← Chapters

ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့

Vol. 92 Ch. 1421

ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့

Vol. 92 Ch. 1421

ရွှီချင်းအတွက်တော့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် သူ့ဘဝတစ်လျှောက်တွင် အလွန်ရင်းနှီးကျွမ်းဝင်သော ကိစ္စတစ်ခု ဖြစ်သည်။

ငယ်စဉ်ကလေးဘဝကတည်းက သတ်ဖြတ်ခြင်းသည် သူ၏ ပင်ကိုယ်ဗီဇဖြစ်ခဲ့သည်။ အင်အားကြီးသူသာ အနိုင်ရစတမ်းဆိုသော ဤလောကကြီးတွင် အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းက သတ်ဖြတ်ရန် ဖြစ်သည်။

သူ့အပေါ် မကောင်းကြံစိတ်ရှိသော လူများကို သုတ်သင်ရှင်းလင်းပစ်မှသာလျှင် သူက ဘေးကင်းလုံခြုံလိမ့်မည်။

ထို့ကြောင့် ဆင်းရဲသားရပ်ကွက်မှာဖြစ်စေ၊ ရတနာမုဆိုးစခန်းမှာဖြစ်စေ၊ ချီယွဲ့ထုံဂိုဏ်းမှာဖြစ်စေ၊ ယင်ဟွမ်ပြည်နယ်မှာဖြစ်စေ၊ ဖုန်းဟိုင်ဒေသငယ်မှာဖြစ်စေ၊ လပူဇော်ဒေသကြီးမှာဖြစ်စေ၊ လူသားနန်းမြို့တော်ထဲမှာဖြစ်စေ၊ မီးလျှံလဒေသကြီးမှာဖြစ်စေ…

သူက သတ်ဖြတ်ခြင်းကို အမြဲလုပ်ဆောင်ခဲ့သည်။

သူက လူမည်မျှသတ်ခဲ့ကြောင်း မမှတ်မိတော့ပေ။ ဝါးပေလွှာသည် ယင်းတို့ကို စာရင်းပြုစုရန် မလုံလောက်တော့ပေ။

ဖြစ်နိုင်သည်မှာ သေမင်းတမန်မှ ဖြစ်ပေါ်လာသော အေးစက်စက်လေပြေသည်သာ အရေအတွက်အတိအကျကို သိနိုင်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းရှိသော နေရာတိုင်းမှာ ထိုလေပြေက တိုက်ခတ်လေ့ရှိသောကြောင့် ဖြစ်သည်။

ယခု အေးစက်စက်လေပြေအစား ပင်လယ်ရေက သူ့အား အဖော်ပြုပေးနေသည်။

အော်ဟစ်ညည်းညူသံများ မထွက်ပေါ်လာသော်လည်း ဤဧရိယာတစ်ဝိုက်၌ ကိန်းအောင်းနေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းသည်။

အပေါ်သို့ မြှောက်တတ်သွားနေသော ခရမ်းလထံမှ လရောင်ခြည်သည် မရေမတွက်နိုင်သော ဓားသွားများပမာ အောက်မေ့ရသည်။ လရောင်ခြည်ကို မြင်လိုက်သည်နှင့်ချက်ချင်း ယင်းက တစ်စုံတစ်ယောက်၏ အသိစိတ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး နှလုံးသားထဲထိ ဝင်ရောက်သွားလိမ့်မည်။ ထို့နောက် ယင်းက သူတို့၏ ခိုင်မြဲသော စိတ်ဓာတ်ကို ရိုက်ချိုးပစ်လိမ့်မည်။

သို့ဖြစ်၍ အသံဘောလုံး၏ အလယ်ဗဟို၌ အသက်ရှင်ကျန်ရှိနေကြသော တာအိုအစောင့်အရှောက်ခြောက်ပါးနှင့် ရွှင်းထိုင်နတ်ဆိုး၏ သားက တုန်လှုပ်ချောက်ချားသွားကြသည်။

