← Chapters

အုပ်ချုပ်သူ၏ အခွင့်အာဏာ(ခ)

Vol. 92 Ch. 1424

အုပ်ချုပ်သူ၏ အခွင့်အာဏာ(ခ)

Vol. 92 Ch. 1424

အဘယ့်ကြောင့်ဆိုသော် အတိတ်တွင် ကောင်းကင်ဘုံတာအိုများကို ကျင့်ကြံသူများက ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ရွှင်းထိုင်နတ်ဆိုးက ဤမြေအောက်လောကထဲသို့ ခြေချလိုက်သည့်အခိုက် ကောင်းကင်နှင့်မြေပြင်ကြားမှ အသေးစား ဥပဒေသများနှင့် နိယာမများသည် သူ့အတွေးများ၏ သယ်ဆောင်သူများ ဖြစ်လာကြသည်။ ဤသည်မှာ သူကိုယ်တိုင်က ကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

သူ၏ ဆန္ဒက ကောင်းကင်ဘုံ၏ ဆန္ဒဖြစ်လာသည်။

သူ၏ အတွေးများက ကောင်းကင်ဘုံ၏ အတွေးများဖြစ်လာသည်။

အကယ်၍ သူက ဤနေရာကို ချိပ်ပိတ်ချင်လျှင် ဤနေရာက ချက်ချင်း ချိပ်ပိတ်ခံရလိမ့်မည်။

အကယ်၍ သူက ရွှီချင်းကို သတ်ချင်လျှင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ ချက်ချင်း ထွက်ပေါ်လာလိမ့်မည်။

ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကောင်းကင်ဘုံ၏ ဆန္ဒနှင့် ရွှင်းထိုင်နတ်ဆိုး၏ အတွေးများမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဒြပ်မဲ့ဖြစ်သည်။

သို့သော်လည်း ရွှင်းထိုင်နတ်ဆိုး၏ ဆန္ဒကြောင့် မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက အတူတကွ ပေါင်းစည်းသွားသည့်အခါ ယင်းက ဒြပ်ထည်ရှိလာသည်။

သို့ဖြစ်၍ လက်ဆစ်ငါးဆစ်ပါသော အနီရောင်လက်ချောင်းတစ်ချောင်းက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ထိုလက်ချောင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက အေးခဲသွားဟန် ရသည်။ အတွေးများသည်ပင် ဖိနှိပ်ခံလိုက်ရပြီး ပင်လယ်ရေသည် ဆက်ပြီး မစီးဆင်းတော့ပေ။ အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည်သာ ဤနေရာမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို တုန်လှုပ်သွားစေသည်။

လက်ချောင်းသည် ဝှစ်ခနဲ ပျံသန်းသွားပြီး အသံထဲသို့ ပေါင်းစပ်ရန် ကြိုးစားနေသော ရွှီချင်းပေါ်သို့ ဖိချလိုက်သည်။

ပင်လယ်ရေက ဘောင်ဘင်ခတ်သွားပြီး ကောင်းကင်ဘုံ၏ ဆန္ဒက ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။

အနီရောင်လက်ချောင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လျက် ရွှီချင်းထံသို့ မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ ဆင်းသက်လာသည်။

အရိပ်လေးသည် အော်ဟစ်ညည်းညူလိုက်ပြီး ကောင်းကင်ဘုံသူတော်စင်နွယ်ပင်သည် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်။

လရောင်ခြည်သည် အက်ကွဲသွားပြီး အသံနတ်ဘုရားအခွင့်အာဏာသည် မှေးမှိန်သွားသည်။

အံ့ဖွယ်လက်ချောင်းဖြင့် ရင်ဆိုင်ရသောအခါ ကျူးလီသော်လည်းကောင်း မဟာရွှမ်ထျန်းစစ်ချပ်ဝတ်သော်လည်းကောင်း အသုံးမဝင်တော့ပေ။

လက်ချောင်းဆင်းသက်လာသည့်အချိန်မှာ ရွှီချင်း၏ ကံကြမ္မာက သတ်မှတ်ခံထားရပြီးသား ဖြစ်သည့်အလားပင်။

