လျော့လိုက်သည်။ ၎င်းက ကြေးရထားလုံးကို ဆွဲ၍ အတွင်းပိုင်းပင်လယ်ဆီသို့ လျှောက်သွားသည်။
၎င်းက အရှေ့သို့ ရွေ့လျားသွားနေစဉ် လှိုင်းလုံးများက ပိုပြီးကြီးမားလာကြသည်။ တစ်စုံတစ်ယောက်သည် ဤအခိုက်အတန့်မှာ ပင်လယ်၏ အသက်ရှူသံကိုပင် ကြားနိုင်သည်။
၎င်း၏ အသက်ရှူသံက အတွင်းပိုင်းပင်လယ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ရွှီချင်းသည်တော့ ပင်လယ်ကြမ်းပြင်အောက်မှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။
လက်ပြတ်ထံမှ တေးသံပညာရှင်သည်တော့ လကြိုဆိုကောင်းကင်ဘုံတေးသံကို ဆက်လက် တီးခတ်နေဆဲပင်။
ထိုဂီတသံသည် သာယာနာပျော်ဖွယ်ကောင်းသည်။
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အသံနတ်ဘုရားအခွင့်အာဏာက အနည်းငယ် ပိုပြီးတောက်ပလာကြောင်း ရှင်းလင်းစွာ ခံစားမိသွားသည်။
ထို့အတူ အစောနက လွင့်ပြယ်သွားခဲ့သော ယိုယွင်းပျက်စီးနေသည့် ပုံရိပ်ယောင်လစန္ဒာထံမှ နောင်တက ဂီတသံနှင့်အတူ သူ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။
အချိန်သည် နှေးကွေးစွာ စီးဆင်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကျော် ကုန်လွန်သွားသည်။
ဤရက်နှစ်ဆယ်အတွင်းမှာ ရွှီချင်းက ပင်လယ်ကြမ်းပြင်အောက်မှာ လုံးဝမလှုပ်ရှားခဲ့ပေ။ လကြိုဆိုကောင်းကင်ဘုံတေးသံကိုတော့ တစ်ချိန်လုံး မတီးခတ်နိုင်ပေ။ ယင်းကို နေဝင်ပြီး ညရောက်လာသည့်အခါမှသာ တီးခတ်နိုင်ပေသည်။
ထိုအတိုင်း ထပ်ခါထပ်ခါ ဖြစ်ပွားခဲ့သည်။
ပင်လယ်ရေက ပြောင်းလဲနေကြောင်း ရွှီချင်းအာရုံခံနိုင်သည်။ ပင်လယ်ရေသည် ယခင်ထက် ပိုပြီးအေးစက်လာသည်။ ဤသည်မှာ ဧရာမတည်ရှိမှုတစ်ခုက ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည့်အလားပင်။
သူအောင်မြင်သွားပြီဖြစ်ကြောင်း ရွှီချင်း သိလိုက်သည်။
ကြေးရထားလုံးသည် သူမသိသော ဦးတည်ရာတစ်ခုထံမှ ဖြည်းညင်းစွာ ချဉ်းကပ်လာနေသည်။
ရွှီချင်းသည် အလွန်စိတ်ရှည်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။
သို့သော်လည်း အရိပ်လေးသည်တော့ စိုးရိမ်ကြောင့်ကြနေသည်။
ကောင်းကင်ဘုံသူတော်စင်နွယ်ပင်၏ ထွက်ပေါ်လာမှုက ၎င်းကို အန္တရာယ်အား ခံစားမိစေသည်။ လက်ပြတ်ထွက်ပေါ်လာသည့်အခါ ထိုအန္တရာယ်က ပိုပြီးပြင်းထန်လာသည်။ ထို့ကြောင့် ၎င်းက ရွှီချင်းအမိန့်မပေးသည့်တိုင် ၎င်း၏ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် လကြိုဆိုကောင်းကင်ဘုံတေးသံမရှိသော နေ့အချိန်မှာ အော်ဟစ်သံများကို ထုတ်ဖော်လိုက်လေသည်။
ထိုသို့ဖြင့် နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားသည်။
အတွင်းပိုင်းပင်လယ်ထဲမှ အပူချိန်က ကျဆင်းသွားပြီး ပင်လယ်လှိုင်းလုံးများက ပိုပြီးကြီးမားလာသည့်အခါ တားမြစ်ပင်လယ်ထဲမှာ နေထိုင်ကြသော မျိုးနွယ်အများစုသည် ထူးခြားမှုကို ခံစားမိသွားကြသည်။