( ဘာသာပြန်သူ၏ မှတ်ချက်: သေချာတွက်မယ်ဆိုရင် သေသွားတဲ့ တာအိုအစောင့်အရှောက်က လေးပါးရှိသွားပါပြီ… ဒါကြောင့် အသက်ရှင်နေတဲ့ တာအိုအစောင့်အရှောက်က ငါးပါးပဲ ကျန်နေရမှာပါ… ဒါပေမဲ့ စာထဲမှာက ခြောက်ပါးလို့ ရေးထားတာကြောင့် အဲ့ဒီအတိုင်းပဲ လိုက်ရေးလိုက်ပါတယ် )

လရောင်ခြည်သည် သူတို့၏ ဘေးပတ်ပတ်လည်မှာ ခပ်မှိန်မှိန် လင်းလက်သွားပြီး ပင်လယ်ရေနှင့် ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်ကာ အလွန်ပြင်းထန်သော အအေးဓာတ်ကို ဆောင်ကြဉ်းလာသည်။

တားမြစ်အဆိပ်မြူခိုးသည်လည်း ပျံ့နှံ့ထွက်လာပြီး ပင်လယ်ရေကို ဒြပ်နှောများဖြင့် ချက်ချင်း ပြည့်နှက်သွားစေသည်။ ယင်းက သေခြင်းနယ်နိမိတ်တစ်ခုကို ဖန်တီးလိုက်ပြီး သက်ရှိအားလုံးကို လွှမ်းခြုံသွားသည်။

အဆိပ်သည် သက်ရှိအားလုံးကို သုတ်သင်လိုက်ပြီး အရာအားလုံးကို ကျိန်စာသင့်စေသည်။ မြေအောက်လောကသည် ဤနေရာပေါ်သို့ ဆင်းသက်လာသည်။

လသည် ရှာဖွေနေသည်။

အဆိပ်သည် ကျူးကျော်ဝင်ရောက်လာသည်။

လရောင်ခြည်ကို အာရုံခံမိသွားသောအခါ သူတို့၏ ခန္ဓာကိုယ်က အတွင်းထဲမှ တုန်ယင်သွားကြသည်။ လရောင်ခြည်ထံမှ ထက်ရှသော ဓားသွားများက မုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူတို့၏ မှတ်ဉာဏ်များကို တံခါးခေါက်လိုက်ကာ သူတို့၏ အသက်ဓာတ်များကို ရိတ်ချွေနေသည်။

တာအိုအစောင့်အရှောက်တစ်ဦးသည် နှလုံးကွဲကြေသော အော်ညည်းသံကို ထုတ်ဖော်လိုက်သည်။ သူ၏ ဝိညာဉ်ထဲမှ လျှို့ဝှက်ချက်များက လရောင်ခြည်ကြောင့် ထုတ်ဖော်ခံလိုက်ရပြီး သူ၏ အားနည်းချက်ဖြစ်လာသည်။

သူ၏ မဟာလောကများက ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး အဆိပ်က ချက်ချင်း ပျံ့နှံ့သွားသည်။ အဆိပ်သည် လရောင်ခြည်ကို ဓာတ်ကူပစ္စည်းအဖြစ် သဘောထား၍ သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါ်ထွက်လာသည်။

သူ၏ တစ်ကိုယ်လုံးက ပုပ်သိုးဆွေးမြေ့လာနေစဉ် ထိုတာအိုအစောင့်အရှောက်က နာကျင်စွာ အော်ဟစ်ညည်းညူလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ခန္ဓာကိုယ်က အရည်ပျော်သွားသည်။

ယင်းက မကောင်းဆိုးဝါးသူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများကို အမူအရာပျက်ယွင်းသွားစေသည်။ သူတို့က သေခြင်းရှင်ခြင်းကပ်ဘေးကို ခံစားမိသွားကြသည်။

အထူးသဖြင့် ကီလိုမီတာငါးရာဧရိယာက ချိပ်ပိတ်ခံထားရသည်။ ထို့ကြောင့် သူတို့က အပြင်လောကဆီသို့ မဆက်သွယ်နိုင်ကြပေ။

ထို့ပြင် တာအိုအစောင့်အရှောက်လေးပါး၏ သေဆုံးမှုက အသက်ရှင်ကျန်ရှိနေကြသော ကျင့်ကြံသူများအပေါ် အရိပ်မည်းကြီးသဖွယ် ဖုံးလွှမ်းနေသည်။