ဗုန်း…

အတားအဆီးအားလုံးနှင့် ရွှီချင်း၏ နတ်ဘုရားစွမ်းရည်အားလုံးက အက်ကွဲသွားကြသည်။

အရာအားလုံးက ထိုလက်ချောင်း၏ အရှေ့မှာ အဓိပ္ပာယ်မဲ့သွားသည်။

တောင်တန်းများနှင့် မြစ်ချောင်းများကို ပြောင်းပြန်မှောက်လှန်ပစ်နိုင်သော စွမ်းအားက သူ၏ ခန္ဓာကိုယ်ပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းလာပြီး သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး မုန်တိုင်းကြောင့် အဝေးသို့ လွင့်စင်သွားသည်။

သို့သော်လည်း သူက မပြိုကွဲသွားခဲ့ပေ။

ထိုမြင်ကွင်းသည် ဤနေရာသို့ ရောက်ရှိလာသော ရွှင်းထိုင်နတ်ဆိုးကို အံ့ဩသွားစေသည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ ငါသိပြီ ”

ရွှီချင်း၏ ခန္ဓာကိုယ်က အုပ်ချုပ်သူ၏ လက်ချောင်းအောက်မှာ မပြိုကွဲသွားခဲ့သော်လည်း သူက သွေးအများအပြားကို အန်လိုက်ရသည်။

အက်ကွဲရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြပြီး အင်မော်တယ်ပြဒါးက အပြင်သို့ စီးကျလာသည်။ ထို့နောက် ယင်းက ပင်လယ်ရေနှင့် ရောယှက်သွားသည်။

ထိုအက်ကွဲကြောင်းများသည် အုပ်ချုပ်သူ၏ လက်ချောင်းကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့က အစကတည်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ တည်ရှိနေကြခြင်း ဖြစ်သည်။ ယင်းတို့က နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားများနှင့် အင်မော်တယ်ပြဒါးကို အတူတကွ ပေါင်းစပ်ပေးထားသည့် ချုပ်ရိုးကြောင်းများ ဖြစ်ကြသည်။

ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ချိပ်တံဆိပ်၏ တည်နေရာလည်း ဖြစ်သည်။

အုပ်ချုပ်သူ၏ လက်ချောင်းက သူ၏ ခန္ဓာကိုယ်ကို မဖျက်ဆီးနိုင်သော်လည်း ယင်းက အင်မော်တယ်ပြဒါးနှင့် သူ့ခန္ဓာကိုယ်၏ ပေါင်းစပ်မှုကို ပြိုကွဲသွားစေမည့် လက္ခဏာများ ဖြစ်ပေါ်လာစေသည်။

မည်သို့ဖြစ်ပါစေ သူ၏ ခန္ဓာကိုယ်က အပြည့်အဝ မပေါင်းစပ်ရသေးပေ။

ထို့ကြောင့် ရွှီချင်း၏ ရုပ်ခန္ဓာကိုယ်က အုပ်ချုပ်သူအဆင့်အောက်မှ မည်သည့်စွမ်းအားကိုမဆို ခံနိုင်ရည်ရှိသည်ဟု သတ္တမသခင်ကြီးက‌ ပြောခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ ခန္ဓာကိုယ်အက်ကွဲသည့် ပြင်းထန်သော နာကျင်မှုက သူ၏ အသိစိတ်ထဲမှာ မုန်တိုင်းတစ်ခုပမာ ထွက်ပေါ်လာသည်။ ယင်းက သူ၏ စိတ်အာရုံနှင့် အတွေးများကို တစ်စစီဆုတ်ဖြဲပစ်နေသည်။

ဖော်မပြနိုင်သော နာကျင်မှုက သူ၏ တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားနေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။