သို့ဖြစ်၍ သူတို့က အန္တရာယ်ကို ရှောင်ရှားရန် ပင်လယ်ထဲထွက်သော အကြိမ်အရေအတွက်ကို လျော့ချလိုက်ကြသည်။
သို့သော်လည်း တချို့အန္တရာယ်များသည်တော့ အကယ်၍ သူတို့က ဆန္ဒရှိလျှင်ပင် မရှောင်ရှားနိုင်ပေ။
ဥပမာ ဤအခိုက်အတန့်တွင် မျိုးနွယ်ဝင်ထောင်ဂဏန်းသာရှိသော ပင်လယ်ဝိညာဉ်မျိုးနွယ်၏ ကျွန်းစုပေါ်တွင် မီးတောက်ကပ်ဘေးတစ်ခု ဖြစ်ပွားနေသည်။
မီးတောက်အရောင်သည် အနီရောင်ဖြစ်သည်။
သွေးသည် ပင်လယ်ဝိညာဉ်မျိုးနွယ်၏ နယ်နိမိတ်ကို ဖုံးလွှမ်းထားသည်။ အရေအတွက် ထောင်ဂဏန်းသာရှိသော မျိုးနွယ်ဝင်အားလုံးသည် အလောင်းများ ဖြစ်လာကြသည်။ ထိုထဲမှာ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများလည်း ပါဝင်ကြသည်။
မွေးကင်းစကလေးတချို့သည်ပင် ကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
သူတို့အားလုံး သေဆုံးသွားကြသည်။
ရွှမ်းထိုင်နတ်ဆိုး၏ သားသည် ကျောက်တုံးအိမ်၏ ခေါင်မိုးပေါ်မှာ ထိုင်နေပြီး သွေးနံ့သင်းနေသော လေကို ပျော်ရွှင်နှစ်သက်စွာ ရှူသွင်းနေသည်။
“ ဘယ်လောက်မွှေးလိုက်လဲ ”
သူ၏ တာအိုအစောင့်အရှောက်ကိုးပါးသည် အလောင်းများထံမှ နှလုံးများကို ထုတ်ယူနေကြသည်။
ပင်လယ်ဝိညာဉ်မျိုးနွယ်ဝင်များ၏ နှလုံးသည် သလင်းကျောက်အမြူတေပုံစံတစ်မျိုး ဖြစ်သည်။
မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေ၏ မှတ်တမ်းများအရ ထိုသလင်းကျောက်အမြူတေများသည် တန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်ကြသည်။ ထိုသို့သလင်းကျောက်အမြူတေ ရာထောင်ချီသည် ပိုပြီးတန်ဖိုးကြီးမားသည်။
မကြာမီ သလင်းကျောက်အမြူတေအားလုံးကို စုဆောင်းနိုင်သွားသည်။ မီးတောက်က ဆက်လက်လောင်ကျွမ်းနေစဉ် ဤနေရာမှ သဲလွန်စများက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြသည်။
ရွှမ်းထိုင်နတ်ဆိုး၏ သားသည် မတ်တတ်ရပ်လိုက်ပြီး မြေပုံကို ထုတ်လိုက်ကာ နောက်ထပ်ပစ္စည်းစုဆောင်းရမည့် တည်နေရာကို စစ်ဆေးကြည့်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ လက်ဖဝါးသည် ရုတ်တရက် ခပ်မှိန်မှိန် လင်းလက်သွားသည်။
လူငယ်က လက်ဖဝါးကို ကြည့်လိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက နတ်ဆိုးဆန်စွာ ပြုံးလိုက်ပြီး ပြောသည်။
“ အဲ့ဒီသတ်ဖြတ်တဲ့လူကို ဒီလောက်မြန်မြန် ရှာတွေ့သွားတာလား ”
“ ဒါဆိုလည်း သွားကြည့်ရအောင်… အဲ့ဒီကောင်က ဘယ်လိုပုံစံမျိုးလဲဆိုတာ ငါမြင်ချင်တယ် ”
ရွှမ်းထိုင်နတ်ဆိုး၏ သားသည် ပြုံးလိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။
တာအိုအစောင့်အရှောက်ကိုးပါးသည် မည်သည့်စကားမှ မပြောဘဲ လူငယ်၏ အနောက်သို့ လိုက်သွားကြသည်။
ပင်လယ်လေသည် တဖြည်းဖြည်း ပိုပြီးအားကောင်းလာသည်။