အစောနတုန်းက ရွှီချင်းကို မြင်တွေ့လိုက်စဉ် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့က ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း ယခု အရာအားလုံးက ပြောင်းလဲသွားသည်။

မည်သို့ဖြစ်ပါစေ မျိုးနွယ်စု၏ ကောင်းကင်အရွေးချယ်ခံများအနေဖြင့် ဤသို့အခြေအနေမျိုးမှာ သူတို့၏ ယုံကြည်မှုက ပြိုလဲသွားသော်လည်း ယင်းက ယာယီမျှသာ ဖြစ်သည်။ နောက်ဆုံးမှာတော့ သူတို့၏ ယုံကြည်မှုက တောင်ကြီးတစ်တောင်နှယ် ခိုင်မြဲနေဆဲပင်။

အထူးသဖြင့် ရွှင်းထိုင်နတ်ဆိုး၏ သားဖြစ်သည်။ သူက မောက်မာထောင်လွှားသော်လည်း သူ၏ အတွေးအခေါ်က သူ၏ အဆင့်အတန်းနှင့် လိုက်ဖက်ညီသည်။ ယခုအချိန်မှာ သူ၏ တာအိုအစောင့်အရှောက်လေးပါးက သေဆုံးသွားပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသော်လည်း သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို မဆုံးရှုံးသွားခဲ့ပေ။

“ ဒီပင်လယ်က သူ့ရဲ့ တိုက်ပွဲမြေပြင်ပဲ… ငါတို့တွေ ဒီနေရာကနေ အရင်ထွက်သွားပြီး သူတော်စင်ကုန်းမြေဆီ အကြောင်းကြားရမယ် ”

“ ပြီးတော့ ဒီလူရဲ့ အဆင့်အတန်းက မြင့်မားတယ်ဆိုပေမဲ့ သူက ငါတို့ကို အရင်စတိုက်ခဲ့တာကြောင့် သူ့ကို သတ်ဖို့ ငါတို့မှာ အကြောင်းအရင်းရှိသွားပြီ ”

ရွှင်းထိုင်နတ်ဆိုး၏ သားက ဖြည်းညင်းစွာ ပြောသည်။ သူက အသံမပို့လွှတ်ဘဲ ပါးစပ်မှ တိုက်ရိုက် ပြောသည်။

ရွှီချင်းက သူ၏ စကားကို ကြားနိုင်ကြောင်း သူသိသည်။ အမှန်မှာ တစ်ဖက်လူကြားနိုင်ရန် သူက မျှော်လင့်နေသည်။

ထိုသို့ပြောပြီးနောက် သူနှင့် ဘေးပတ်ဝန်းကျင်မှ တာအိုအစောင့်အရှောက်များက မြန်ဆန်စွာ အနောက်ဆုတ်သွားကြသည်။

သူက ဤဧရိယာထဲမှ ထွက်သွားရန် ကြိုးစားနေစဉ် မဟာဧကရာဇ်၏ ရတနာအပ်ကိုလည်း ထိန်းချုပ်လိုက်သည်။

သူက ရတနာအပ်ကို အဝေးကြီးသို့ ပျံသန်းသွားခွင့်မပြုပေ။ ယင်းအစား သူက ဘေးပတ်ဝန်းကျင်မှ ကမ္မကို ပြန်ချုပ်လိုက်ပြီး လရောင်ခြည်နှင့် တားမြစ်အဆိပ်မြူခိုးကို လွင့်ပြယ်သွားစေသည်။

ထို့ပြင် ရတနာအပ်သည် ရွှီချင်းကို တစ်ချိန်လုံး ပစ်မှတ်ထားနေသည်။ ရွှီချင်းထွက်ပေါ်လာသည့်အခိုက် ထိုအပ်က သူ့ကို ချက်ချင်း အာရုံခံမိလိမ့်မည်။

တခြားတာအိုအစောင့်အရှောက်ငါးပါးသည်လည်း သူတို့၏ ဝှက်ဖဲကတ်များကို ထုတ်သုံးလိုက်ကြပြီး သူတို့အတွက် အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အသက်သွင်းလိုက်ကြသည်။ သူတို့အားလုံးက ရတနာအပ်ပေါ်မှာ အာရုံစူးစိုက်ထားကြသည်။