ထို့ပြင် ဝိညာဉ်ဆုတ်ဖြဲခံနေရသော ခံစားမှုက သူ၏ မျက်လုံးကို ပိုပြီးနီရဲလာစေသည်။

သေခြင်းရှင်ခြင်းကပ်ဘေးက ဤအခိုက်အတန့်မှာ ချက်ချင်း ထွက်ပေါ်လာသည်။

သို့သော်လည်း ရွှီချင်းသည် သူ့ဘဝတစ်လျှောက်တွင် သေခြင်းရှင်ခြင်းကပ်ဘေးများစွာကို တွေ့ကြုံခဲ့ဖူးသည်။ သူက လက်ရှိအခြေအနေကို မရင်းနှီးခြင်း မဟုတ်ပေ။ အခြေအနေက ပိုပြီးအရေးကြီးလေ သူက ပိုပြီးစိတ်တည်ငြိမ်အောင် ထားရလိမ့်မည်။

သို့ဖြစ်၍ သူက ခန္ဓာကိုယ်နှင့် ဝိညာဉ်ထံမှ အဖျက်စွမ်းအားကို အံကြိတ်၍ တောင့်ခံလိုက်သည်။ အသံနတ်ဘုရားအခွင့်အာဏာက ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးက နောက်ဆုံးမှာတော့ အသံထဲသို့ ပေါင်းစပ်သွားကာ ဤနေရာမှ ထွက်ပြေးသွားသည်။

“ ငါဒီနေရာကနေ ထွက်သွားပြီး အပြင်ကို အသံပို့လွှတ်ရမယ် ”

သို့သော်လည်း အုပ်ချုပ်သူတစ်ပါးက ကိုယ်တိုင်ရောက်ရှိလာလေရာ ရွှီချင်းက မည်မျှအစွမ်းထက်ပါစေ သူ့ဆီမှာ အကန့်အသတ်ရှိနေဆဲပင်။ သူက အသံထဲသို့ ပေါင်းစပ်သွားပြီး ထွက်ပြေးသွားသော်လည်း ရွှင်းထိုင်နတ်ဆိုး၏ အကြည့်အောက်မှာ ရှိနေဆဲပင်။

အေးစက်စက်အသံက ရွှင်းထိုင်နတ်ဆိုး၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်သွားသည်။

“ ပယ်ဖျက်စေ ”

ဤသည်မှာ ရွှင်ထိုင်နတ်ဆိုး၏ အခွင့်အာဏာဖြစ်သည်။

သူ၏ စကားသံက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကီလိုမီတာငါးရာအတွင်းမှာရှိသော အသံအားလုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ယင်းတို့က လုယက်ခံလိုက်ရခြင်းမဟုတ်သလို ထိန်းချုပ်ခံလိုက်ရခြင်း မဟုတ်ပေ။ ယင်းတို့က ပယ်ဖျက်ခံလိုက်ရခြင်း ဖြစ်သည်။

အသံအားလုံးသည် ဤနေရာမှာ တစ်ခါမှမရှိခဲ့သည့်အလား ပယ်ဖျက်ခံလိုက်ရသည်။

အသံမရှိမှတော့ အကယ်၍ ရွှီချင်းသာ အပြင်သို့ ပြန်မထွက်လာဘူးဆိုလျှင် သူသည်လည်း ပယ်ဖျက်ခံရလိမ့်မည်။

ထို့ကြောင့် နောက်အခိုက်အတန့်မှာ ရွှီချင်းက ရွေးချယ်စရာမရှိသည့်အဆုံး ပြန်ထွက်ပေါ်လာသည်။

ရွှီချင်းထွက်ပေါ်လာသည်နှင့်ချက်ချင်း ဧရာမအနီရောင်လက်က သူ့ကို အပေါ်မှ ဖုံးအုပ်လိုက်သည်။

ထိုလက်တွင် လက်ဆစ်ငါးဆစ်ပါသော လက်ချောင်းခုနစ်ချောင်းရှိသည်။ ယင်းက ထူးခြားဆန်းကြယ်ပြီး ငရဲပြည်ထဲမှ ထွက်ပေါ်လာသည့်အလား အောက်မေ့ရသည်။

ဧရာမလက်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်ကို ဖုံးအုပ်လိုက်ပြီး ရွှီချင်း၏ လောကကို သိမ်းပိုက်လိုက်သည်။ ထို့နောက် ယင်းက ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။

ယင်းထံမှ ဆင်းသက်လာသော ဖိအားက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ပိုမိုများပြားသော အက်ကွဲကြောင်းများကို ထွက်ပေါ်လာစေသည်။ ဤသည်မှာ သူက ကမ္ဘာတစ်ခုဖြင့် ဖိနှိပ်ခံလိုက်ရသည့်အလားပင်။

အင်မော်တယ်ပြဒါးသည် သွေးကဲ့သို့ ထပ်မံစီးကျလာသည်။ သူ၏ ခန္ဓာကိုယ်က အက်ကွဲနေပြီး သူ၏ ဝိညာဉ်က ပြင်းထန်စွာ ဖိနှိပ်ခံနေရသောကြောင့် တဖြည်းဖြည်း အားနည်းလာသည်။ ယင်းက သေခြင်းရှင်ခြင်းကပ်ဘေး၏ အန္တရာယ်ကို ပိုပြီးအားကောင်းလာစေသည်။

ယင်းက အရာအားလုံးကို ဖျက်ဆီးချင်နေသည်။

သွေးသည် ရွှီချင်း၏ ပါးစပ်ထဲမှ ဒလဟော စီးကျလာသည်။ သူ၏ မျက်လုံးသည် ပိုပြီးနီရဲလာသည်။

ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူ၏ အမူအရာက ဆုံးဖြတ်ချက်ပြတ်သားလာသည်။ သူက တုံ့ဆိုင်းမနေဘဲ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး အရပ်ရှစ်မျက်နှာဆီသို့ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော အားလှိုင်းအတတ်အကျများက မြှောက်တတ်လာသည်။

ကီလိုမီတာငါးရာကျယ်ဝန်းသော ဤမြေအောက်လောကနယ်ပယ်သည် ရွှေကျီးကန်းနဂါးရထားလုံးထံမှ ဘီလူးအတွက် သူပြင်ဆင်ထားသော တိုက်ပွဲမြေပြင် ဖြစ်သည်။ သူက ဤနေရာတွင် နတ်ဘုရားအခွင့်အာဏာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် နတ်ဘုရားအရင်းအမြစ်အများအပြားကို မြှုပ်နှံထားခဲ့သည်။

ယခု ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသော စွမ်းအင်အတတ်အကျများက ပျံ့နှံ့ထွက်လာသည့်အခါ မျက်တောင်တစ်ခတ်အတွင်းမှာ မြေအောက်လောကနယ်ပယ်က တိတ်တဆိတ် အသက်ဝင်လာသည်။

နတ်ဘုရားအရင်းအမြစ်များကို သူမြှုပ်နှံထားခဲ့သော နေရာများထံတွင် အလင်းစက်ရာပေါင်းများစွာက တစ်ပြိုင်နက် ထွက်ပေါ်လာကြပြီး တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြသည်။ အလင်းစက်တစ်ခုက ပေါက်ကွဲသွားတိုင်း ဤနေရာမှ အန္တရာယ်က အတိုင်းအတာတစ်ခုထိ မြင့်တတ်သွားလိမ့်မည်။

နောက်ဆုံးမှာတော့ အလင်းစက်အားလုံးက ပေါက်ကွဲသွားသည့်အခါ ကမ္ဘာတုန်ဟီးစေနိုင်သော စွမ်းအင်မုန်တိုင်းက ရွှီချင်းကို ဗဟိုပြု၍ ထွက်ပေါ်လာသည်။

ယင်းက သူ့ကို ဖုံးလွှမ်းထားသော ဧရာမလက်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

အုပ်ချုပ်သူ၏ အခွင့်အာဏာကြောင့် ဤဖြစ်စဉ်တစ်ခုလုံးက တိတ်ဆိတ်နေသော်လည်း မုန်တိုင်းထဲမှ ခရမ်းလနှင့် တားမြစ်အဆိပ်၏ စွမ်းအားသည် ကီလိုမီတာငါးရာကျယ်ဝန်းသော စွမ်းအင်မုန်တိုင်း၏ အဖျက်စွမ်းအားကို ကြောက်မက်ဖွယ်ကောင်းသော အမြင့်တစ်ခုထိ ရောက်ရှိသွားစေသည်။