ရန်သူထွက်ပေါ်လာသည်နှင့်ချက်ချင်း အစွမ်းကုန်သုံး၍ တိုက်ခိုက်နိုင်ရန် သူတို့က အသင့်ပြင်ထားကြသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ စီးဆင်းသွားသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်ကုန်ဆုံးသွားပြီး ကီလိုမီတာတစ်ရာအဝေးသို့ သူတို့ပြန်ဆုတ်ခွာသွားသည့်အချိန် ရတနာအပ်က ရုတ်တရက် လင်းလက်သွားသည်။ အပ်သည် တခြားဦးတည်ရာဆီသို့ ရွှေ့ပြောင်းသွားပြီး ညာဘက်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ အပ်ဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်ရေက တစ်ဟုန်ထိုး မြှောက်တတ်သွားလိမ့်မည်။

“ တိုက်ကြ ”

ရွှင်းထိုင်နတ်ဆိုး၏ သားက တိုးညင်းစွာ အော်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ သူ၏ နဖူးပေါ်မှ တတိယမျက်လုံးက ရုတ်တရက် ပွင့်သွားပြီး အနီရောင်အလင်းတန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုအလင်းတန်းသည် ပင်လယ်ရေကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး ရတနာအပ်ပျံသန်းသွားသော ဦးတည်ရာဆီသို့ ချက်ချင်း ကျရောက်သွားသည်။

တစ်ချိန်တည်းမှာ ဘေးပတ်ဝန်းကျင်မှ တာအိုအစောင့်အရှောက်ငါးပါးသည်လည်း တုံ့ဆိုင်းမနေဘဲ သူတို့၏ ဝှက်ဖဲကတ်များကို ထုတ်သုံးလိုက်ကြသည်။

တာအိုအစောင့်အရှောက်ငါးပါး၏ အရှိန်အဝါများက အားကောင်းသော စွမ်းအင်မုန်တိုင်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။ တာအိုအစောင့်အရှောက်တစ်ပါးသည် ဧရာမမီးနဂါးတစ်ကောင်သို့ အသွင်ပြောင်းလဲသွားသည်။ တခြားတာအိုအစောင့်အရှောက်၏ လက်တစ်ဖက်သည် ဘီလူးလက်သဖွယ် အတိုင်းအဆမဲ့စွာ ကြီးမားလာသည်။

တခြားတစ်ယောက်သည် အသွေးအသားလှံတစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားပြီး လေထဲမှာ လှည့်ပတ်ပျံသန်းလိုက်သည်။

သူတို့က မတူညီသော အသွင်သဏ္ဍာန်များကို ထုတ်ဖော်လိုက်ကြသော်လည်း သူတို့၏ တိုက်ခိုက်မှုများက အလွန်အားကောင်းကြသည်။

သူတို့၏ ဘေးပတ်ဝန်းကျင်မှ ပင်လယ်ရေသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး အငွေ့ပျံသွားသည်။

သူတို့ထုတ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများသည်လည်း အလွန်အားကောင်းသည်။

သို့သော်လည်း သူတို့၏ နတ်ဘုရားအစွမ်းများက ဟင်းလင်းပြင်ကိုသာ ထိမှန်သွားဟန် ရ၏။ ထိုအခိုက်အတန့်မှာ မဟာဧကရာဇ်၏ ရတနာအပ်သည်လည်း ပြန်ရောက်လာသည်။

အပ်၏ ထိပ်ဖျားပေါ်တွင် သွေးတစ်စက်ရှိသည်။

သွေးစက်ကို ကြည့်နေရင်း ရွှင်းထိုင်နတ်ဆိုး၏ သား၏ မျက်လုံးထဲမှာ တောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ ထိုသွေးစက်ထဲမှာ မည်သည့်လှည့်ကွက်မှမရှိကြောင်း သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် သေချာအတည်ပြုပြီးနောက် ယင်းကို သူ၏ ဘေးမှ တာအိုအစောင့်အရှောက်တစ်ပါးဆီသို့ ပစ်ပေးလိုက်သည်။