နောက်ဆုံးမှာတော့ မုန်တိုင်းက ပိုပိုပြီး ကြီးမားလာသည်။ ဤသည်မှာ နတ်ဘုရားတောင်တစ်လုံးက ပင်လယ်ကြမ်းပြင်အောက်ထဲမှ တိုးထွက်လာသည့်အလားပင်။ ယင်းက ကောင်းကင်ဘုံဆန့်ကျင်သော အရှိန်အဟုန်ကို လှုံ့ဆော်လိုက်ပြီး အုပ်ချုပ်သူ၏ ဧရာမလက်ဖြင့် အကြင်နာမဲ့စွာ တွေ့ဆုံသွားသည်။

အုပ်ချုပ်သူ၏ ဧရာမလက်သည် လေထဲမှာ ရပ်တန့်သွားသည်။

မုန်တိုင်းက ယင်းကို ရပ်တန့်နိုင်သွားခဲ့သည်။

သို့သော်လည်း အုပ်ချုပ်သူသည် နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုဖြစ်သည်။ ဤအခိုက်အတန့်မှာ မုန်တိုင်းက အလွန်ကျယ်ပြောသော်လည်း ယင်းကို တဒင်္ဂမျှ ရပ်တန့်သွားအောင်သာ ပြုလုပ်နိုင်သည်။

နောက်ဆုံးမှာတော့ လက်က အောက်သို့ ဆင်းသက်လာဆဲပင်။

ယင်းက ပင်လယ်ကြမ်းပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

ကီလိုမီတာငါးရာကျယ်ဝန်းသော မြေအောက်လောကသည် ချက်ချင်း ပြိုကွဲသွားပြီး ဧရာမတွင်းနက်တစ်ခုအဖြစ် နစ်မြုပ်သွားသည်။

သို့သော်လည်း အလွန်ပြင်းထန်သော စွမ်းအင်နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုက အုပ်ချုပ်သူ၏ ပယ်ဖျက်ခြင်းအခွင့်အာဏာကို အတိုင်းအတာတစ်ခုထိ အားနည်းသွားစေသည်။ ထို့ကြောင့် အသံကင်းမဲ့ဇုန်ထဲတွင် တိုးညင်းသော အသံတစ်သံက မသဲမကွဲ ထွက်ပေါ်လာသည်။

အသံသည် တိုးညင်းသော်လည်း ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားဆဲပင်။

ရွှီချင်းလိုအပ်နေသည်မှာ ထိုအသံဖြစ်သည်။

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ဒဏ်ရာအပြင်းအထန်ရရှိထားသော သူ၏ ပုံရိပ်က အသံ၏ အရှိန်အဟုန်ကို ငှားယူ၍ ထွက်ပြေးသွားသည်။

သွေးသည် ပင်လယ်ရေထဲမှာ ပြန့်ကျဲသွားသည်။

အင်မော်တယ်ပြဒါးသည် ဟင်းလင်းပြင်ထဲသို့ စီးဆင်းသွားသည်။

အသံဖြတ်သန်းသွားသည့်နေရာတိုင်း ပင်လယ်သည် ငွေရောင်နှင့် အနီရောင်သို့ ပြောင်းလဲသွားလိမ့်မည်။

အသံက ပဲ့တင်ထပ်နေစဉ် ရွှီချင်း၏ အသိစိတ်က တဖြည်းဖြည်း ဝေဝါးလာပြီး သူ၏ နတ်ဘုရားစိတ်အာရုံက အားနည်းလာသည်။ သို့သော်လည်း သူက အစွမ်းကုန်အသုံးပြု၍ ထွက်ပြေးနေဆဲပင်။

သူထွက်ပြေးနေသော ဦးတည်ရာသည် ရွှေကျီးကန်းနဂါးရထားလုံးကို အာရုံခံမိခဲ့သော ဦးတည်ရာဖြစ်သည်။

တစ်ချိန်တည်းမှာ ရွှီချင်းက သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်နေရစဉ် သန့်စင်ရေလှိုင်းဒေသကြီး၏ အပြင်ဘက် ဝတ်ရုံမျိုးနွယ်စုတည်ရှိသော ဒေသကြီးထဲတွင် အားညိုက ရောင်စုံအဝတ်အစားများပေါ်မှာ တခေါခေါဟောက်၍ အိပ်မောကျနေသည်။

သူ၏ ဘေးပတ်ပတ်လည်တွင် အမျိုးသမီးအဝတ်အစားမျိုးစုံက ပြန့်ကျဲနေကြသည်။

သူက ဤအတောအတွင်း ဝတ်ရုံမျိုးနွယ်စုထဲမှာ အတော်လေး နာမည်ကျော်ကြားခဲ့ပြီး သူနှင့်အတူအိပ်နိုင်သော မိတ်ဆွေကောင်းအများကြီးကို ရရှိခဲ့ကြောင်း ထင်ရှားပေသည်။

ဥပမာ ယခု သူ၏ ရင်ဘက်ပေါ်တွင် လဲလျောင်းနေသော လက်အိတ်ထံမှ လက်ချောင်းများက အငြိမ်မနေဘဲ လှုပ်ရှားနေကြသည်။

နောက်အခိုက်အတန့်မှာ အိပ်မောကျနေသော အားညိုက ရုတ်တရက် လှုပ်ရှားလိုက်ပြီး မျက်လုံးဖွင့်လိုက်သည်။

သူ၏ နိုးထလာမှုက ဘေးပတ်ဝန်းကျင်မှ အဝတ်အစားများကိုလည်း နိုးထသွားစေပြီး သူ၏ ဘေးပတ်ပတ်လည်မှာ လွင့်မျောသွားစေသည်။ ၎င်းတို့က အားညိုကို လက်ဟန်ခြေဟန်ဖြင့် ဘာဖြစ်တာလဲဟု မေးမြန်းလိုက်ကြသည်။

အားညိုသည် ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ခေါင်းကုတ်လိုက်သည်။

“ ဘာမှမဟုတ်ပါဘူး… ငါ အိပ်မက်ဆိုးမက်လို့ပါ ”

“ အိမ်မက်ထဲမှာ ချင်းလေးက ငါ့ကို တစ်ခုခုပြောချင်နေတဲ့ပုံပဲ… ”

“ အဲ့ဒီအိမ်မက်က အရမ်းထူးဆန်းတာပဲ ”

အားညိုက တီးတိုးရေရွတ်လိုက်သည်။ ယင်းကို အဝတ်အစားများက ကြားသောအခါ ၎င်းတို့က လေထဲမှာ လှည့်ပတ်ပျံသန်းလိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က သူ့ကို နှစ်သိမ့်ပေးနေသည့်အလားပင်။

“ မင်းတို့ပြောတာ မှန်တယ်… အခုတလော ငါအရမ်းပင်ပန်းထားလို့ စိတ်ခြောက်ခြားနေတာ ဖြစ်မယ်… အို… မင်းတို့က ငါ့ကို နှိပ်ပေးချင်တယ်ဟုတ်လား ”

အားညိုက နှုတ်ခမ်းသပ်လိုက်သည်။

“ ကောင်းပြီ… ငါဆက်အိပ်မယ်… မင်းတို့တွေ ငါ့ကို ကောင်းကောင်း နှိပ်ပေးကြပါ ”

အားညိုက စိတ်လှုပ်ရှားစွာ ပြန်လှဲလိုက်သည်။

သို့သော်လည်း တစ်ခဏကြာပြီးနောက် သူက နောက်တစ်ကြိမ် ထရပ်လိုက်သည်။

“ မဟုတ်ဘူး… နန်းဟွမ်ကုန်းမြေဆီ ငါပြန်တာ ကောင်းမယ်… တစ်ခုခုဖြစ်တော့မယ်လို့ ငါအာရုံရနေတယ် ”

“ မင်းတို့တွေ ငါ့ကို မခွဲနိုင်ဘူးဆိုရင် ဘာလို့ ငါနဲ့အတူ မလိုက်ကြတာလဲ ”

All Chapters