“ ဒီသွေးစက်ကို အသုံးပြုပြီး ကျိန်စာတိုက်ပါ ”

ထိုတာအိုအစောင့်အရှောက်သည် တုံ့ဆိုင်းမနေပေ။ သူက သွေးစက်ကို ဖမ်းယူလိုက်ပြီး ချိပ်တံဆိပ်လက်ဟန်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို မဟာလောကများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ မဟာလောကများထဲမှ သက်ရှိအားလုံးသည် သူတို့အရှင်သခင်၏ စိတ်ဆန္ဒကို အာရုံခံမိသွားကြသည်။

သို့ဖြစ်၍ သူတို့အားလုံးက မြန်ဆန်စွာ ဒူးထောက်လိုက်ကြပြီး သူတို့၏ အတွေးများကို ပို့လွှတ်လိုက်ကာ ကျိန်စာတစ်ခုကို ဖန်တီးလိုက်သည်။

“ မင်းရဲ့ ခန္ဓာကိုယ်ကို ကျိန်စာတိုက်တယ်… မင်းရဲ့ အသက်ဓာတ်က ဖြတ်တောက်ခံရပါစေ ”

“ မင်းရဲ့ ဝိညာဉ်ကို ကျိန်စာတိုက်တယ်… မင်းရဲ့ ဝိညာဉ်က အက်ကွဲသွားပါစေ ”

“ မင်းရဲ့ မူလဇစ်မြစ်ကို ကျိန်စာတိုက်တယ်… မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ပျက်စီးသွားပါစေ ”

မရေမတွက်နိုင်သော အသံများက ပဲ့တင်ထပ်သွားသည့်အခါ သွေးစက်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက အနက်ရောင်သို့ ပြောင်းလဲသွားသည်။ ဤသည်မှာ သွေးစက်က ကျိန်စာတိုက်ခံလိုက်ရသည့်အလား မူလဇစ်မြစ်ကို သက်ရောက်သွားဟန် ရ၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျိန်စာတိုက်နေသော တာအိုအစောင့်အရှောက်၏ အမူအရာက ရုတ်တရက် ပျက်ယွင်းသွားသည်။ သူက မျက်လုံးဖွင့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲမှာ ဖော်မပြနိုင်သော အကြောက်တရားနှင့် မယုံကြည်နိုင်မှုက ထွက်ပေါ်လာသည်။

သူက ကျယ်လောင်စွာ အော်ဟစ်ညည်းညူလိုက်လေရာ သူ၏ အသံက အက်ရှသွားသည်။ ဤသည်မှာ သူက ကြီးစွာသော ဝေဒနာကို ခံစားနေရသည့်အလားပင်။

“ ဒီသွေးရဲ့ ဇစ်မြစ်က… ”

သူက စကားဆုံးအောင် မပြောနိုင်ခင်မှာ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ တစ်ကိုယ်လုံးက မည်းနက်သွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်က ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်ခြင်း ခံလိုက်ရသည့်အလားပင်။ ဤသည်မှာ သူက မမြင်သင့်သော တည်ရှိမှုတစ်ခုကို မြင်လိုက်ရသည့်အလား သွားမထိသင့်သော အရာကို ကျိန်စာတိုက်မိသွားသည့်အလားပင်။

သူက တိုက်ရိုက် ပေါက်ကွဲသွားသည်။

သူ၏ အသက်ဓာတ်က ဖြတ်တောက်ခံလိုက်ရသည်။

သူ၏ ဝိညာဉ်က အက်ကွဲသွားသည်။

သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရသည်။

ဤသည်မှာ တန်ပြန်ဆိုးကျိုးဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုမြင်ကွင်းက လူတိုင်းကို နှလုံးတုန်သွားစေသည်။

သူတို့၏ ယုံကြည်မှုက မည်မျှခိုင်မြဲပါစေ ဤအခိုက်အတန့်မှာ သူတို့က တုန်လှုပ်သွားကြသည်။ ယနေ့ ဖြစ်ပျက်ခဲ့သော ထူးထူးဆန်းဆန်း အဖြစ်အပျက်များက နတ်ဘုရားတစ်ပါးနှင့် သူတို့ရင်ဆိုင်နေရသည်ဟူသော ခံစားမှုကို ပေးသည်။

ရွှီချင်းကို ကျိန်စာတိုက်ခဲ့သော ကျင့်ကြံသူ၏ သေဆုံးမှုက ထိုခံစားမှုကို ပိုပြီးအားကောင်းလာစေသည်။

တစ်ချိန်တည်းမှာ အလင်းရောင်ခုနစ်ခုက အနက်ရောင်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။

ယင်းတို့က ငရဲမီးအိမ်ခုနစ်ခု ဖြစ်သည်။

ယင်းတို့က မြေအောက်လောကမှ နတ်ဘုရားတစ်ပါး၏ မျက်လုံးများ ဖြစ်သည့်အလားပင်။

နောက်အခိုက်အတန့်မှာ ငရဲမီးအိမ်များက တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားကြသည်။

တာအိုအစောင့်အရှောက်လေးပါးသည်တော့ အဆင်ပြေကြသည်။ သို့သော်လည်း သူတို့၏ စိတ်က လှုပ်ခါသွားကြသည်။ ရွှင်းထိုင်နတ်ဆိုး၏ သားသည်တော့ ချက်ချင်း အမူအရာပြောင်းလဲသွားသည်။ သူက သေအံ့ဆဲဆဲအခြေအနေသို့ ကျရောက်သွားသည့်အလား ခံစားမိသွားသည်။ ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူက သွေးတစ်ပွက်အန်လိုက်ပြီး ရတနာအပ်ကို ထိန်းချုပ်လိုက်သည်။

သူက သူ၏ ကမ္မကို သူ့ဘေးမှ တာအိုအစောင့်အရှောက်နှင့် ဆက်သွယ်လိုက်သည်။

လျှပ်တစ်ပြက်အတွင်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းအငွေ့အသက်က ပျောက်ကွယ်သွားသည်။ သို့သော်လည်း သူ့ဘေးမှ တာအိုစောင့်အရှောက်၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ ငရဲမီးအိမ်ခုနစ်ခုကျိန်စာက ပေါ်ထွက်လာပြီး သူ၏ မဟာလောကများကို ဆုတ်ဖြဲလိုက်သည်။ လရောင်ခြည်သည် သူ၏ နှလုံးသားထဲသို့ ကျဆင်းလာပြီး သူ၏ ဝိညာဉ်သည် တားမြစ်အဆိပ်ဖြင့် တိုက်စားခံလိုက်ရသည်။

သူက ဆိုးဆိုးဝါးဝါး သေဆုံးသွားသည်။

သူ၏ သေဆုံးမှုက နောက်ဆုံးမှာတော့ ရွှင်းထိုင်နတ်ဆိုး၏ သားနှင့် အသက်ရှင်ကျန်ရှိနေကြသော တာအိုအစောင့်အရှောက်သုံးပါးကို ကြောက်စိတ်ဝင်သွားစေသည်။ သူတို့က ဆက်ပြီး တိုက်ခိုက်ရန် ဆန္ဒမရှိကြတော့ပေ။

သူတို့က ကြောက်လန့်သွားကြသည်။

သူတို့ဘဝတစ်လျှောက်တွင် ရန်သူများစွာကို တွေ့ဆုံခဲ့ဖူးသည်။ တခြားသူတော်စင်ကုန်းမြေများထံမှဖြစ်စေ သို့မဟုတ် ကြယ်တာရာကောင်းကင်မှ မျိုးနွယ်စုများထံမှဖြစ်စေ အလွန်အားကောင်းသော ရန်သူများကို ရင်ဆိုင်ခဲ့ဖူးသည်။

သို့ဖြစ်၍ သတ်ဖြတ်ခြင်းသည် သူတို့အတွက် မရင်းနှီးသောအရာ မဟုတ်ပေ။

သို့သော်လည်း ဤကဲ့သို့ ထူးဆန်းစွာ အသတ်ခံရခြင်းကို ပထမဆုံးအကြိမ် သူတို့မြင်ဖူးကြခြင်း ဖြစ်သည်။

ထို့ပြင် နည်းလမ်းအမျိုးမျိုးဖြင့် အသတ်ခံနေရခြင်း ဖြစ်သည်။

အသံဖြင့် အသတ်ခံရခြင်းသော်လည်းကောင်း၊ လရောင်ခြည်ဖြင့် အသတ်ခံရခြင်းသော်လည်းကောင်း၊ အဆိပ်ဖြင့် အသတ်ခံရခြင်းသော်လည်းကောင်း၊ ကျိန်စာ၏ တန်ပြန်ဆိုးကျိုးကြောင့် အသတ်ခံရခြင်းသော်လည်းကောင်း၊ ငရဲမီးအိမ်ခုနစ်ခုကျိန်စာဖြင့် အသတ်ခံရခြင်းသော်လည်းကောင်း ယင်းတို့က ထူးဆန်းသော လူသတ်နည်းများ ဖြစ်ကြသည်။

ပိုပြီးကြောက်စရာကောင်းသည့်အချက်မှာ တိုက်ပွဲစတင်သည့်အချိန်မှစ၍ ရွှီချင်းကို သူတို့က တစ်ခါမှမမြင်ရသေးချေ။

ယခု တာအိုအစောင့်အရှောက်ခြောက်ပါးက သေဆုံးသွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က အရှိန်မြှင့်တင်လိုက်ကြပြီး အဝေးသို့ ထွက်ပြေးသွားကြသည်။

သို့သော်လည်း သူတို့၏ မျက်စိအရှေ့မှ ပင်လယ်ရေထဲတွင် ငရဲမီးအိမ်ခုနစ်က နောက်တဖန် ထွက်ပေါ်လာကြသည်။

မီးအိမ်ခုနစ်ခုက ငြိမ်းသတ်သွားတော့မည်ကို မြင်သောအခါ ရွှင်းထိုင်နတ်ဆိုး၏ သားက အံကြိတ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုချိပ်တံဆိပ်မှာ မည်သည့်စွမ်းအားမှ မရှိပေ။ ယင်းက သစ္စာဆိုမှုနှင့် ပတ်သက်သော အမိန့်တော်တစ်ခုမျှသာ ဖြစ်သည်။

ထိုလူများသည် အတိတ်တွင် သူ၏ တာအိုအစောင့်အရှောက်များဖြစ်လာရန် သူတို့၏ အသက်ကို စတေးပြီး မျိုးနွယ်စုနှင့် သူ့ကို ကာကွယ်စောင့်ရှောက်ပေးပါ့မည်ဟု သစ္စာဆိုခဲ့ကြသည်။

ယခုအချိန်က ထိုသစ္စာဆိုမှုကို အသုံးပြုရမည့်အချိန် ဖြစ်သည်။

တာအိုအစောင့်အရှောက်သုံးပါး၏ ခြေလှမ်းသည် ရုတ်တရက် ရပ်တန့်သွားသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူတို့က ဆက်ပြီး မထွက်ပြေးကြတော့ချေ။ ယင်းအစား သူတို့က မီးအိမ်ခုနစ်ခုဆီသို့ တန်းမတ်စွာ ပြေးသွားကြသည်။

ရွှင်းထိုင်နတ်ဆိုး၏ သားသည်လည်း အလွန်ဒေါသထွက်နေသည်။ ထိုတာအိုအစောင့်အရှောက်ကိုးပါးသည် သူ၏ မိတ်ဆွေများဖြစ်ကြပြီး နှစ်ပေါင်းများစွာကြာအောင် သူ့နောက်သို့ လိုက်ခဲ့ကြသည်။ သို့သော်လည်း ယခု သူတို့ထဲမှ ခြောက်ယောက်က ရွှီချင်း၏ အသတ်ခံလိုက်ရသည်။

ကျန်သုံးယောက်၏ နောက်ဆုံးရလဒ်ကိုလည်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

“ ရွှီချင်း… ငါမင်းကို ဒီထက် အဆပေါင်းများစွာ ပြန်ခံစားရအောင် လုပ်ပြမယ် ”

ရွှင်းထိုင်နတ်ဆိုး၏ သားသည် နောင်တရသွားပြီး ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိသွားသည်။ နောက်ဆုံးမှာတော့ ယင်းက သူ၏ အသိစိတ်ထဲမှာ ဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွားသည်။

သူ၏ အနောက်တွင် ငရဲမီးအိမ်ခုနစ်ခုက ငြိမ်းသတ်သွားပြီး တာအိုအစောင့်အရှောက်တစ်ပါးက သေဆုံးသွားသည်။

ထို့နောက် နဂါးဟိန်းသံများက ပဲ့တင်ထပ်သွားပြီး ကျူးလီက ထွက်ပေါ်လာသည်။ လရောင်ခြည်နှင့် တားမြစ်အဆိပ်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှာ နောက်ထပ် တာအိုအစောင့်အရှောက်တစ်ပါးက သေဆုံးသွားသည်။

ရှစ်မိနစ်ကုန်ဆုံးသွားသည်။

ကီလိုမီတာငါးရာကျယ်ဝန်းသော မြေအာက်လောက၏ အစွန်းနားတွင် ရွှင်းထိုင်နတ်ဆိုး၏ သားက မျက်လုံးနီရဲနေပြီး အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်ရှိနေသည်။ သူက ရတနာအပ်ကို ထိန်းချုပ်ပြီး လရောင်ခြည်နှင့် တားမြစ်အဆိပ်မြူခိုးကို ပြိုကွဲသွားစေကာ အရူးအမူး ထွက်ပြေးနေသည်။

သူက နယ်နိမိတ်အကန့်အသတ်ဆီသို့ ရောက်ရန် တဖြည်းဖြည်း နီးကပ်လာသည်။

သူ၏ နှလုံးသားထဲမှ မျှော်လင့်ချက်က တဖြည်းဖြည်း ပိုပြီးကြီးမားလာသည်။

နယ်နိမိတ်အကန့်အသတ်ဆီသို့ ရောက်ရှိသွားသည့်အခါ ဤချိပ်ပိတ်မှုကို သူ၏ ရတနာအပ်ဖြင့် ချိုးဖြတ်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။

သူက ချိပ်ပိတ်မှုကို ချိုးဖြတ်နိုင်သွားသည်နှင့် သူတော်စင်ကုန်းမြေဆီသို့ ဆက်သွယ်နိုင်လိမ့်မည်။ ထိုအခါကျလျှင် သူ၏ အဖေ သို့မဟုတ် ဘိုးဘေးက ဤနေရာကို ချက်ချင်း ရောက်ရှိလာလိမ့်မည်။

သို့ဖြစ်၍ သူက အမြန်ဆုံး အလျင်ကို အသုံးပြု၍ ရွေ့လျားနေသည်။

သို့သော်လည်း နယ်နိမိတ်အကန့်အသတ်ဆီသို့ ရောက်ရန် ပေတစ်သောင်းသာ ဝေးကွာတော့သည့်အချိန် တည်ငြိမ်သော အသံက သူ၏ နားထဲသို့ ပျံ့လွင့်လာသည်။

“ အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ် ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဦးခေါင်းပြတ်တစ်ခုကို ကိုင်လျက် ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။ သူ၏ ခရမ်းရောင်ဆံပင်က လေထဲမှာ လွင့်မျောနေပြီး သူ၏ မျက်နှာက နတ်ဆိုးဆန်စွာ ချောမောခန့်ညားသည်။ သူက ရွှင်းထိုင်နတ်ဆိုး၏ သား၏ အရှေ့မှာ ရပ်လိုက်သည်။

ပင်လယ်ရေက ပရမ်းပတာ လှုပ်ခတ်သွားလေရာ ယင်းက မရဏတေးသွားကို ထုတ်လွှတ်နေဟန် ရ၏။

ယင်းက ရွှီချင်းကို ငရဲဂိတ်တံခါးမှ ထွက်ပေါ်လာသော သေမင်းနတ်ဘုရားတစ်ပါးအလား အောက်မေ့စေသည်။

ထိုမြင်ကွင်းက ရွှင်းထိုင်နတ်ဆိုး၏ သားကို နှလုံးတုန်သွားစေသည်။

ရွှီချင်းက သူနှင့် နယ်နိမိတ်အကန့်အသတ်ကြားမှ အလယ်မှာ မတ်တတ်ရပ်နေသည်။

All Chapters